← Chapters

ဝင်ခွင့်ရှိတယ်၊ ထွက်ခွင့်မရှိဘူး

Vol. 7 Ch. 78

ဝင်ခွင့်ရှိတယ်၊ ထွက်ခွင့်မရှိဘူး

Vol. 7 Ch. 78

"ဒါပေါ့ကွ၊ ငါ ဒါကိုကြိုတင်မျှော်လင့်ထားပြီးသားပါကွာ။ ဒါနေရာက မင်းရဲ့ထူးဆန်းတဲ့ကျိန်စာကို ဖယ်ရှားနိုင်မယ့် နေရာလေ" ကျန်းယီမင်က တစ်ချက်ရယ်လိုက်သည်။

"တစ်ကယ်လို့သာ ဒီမြို့ကြီးကဘာမှမထူးခြားဘဲ ရိုးရှင်းနေမှပဲ ထူးဆန်းနေပြီလို့ တစ်မျိုးပြန်ထင်မိမှာ။ ကဲ... အချိန်မဆွဲကြစို့။ မြန်မြန်မြို့ထဲဝင်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ရှာကြည့်ကြရအောင်..."

တုန်းမီက သဘောတူလိုက်ပြီး ကျန်းယီမင်နောက်ကနေ ငရဲမြို့တော်ထဲသို့ လိုက်ဝင်သွားသည်။ သူတို့နှစ်ယောက်က မြို့ဆယ်မိုင်ကျော်အကွာအဝေးထိ လမ်းလျှောက်သွားခဲ့ကြပြီး သူတို့ရဲ့ခန္ဓာကိုယ်ပေါ်တွင် အေးစိမ့်နေတဲ့ခံစားချက်က ကျောရိုးတစ်လျောက်ဖြတ်လျှောက်သွားခဲ့သည်။ သူတို့ပတ်လည်ရှိအရှိန်အဝါများ မတည်မငြိမ်ဖြစ်လာပြီး လှိုင်းများ ရိုက်ခတ်သံကိုလည်း ကြားနေရသည်။

အခုလို အလွန်အသည်းခိုက်လှတဲ့အအေးဒဏ်ရှိသည့်နေရာတွင် သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအား လည်ပတ်မှုပင်လျှင် အနည်းငယ်အဟန့်အတားဖြစ်နေသည်။ သူတို့နှစ်ယောက်က နောက်ဆုံးတွင် မြို့တံခါးများမှတစ်ဆင့် ဝင်လာခဲ့ကြသည်။

"ဝိုး... အံ့ဩစရာပဲ၊ အခုလိုအချိန်မျိုးမှာတောင် ငရဲမြို့တော်ထဲ ဝင်ရဲတဲ့လူတွေရှိနေသေးမယ်လို့ ငါမထင်ထားခဲ့မိဘူး" သူတို့ မြို့ထဲဝင်လာခါစမှာပင် လမ်းဘေးတွင် စျေးရောင်းနေတဲ့ဈေးသည်တစ်ဦးက ရေရွတ်လိုက်သည်။

"ဟမ်... ငရဲမြို့တော်ရဲ့မြို့တံခါးတွေတောင် လူမစောင့်ဘဲရှိနေတာ ဘာလို့ဝင်ရဲမယ့်သူမရှိရမှာလဲ..."

ကျန်းယီမင်သည် ဈေးသည်ရှေ့ကို လျှောက်သွားလိုက်သည်။ သို့သော် ဈေးသည်သည် ကုန်ပစ္စည်းများကို ရောင်းချနေခြင်းမဟုတ်ကြောင်း သူမြင်တွေ့လိုက်ရသည်။ ထိုအစား သူ့ဆိုင်ကခုံရှေ့တွင် စာရွက်မှတ်စုတချို့သာရှိနေသည်။ တုန်းမီက မှတ်စုတစ်ခုလှမ်းယူရန် ပြင်လိုက်သော်လည်း ဈေးသည်က သူ့ကို တားလိုက်သည်။

"ဟဲဟဲ... ခင်ဗျားတို့နှစ်ယောက်ဝယ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင် ကျေးဇူးပြုပြီး မထိပါနဲ့။ ကောင်းကင်ဖြစ်ရပ်ဆန်းက မရှင်းမလင်းနဲ့ သွေးလကကျရောက်တော့မယ်။ ငရဲပြည်တံခါးတွေ ပွင့်လာတော့မယ်။ ဝင်ဖို့က လွယ်ကူပေမယ့် ထွက်ဖို့က ခက်ခဲတယ်။"

"ဘာကိုဆိုလိုတာလဲ"

မြို့ထဲသို့ ဝင်တော့မည့်ဆဲဆဲတွင် သူ့ပတ်ပတ်လည်ကို ဝန်းရံလာခဲ့တဲ့ ထူးဆန်းသည့်အရှိန်အဝါကို ကျန်းယီမင်သတိရလိုက်သည်။

'အဲ့တာက ငါတို့ကိုမြို့ထဲပိတ်လှောင်တဲ့ အတားအဆီးများလား....'

ထိုသို့တွေးမိလိုက်သောအခါ ကျန်းယီမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်ဝိညာဥ်စွမ်းအင်နဲ့ ပျံသန်းလိုက်ကာ မြို့ပြင်သို့ဦးတည်လိုက်သည်။ ငရဲမြို့တော်သည် ဒီဈေးသည်ပြောသလို ဝင်သာဝင်နိုင်ပြီး ထွက်မရနိုင်ဘူးဆိုတာ ဟုတ်မဟုတ်ကို သူသိချင်နေသည်။ သူမြို့ထဲမှ ထွက်ခွာဖို့ကြိုးစားလိုက်တဲ့အချိန်ပဲ သူ့အမြင်အာရုံက ရုတ်တရက် ဝေဝါးသွားသည်။

ထိုမြင်ကွင်းသည် မြူခိုးထူထပ်စွာစုဝေးနေသကဲ့သို့ သူ့မျက်လုံးများကို ဖွင့်လို့မရနိုင်အောင်အထိ ဖြစ်နေသည်။ သူမျက်လုံးများပြန်ဖွင့်လိုက်နိုင်သောအခါ သူ့ရှေ့တွင်မြင်နေရသောအရာက ခုနကသူ့နောက်တွင်ရှိနေခဲ့တဲ့ ငရဲမြို့တော်ရဲ့မြို့တံခါးများပဲ ဖြစ်နေသည်။ သူ လုံးဝနောက်လှည့်မပြန်ခဲ့ဘူးဆိုတာ သေချာသည်။

"ကျွန်တော်ပြောပါတယ်ဗျာ... မိတ်ဆွေ... ဒီရက်ပိုင်းအတွင်း ထွက်သွားဖို့ကြိုးစားခဲ့တဲ့လူ ဘယ်လောက်များနေပြီလဲဆိုတာ ကျွန်တော်တောင် မသိတော့ဘူး၊ ဒါပေမဲ့ သူတို့အားလုံး မအောင်မြင်ခဲ့ကြဘူး...ခင်ဗျား ဒီကိုရောက်နေပြီဆိုတော့ ဒီမှာဖြစ်နေတဲ့အတိုင်း လက်ခံလိုက်ပါတော့..."

"ငရဲမြို့တော်က ဝင်ခွင့်ပြုပြီး ထွက်ခွင့်မပြုတဲ့အခြေအနေက ဒီရက်ပိုင်းအနည်းငယ်အတွင်းကမှ ဖြစ်လာတာမဟုတ်လား..."

သူတို့ရှေ့မှ လူကအမှန်အတိုင်း ပြောနေတာကို မြင်လိုက်ရပြီး သူ့ရဲ့အစွမ်းထက်တဲ့ ဆရာတောင်မှ ထွက်ပေါက်ကို မရှာနိုင်တာကို သိလိုက်ရသောအခါ တုန်းမီ စိုးရိမ်လာသည်။

"ဟုတ်တယ်၊ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက် အခုဒီကို ရောက်လာတာ ဒဏ္ဍာရီကြောင့်ရောက်လာတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား... အခုဒဏ္ဍာရီက မှန်တယ်ဆိုတာ သိသွားပြီဆိုတော့ ခင်ဗျားတို့နှစ်ယောက် ပျော်ရမှာမဟုတ်ဘူးလား..."

ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား တကယ်တမ်းဘာရောင်းတာလဲ..."

သူတို့ရှေ့မှ ဈေးသည်ရဲ့ကောက်ကျစ်စဉ်းလဲတဲ့ ပုံရိပ်ကိုကြည့်ရင်း ကျန်းယီမင်နှင့်သူ့တပည့်က အမှန်တိုင်း သိချင်စိတ်ဖြစ်လာကြသည်။

"ဟူး... ကျွန်တော် ဒီမှာနှစ်ပေါင်းများစွာ နေလာခဲ့တာ။ ခင်ဗျားတို့ ကျွန်တော်ဘာရောင်းနေတယ်ဆိုတာ အချိန်တန်ရင် သိလာပါလိမ့်မယ်၊ ဒါပေမဲ့ မသိသေးခင် အသေးစိတ်မမေးတာ ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ချို့အရာတွေက အချိန်တိုတွင်း ရှင်းပြဖို့ဆိုတာ ခက်ခဲတယ်" ဈေးသည်က ခြောက်ကပ်စွာ ရယ်လိုက်သည်။

"ဒီလိုလေအေးထဲမှာ ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ကို တကူးတက စကားလာပြောပေးတဲ့အတွက်တောင် ကျွန်တော်က ကျေးဇူးတင်နေပါပြီ..."

"ဒါဆို အခုလိုအန္တရာယ်များတာကို ခင်ဗျားကဘာလို့ မြို့ထဲကနေ အမြန်ဆုံးမထွက်သွားဖို့ မရွေးချယ်ရတာလဲ..." တုန်းမီက ထပ်မေးလိုက်သည်။

"ဟဲဟဲ... ဟုတ်တယ်။ ငရဲပြည်ပွင့်လာတဲ့အခါကျရင် ဒီမှာ ဘယ်လိုမြင်ကွင်းမျိုးတွေ ဖြစ်လာမလဲဆိုတာကို ကျွန်တော်မသိဘူး" ဈေးသည်က ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ နောက်ဆုံးအကြိမ် ငရဲပြည်ပွင့်ခဲ့တုန်းက တစ်ယောက်ယောက်က အဲ့ဒီကိုဝင်သွားပြီး ရတနာတွေ အများကြီးရခဲ့တယ်လို့ ကောလာဟလတွေရှိတယ်။ ကျွန်တော် အတွင်းထဲထဲအထိတော့ စွန့်စားပြီးသွားဖို့ မရဲပေမယ့် ငရဲပြည်ကနေ တစ်ခုခုပေါ်လာတဲ့အခါ လုယက်ပြီးတော့ ဝေစုရနိုင်မယ်လို့ ထင်ပါတယ်"

'ဒီလိုကိုး...။ ကောလာဟလတွေက မှန်နေပုံပဲ....။'

ဒီခရီးစဉ်မှာ တုန်းမီကို ကူညီနိုင်ရုံသာမက ရတနာနချို့ပါ ရနိုင်သည်။ ကျန်းယီမင်က ခေါင်းညိတ်လိုက်သည်။ သူနှင့် တုန်းမီတို့ ငရဲမြို့တော်အတွင်းထဲကို ပိုနက်ရှိုင်းစွာဆက်ဝင်လိုက်ပြီး သဲလွန်စများရှာဖွေနေကြသည်။

"ဆရာ၊ ကျွန်တော် ဘာကြောင့်မှန်းမသိဘူး" တုန်းမီရဲ့ မျက်နှာတွင် အနည်းငယ် ရှုပ်ထွေးမှုများ ရှိနေပြီး သူရုတ်တရက် ထပြောလိုက်သည်။

"ဒါပေမဲ့ ခုနကမြို့ထဲဝင်လာတုန်းက စိတ်မအေးသလိုမျိုးကြီး ခံစားလိုက်ရတယ်။ မြို့ထဲပိုနက်နက်ဝင်လေလေ၊ စိတ်မအေးတာ ပိုဖြစ်လေလေပဲ"

ထိုခံစားချက်သည် သူ့ကိုတစ်စုံတစ်ရာက ခေါ်ယူနေသလိုမျိုးဖြစ်နေသည်။ သူတို့ကျိန်စာကို ဖြေရှင်းရန် ကြိုးစားနေသည့် အဓိကဦးတည်ချက်က မမှားယွင်းဘဲ ထိုကျိန်စာက ငရဲမြို့တော်၊ သို့မဟုတ် ငရဲပြည်နှင့် နီးနီးကပ်ကပ်ဆက်စပ်နေတယ်လို့ သူတို့သေသေချာချာသိထားသော်လည်း အခုလိုကြီးမားလွန်းတဲ့မြို့ကြီးထဲတွင် ကျိန်စာသဲလွန်စများကို သူတို့ဘယ်ဖွေရမလဲဆိုတာ မသေချာဖြစ်နေသည်။

သူတို့ရှေ့တွင် သေရည်ဆိုင်တစ်ခုရှိနေသည်။

ပတ်ဝန်းကျင်က ဘယ်လိုပဲ အန္တရာယ်များနေပါစေ၊ ဒီလိုလုပ်ငန်းလုပ်နေတဲ့လူတွေ အမြဲရှိနေသည်။ ထို့နောက် ဆရာတပည့် နှစ်ယောက်သား ဆိုင်ထဲ ခနဝင်နားလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်္

"တုန်းမီ၊ မင်းကျိန်စာတွေနဲ့ မင်းသိတဲ့အရာတွေကို အသေးစိတ် ထပ်ပြောပြဦး" ဝိုင်ပူတစ်ခွက် သောက်ပြီး လေထဲမှငါးညှီနံ့က သူ့နှာခေါင်းထဲတိုးဝင်လာရင်း တုန်းမီကို သူ့အတိတ်ကကိစ္စများကို ပြန်ပြောပြရန် ကျန်းယီမင်ပြောလိုက်သည်။

"ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့နောက်ခံအကြောင်းကို တကယ်တမ်းသိပ်မသိဘူး။ ကျွန်တော့်မိသားစုနဲ့ ပတ်သက်တဲ့ တစ်ခုတည်းသောအရာကတော့ ကွဲနေတဲ့ ကျောက်စိမ်းဆွဲသီးလေးပဲ... ဆရာ"

'ကွဲနေတဲ့ ကျောက်စိမ်းဆွဲသီး....'

ထိုစကားကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်ရဲ့ မျက်လုံးများ လင်းလက်သွားသည်။ တုန်းမီရဲ့ မိသားစုက ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေတာကို၊ သူတို့ အသက်ရှင်ဖို့ကိစ္စနဲ့ ဆက်စပ်နေတဲ့ ကျောက်စိမ်းဆွဲသီးကို အမှတ်တရအဖြစ် ချန်ထားခဲ့တယ်ဆိုတော့ ကျောက်စိမ်းဆွဲသီးထဲမှာ တခြားသဲလွန်စတွေ ပုန်းကွယ်နေနိုင်သည်။

"မင်းရဲ့ ကွဲနေတဲ့ကျောက်စိမ်းဆွဲသီးကို မြန်မြန် ထုတ်လိုက်..."

သူ့ဆရာရဲ့ စကားကိုကြားရတဲ့အခါ တုန်းမီတအံ့တဩဖြစ်သွားပြီးနောက် သူ့ရဲ့ကွဲနေတဲ့ကျောက်စိမ်းဆွဲသီး အပိုင်းအစများကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ခုနက မြို့ထဲဝင်လာတဲ့အချိန်က ထွက်လာတဲ့ ကြက်သီးထဖွယ်အရှိန်အဝါများက တကယ်တမ်းတော့ ဒီကွဲနေတဲ့ကျောက်စိမ်းဆွဲသီးကနေ ဖြစ်နေခဲ့သည်။

'ဒီလောက်ကြာမှ သေချာသတိထားမိလိုက်ရတယ်ကွာ.....'

"ဒါကြောင့် မြို့ထဲဝင်လာတုန်းက ကျွန်တော့်စိတ်ထဲ မလုံမလဲဖြစ်ပြီး ကြက်သီးတွေထနေခဲ့တာကိုး

.. ဒါကြောင့် ဖြစ်နေခဲ့တာပဲ...."

"မင်းနဲ့ ဒီမြို့တော်ကဆက်စပ်နေတာ သေချာတယ်၊ တုန်းမီ၊ မြန်မြန် ပြန်ဆက်ကြည့်လိုက်..."

ကျန်းယီမင်သည် တုန်းမီပြောခဲ့တဲ့သော ခံစားချက်ကို လုံးဝမခံစားရသောကြောင့် အတော်လေး ထူးဆန်းနေခဲ့သည်။ သူက ရှေးဟောင်းကျောက်စိမ်းဆွဲသီးကို စူးစမ်းကြည့်လိုက်ရာ သွေးကြောလိုမျိုးတစ်ခုခု အထဲမှာပါနေတာကို တွေ့လိုက်ရသည်။

"ဟင်း... ဒါ သွေးကျောက်စိမ်းများလား..." ကျန်းယီမင် တုန်လှုပ်သွားသည်။

သူရှေးဟောင်းစာအုပ်တစ်အုပ်တွင် ဖတ်ဖူးသည်။ သေခါနီး ကျင့်ကြံရှင်တစ်ဦးက သူ့နောက်ဆုံးသွေးအနှစ်ကို သွေးကျောက်စိမ်းထဲကို ထည့်ထားလိုက်ပါက ထိုအရာက သူ့ဆန္ဒနောက်ဆုံးအကြွင်းအကျန်ကို တံဆိပ်ခတ်ထားပေးနိုင်ပေမည်။ သို့သော် သူသည် ထိုအကြောင်းကို ရှေးဟောင်းစာအုပ်တွင်သာ ဖတ်ဖူးခဲ့သည်။ အခုလို အဆင့်အတန်းမြင့်မားတဲ့ သွေးကျောက်စိမ်းကိုရှိနိုင်ဖို့ဆိုရင် သူ့တပည့်နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်တဲ့မိသားစုက ဘယ်လို အင်အားမျိုး ရှိနေတာလဲဆိုတာ ကျန်းယီမင်တွေးမိသွားသည်။

"ဆရာ၊ ကျွန်တော်ဘာကြောင့်မှန်း မသိဘူး၊ ဒါပေမဲ့ ဒါက..." တုန်းမီရဲ့ မျက်နှာတွင် အနည်းငယ်စိုးရိမ်ပူပန်တဲ့အရိပ်များ ရှိနေပြီး သူတံတွေးမျိုချလိုက်ပြီး ဆက်ပြောသည်။

"ဒါက ကျွန်တော့်ကို ဆွဲဆောင်နေသလိုမျိုး ခံစားနေရတယ်"

"ငါ ကူညီပေးရဦးမလား..."

"အဆင်ပြေပါတယ်... ဆရာ...။ အဲ့ဒီစွမ်းအားက ကျွန်တော့်အပေါ် သိပ်ပြီးအန္တရာယ်ပြုလိုတဲ့ဆန္ဒ မရှိပါဘူး။ ကျွန်တော် ဒီကိစ္စကိုဆက်ပြီး မဆင်မခြင်မလုပ်ရဲတာ..." တုန်းမီရဲ့ မျက်လုံးများ တည်ငြိမ်သွားသည်။

သူ့လက်ဖဝါးကနေ စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး ကွဲနေသောကျောက်စိမ်းဆွဲသီးအပိုင်းအစများကို ဖြည်းဖြည်းချင်း စုစည်းကာ ပြန်ဆက်လိုက်သည်။ ထိုကွဲနေတဲ့ ကျောက်စိမ်းဆွဲသီးပေါ်တွင် ရှိနေတဲ့သွေးကြောများသည် ဆက်သွယ်လာကာ တစ်ခုနှင့်တစ်ခုဆက်နွယ်သွားသည်။ နောက်ဆုံးတွင် ကြီးမားအားကောင်းတဲ့ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းယီမင်တောင် ထိုဆွဲသီးကနေ ထွက်လာခဲ့တဲ့ အရှိန်အဝါများကို ခံစားနိုင်သည်။

"ဟားဟားဟား၊ ကြည့်ရတာ ငါ့မိသားစုမျိုးဆက် မပြတ်တောက်သွားဖို့ ကံပါလာတဲ့ပုံပဲ... မျိုးဆက်မပြတ်ဘူးကွ ...."

လေထဲတွင် အဘိုးအိုရဲ့အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလိုက်သည်။ ထိုအသံသည် ခုနကမှ ပြန်ဆက်လိုက်တဲ့ ကျောက်စိမ်းဆွဲသီးကနေ ထွက်လာနေပုံရနေသည်။

All Chapters