ကျင့်ကြံခြင်းကို စွန့်လွှတ်ခြင်း
Vol. 6 Ch. 54
“စီနီယာ ထျန်းချွမ်မြို့ကို ရောက်ဖူးလား..”
“စီနီယာ ကြည့်ပါဦး။ အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ငယ်ငယ်တုန်းက မိဘတွေ ဝယ်ပေးခဲ့ဖူးတယ်...”
“စီနီယာမှာ အကြိုက်ဆုံး အစားအစာ ရှိလား။ ကျွန်မ ဒီမှာ အရမ်းကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင် သိတယ်... အိုး တောင်းပန်ပါတယ်။ စီနီယာက သေမျိုး အစားအစာတွေ မစားတော့ဘူးဆိုတာ မေ့သွားလို့ပါ...”
“စီနီယာ ဒီလမ်းက ဖေးလုံတောင်ကြားလမ်းကို သွားတဲ့လမ်းလေ။ မိဘတွေ ပြောဖူးတယ်။ ဒီလမ်းကနေ ထွက်သွားတဲ့သူတွေ... ပြန်လာလေ့ မရှိကြဘူးတဲ့...”
လီချင်းရန် ချန်ဟွိုက်အန်ဘက်သို့ လှည့်လိုက်သော်လည်း ခေါင်းကို ငုံ့ထားကာ လက်ချောင်းများက ဝတ်ရုံစွန်းကို ဆုပ်ကိုင်ထား၏။ ဆံပင်မျှင်များက လေထဲတွင် ညင်သာစွာ လှုပ်ခါနေပြီး သူ၏ တဖျပ်ဖျပ်ခတ်နေသော မျက်တောင်များအောက် ခံစားချက်များ လှုပ်ရှားနေသည်။ စကားလုံးများဖြင့် ဖော်ပြရန် အလွန် ရှုပ်ထွေးလွန်းလှသည်။
ထျန်းချွမ်မြို့...
တစ်ချိန်က ၎င်းမှာ သူ၏ ဇာတိမြို့ ဖြစ်ခဲ့သည်။
ယခုမူ မင်းဆက်များ ပြောင်းလဲသွားခဲ့ပြီး မြို့စားနှစ်ဦး အပြောင်းအလဲ ဖြစ်ခဲ့လေပြီ။
မြို့တံခါးဝ အရှေ့တွင် ရပ်ကာ စည်ကားနေသော လူအုပ်ကြီးနှင့် မြင်းရထားများ ဖြတ်သန်း သွားလာနေသည်ကို ကြည့်ရင်း လီချင်းရန်၏ အသံ ခါးသက်သွား၏။
“စီနီယာ...”
သူ ခေါင်းမမော့ရဲပေ။
အပြင်းအထန် ဖုံးကွယ်ထားသော မျက်လုံးနီရဲရဲများကို စီနီယာ မြင်သွားမည် စိုး၍ပင်။
“ဒီသခင်က... ဟူး..”
ချန်ဟွိုက်အန် လုံးဝ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
အကြောင်းမှာ ယခု သူ လုပ်နေသည်က မိဘများ ဝန်ပေါ့အောင် ကလေးများကို ဘော်ဒါဆောင် ပို့ထားခြင်းနှင့် မကွာ၍ပင်။
ယခုကိစ္စတွင် ဘော်ဒါဆောင်က ဂိုဏ်း ဖြစ်သည်။
လီချင်းရန်တွင် ယခု ဂိုဏ်းမရှိတော့ဘဲ ဂိမ်း၏ ဇာတ်ကွက်အရ သူသည် ကာကွယ်မှု ရရှိရန် ဂိုဏ်းတစ်ခု လိုအပ်သည်။ အစပိုင်းတွင် ချန်ဟွိုက်အန်က အကြောင်းရင်းကို နားမလည်ခဲ့ပေ။
သူ၏ လျင်မြန်စွာ ကုန်ဆုံးနေသော အတွေ့အကြုံကတ်အချိန်ကို မမြင်လိုက်ရခင်အထိပင်။
ထို့နောက်...
သူ နားလည်သွားသည်။
လူတိုင်း လူစွမ်းကောင်း ဖြစ်နေသော ထိုကမ္ဘာတွင် အမြင့်ဆုံးအဆင့် ဒန်တျန်၊ ထိုက်ယင်တာအိုခန္ဓာနှင့် ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ်ရှိသည့် ကျင့်ကြံသူတစ်ဦးက အခြေခံအားဖြင့် လမ်းလျှောက်နေသော ရတနာသေတ္တာပင်။
သူ မည်မျှ ထူးခြားကြောင်း တစ်ယောက်ယောက် ရှာတွေ့သွားသည်နှင့် ကြီးမားသော အန္တရာယ် ကြုံတွေ့ရလိမ့်မည်။
ထို့ပြင် ချီစုစည်းအဆင့် အထွတ်အထိပ် အင်အားလောက်နဲ့ သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်း လုံးဝ မရှိပေ။
ရှားပါးသော အရည်အချင်းများစွာ ရှိပြီး ကျောထောက်နောက်ခံ လုံးဝမရှိသော ခြေသလုံးအိမ်တိုင် ကျင့်ကြံသူ အနေဖြင့်...
သူက ထိုကမ္ဘာတွင် မရှင်သန်နိုင်လောက်ပေ။
ထို့ပြင် ချန်ဟွိုက်အန်က သူ့ကို အမြဲတမ်း စောင့်ကြည့်နေလို့ မရပေ။ သူ့တွင် ရှင်သန်ရမည့် ဘဝ၊ ပါဝင်ရမည့် ရှိုးပွဲနဲ့ ရှာဖွေရမည့် ပိုက်ဆံ ရှိနေသေးသည်။
ထို့ကြောင့် ယာယီကာကွယ်မှု ပေးနိုင်သည့် ဂိုဏ်းတစ်ခုထဲ သူ့ကို ထည့်ပေးရန်က လုံးဝ လိုအပ်သည်။
ထို့ပြင် သူ၏ အွန်လိုင်းကောင်လေးနှင့် အုပ်ထိန်းသူအနေဖြင့် သူ့အလုပ်က ဒီဂိုဏ်းသစ်မှာ လီချင်းရန် အခြေချနိုင်အောင် ကူညီပေးရန် ဖြစ်သည်။
ထို့ကြောင့် သူက လီချင်းရန်ကို ထျန်းချွမ်မြို့သို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
မြေပုံအလယ်၏ ဘယ်ဘက်အပေါ်ထောင့်မှ ညာဘက်နားလေးထိ ပျံသန်းလာခဲ့ခြင်းပင်။
၎င်းက လူသားမြို့ ဖြစ်သည်။ ချင်းယွန်ဂိုဏ်းနှင့် လုံလောက်စွာ ဝေးကွာပြီး ကျင့်ကြံသူများ ထူထပ်သော နေရာများနှင့် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာများနှင့် ဝေးကွာသည်။
ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင် ရှားပါး၏။
ဆိုလိုသည်မှာ အတောလေး ဘေးကင်းပေသည်။
“ဒီသခင်က ခဏပဲ ထွက်သွားမှာပါ...”
...အမှန်တကယ်၌ သူ လုံးဝ ထွက်သွားမည် မဟုတ်ပေ။
သူ၏ကိုယ်ပွား အချိန်ပ ကုန်ဆုံးတော့မည်ဖြစ်ရာ ရှင်းပြစရာ ကောင်းကောင်း မရှိ၍ပင်။
“စီနီယာ...”
လီချင်းရန်က ချန်ဟွိုက်အန်၏ မျက်နှာပေါ်ရှိ တုံ့ဆိုင်းမှုကို မြင်လိုက်ရသည်။
သူ၏ ဝတ်ရုံကို ဆုပ်ကိုင်ထားသော လက်ချောင်းများ ဖြည်းညှင်းစွာ ပြေလျော့သွား၏။
ငါ ဘာဖြစ်နေတာလဲ....
ငါ စီနီယာကို ဒုက္ခ မပေးသင့်ဘူး...
စီနီယာမှာ လုပ်စရာကိစ္စတွေ ရှိတယ်...
သူ့ကို စောင့်နေတဲ့ အမျိုးသမီး တပည့် ၁၀၀ ရှိတယ်။
ငါ့ကို အကူအညီတွေ အများကြီး ပေးပြီးပြီပဲ။
ငါ ဘာများ ထပ်တောင်းဆိုနိုင်ဦးမှာလဲ...
“နားလည်ပါပြီ။ ကျွန်မ လိမ္မာပါ့မယ်။ နေစရာနေရာ ရှာပါ့မယ်...”
ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်ပြီး သူကို အံ့သြစွာ ကြည့်လိုက်သည်။
စကားပြောခြင်း အဆင်ပြေသွားပြီး လက်ခံလိုက်ပြီလို့ သူ ထင်ခဲ့သည်။
သို့သော် လီချင်းရန်၏ ငုံ့နေသော မျက်တောင်များကို ကြည့်လိုက်ရာ မျက်လုံးထဲမှ ဖျော့တော့တော့ အနီရောင်ကို တွေ့လိုက်ရ၏။
စွန့်ပစ်ခံလိုက်ရသော ကြောင်ပေါက်စလေးလိုပင်။
သနားစရာကောင်းပြီး လမ်းပျောက်နေ၏။
သို့သော် မကြာသေးခင်က သူ လုချန်ထျန်းနဲ့ တိုက်ခိုက်ခဲ့စဉ် အလွန် ရက်စက်ပြီး ပြတ်သားခဲ့သည်။
“ထားလိုက်တော့။ ဒီသခင် သေချာ ရှင်းပြမယ်...”
ရပ်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
ချန်ဟွိုက်အန်က လီချင်းရန်ကို စားသောက်ဆိုင် တစ်ဆိုင်ထဲ ခေါ်သွားပြီး အစားအစာ အချို့ ပေါ့ပေါ့ပါးပါး မှာယူလိုက်ရာ စိတ်လှုပ်ရှားနေသော စားပွဲထိုးလေးက တုန်ရီလျက် လာချပေးသည်။
ထိုအခါမှ သူ လီချင်းရန်ကို လေးနက်သော လေသံဖြင့် ရှင်းပြလိုက်သည်...
“ငါ... အဟမ်း... ဒီသခင်က အရမ်း အလုပ်ရှုပ်တယ်။ လုပ်စရာတွေလည်း အများကြီး ရှိတယ်။ မင်းကို စောင့်ကြည့်ဖို့ အချိန်မရှိဘူး...”
သူ ပြောလိုက်သော အခိုက်အတန့်တွင် လီချင်းရန်၏ နှုတ်ခမ်းများ တုန်ရီသွား၏။
သူ နှုတ်ခမ်းဆူတော့မလို ဖြစ်နေသည်ကို မြင်သော် ချန်ဟွိုက်အန်က “ခပ်မိုက်မိုက် စီနီယာ” ဇာတ်ရုပ်ကို ချက်ချင်း စွန့်လွှတ်လိုက်သည်။
သူက လီချင်းရန်၏ ဆံပင်ကို ပွတ်သပ်လိုက်ပြီး သူ၏ တွေဝေနေသော အမူအရာအောက်တွင် အမြန် ဆက်ပြောလိုက်သည်။
“ကြည့်... ငါ မင်းကို ထိတောင် မထိနိုင်ဘူး။ ဒါက ကိုယ်ပွားပဲ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က အခု ဧရာမ မိစ္ဆာသားရဲကြီးနဲ့ တိုက်ခိုက်နေလို့ပဲ...”
“စီနီယာအန္တရာယ် ရှိနေတာလား...”
“ကိုင်တွယ်ဖို့ တကယ် ခက်ခဲတဲ့ မိစ္ဆာလား...”
...အမ်း...
ထိုအရာက လုံးဝ မမှားပေ။
ကင်ဆာဆိုသည်က ကိုင်တွယ်ရ အတော်လေး ခက်ခဲသော သားရဲပင်။
ချန်ဟွိုက်အန်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“အတော်လေး ခက်ခဲတယ်။ ဒီသခင်က အဲဒီမိစ္ဆာရဲ့အဆိပ် မိထားတယ်။ အဆိပ်က ကုသဖို့ မဖြစ်နိုင်သလောက်ပဲ... ဒီသခင်ရဲ့ အသက်က အန္တရာယ် ရှိနိုင်တယ်...”
သူ တွေးလိုက်၏။
ဂိမ်းဇာတ်ကောင်တစ်ခုက ဘာများ နားလည်နိုင်မှာလဲ...
ကင်ဆာအကြောင်း ပြောပြလိုက်ခြင်းက အဓိပ္ပာယ် ရှိလိမ့်မည် မဟုတ်ပေ။
ဒီဂိမ်းကမ္ဘာက အရမ်းကို အသက်ဝင်ပြီး ဇာတ်ကောင်တွေကို အေအိုင်က မောင်းနှင်တယ်ဆိုပေမယ့် အေအိုင်က တကယ့် လူသားခံစားချက်တွေကို တုပနိုင်မှာ မဟုတ်ဘူးလေ...
ထိုအရာက အေအိုင် လုံးဝ မကျော်လွှားနိုင်သော အားနည်းချက်ပင်။
လီချင်းရန် ၎င်းကို ကြားလိုက်သော အခိုက်အတန့်တွင်...
မျက်နှာ လုံးဝ ဖြူဖျော့သွား၏။
စူးရှသော အသံတစ်ခု သူ၏ နားထဲတွင် ပြည့်သွားသည်။
သူ၏ စိတ်က ဗလာ ဖြစ်သွား၏။
နှလုံးသား နာကျင်စွာ ကျုံ့သွားသည်ပြီး တစ်စုံတစ်ယောက်က သံပူဖြင့် ထိုးလိုက်သကဲ့သို့ပင်။
သူ၏ လက်ချောင်းများက ဝတ်ရုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလွန်း၍ ဖြူဖွေးသွား၏။
စီနီယာက ဒီလောက် အစွမ်းထက်တာတောင် အဆိပ်ကို မကုသနိုင်ဘူး။
အဲဒီမိစ္ဆာက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ...
ငါ တွေးထားသလို စီနီယာက ချန်းယွန်ဘုံကို ကာကွယ်ဖို့ အမြဲတိုက်ခိုက်နေတဲ့ သူရဲကောင်းကြီးပဲ။
သူက ဒီလောက် အလုပ်ရှုပ်နေတာတောင် ငါ့ကို ချင်းယွန်ဂိုဏ်းအထိ လိုက်ပို့ဖို့ အချိန်ပေးခဲ့သေးတယ်။
ပြီးတော့ ငါက ဒီမှာ တကိုယ်ကောင်းဆန်နေတယ်။ သူ့ကို တွယ်ကပ်နေတယ်။ သူ့ကို ထွက်သွားခွင့် မပေးချင်ဘူး။
“စီနီယာ ....ကျွန်မ မှားတာပါ...”
မျက်ရည်များက လီချင်းရန်၏ မျက်နှာပေါ်မှ စီးကျလာသည်။
သူက ရှေ့သို့ တက်လိုက်၏။
ထို့နောက် ဒုန်းခနဲ အသံဖြင့် ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဟာ... မင်း ဘာလုပ်နေတာလဲ။”
ချန်ဟွိုက်အန် ထိတ်လန့်သွား၏။
အင်အားတစ်ခုက သူကို မတင်လိုက်သော်လည်း လီချင်းရန်က လေထဲတွင် ခေါင်းမာစွာ ဒူးထောက်လျက် ရှိနေသည်။
ယခု လီချင်းရန်က ပျံဝဲနေပြီး သူက မတ်တပ်ရပ်နေသဖြင့် သူတို့မှာ အလွန် ထူးဆန်းသော အနေအထားဖြင့် မျက်လုံးချင်း ဆုံနေကြသည်။
“စီနီယာ။ ကျွန်မမှာ ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ် ရှိတယ်။ ပြောရရင် ကျွန်မက အဂ္ဂိရတ်ပညာနဲ့လည်း သင့်လျော်တယ်...”
“ချန်းယွန်ဘုံမှာ မရေတွက်နိုင်တဲ့ အဂ္ဂိရတ်ပညာ နည်းလမ်းတွေ ရှိတယ်...”
“ဘယ်လိုပဲဖြစ်ဖြစ် စီနီယာကို ကုသပေးနိုင်မယ့် ဆေးလုံးကို ဖော်စပ်နိုင်မယ့် နည်းလမ်းကို ကျွန်မ ရှာဖွေပါ့မယ်..”
လီချင်းရန်၏ အသံက ခိုင်မာပြီး ပြတ်သားနေ၏။
သူ၏ အကြံဉာဏ်က နုံအနိုင်သည်။ ရယ်စရာပင် ကောင်းနိုင်သည်။ သို့သော် သူက မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
စီနီယာက အဆင့်မြင့် ရှားပါးဆေးလုံးများကို ရှာဖွေနေခြင်း ဖြစ်ရမည်ဟု သူ တွေးမိလိုက်သည်။
ဒါပေမဲ့ တစ်ခါတလေ အရိုးရှင်းဆုံး ဖြေရှင်းနည်းတွေက လျစ်လျူရှုခံထားရတဲ့ သာမန်ဂိုဏ်းတွေ စာကြည့်တိုက်တွေမှာ ဝှက်ထားတတ်တယ်။
စီနယာက ကြီးမားတဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေနေချိန်မှာ ငါက သေးငယ်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေမယ်။
အဲဒါဆိုရင် ဘာမှ လွတ်သွားမှာ မဟုတ်ဘူး။
သူ၏ တုံ့ပြန်မှုကို မြင်ရာ ချန်ဟွိုက်အန် အမှန်တကယ် ထိမိသွား၏။
ခဏတာ သူ သံသယပင် ဝင်သွားမိသည်။
လီချင်းရန်က တကယ်ပဲ အေအိုင် ဇာတ်ကောင်လား...
ဒါမှမဟုတ် ဂိမ်းမာစတာ တစ်ယောက်ယောက်က သူ့အတွက် သက်သက် သရုပ်ဆောင် လုပ်ပေးနေတာလား။ အသံသရုပ်ဆောင်၊ မျက်နှာအမူအရာနဲ့ စစ်မှန်တဲ့ တုံ့ပြန်မှုတွေနဲ့....
အကြောင်းမှာ သူ၏မျက်လုံးများထဲ၌ အေအိုင်တွင် မရှိသင့်သောအရာကို မြင်နေရ၍ပင်။
စစ်မှန်သော ဝမ်းနည်းမှု...
စစ်မှန်သော ကြောက်ရွံ့မှု...
သူက ငါ ထွက်သွားမှာကို စိုးရိမ်နေရုံသက်သက် မဟုတ်ဘူး။
ငါ သေသွားမှာကို ကြောက်နေတာ။
ပြီးတော့ မျက်လုံးတွေက ဘယ်တော့မှ မလိမ်ဘူး။
“သုံးသိန်းက... လုံးဝ တန်တယ်...”
သူ ကမ္ဘာမှ ထွက်ခွာခါနီး အချိန်...
နှလုံးသားထဲမှာ နွေးထွေးမှုကို အမှန်တကယ် ပြန်လည် ခံစားလိုက်ရ၏။
ချန်ဟွိုက်အန် တဟားဟား ရယ်လိုက်ပြီး သူ့ရှေ့မှ ကောင်မလေးကို မနှစ်သိမ့်ဘဲ မနေနိုင်တော့ပေ။
“စိတ်မပူပါနဲ့။ ငါက ပေါင်းစည်းခြင်းနယ်ပယ် ကြီးမြတ်တဲ့ ကျင့်ကြံသူလေ။ သာမန် မိစ္ဆာအဆိပ်လောက်က ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ တစ်နေ့ကျရင် မင်း ချန်းယွန်ဘုံမှာ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်လာရင် က ငါ့အတွက် အကြီးမားဆုံး နှစ်သိမ့်မှုပါပဲ...”
စီနီယာ ကိုယ့်ကိုယ်ကိုယ် ဒီသခင်လို့ မခေါ်တော့သည်ကို လီချင်းရန် သတိပြုမိလိုက်သည်။
သို့သော် ဝေးကွာသွားသလို ခံစားရမည့်အစား ထိုအပြောင်းအလဲက သူ့ကို ပို၍ပင် နီးကပ်သလို ခံစားရစေခဲ့သည်။
တိမ်များအထက်က ထိတွေ့မရသောပုဂ္ဂိုလ်က ရုတ်တရက် လက်လှမ်းမီသော နေရာသို့ ရောက်လာသလိုမျိုးပင်။
လက်တွေ့မှာ သူ့ကို မထိတွေ့နိုင်သေးပေမယ့်ပေါ့။
“စီနီယာ။ ကျွန်မ အဂ္ဂိရတ်ပညာရှင် ဖြစ်ချင်တယ်..”
“ကျွန်မ အဂ္ဂိရတ်ပညာရှင် ဖြစ်ကို ဖြစ်ရမယ်...”
“ကျွန်မမှာ ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ် ရှိတယ်။ လင်းရှီးတောင်ကြားက ကျွန်မကို လက်ခံလိမ့်မယ်...”
လင်းရှီးတောင်ကြားက ချန်းယွန်ဘုံရှိ အကျော်ကြားဆုံးသော အဂ္ဂိရတ်ပညာဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး အထွတ်အမြတ်ကုသသူတောင်ကြားဟုလည်း လူသိများသည်။
၎င်းက သေသူကို ရှင်ပြန်စေနိုင်ပြီး အသားနှင့် အရိုးကို ပြန်လည် ကြီးထွားစေနိုင်သော မရေမတွက်နိုင်သည့် အဂ္ဂိရတ်ပညာရှင်များနှင့် ကုသသူများ၏ နေအိမ်ပင်။
လောလောဆယ် ထျန်းချွမ်မြို့တွင် ကြီးကျယ်ခမ်းနားသော ဂိုဏ်းလူသစ်စုဆောင်းပွဲ ကျင်းပနေ၏။
သူတို့က လူသားများအကြား စိတ်ဝိညာဉ်အမြစ် ပါရမီရှင်များကို ရှာဖွေပြီး ဂိုဏ်းသို့ ခေါ်ယူနေကြသည်။
လင်းရှီးတောင်ကြားလည်း အပါအဝင် ဖြစ်၏။
သို့သော် ချန်ဟွိုက်အန်က လင်းရှီးတောင်ကြားကို လီချင်းရန်၏ အနာဂတ်ဂိုဏ်းအဖြစ် မစဉ်းစားခဲ့ပေ။
အကြောင်းမှာ သူက ချီယွင်ကျင့်စဉ်ကို ကျင့်ကြံထားပြီးဖြစ်သောကြောင့်ပင်။ ၎င်းက တိုက်ခိုက်ခြင်းနှင့် ဖျက်ဆီးခြင်းကို ဗဟိုပြုသော မီးဂုဏ်သတ္တိ ပညာရပ် ဖြစ်ပြီး အဂ္ဂိရတ်ပညာနှင့် လုံးဝမကိုက်ညီပေ။
“ချင်းရန်။ မင်းရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ မင်းက ချီယွင်ကျင့်စဉ်ကို ကျင့်ကြံပြီးသား...”
ချန်ဟွိုက်အန်က စကားတစ်ဝက်တွင် ရပ်တန့်သွားသည်။
အကြောင်းမှာ ထိုအချိန် လီချင်းရန်၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဆုံးဖြတ်ချက်...
မယိမ်းမယိုင်သည့် ပြတ်သားသော ဆုံးဖြတ်ချက်ပင်။
သူ ရပ်တန့်သွား၏။
ရုတ်တရက် တစ်ခုခုက သူ့စိတ်ထဲ ဝင်လာသည်။
“မင်း...”
“စီနီယာ။ ချီယွင်ကျင့်စဉ်က မီးအခြေခံ ဖြစ်ပြီးတော့ တိုက်ပွဲအတွက် ရည်ရွယ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါက အဂ္ဂိရတ်ပညာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်...”
လီချင်းရန်က လေးနက်စွာ ဦးညွှတ်လိုက်ပြီးနောက် မော့လိုက်ကာ ချန်ဟွိုက်အန်နှင့် မျက်လုံးချင်း ဆုံသွားသည်။
“ဒါပေမဲ့ ကျွန်မရဲ့ ရေဓာတ် စိတ်ဝိညာဉ်အမြစ်က ချီယွင်ကျင့်စဉ်နဲ့ လုံးဝ မကိုက်ညီခဲ့ဘူး...”
သူ၏ နှုတ်ခမ်းများက နူးညံ့သော နေရောင်ခြည်ကဲ့သို့ အပြုံးအဖြစ် ကွေးညွတ်သွား၏။
သူက လီချင်းရန်ကို နှစ်သိမ့်နေရမည့်အစား လီချင်းရန်က သူ့ကို နှစ်သိမ့်နေသကဲ့သို့ ဖြစ်နေသည်။
“ဒီလိုဆိုမှတော့...”
“ကျွန်မက ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ရုံပဲ...”
...
...