ငါတို့က ချင်းယွင်ဂိုဏ်းကပဲ
Vol. 6 Ch. 59
“ခင်ဗျား ယင်-ယန်ကျောင်းတော်ဆီက လူကို နေ့ခင်းကြောင်တောင်ကြီး လုရဲတယ်လား။ နည်းနည်း မမောက်မာလွန်းနေဘူးလား...”
ဖြူဖျော့နေသော စာပေပညာရှင်က အရှေ့မှ အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီး၏ အရှိန်အဝါကို အာရုံခံမိပြီး သေမတတ် ဖြူဖွေးနေသော မျက်နှာ ပို၍ပင် မှောင်မိုက်သွား၏။
“အေ့... ဒီအဘွားကြီးက... အေ့စ်... မင်းဆီက ခိုးနေတာ။ အဲဒီတော့ ဘာဖြစ်လဲ...”
အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးက ဓားပေါ်မှ ခုန်ဆင်းလိုက်ပြီး ဓားလက်ကိုင်ကို ပြောင်းပြန်ဆုပ်ကိုင်ကာ မျဉ်းကွေးပုံစံဖြင့် လွှဲလိုက်သည်။
သူက ယိမ်းယိုင်နေပြီး ခိုင်မြဲစွာ မရပ်နိုင်သော်လည်း လက်ထဲရှိ ဓားကြီးကို သာမန် အရုပ်လေး တစ်ခုကဲ့သို့ လွယ်ကူစွာ မတင်ထား၏။
ယင်-ယန်ကျောင်းတော် တပည့်များက ချက်ချင်းပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြသည်၊ လေးလံသော ဓားကြီး၏ ရမ်းကားသော လွှဲချက်ထဲ ပါသွားမည်ကို ကြောက်ရွံ့နေကြ၏။
“ဒီမိန်းမက စွမ်းအားချင်း ငါနဲ့ ယှဉ်နိုင်တယ်။ ပြီးတော့ ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ်က ထိပ်တန်းအဆင့် နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် အကောင်းဆုံး တွဲဖက်ပဲ။ ဒီအတိုင်း လက်လွှတ်လိုက်ရရင် နှမြောစရာ ကောင်းလွန်းတယ်။ ငါ သူ့ကို တားထားမယ်။ မင်းတို့ သွားပြီးတော့ ခန်းမသခင်ကို သွားခေါ်ကြ။” ဖြူဖျော့သော စာပေပညာရှင်က အစောင့်များကို အလျင်စလို အမိန့်ပေးလိုက်ပြီး ခါးမှ ဓားတိုကို ဆွဲထုတ်ကာ အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးကို ချိန်လိုက်သည်။
“ဟမ့်။ ငါတို့ နှစ်ယောက်စလုံးက ရွှေရောင်အနှစ်သာရအဆင့်မှာ ရှိကြတယ်။ ဒီနေ့ ဝေက မင်းရဲ့ အရည်အချင်းကို စမ်းသပ်မယ်...”
သို့သော် သူက မတုံ့ပြန်နိုင်မီ လက်တစ်ဖက်က ဘေးနားမှ ရုတ်တရက် ပေါ်လာပြီး သူ၏ဓားကို ဆုပ်ကိုင်လိုက်၏။
“ဘာကို စမ်းသပ်မှာလဲ။ မင်းက ဒီအဘိုးကြီးနဲ့ တိုက်ခိုက်ချင်လို့လား...”
ဖြူဖျော့သော စာပေပညာရှင်က လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်ရာ ပိန်လှီသော အဘိုးအိုတစ်ဦးက အနားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူ ဘယ်အချိန်က ထိုမျှ နီးကပ်လာခဲ့ကြောင်း သူ သတိပင် မထားမိလိုက်ပေ။
အဘိုးအိုတွင် ဖြူဖွေးသော ဖရိုဖရဲဆံပင်များ ရှိနေပြီး မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် အုပ်ထားကာ ပြုံးလိုက်ရာ ကောက်ကွေးပြီး ပိုးစားနေသောသွားများ ပြည့်နေသည့် ပါးစပ်ကို တွေ့လိုက်ရ၏။
“ခင်ဗျားက ဘယ်သူလဲ...”
“ဟီးဟီး... မှန်းကြည့်လေ...”
အဘိုးအို၏ခါးတွင် ဓားဘူးသီးခြောက် တစ်လုံး ချိတ်ဆွဲထားသော်လည်း သူက ဓားမဆွဲထုတ်ပေ။ ထိုအစား သူ၏ အဖုအထစ်များဖြင့် ပြည့်နေသော လက်ချောင်းများက စာပေပညာရှင်၏ ဓားတိုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။ သူ၏ ကြီးမားသော ဆုပ်ကိုင်အားအောက်တွင် ဓားသွားက တဖြည်းဖြည်း ကွေးလာပြီး ချွမ်းခနဲ အသံ ထွက်ပေါ်လာခဲ့သည်။
မွန်းကျပ်စေသော ဖိအားတစ်ခုက ဖြူဖျော့သော စာပေပညာရှင်ကို နေရာတွင် အသေမှတ်ထားသဖြင့် သူ လှုပ်ရှား၍ မရတော့ပေ။ ယခု သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏လူများ ခန်းမသခင်ကို အမြန် ခေါ်လာပေးရန်သာ...
သို့သော် ထိုအချိန်တွင် ခန္ဓာကိုယ်များ မြေကြီးပေါ်သို့ ဒုန်းခနဲ ပြုတ်ကျသံ ထွက်ပေါ်လာ၏။
လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာ ချက်ချင်း ပို၍ ဖြူဖျော့သွားသည်။
အနက်ရောင်ဝတ်စုံ ဝတ်ထားသော ပုံရိပ်သုံးခု လမ်းမအလယ်တွင် အရပ်အရှည်ဆုံးမှ အပုဆုံးသို့ စီတန်း ရပ်နေကြသည်။ ဘယ်ဘက်အစွန်ဆုံးလူက အရပ်အရှည်ဆုံးနှင့် အပိန်ဆုံးဖြစ်ပြီး၊ အလယ်လူမှာ သာမန် ကိုယ်လုံးကိုယ်ပေါက်ရှိကာ ညာဘက်အစွန်ဆုံးလူက ပုပြီး ဝဝတုတ်တုတ် ဖြစ်သည်။
သုံးဦးစလုံး အနက်ရောင် ဝတ်ဆင်ထားပြီး ခါးတွင် ဓားများ ချိတ်ဆွဲထားကာ တစ်ဦးစီက ကျောပေါ်တွင် ဖောင်းပွနေသော အိတ်တစ်လုံးစီ သယ်ဆောင်ထား၏။ အတွင်း၌ မည်သည့်အရာ ရှိနေကြောင်း မသိရပေ။
တစ်ချိန်တည်းမှာပင် သူ၏ လက်အောက်ငယ်သားများက မြေကြီးပေါ်တွင် ပြန့်ကျဲနေပြီး သူတို့၏ ကံကြမ္မာ မရေမရာ ဖြစ်နေသည်။
“ခင်... ခင်ဗျားတို့က ယင်-ယန်ကျောင်းတော်က လူတွေကို ထိရဲတယ်လား...”
ဖြူဖျော့သော စာပေပညာရှင် ဒေါသထွက်နေ၏။
ယင်-ယန်ကျောင်းတော်က သေးငယ်သော ဂိုဏ်းမဟုတ်ပေ။ မည်သူက သူတို့ကို စိန်ခေါ်ရဲသနည်း...
ထို့ပြင် ဒီထိပ်တိုက်ရင်ဆိုင်မှုက အခု အတော်လေး ကြာနေပြီ ဖြစ်သည်။
ထျန်းချွမ်မြို့ အစောင့်တွေ ဒါမှမဟုတ် တခြားဂိုဏ်းတွေ ဘာလို့ ဝင်မပါကြသေးတာလဲ။ သူတို့အားလုံး တောင်တံခါးတွေဆီ ပြန်သွားကြပြီလား...
“အချိန်ဖြုန်းနေတာ တော်လောက်ပြီ။ နောက်ဆုံးအသုတ်ကို ယူပြီးတော့ ဆုတ်ခွာကြစို့...”
အသံတစ်သံ အပေါ်မှ ထွက်ပေါ်လာ၏။
ဖြူဖျော့သော စာပေပညာရှင် မော့ကြည့်လိုက်ရာ အနီးနားရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ပုံရိပ်တစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။
တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး အနက်ရောင်ဓားနှင့် အနက်ရောင် ခေါင်းစွပ် ပါရှိသော်လည်း ထိုပုံရိပ်တွင် ထူးခြားသော ခြားနားချက်တစ်ခု ရှိနေသည်။ ရှည်လျားပြီး ဖြူဖွေးသော မုတ်ဆိတ်မွေးပင်။
ပို၍ အရေးကြီးသည်မှာ သူ၏ခါးတွင် လက်နက်အမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။
ဖြူဖျော့သော စာပေပညာရှင်၏ မျက်သူငယ်အိမ်များ ကျုံ့သွားခဲ့သည်။
ထိုအထဲတွင် ခန်းမသခင်၏ ကိုယ်ပိုင်ဓားကောက်ကို သူ တွေ့လိုက်ရ၏။
သူတို့ ဘယ်အချိန်က ငါတို့ဂိုဏ်းကို စီးနင်းလိုက်တာလဲ...
ဖြူဖျော့သော စာပေပညာရှင်၏ မောက်မာမှု ချက်ချင်း ပြိုကွဲသွားသည်။ သူ၏ မျက်နှာအမူအရာက ငိုနေသည်ထက် အရုပ်ဆိုးသော အပြုံးအဖြစ် တွန့်လိမ်သွားခဲ့သည်။
“စီနီယာတို့။ ကျွန်တော်... ကျွန်တော်က ကြီးမြတ်မှုကို မြင်လျက်နဲ့ မမှတ်မိခဲ့ပါဘူး။ ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ် တပည့်က စီနီယာတို့ အပိုင်ပါ။ ကျွန်တော် အခုပဲ ခွင့်ပြုပါဦး...”
“မင်းရဲ့ လက်နက်တွေ၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ သိုလှောင်အိတ်တွေ အကုန်လုံး ချထားခဲ့...”
သူ့ရှေ့မှ အဘိုးအို၏ အပြုံးက ပိုကျယ်လာပြီး သူ၏ တွန့်လိမ်နေသော မျက်နှာက ပွင့်လန်းနေသော ဂန္ဓမာပန်းကဲ့သို့ ရှုံ့တွသွားလေသည်။
ဖြူဖျော့သော စာပေပညာရှင်က ပိုင်ဆိုင်မှု အားလုံးကို လိမ္မာစွာ ပေးအပ်ရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
“မင်း လည်ပင်းက ကျောက်စိမ်းရောပဲ...”
“...”
“ပြီးတော့ မင်းရဲ့ ဝတ်ရုံတွေ...”
“တော်လောက်ပြီ။ အကြီးအကဲလီ...” ဓားကြီးပေါ်တွင် အနားယူနေသော အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးက နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။ သူ ဆက်မကြည့်နိုင်တော့ပေ။
“ဒါပေမဲ့ သူ့ဝတ်ရုံတွေက တော်တော် ကောင်းတာ...” အဘိုးအို ရေရွတ်လိုက်ပြီး အထည်သားကို စိတ်ဝင်တစား ပွတ်သပ်နေ၏။
ဖြူဖျော့သော စာပေပညာရှင်က ငိုလုနီးပါး ဖြစ်နေပြီ။ “စီ..စီနီယာတို့... ကျွန်တော် သွားလို့ ရပြီလား။”
“ဟီးဟီး... သွားတော့။” အဘိုးအို ဓားတိုကို အိတ်ကပ်ထဲ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီး ဆုပ်ကိုင်ထားခြင်းကို လွှတ်လိုက်သည်။
ဖြူဖျော့သော စာပေပညာရှင်က တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ပြေးသွား၏။
“မင်းရဲ့ လူတွေကိုပါ ခေါ်သွား...” အဘိုးအို သူ့နောက်မှ လှမ်းအော်လိုက်သည်။
လှည့်မကြည့်ဘဲ ဖြူဖျော့သော စာပေပညာရှင်က သူ၏ လဲကျနေသော လက်အောက်ငယ်သားများကို ကုန်းကွပြီး ဆွဲယူကာ ထိတ်လန့်တကြား ပျံသန်းထွက်ပြေးသွားသည်။
ယင်-ယန်ကျောင်းတော် ထွက်သွားလေပြီ။
အနက်ရောင်ဝတ်စုံ ဝတ်ထားသော ပုံရိပ်ငါးခုစလုံး လီချင်းရန်ဘက်သို့ အကြည့်များ လှည့်လိုက်ကြသည်။
သူက အလိုအလျောက် ခြေတစ်လှမ်းဝက် နောက်ဆုတ်လိုက်ပြီး ကြောက်ရွံ့စွာ ခေါင်းငုံ့ကာ အမြန် ဦးညွှတ်လိုက်သည်။
“စီနီယာတို့ရဲ့ ကူညီမှုအတွက် ဂျူနီယာ ကျေးဇူးတင်ပါတယ်...”
ဒီငါးယောက်က ယင်-ယန်ကျောင်းတော် အဖွဲ့ဝင်များထက် ပိုပြီး အန္တရာယ်များပုံပေါက်နေသော်လည်း...
တစ်ခုခုကြောင့် သူတို့က အထူးတလည် ခြိမ်းခြောက်နေသလို မခံစားရပေ။
“ကလေးမ။ မင်းရဲ့ အရည်အချင်းက ထူးချွန်တယ်။ ငါတို့ ဂိုဏ်းထဲကို ဝင်မလား...”
ထူးဆန်းသော အဘိုးအိုက သူ့ကို ထူးဆန်းစွာပင် ကြင်နာပြီး နူးညံ့သော အမူအရာဖြင့် ပြုံးပြလိုက်သည်။
“ဂျူနီယာက လင်းရှီးတောင်ကြားကို ဝင်ချင်ပါတယ်။” လီချင်းရန် တုံ့ဆိုင်းလျက် ခေါင်းခါလိုက်သည်။ “စီနီယာတို့ရဲ့ ဂိုဏ်းက သေချာပေါက် ကောင်းမွန်မှာပါ။ ဒါပေမဲ့ ကျွန်မ ကုသသူ ဖြစ်ချင်တာ။”
“မင်း ငါတို့ ဂိုဏ်းမှာလည်း ကုသသူ လုပ်လို့ရပါတယ်။” ဓားပေါ် မှီနေသော အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးက မူးနေသည့် အခြေအနေကြောင့် အေ့ခနဲ အသံပြုရင်း ရေရွတ်လိုက်၏။
“ကျွန်မ...” လီချင်းရန် ထပ်မံ ငြင်းဆန်ချင်နေခဲ့သည်။
သို့သော် ထိုအချိန်တွင် ခေါင်မိုးပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟူး... မင်းတို့ကောင်တွေ လုပ်ပုံကိုင်ပုံ လွဲနေတာ။”
ခေါင်မိုးပေါ်မှ ပုံရိပ်က ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည်။
လီချင်းရန်၏ အံ့သြနေသော အကြည့်အောက်တွင် သူက ကျယ်လောင် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“ငါတို့က ချင်းယွန်ဂိုဏ်းကပဲ...”
အခြား လေးယောက်လည်း ထိုအတိုင်း လိုက်လုပ်ကြပြီး သူတို့၏ အသွင်ဖျက်ထားမှုများကို ဖယ်ရှားလိုက်ကြသည်။
အမျိုးသမီး ကျင့်ကြံသူက ဇာပဝါကို ဖယ်ရှားလိုက်ရာ ခါးအထိ ရှည်လျားသော ဆံပင်နက်များနှင့် ရင်သပ်ရှုမောဖွယ် မူးယစ်စေသော အလှပိုင်ရှင် မျက်နှာ ပေါ်လာသည်။ သူ၏ ပါးပြင်များ နီရဲနေပြီး မျက်လုံးများက မူးယစ်မှုကြောင့် ဝေဝါးနေသော်လည်း သူ၏အပြုံးမှာ ဆွဲဆောင်မှုရှိပြီး စကားများက ထက်မြက်ကာ တိုတောင်းသည်။
“ညီမလေး။ မင်း မြင်တဲ့အတိုင်းပဲ။ ငါတို့က တခြားဂိုဏ်းတွေ အများကြီးကို လုယက်ခဲ့ပြီးပြီ...”
အဘိုးအိုက ဖြည့်စွက်ပြောသည်။ “ပြီးတော့ အခု မင်း ငါတို့ရဲ့ သရုပ်မှန်တွေကို သိသွားပြီ။”
ခေါင်မိုးပေါ်မှ ဓားကျောင်းတော်သခင် စုချီနျန်က ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
“ဒါကြောင့် မင်း ငါတို့နဲ့ လိုက်ခဲ့ဖို့ကလွဲပြီးတော့ ရွေးချယ်စရာ မရှိတော့ဘူး။ မဟုတ်ရင် ငါတို့ မင်းကို နှုတ်ပိတ်ရလိမ့်မယ်။ ငှဲ..ငှဲ..ငှဲ...”
လီချင်းရန် - “...”
သူတို့ ချင်းယွန်ဂိုဏ်းက မဟုတ်ဘူးဆိုတာ မသိဘူးလို့ ထင်နေတာလား...
ခေါင်မိုးပေါ်မှလူ၏ ခါးတွင် ချိတ်ထားတဲ့ ဓားကျောင်းတော် တံဆိပ်ကို သူ သတိထားမိပြီးသား ဖြစ်သည်။
ဓားကျောင်းတော်... ဓားဂိုဏ်းလား..
သူ တုံ့ဆိုင်းသွားပြီး စိတ်ထဲတွင် ထူးဆန်းသော ဆက်စပ်မှုအချို့ ပြုလုပ်မိလိုက်သည်။
သူက မတုံ့ပြန်နိုင်ခင်မှာပင် ကမ္ဘာကြီး လည်သွားပြီး နောက်တစ်ခဏတွင် ဓားပျံတစ်လက်ပေါ်တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
မူးနေသော အမျိုးသမီးကျင့်ကြံသူက သူ့ကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
အခြား လေးယောက်လည်း သူတို့၏ ကိုယ်ပိုင် ဓားများပေါ်သို့ တက်လိုက်ကြပြီး ဓားပြအုပ်စုကဲ့သို့ ပြုံးရယ်နေကြသည်။
“ဂျူနီယာညီမ။ ကြောက်ရင် စီနီယာအစ်မရဲ့ ခါးကို ဖက်ထားလို့ ရတယ်နော်...”
အမျိုးသမီးက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် ဓားပျံက ကောင်းကင်သို့ ပျံတက်သွား၏။
လီချင်းရန် တိုက်ခတ်လာသော လေကို မျက်လုံးမှေး ကြည့်လိုက်ပြီး အမျိုးသမီး၏ ခါးကို ဖက်ထား လိုက်မိသည်။
ထိုအချိန်တွင် သူက ရုတ်တရက် ခုခံလိုစိတ် ပျောက်ဆုံးသွား၏။
အကြောင်းမှာ ထိုသူများက...
သူ၏ဆရာနှင့် တူလွန်း၍ပင်။
ဓားပျံ စီးနေကြသော်လည်း....
လေကာကွယ်ရေး အခင်းအကျင်း မပါကြပေ။