အကုန်ပုံအောလိုက်ပြီ
Vol. 6 Ch. 52
ချန်ဟွိုက်အန် ခြေလှမ်းများ တန့်သွားသည်။
နောက်ဆုံးတော့ ဒီလိုအခြေအနေ ရောက်လာပြီပဲ။
လျို့ဝှက်ဘော့စ်...
ကျင့်ကြံခြင်းဝတ္ထုတွေမှာ အသုံးအများဆုံး ဇာတ်အိမ်တွေထဲက တစ်ခုပေါ့။ သုံးလွန်းလို့ အဆိပ်အတောက် ဇာတ်ကွက်လို့တောင် ပြောကြတဲ့ ဂိုဏ်းဘိုးဘေး...
တပည့်ကို နိုင်ရင် ဆရာ ရောက်လာတယ်။ ဆရာကို နိုင်ရင် ဘိုးဘေး ရောက်လာတယ်။
ဘိုးဘေးကို နိုင်ရင်ရော... ဒါဆိုရင်တော့ ကောင်းကင်ဘုံအတိဒုက္ခ၊ ကောင်းကင်ဘုံ ဥပဒေ ထိန်းသိမ်းရေးသမားတွေ၊ ဒါမှမဟုတ် ပြန်လည် အသက်ဝင်လာတဲ့ ရှေးဟောင်း သတ္တဝါ တစ်ကောင်ကောင် ရောက်လာလိမ့်မယ်။
လူ့လောကမှာ ပြိုင်ဘက်ကင်းပြီလား... စိတ်မပူနဲ့။ အထက်ဘုံက မင်းအတွက် အဆင်သင့်ပဲ။
ကစားသမား အများစုအတွက် ဒီအဆင့်မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ။ အသက်လု ပြေးမလား။ ဒါမှမဟုတ် ဇာတ်ကွက်ကြောင့် အသေခံမလား။
ဒါပေမဲ့ အင်မော်တယ်သခင် ချန်ဟွိုက်အန်ကတော့ မတူဘူးပေ။
ဘာလို့လဲဆိုတော့ သူ့မှာ ပိုက်ဆံ ရှိတယ်...
“ဒါဆို ခင်ဗျားက ချင်းယွန်ဂိုဏ်းအထဲမှာ ရှိနေတဲ့ မိစ္ဆာအိုကြီးပေါ့... အဟက်။”
ချန်ဟွိုက်အန်က ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ မျက်နှာတစ်ဝက်က အရိပ်ထဲတွင် ဖုံးလွှမ်းသွား၏။ သူ၏ စူးရှသော ရွှေရောင်အက်ကွဲကြောင်း မျက်ဆံများကိုသာ မြင်နိုင်ပြီး ပူလောင်သော ပြင်းထန်မှုဖြင့် တောက်ပနေဆဲ ဖြစ်သည်။
ပရိသတ်အားလုံး အသက်ရှူ မှားသွားကြ၏။
လီချင်းရန် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူ၏ စကားပြောပုံက အရင်နှင့် လုံးဝ ကွဲပြားသွားသလို ခံစားလိုက်ရသည်။
သို့သော်... ထိုအရာက အရေးမကြီးပေ။
သူ သိသည်မှာ သူ၏ နှလုံးသား တဒိန်းဒိန်း ခုန်နေသည်ကိုပင်။
ဝူတွမ်ထျန်းနှင့် အကြီးအကဲများက ချန်ဟွိုက်အန်ကို လုံးဝ အရူး တစ်ယောက်လို ကြည့်နေကြ၏။
သေချင်ယောင်ဆောင်နေသော ကျန်းဟန်ရှောင်ပင် မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သည်။
လုချန်ထျန်က နာကျင်မှုကြောင့် လူးလိမ့်ခြင်း ရပ်သွားသည်။
မုပိုင်ရွှမ် မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်ကို အုပ်လိုက်သည်။
တစ်ပိုင်းသေနေသော တာအိုကျင့်ကြံသူချင်းရွှမ်းပင် နှုတ်ခမ်းထောင့် တွန့်သွား၏။
ချင်းယွန်ဂိုဏ်းရဲ့ ဘိုးဘေးကြီး၊ ပေါင်းစည်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်ကို သူကို “မိစ္ဆာအိုကြီး”လို့ ခေါ်လိုက်တာလား...
ဟုတ်ပါတယ်။ သူက တကယ်ပဲ အသက်ကြီးပါတယ်။
ဒါပေမဲ့ အခြေခံ လေးစားမှုဆိုတာတော့ ရှိသေးတယ် မဟုတ်လား...
သူက အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ် မှာပဲ ရှိသေးတာကို ဘာလို့ ဒီလောက်တောင် လေကြီးနေရတာလဲ...
အခြေတည်ဝိညာဉ်နဲ့ ပေါင်းစည်းခြင်းနယ်ပယ်ကြားက ကွာဟချက်က မိုးနဲ့မြေလိုပဲ...
“မင်းက... ငါ့ကို မိစ္ဆာအိုကြီးလို့ ခေါ်လိုက်တာလား...” ချင်းယွန်ဂိုဏ်း ဘိုးဘေး၏ မျက်ခုံးများ အပြင်းအထန် တွန့်သွားသော်လည်း နှုတ်ခမ်းများက အေးစက်သော အပြုံးအဖြစ် ကွေးညွတ်သွား၏။
သို့သော် ထိုအပြုံးထဲတွင် နွေးထွေးမှု မရှိပေ။ အေးစက်သော သတ်ဖြတ်လိုစိတ်သာ ရှိသည်။
“ဟုတ်တယ်။ မိစ္ဆာ...အိုကြီး..”
ချန်ဟွိုက်အန် မတုန်လှုပ်ပေ။ သို့သော် ထိုစကားလုံးများကို ပြောလိုက်သည့် အခိုက်အတန့်တွင် ထိုလျို့ဝှက်ဘော့စ်၏ တိုက်ခိုက်ခြင်း ခံရတော့မည်ကို သူ ခံစားလိုက်ရသည်။
အချိန်ရောက်ပြီ။ ပိုက်ဆံ သုံးရတော့မယ်။
သူ တိတ်တဆိတ် ဆန္ဒပြုလိုက်၏။
“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပေါင်းစည်းခြင်းနယ်ပယ် အထွတ်အထိပ်အထိ မြှင့်တင်ပေး...”
အာရုံကြောပေါင်းစပ်နည်းပညာ ဖြစ်သောကြောင့် သူ၏ အတွေးများကို ဖမ်းယူနိုင်သင့်သည်။
မှန်ပေသည်။ ဂိမ်းက တုံ့ပြန်လိုက်၏။
သို့သော် အဆင့်မြှင့်တင်မှုအစား သတိပေးချက် တစ်ခု ပေါ်လာခဲ့သည်။
[ ထိုနယ်ပယ်ကို လက်ရှိတွင် သော့ခတ်ထားပြီး သင့်လက်ကျန်ငွေ မလုံလောက်ပါ ]
ချန်ဟွိုက်အန် - “......”
“ကောင်းပြီလေ။ ဒါဆိုလည်း ငါ့ကို ပေါင်းစည်းခြင်းနယ်ပယ် နှောင်းပိုင်းအထိ မြှင့်တင်ပေး...”
[ နယ်ပယ် သော့ခတ်ထားသည်။ လက်ကျန်ငွေ မလုံလောက် ]
“ပေါင်းစည်းခြင်းနယ်ပယ် အလယ်အလတ်...”
[ သော့ခတ်ထားသည်။ ငွေ မလုံလောက် ]
“ပေါင်းစည်းခြင်းနယ်ပယ် အစောပိုင်း...”
[ သော့ခတ်ထားသည်။ ငွေ မလုံလောက် ]
ချန်ဟွိုက်အန် - “...”
သွားပြီ။
စိတ်ပိုင်းဆိုင်ရာ စကားပြောဆိုမှု တစ်ခုလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပင် ချင်းယွန်ဂိုဏ်း ဘိုးဘေးက စိတ်ဝိညာဉ် ချီစွမ်းအင်ကို စုစည်းနေပြီ ဖြစ်သည်။
သူ၏ နောက်တွင် ဓမ္မကိုယ်ပွားကြီး ထွက်ပေါ်လာသည်။ ပြာနှမ်းသော မျက်နှာ၊ သွေးရောင် မျက်လုံးများ နှင့် တည်ကြည်သော အမူအရာရှိသည့် မိုးထိအောင် မြင့်မားသော ပုံရိပ်ပင်။
ကိုယ်ပွားတွင် လက်ခြောက်ဖက် ရှိပြီး တစ်ဖက်စီတွင် ကွဲပြားသော လက်နက်ဖြစ်သည့် ဓား၊ ဓားကောက်၊ လှံ၊ ဘူး၊ ဒိုင်းနှင့် ယပ်တောင်တို့ကို ကိုင်ဆောင်ထားကာ အကြွင်းမဲ့ လွှမ်းမိုးမှု အရှိန်အဝါကို ထုတ်လွှတ်နေ၏။
သူက ဓမ္မကိုယ်ပွားကို တိုက်ရိုက် ဆင့်ခေါ်လိုက်ခြင်းပင်။
ချန်ဟွိုက်အန်က အပေါ်ယံတွင် တည်ငြိမ်နေပုံရသော်လည်း အတွင်းထဲတွင် ထိတ်လန့်နေ၏။
တကယ်ပဲ အတင်းအကျပ် သေဆုံးတဲ့ ဇာတ်လမ်း ဖြစ်တော့မှာလား...
[ သင်သည် လျို့ဝှက်ဘော့စ် ချင်းယွန်ဂိုဏ်းဘိုးဘေးကို ဒေါသထွက်စေခဲ့သည်။ သင့်တွင် ရွေးချယ်စရာ သုံးခု ရှိသည် (သုံးခုလုံး ရွေးချယ်ခွင့်ရှိသည်) ]
ဂိမ်းမီနူးတစ်ခု ပေါ်လာ၏။
မျှော်လင့်ချက်မဲ့ခြင်းကြောင့် ကုန်းကွလုနီးပါး ဖြစ်နေသော ချန်ဟွိုက်အန်က ချက်ချင်းပင် ခါးကို မတ်မတ်ထားလိုက်သည်။
[ အချိန်အကန့်အသတ် ကမ်းလှမ်းချက် ] မိုင်တစ်ထောင်ထွက်ပြေးအဆောင် ရယူရန် ၁၈ယွမ် သုံးစွဲပြီး စစ်မြေပြင်မှ ထွက်ပြေးပါ။
[ အထူး ၀.၀၀၁% လျှော့စျေး ] စက္ကန့် ၃၀ကြာ ပေါင်းစည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ဖိအားကို ယာယီရယူရန် ၈၈ယွမ် သုံးစွဲပါ။
[ အထူး သီးသန့် ♡ ] ဆွဲဆောင်မှု တိုးမြှင့်ရန် ၁၈၈ယွမ် သုံးစွဲပါ။ ချင်းယွန်ဂိုဏ်းဘိုးဘေးက သင့်အပေါ် နှစ်သက်ဖွယ်မှု ဖြစ်ပေါ်လာလိမ့်မည် (ဖြားထောင်းခြင်း အောင်မြင်မှုနှုန်းကို များစွာ တိုးမြှင့်ထားသည်)
...
ခဏလေး...နေပါဦး..
အဲဒီတတိယရွေးချယ်မှုက တကယ်ကြီးလား...
ချန်ဟွိုက်အန် စဉ်းစားလိုက်သည်။
ကမ္ဘာခြားက သကြားမေမေလား... လီချင်းရန်သာ မရှိလျှင် သူ ချက်ချင်း ရွေးလိုက်မည်ပင်။
ဘာပဲပြောပြော ဒါက ဂိမ်းတစ်ခုပဲလေ။ တွယ်ကပ်စရာ ပေါင်ရှိရင် သေချာပေါက် တွယ်ကပ်မှာပေါ့...
ဘာဂရုစိုက်စရာ ရှိလို့လဲ... ဒါက ဇာတ်ကောင်တစ်ခုပဲလေ...
ပြီးတော့ သူရဲ့ စွမ်းရည်တွေလည်း တက်လာမှာပဲ။
သို့သော် ယခုတွင်...
ချန်ဟွိုက်အန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ချင်းယွန်ဂိုဏ်းဘိုးဘေး ကြမ်းတမ်းတော့မည့် အချိန်တွင်...
သူက တစ်ခါတည်း ၂၉၄ယွမ် ငွေဖြည့်လိုက်သည်။
အကုန် ပုံအောလိုက်ပြီ။
တစ်ခဏအတွင်းမှာပင်..
ချင်းယွန်ဂိုဏ်းဘိုးဘေး၏ သတ်ဖြတ်လိုသော အကြည့်က ရုတ်တရက် ရပ်တန့်သွားသည်။
သူ ရုတ်တရက် ခံစားလိုက်ရသည်မှာ ထိုသူ၏ မျက်နှာကို ဖုံးလွှမ်းထားသော မြင့်မြတ်သော အလင်းရောင်က အလွန် ရင်းနှီးနေသလိုပင်။
“ကျိဟောင်... တကယ်ပဲ ရှင်လား...”
“မဟုတ်ဘူး။ ကျိဟောင် သေသွားပြီ။ သူက ကျိဟောင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့... သူ့ရဲ့ အရှိန်အဝါ... အတော်လေး တူနေတယ်...”
သူ၏ မြင့်တက်လာသော တိုက်ခိုက်လိုစိတ်က ပေါက်သွားသော ပူဖောင်းကဲ့သို့ လျော့ကျသွား၏။
သူ၏ တာအိုအဖော်ဟောင်း လွီကျိဟောင်...
ချန်းယွန်ဘုံရှိ ထိပ်တန်း အချောဆုံးအမျိုးသားဆယ်ဦးထဲမှ တစ်ဦးပင်။
ဒါပေမဲ့ သူ့ အရည်အချင်းက အမှိုက်သာ။
ရှားပါးရတနာများစွာ အသုံးပြုခဲ့သည့်တိုင် သူ့ကို အခြေတည်ဝိညာဉ်အဆင့်ထက် ကျော်လွန်အောင် မလုပ်နိုင်ခဲ့သလို သူ့သက်တမ်းကိုလည်း မတိုးမြှင့်နိုင်ခဲ့ပေ။
မူလက ချင်းယွန်ဂိုဏ်းဘိုးဘေးက ထိုမျှလောက် အိုမင်းပုံ မပေါက်ပေ။
ကျင့်ကြံသူများတွင် နုပျိုမှုကို ထိန်းသိမ်းရန် နည်းလမ်းများ ရှိသည်။ သူက အသက် တစ်ထောင် ရှိလျှင်ပင် မိန်းမပျိုလေး တစ်ဦးရဲ့ ပုံပန်းသဏ္ဌာန် ရှိနိုင်၏။
သူ မရွေးချယ်ခဲ့ခြင်းသာ။
အကြောင်းမှာ သူ၏နှလုံးသား သေဆုံးသွား၍ပင်။
သို့သော် ယခုတော့..
သူ၏ ကြာရှည်စွာ ငြိမ်းနေသော ခံစားချက်များအတွင်း သေးငယ်သော မီးပွားလေးတစ်ခု ပြန်လည် တောက်လောင်လာ၏။
ပြီးတော့ နောက်တစ်စက္ကန့်တွင်...
ထိုသေးငယ်သော မီးပွားလေးက ရက်စက်စွာ ချေမှုန်းခံလိုက်ရသည်။
“မိစ္ဆာအိုကြီး။ ပေါင်းစည်းခြင်းနယ်ပယ်ရောက်နေတာနဲ့ပဲ အရာအားလုံးလို့ တကယ် ထင်နေတာလား...”
ချန်ဟွိုက်အန် လှောင်ပြုံး ပြုံးလိုက်သည်။
သူ စကားပြောလိုက်သည့် အခိုက်အတန့်တွင် သူ၏ အရှိန်အဝါ ပေါက်ကွဲထွက်လာ၏။
ပေါင်းစည်းခြင်းနယ်ပယ် နှောင်းပိုင်း...
ချင်းယွန်ဂိုဏ်း ရင်ပြင်တစ်ခုလုံး တုန်ခါသွားသည်။ တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ ဖြစ်နေပြီး အရာအားလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းလိုက်သည်။
ပေါင်းစည်းခြင်းနယ်ပယ်ကျင့်ကြံသူ နှစ်ဦး၏ ပေါင်းစပ်ဖိအားက အလွန် ပြင်းထန်လွန်းသဖြင့် အခြေတည်ဝိညာဉ် အကြီးအကဲများပင် ခေါင်းများကို မနည်း မော့နေရသည်။ သူတို့၏ ဒူးများက အောက်ရှိ ကျောက်ပြားများထဲသို့ နစ်ဝင်နေ၏။
ချန်ဟွိုက်အန်၏ နောက်ကွယ်တွင် ဧရာမနဂါးနက်ကိုယ်ပွား တစ်ကောင် ရစ်ခွေပြီး ပေါ်လာကာ ၎င်း၏ မိုးခြိမ်းသံကဲ့သို့ ဟိန်းသံက ကောင်းကင်ကို တုန်ခါသွားစေသည်။
၎င်း၏ ရွှေရောင်အက်ကွဲကြောင်း မျက်ဆံများက နေလုံးငယ် နှစ်ခုကဲ့သို့ တောက်လောင်နေပြီး နေရောင်ခြည်ကိုပင် မှေးမှိန်သွားစေ၏။
ထိုအချိန်တွင် ချန်ဟွိုက်အန်က ရုတ်တရက် ထူးဆန်းသော ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။
ငါ ဒီနေရာမှာ ကဗျာစပ်လိုက်သင့်လား...
သို့သော်... သူ ဘာမှ မသိပေ။
ဘာပြောရမလဲ...
ထို့ကြောင့် သူက တိတ်ဆိတ်ခြင်းကို ရွေးချယ်လိုက်သည်။
ပေါင်းစည်းခြင်းနယ်ပယ် တိုးမြှင့်မှု စက္ကန့်အနည်းငယ်သာ ကျန်တော့သဖြင့် ချန်ဟွိုက်အန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။
“ဒီနေ့ ကျုပ် ချင်းယွန်ဂိုဏ်းရဲ့ ခန့်ညားထည်ဝါမှုကို မြင်တွေ့ခဲ့ရပြီ။ လက်စားချေတာလည်း ပြီးပြီ။ ကျုပ်မှာ နောက်ထပ် ရန်ငြိုး မရှိတော့ဘူး။ နှုတ်ဆက်ပါတယ်...”
ငါးစက္ကန့် ကျန်တော့သည့်အချိန်တွင် သူက မိုင်တစ်ထောင် ထွက်ပြေး အဆောင်ကို ထုတ်ယူလိုက်ပြီး လီချင်းရန်၏ လက်ကို လှမ်းဆွဲလိုက်သည်။ သို့သော် လွဲချော်သွား၏။
သို့သော်လည်း အဆောင်က သူတို့နှစ်ဦးစလုံးကို အလင်းရောင်ဖြင့် ရစ်ပတ်လိုက်ဆဲ ဖြစ်သည်။
“မင်းရဲ့ နာမည်က...” ချင်းယွန်ဂိုဏ်းဘိုးဘေးက သူ၏ မှေးမှိန်သွားသော ပုံရိပ်ကို ကြည့်ရင်း မေးလိုက်သည်။
“ဓားဂိုဏ်းက ချန်ဟွိုက်အန်...”
ဝှစ်....
သူတို့ ပျောက်ကွယ်သွားကြ၏။
ချင်းယွန်ဂိုဏ်းဘိုးဘေး ငြိမ်သက်စွာ ရပ်နေပြီး ခံစားချက်များ ရှုပ်ထွေးနေသည်။
သူက တာအိုကျင့်ကြံသူချင်းရွှမ်းဘက်သို့ လှည့်လိုက်သည်။
“အမေ...” ချင်းရွှမ်းက အက်ကွဲသောအသံဖြင့် ခေါ်လိုက်သည်။
“ပါးစပ်ပိတ်ထား။ နောင်တကမ်းပါးမှာ ဒူးသွားထောက်နေ...”
ထို့နောက် သူက ပြန်လှည့်လိုက်သည်။
“...ပြီးတော့ တစ်နာရီအတွင်း ငါ့ဆီ အလှအပထိန်းသိမ်းဆေးလုံး မီးဖိုနှစ်ခု ယူလာခဲ့”
တာအိုကျင့်ကြံသူ ချင်းရွှမ်း - “.........”
“...ပြီးတော့ နို့ရေချိုးကန်နဲ့ ကြာပန်းတွေကော...”
တာအိုကျင့်ကြံသူ ချင်းရွှမ်း - “.........”