← Chapters

နောက်ထပ် လျို့ဝှက် မိစ္ဆာအိုကြီး

Vol. 6 Ch. 51

နောက်ထပ် လျို့ဝှက် မိစ္ဆာအိုကြီး

Vol. 6 Ch. 51

ချန်ဟွိုက်အန်၏ ဓားအသိက ကောင်းကင်ကို ထိုးဖောက်သွား၏။

လူတိုင်းက တောက်ပသော လပြည့်ဝန်းကြောင့် ကြက်သေသေသွားကြသည်။

ဝူတွမ်ထျန်းက ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်၏။ သူက အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ပေ။

တာအိုကျင့်ကြံသူ ချင်းရွှမ်း၏ လက်ထဲရှိ ချင်းရွှမ်းဓားက အနည်းငယ် တုန်ခါသွားသည်။

ချင်းယွန်ဂိုဏ်း တောင်တန်းများအတွင်း သီးခြားနေသော လျှို့ဝှက်နိဗ္ဗာန်ဘုံ တစ်ခုအတွင်း ဆံပင်ဖြူ အရှည်နှင့် အသက်အရွယ် ကြီးမြင့်သော အမျိုးသမီးတစ်ဦး တရားထိုင်နေ၏။ ရုတ်တရက် သူ၏ မျက်ခုံးများ တွန့်သွားသည်။

လီချင်းရန်က လရောင်ကို တွေဝေလျက် ငေးကြည့်နေ၏။

ထိုတောက်ပသော လအတွင်း တစ်စုံတစ်ယောက်က ဓားဖြင့် ကခုန်နေကာ အရိုင်းဆန်ပြီး အကန့်အသတ်မဲ့နေခဲ့သည်။

“အဆုံးမဲ့ တိမ်ပင်လယ်ကြားက ထျန်းရှန်းတောင်ကနေ ထွက်လာတဲ့ လမင်း...”

အိပ်မက်ဆန်ဆန် အသံတစ်ခုက လရောင်အတွင်း ပဲ့တင်ထပ်လာသည်။ ၎င်းက အသေအချာပင် ပဲ့တင်ထပ်ျမသော်လည်း နှောင့်ယှက်သလို မခံစားရပေ။ ထိုအစား ၎င်းက ဝိညာဉ်ကို ဖမ်းစားပြီး ကြားရသူတိုင်းကို မူးယစ်သွား‌စေသည်။

လအတွင်း ဓားအကသည် အိပ်မက်တစ်ခုလို နူးညံ့သိမ်မွေ့ပြီး အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာကာ တိမ်ပင်လယ်ကို ထိုးဖောက်သွား၏။

ရုတ်တရက် ဓား၏ အရှိန်အဟုန် ပြောင်းလဲသွားသည်။ မိုးကြိုးမုန်တိုင်းကဲ့သို့ လျင်မြန်လာ၏။

ထို့နောက် အိပ်မက်ဆန်ဆန် အသံက ရယ်လိုက်ပြန်သည်။

“မိုင်တစ်သောင်း တိုက်ခတ်တဲ့လေ၊ ကျောက်စိမ်းတံခါးဝကို ဖြတ်သန်းတိုက်ခတ်...”

“စုစည်းစမ်း...”

ကောင်းကင်ယံအထက်တွင် ဓားအသိက မြင့်တက်လာသော တောင်ထိပ်ကဲ့သို့ လှိုင်းထန်လာ၏။

လရောင်အောက်တွင် ကခုန်နေသော ပုံရိပ်က ရပ်တန့်သွားပြီး ဓားကို မြှောက်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် အောက်သို့ ခုတ်ချလိုက်သည်။

ရွှမ်း...

တိမ်ပင်လယ် ကွဲထွက်သွား၏။ ကမ္ဘာလောက ကြည်လင်သွားပြီး လရောင် ပိုမို တောက်ပလာသည်။

သို့သော် တောက်ပမှုနှင့်အတူ လွှမ်းမိုးထားသော သတ်ဖြတ်ချင်စိတ် ပါလာသည်။

ဝူတွမ်ထျန်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေသည်။ သူ၏ မျက်နှာက သေမတတ် ဖြူဖျော့သွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ လူများကို ဖရိုဖရဲ အော်ဟစ်လိုက်၏။

“မကောင်းတော့ဘူး။ ဂိုဏ်းကာကွယ်ရေး မဟာအခင်းအကျင်းကို မြန်မြန် တည်ငြိမ်အောင်လုပ်။ တပည့်အားလုံးကို ရင်ပြင်ကနေ ချက်ချင်း ရွှေ့ပြောင်းလိုက်ကြ။”

ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ ပထမဆုံး ပေါ်လာစဉ်က သူသည် အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်တွင်သာ ရှိပုံရသောကြောင့် ဝူတွမ်ထျန်း သူ့ကို အလေးအနက် မထားခဲ့ပေ။

တာအိုကျင့်ကြံသူ ချင်းရွှမ်း မယှဉ်နိုင်လျှင်တောင် သူ ခဏလောက် တောင့်ခံထားနိုင်ပြီး အဆိုးဆုံး အခြေအနေတွင် အခြားအကြီးအကဲများ ဝင်ရောက်ကူညီနိုင်မည်ဟု သူ တွက်ချက်ထားခဲ့သည်။

သို့သော် ထိုသူက ဓားသိုင်းနည်းကို ထုတ်လွှတ်လိုက်သည့်အခိုက် ဓားအသိ တစ်ခုတည်းကပင် ဝူတွမ်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျောချမ်းသွားစေလိမ့်မည်ဟု မည်သူ ထင်မိမည်နည်း။

ဒီလူက ဓားကျောင်းတော်က သီးခြားနေနေတဲ့ မိစ္ဆာအိုကြီးများလား...

ဒီလို ကြောက်စရာကောင်းတဲ့ ဓားသိုင်းနည်း ရှိနိုင်ဖို့ဆိုတာက...

ကျင့်ကြံသူ အများစု ဓားအသုံးပြုကြောင်ငး လူတိုင်း သိကြသော်လည်း စစ်မှန်သော ဓားကျင့်ကြံသူများက အလွန် ရှားပါးပြီး ပြုစုပျိုးထောင်ရန် ခက်ခဲလှသည်။

သို့သော် အောင်မြင်သော သူများအတွက်မူ သူတို့၏ ဖျက်ဆီးအားက ချန်းယွန်ဘုံ တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း၏။

စဉ်းစားချိန် မရှိတော့။ ဓားက ကျဆင်းလာလေပြီ။

တာအိုကျင့်ကြံသူ ချင်းရွှမ်းဆီ တည့်တည့်ပင်။

အေးစက်သော လရောင်က သင်တုန်းဓားကဲ့သို့ ထက်မြက်သည့် ဓားအသိနှင့် ချောမွေ့စွာ ပေါင်းစပ်နေသည်။

အဝေးမှကြည့်လျှင် ဓားက ထိတွေ့၍ ရနိုင်ပုံ ပေါ်နေသေးသည်။ သို့သော် နီးကပ်လာသည်နှင့်အမျှ မြင်ကွင်းရှိ အရာအားလုံးက မျက်စိကျိန်းစေသော ငွေ-ဖြူရောင် တောက်ပမှုထဲတွင် နစ်မြုပ်သွား၏။

တာအိုကျင့်ကြံသူ ချင်းရွှမ်းက ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ၏ အရှေ့မှ တောက်ပမှုက လရောင်လား၊ ဓားအလင်းလား ခွဲခြားမရတော့ပေ။

အဘက်ဘက်မှ ဝိုင်းရံခံထားရပြီး ရှောင်တိမ်းရန် နည်းလမ်းမရှိသဖြင့် သူက အံကြိတ်ကာ အစွမ်းအထက်ဆုံး သိုင်းကွက်ကို အသုံးပြုလိုက်သည်။

သဏ္ဌာန်မဲ့ဓားငယ် – ကြယ်စင်စုကို ဆုပ်ကိုင်ခြင်း...

ချင်းရွှမ်းဓားက ကြယ်ရောင်များဖြင့် တောက်ပလာပြီး မျက်စိကျိန်းလောက်အောင် လင်းလက်နေ၏။

၎င်းက ကြီးမားသော တိုက်ခိုက်မှု၊ နှိုင်းယှဉ်မရသော စွမ်းအား ဖြစ်နိုင်လောက်သည်။

သို့သော် ကျယ်ပြောလှသော လရောင်အတွင်းတွင် ၎င်းက မယုံနိုင်စရာ ကောင်းလောက်အောင် အားနည်းနေပုံရသည်။

မီးပွားတစ်ခုက မြက်ခင်းပြင်ကို လောင်ကျွမ်းစေနိုင်၏။

သို့သော် လပြည့်၏ တောက်ပမှုအောက်တွင် သာမန်ကြယ်ရောင်လေးတစ်ခုက ဝါးမျိုခြင်း ခံရပြီး ပျောက်ကွယ်သွားလေသည်။

လပြည့် ပျောက်ကွယ်သွား၏။

ချင်းယွန်ဂိုဏ်းရင်ပြင်က မရေမတွက်နိုင်သော ဓားပေါက်များဖြင့် ပြည့်နှက်နေပြီး အလယ်ဗဟိုဘက်သို့ ပိုမို သိပ်သည်းလာသည်။

တာအိုကျင့်ကြံသူ ချင်းရွှမ်းက သွေးများ ဖုံးလွှမ်းလျက် မတ်တပ်ရပ်ရန် မနည်း ကြိုးစားနေရပြီး သူ့ကိုယ်သူ ထောက်ရန် ဓားကို အသုံးပြုနေသည်။ ရာစုနှစ်တစ်ခုကျော် သူ၏ အဖော်ဖြစ်ခဲ့သော ချင်းရွှမ်းဓားက ယခု သူ၏ ခန္ဓာကိုယ်ကဲ့သို့ပင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ အနည်းငယ် လှုပ်ရှားရုံဖြင့် လုံးဝ ကြေမွသွားနိုင်လောက်အောင် ပျက်စီးလွယ်နေ၏။

လရောင်တန်းတစ်ခုက သူ၏ အနောက်တွင် ဆင်းသက်လာခဲ့သည်။

ချန်ဟွိုက်အန်က မှေးမှိန်သွားသော လရောင်ထဲမှ ထွက်လာ၏။

ရင်ပြင်အလယ်တွင် ဒူးထောက်နေသော သွေးစွန်းနေသည့် ပုံရိပ်ကို သူ တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

ထိုအစား သူက ရှေ့သို့ လှမ်းသွား၏။ လုချန်ထျန်ဆီသို့ပင်။

“မင်းကိုယ်တိုင် လုပ်မလား။ ဒါမှမဟုတ် ငါ လုပ်ပေးရမလား...”

လုချန်ထျန်က ချန်ဟွိုက်အန်ကို မော့ကြည့်လိုက်ရာ မျက်နှာ ပို၍ပင် ဖြူဖျော့သွားသည်။ သူ၏ လည်ချောင်းက လှုပ်ရှားသွားပြီး တုံ့ပြန်ရန် ကြိုးစားလိုက်၏။

“ကျွန်...ကျွန်တော် ကိုယ်တိုင် လုပ်ပါ့မယ်...”

ဝိညာဉ်စွမ်းအင် ပြောင်းပြန် စီးဆင်းသွား၏။

ဘုန်းခနဲ အသံနှင့်အတူ လုချန်ထျန်က ဒန်တျန်ကို ဖက်လိုက်ပြီး ပြင်းထန်သော နာကျင်မှုဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ မထိန်းချုပ်နိုင်အောင် လူးလိမ့်နေတော့သည်။

သူ၏ စူးရှသော အော်ဟစ်သံများက ရင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွား၏။

တာအိုကျင့်ကြံသူ ချင်းရွှမ်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ ထရပ်ရန် ကြိုးစားသည်။ နှစ်ကြိမ် ရုန်းကန်သည်။ သို့သော် နောက်ဆုံးတွင် သွေးအိုင်ထဲသို့ ပြန်လဲကျသွားခဲ့သည်။

“အကြွေးတွေကို ပိုင်ရှင်အစစ်ဆီ ပြန်ပေးရမယ်...”

ချန်ဟွိုက်အန်က မုပိုင်ရွှမ်ဘက် လှည့်လိုက်သည်။ သူ၏ ရွှေရောင်အက်ကွဲကြောင်း မျက်ဆံများသည် အေးစက်သော လျစ်လျူရှုမှုကိုသာ ထုတ်လွှတ်နေ၏။

နူးညံ့သော မိန်းကလေးက ယခု သူ့ကို ကြောက်ရွံ့နေသော သမင်ကဲ့သို့ ကြည့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူ၏ နှုတ်ခမ်းများ တုန်လှုပ်နေပြီး မျက်ရည်များ မျက်လုံးထဲ ပြည့်နေကာ အလွန် သနားစရာပုံပေါက်စေသည်။ တစ်ချက် ထိလိုက်ရုံဖြင့် ကျိုးပဲ့သွားနိုင်သကဲ့သို့ပင်။

သို့သော် ချန်ဟွိုက်အန် အတွက်မူ...

ချွေးတစ်စက်က သူ၏ နားထင်မှ စီးကျလာ၏။

[ မုပိုင်ရွှမ် – အမျိုးသမီး။ အသက် ၃၄၇ နှစ်။ အခြေတည်ဝိညာဉ် အဆင့် အလယ်အလတ် (မိမိကိုယ်ကို ချိပ်ပိတ်ထား) ။ မွေးရာပါ ညှို့ငင်အရိုး ပိုင်ရှင် ]

သတင်းဆိုး နှစ်ခုပင်။

ပထမက‌တော့ ဒါက ထိပ်တန်းအဆင့် လျို့ဝှက် မိစ္ဆာအိုကြီးပဲ။

ဒုတိယကတော့ သူ အထာကျဖို့အတွက် စွမ်းအားအကုန် သုံးပစ်လိုက်ပြီ။

နှစ်ယောက်သား ခဏတာ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။

ချန်ဟွိုက်အန် ဖြည်းဖြည်းချင် ပြောလိုက်သည်။

“လီချင်းရန်ရဲ့ ရေစိတ်ဝိညာဉ်အမြစ် ပြန်ပေး...”

“စီနီယာ။ ကျွန်မ...”

“ပေးမလား မပေးဘူးလား...”

ထိုသတ်ဖြတ်လိုသော ရွှေရောင်မျက်လုံးများကို စိုက်ကြည့်ရင်း မုပိုင်ရွှမ် အံကြိတ်လိုက်ကာ ရွေးချယ်စရာများကို ဂရုတစိုက် ချိန်ဆလိုက်သည်။

သူ ငြင်းဆန်ပါက ချိပ်ပိတ်ထားခြင်းကို ချိုးဖျက်ပြီး ထိုဓားသမားနှင့် တိုက်ခိုက်ရမည်။ သူ၏ သရုပ်မှန် ပေါ်လွင်သွားရုံသာမက သူသာ လက်ကျန်အင်အား တစ်စုံတစ်ရာ ရှိနေသေးလျှင် ကိုယ့်ကိုယ်ကိုယ် သေမင်းလက်ထဲ အပ်လိုက်သလို ဖြစ်နေမည် မဟုတ်ပါလား...

သူ၏သခင်လေးကို ကူညီရန် သူ အသက်ရှင်ရပေမည်။

သူ၏ သရုပ်မှန်ကို မဖော်ပြနိုင်ပေ။

ထို့ပြင် သာမန် ရေစိတ်ဝိညာဉ်အမြစ် တစ်ခုက သူ၏ သခင်လေးအတွက် အသုံးမဝင်သလို သူလည်း ၎င်းအပေါ် တွယ်တာမှု မရှိပေ။

“...ကျွန်မ ပေးပါ့မယ်။”

မုပိုင်ရွှမ်က သနားစရာကောင်းသော အမူအရာ ဟန်ဆောင်လိုက်ပြီး ဖြူဖွေးသွယ်လျသော လည်ပင်းကို ဖော်ထုတ်ရန် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူ ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်ရာ နူးညံ့သော မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာ၏။

“စီနီယာကိုယ်တိုင် ယူလို့ရပါတယ်...”

သူက တကယ်ကို ညှို့ငင်အရိုးတွေနဲ့ မွေးဖွားလာတာပဲ။

ချန်ဟွိုက်အန် စကားမပြောနိုင် ဖြစ်သွား၏။

[ ထုတ်ယူရန် စိတ်ဝိညာဉ်အမြစ်ကို ရွေးချယ်ပါ ]

ရေစိတ်ဝိညာဉ်အမြစ် (လီချင်းရန်ထံမှ)

မြေ-သစ်သား နှစ်မျိုးစပ် ဝိညာဉ်အမြစ် (ယန်ထျန်းထံမှ)

လခွမ်းတဲ့မှ...

ချန်ဟွိုက်အန်၏ စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

ဒီမိစ္ဆာမက အရင် ခိုးယူထားသော စိတ်ဝိညာဉ်အမြစ်များကို တာအိုကျင့်ကြံသူ ချင်းရွှမ်းဆီမှ မည်သို့ ဖုံးကွယ်ထားကြောင်း သူ မသိပေ။

သို့သော် ယခုက လက်လွှတ်မခံသင့်သော အခွင့်အရေး တစ်ခုပင်။

သူက နှစ်ခုစလုံးကို ရွေးလိုက်၏။

အလင်းတန်းနှစ်ခုက မုပိုင်ရွှမ်၏ ဝမ်းဗိုက်မှ တောက်ပလာသည်။

ချန်ဟွိုက်အန် လက်လှမ်းလိုက်ပြီး မည်သည့် ခုခံမှုမှ မကြုံတွေ့ရဘဲ လက်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ တည့်တည့် ထိုးထည့်လိုက်ကာ တောက်ပသော စက်လုံးနှစ်လုံးကို ဆွဲထုတ်ပြီး ပစ္စည်းစာရင်းထဲသို့ ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက မုပိုင်ရွှမ်ကို သိနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

မုပိုင်ရွှမ် အံ့အားသင့်သွား၏။

သူ၏ ဝိညာဉ်အမြစ်များ ဆုံးရှုံးရသည့် နာကျင်မှုက နှလုံးသားကို ဆုပ်ကိုင်ထားသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့နှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ပေ။

သူက သရုပ်မှန်ကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားခဲ့သည်။ မည်သူမျှ မြင်နိုင်စရာ မရှိပေ။

သို့သော် ထိုလူက... သိနေ၏...

သူက မဖော်ထုတ်ခဲ့ပေ။

ဘာကြောင့်လဲ...

သူလည်း... မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများလား...

သူ၏စိတ်က ရှုပ်ထွေးမှုထဲသို့ ကျရောက်သွား၏။ သူက တစ်စုံတစ်ခုကို အတည်ပြုရန် ချန်ဟွိုက်အန်၏ မျက်နှာအမူအရာတွင် မော့ကြည့်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူက လှည့်ထွက်သွားပြီး လီချင်းရန်ဆီသို့ လျှောက်သွားနေပြီ ဖြစ်သည်။

...

ရန်သူတွေရှုံးသွားပြီ။ လက်စားချေတာပြီးပြီ။ စစ်နိုင်ပစ္စည်းတွေရပြီ။ စွမ်းအင်ကုန်သွားပြီ။

ဒီတော့ ထွက်ပြေးရမယ့်အချိန် ရောက်ပြီ။

သို့သော် သူက တာအိုကျင့်ကြံသူ ချင်းရွှမ်းကို ကျော်ဖြတ်သွားချိန်...

တောင်ဝှေး တစ်ချောင်းက မြေကြီးကို ရိုက်ခတ်လိုက်၏။

ဒေါက်...

ပြင်းထန်သော ဖိအားတစ်ခု ရင်ပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

ချန်ဟွိုက်အန်၏ မျက်ဆံများ ကျုံ့သွားသည်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက လဲကျနေသော တာအိုကျင့်ကြံသူ ချင်းရွှမ်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလေ၏။

ထို့ပြင် ပတ်လည်မှ အခြေတည်ဝိညာဉ်အဆင့် နှောင်းပိုင်း ကျင့်ကြံသူအားလုံး ဒူးထောက်နေကြသည်။

ချင်းယွန်ဂိုဏ်း လုံးဝ တိတ်ဆိတ်သွား၏။

All Chapters