← Chapters

ကျိန်စာဖြေရှင်းမယ့် နည်းလမ်း

Vol. 7 Ch. 79

ကျိန်စာဖြေရှင်းမယ့် နည်းလမ်း

Vol. 7 Ch. 79

ကျန်းယီမင် ဝမ်းသာလွန်းပြီး ပျော်ရွှင်သွားသည်။ သွေးကျောက်စိမ်းထဲတွင် ကျန်ရှိနေခဲ့တဲ့ ဝိညာဉ်အပိုင်းအစသည် သူ့မျိုးဆက်ဖြစ်သူတုန်းမီကို ကျိန်စာဖြေဖျောက်နိုင်မယ့် နည်းလမ်းပြောပြဖို့အတွက် သူတို့က ငရဲမြို့တော်ထဲမှာ ရှိနေဖို့လိုအပ်ပုံရသည်။

"ဒီအရည်အချင်းမပြည့်မီတဲ့တုန်းမီက ဘိုဘေးပြောမယ့် အကြောင်းအရာတွေကို နားထောင်လိုပါတယ်"

"ကောင်းတယ်...၊ ကောင်းတယ်...." ထိုအဘိုးအိုရဲ့ ပုံရိပ်သည် ပိုပိုပြီးမှေးမိန်လာနေသည်။ လောကတွင် အတင်းကျန်ရစ်ထားတဲ့ ဝိညာဉ်အပိုင်းအစက အချ်န်ကြာရှည်စွာ မတောင့်ခံနိုင်ကြပေ။ သူလိုအပ်သည်မှာ မြန်မြန်ပြောရန်ဖြစ်သည်။

"မိသားစုကို ကယ်တင်နိုင်မည့်နည်းလမ်းကို ဒီကဗျာထဲမှာ ဝှက်ထားတယ်..."

"ကောင်းကင်ယံထက်ဝယ် သွေးလမင်း ထွန်းလင်းချိန်၊ လူနှင့် သရဲတစ္ဆေတို့အား ခွဲခြားလို့မရနိုင်၊

အသက်ဝိညာဉ်ပြောင်းပြန်လှန်မည့် နည်းလမ်း ပေါ်ထွက်လာပြီ၊ မြောက်ဘက်အစွန်းလည်း ပြောင်းပြန်လှန်သွားခဲ့ပြီ၊ မူလဇာစ်မြစ်ကို ရှာဖွေရန် မြေအောက်ကမ္ဘာကိုသာ ဝင်သွားလိုက်ပါ၊မြေအောက်ကမ္ဘာရဲ့ ကိစ္စရပ်များကို မမေးမြန်းနဲ့၊ အသက်ဖလှယ်ငွေကြေးကို ရယူဖို့သာ အာရုံစိုက်ပါ၊

လောကက အသက်ဝိညာဉ်ဟူသမျှသည် အဆုံးသတ်တိုင်းကျရင် ပင်လယ်ထဲကိုသာ စီးဝင်သွားကြရမည်၊ ကံစီမံထားတဲ့ အနာဂတ်ကို မမေးမြန်းနဲ့..."

"ငါ့မိသားစု အသက်ဆက်ရှင်နိုင်မယ့် နည်းလမ်းရှာဖွေဖို့ အချိန်တွေမရေမတွက်နိုင်အောင် ပေးဆပ်ခဲ့ရတယ်၊ အဟွတ်ဟွတ်.. ဒါပေမဲ့သဲလွန်စတွေ ရှာတွေ့တဲ့အခါ ငါသေသွားရမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ ဒါကြောင့် ငါသိထားတဲ့သဲလွန်စအားလုံးကို ဒီကဗျာထဲမှာပဲ ထည့်ထားနိုင်ခဲ့တယ်။ ဂျူနီယာ၊ ကျေးဇူးပြုပြီး..."

စကားလုံးတိုင်းကို ရုန်းကန်ပြောဆိုနေရသည်၊ ထိုအဘိုးအိုပိုပြောလေလေ၊ သူ့ဝိညာဉ်ခန္ဓာမှာလည်း ပိုမှေးမှိန်လေလေ ဖြစ်လာသည်။ သူ့နောက်ဆုံးစကားပင် မဆုံးသေးခင်ဘဲ လွင့်မျောပြီး ပျောက်ကွယ်သွားခဲ့ရသည်။ တုန်းမီနှင့် ကျန်းယီမင်နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။ ခုနက အဘိုးအိုချန်ထားခဲ့သောကဗျာသည် သူသိထားတဲ့အရေးအကြီးဆုံး သဲလွန်စတစ်ခုဖြစ်သည်။

"အင်း... သွေးလမင်း ကောင်းကင်ယံမှာ ရှိချိန်၊ လူနှင့်သရဲခွဲခြားမရ၊ ဝိညာဉ်ကို ပြောင်းပြန်လှန်မည့် နည်းလမ်း ပေါ်လာတယ်"

ထိုစာကြောင်းများသည် နားလည်ရန် မခက်ခဲပေ။

၎င်းတို့သည် တုန်းမီမိသားစုကို ကယ်တင်နိုင်မည့် နည်းလမ်းဖြစ်သည်။ လူနှင့်သရဲ ခွဲခြားမရနိုင်သည့် နေရာနှင့် မြောက်ဘက်အစွန်ဆုံးက ပြောင်းပြန်ဖြစ်နေသည့်နေရာတွင် ဇစ်မြစ်ကို ရှာရန်ငရဲပြည်ထဲ ဝင်ရမည်ဖြစ်သည်။ ကျန်းယီမင်နှင့် သူ့တပည့်တို့က အံ့အားသင့်စွာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

" မြောက်ဘက်အစွန်ဆုံးဆိုသည့် စကားလုံးများသည် ငရဲပြည်ကို ရည်ညွှန်းတာမဟုတ်လား... ဒါပေမဲ့ ပြောင်းပြန်ဆိုတာက ဘာကိုဆိုလိုတာလဲ..

" တုန်းမီက အလျင်အမြန်စာရွက်တစ်ရွက်ထုတ်ကာ ကဗျာကို ချရေးလိုက်သည်။

"ဇစ်မြစ်ကို ရှာရန် ငရဲပြည်ထဲဝင်ပါ။ ဒါဆိုရင်တော့ မင်းနဲ့ငါ ငရဲပြည်ကို ခရီးထွက်ရမည်ထင်သည်"

'ဒါပေမဲ့ ဇစ်မြစ်ကို ရှာရန်ဆိုသည်မှာ ဘာကိုဆိုလိုတာများလဲ....'

"ခနလေး... တုန်းမီ၊ ငါပြောတာကို ခဏနားထောင်ဦး။ လူ့လောကက အပေါ်မှာ၊ ငရဲပြည်ကအောက်မှာ ရှိတယ်။ အဲ့ဒီအချိန်မှာ လောကနှစ်ခုရဲ့ အနေအထား ပြောင်းပြန် ဖြစ်သွားတာများလား..." ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။

တကယ်တမ်း အဲ့လိုသာအမှန်ဖြစ်ခဲ့ပါက ကောလာဟလများနှင့် ကိုက်ညီပေသည်။

"ဇစ်မြစ်ဆိုတာက ငါတို့ ရှာဖွေနေတဲ့အရာရဲ့ နာမည်ဖြစ်ရမယ် မဟုတ်လား... ငါတို့ နောက်မှ သေချာလိုက်မေးကြည့်ပြီး အဲ့ဒီအကြောင်းသတင်းအချက်အလက် ရှာတွေ့နိုင်မလားဆိုတာ ကြည့်ကြည့်ရအောင်"

တုန်းမီ ခေါင်းညိတ်လိုက်သည်။

"နောက်ထပ် စာကြောင်းနှစ်ကြောင်းက... ငရဲပြည်ကိစ္စများ မမေးမြန်းနဲ့၊ အသက်ဖလှယ်ငွေ ရဖို့သာ အားထုတ်ပါ။ အဲ့ဒါဆို ငါတို့ ငရဲပြည်ကိုသွားမယ်ဆိုရင် သရဲပေါက်စလေးတွေကို ပေးဖို့ပိုက်ဆံတချို့ ပြင်ဆင်ထားဖို့ လိုတယ်လို့ဆိုလိုတာများလား..."

အသက်ဖလှယ်ငွေဆိုသည်မှာ တကယ့်ငွေမဟုတ်ဘဲ တစ်ခုခုကိုလဲလှယ်ရမယ့် လဲလှယ်တဲ့အခါသုံးတဲ့ပစ္စည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ဆုံး စာကြောင်းနှစ်ကြောင်းသည် အကြမ်းဖျင်း အကျဉ်းချုပ်ပုံရသည်။ ကဗျာတစ်ခုလုံးကို သူတို့နှစ်ယောက်လုံး သေချာနားမလည်နိုင်ဘဲ အနည်းဆုံးတော့ နောက်သွားရမယ့်တစ်ဆင့်အတွက် ဦးတည်ချက်ကို သူတို့အား ပေးခဲ့သည်။ ဒီလိုဆိုရင် ကျိန်စာဖြေဖျောက်မယ့် လမ်းကြောင်းပေါ်တွင် သူတို့ကိုပိတ်ဆို့ထားတဲ့ မြူခိုးများ အနည်းငယ်ရှင်းလင်းသွားသည်။

ယခု သူတို့ရဲ့တာဝန်မှာ ကဗျာထဲမှ "ဇစ်မြစ်" နှင့် "အသက်ဖလှယ်ငွေ" ဆိုတာက အတိအကျဘာကို ရည်ညွှန်းသလဲဆိုတာကို ရှာဖွေရန်ဖြစ်သည်။ အရေးအကြီးဆုံးမှာ "သွေးလမင်း ကောင်းကင်ယံမှာ ထွန်းလင်းချိန်၊ လူနှင့်သရဲ ခွဲခြားမရ"ဆိုတဲ့အခြေအနေကို ကျရောက်ရန် အချိန်ဘယ်လောက်ကြာမလဲဆိုတာ သူတို့မရေရာနေပေ။ ညအချိန်က တဖြေးဖြေး နီးကပ်လာခဲ့သည်။ ကျန်းယီမင်က ခေါင်းကိုမော့ကြည့်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

လမင်းကြီးသည် ကြည်လင်နေတဲ့မှန်တစ်ချပ်ကဲ့သို့ ကောင်းကင်ယံတွင် လွင့်မျောနေသည်။ သူတို့နှစ်ယောက်က အပေါ်ထပ်မှသူတို့အခန်းကနေ ဆင်းလာလိုက်ကြတဲ့အချိန်မှာပဲ တံခါးပိတ်ကာဆိုင်သိမ်းတော့မည့် တည်းခိုခန်းဆိုင်ရှင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ကြသည်။

"ဧည့်သည်တော်တို့... ကျွန်တော် အမှန်အတိုင်းပြောပါရစေ၊ ငရဲမြို့တော်မှာ တည်းခိုခန်းများများ မရှိပါဘူး၊ ပြီးတော့ ဒီနားတစ်ဝိုက်ပတ်ဝန်းကျင်တွေကလည်း ကျွန်တော့်တည်းခိုခန်းနဲ့ မခြားနားပါဘူး။ အပြင်မှာနေတာက ကိုယ့်အိမ်မှာနေသလိုမျိုးတော့ သက်သောင့်သက်သာမရှိတာက သဘာဝပါပဲဗျာ၊ ဒါ့အပြင် ကျွန်တော်တို့ကငရဲမြို့တော်မှာ ရှိနေတာပါ၊ ရက်အနည်းငယ်လောက် အဆင်ပြေအောင် သည်းခံလိုက်ကြပါဗျာ..."

ဆိုင်ရှင်ပြောသည့်စကားအရ သူက သူတို့ တည်းခိုခန်းပြောင်းချင်တယ်လို့ ထင်နေပုံရသည်။

"ဒါက... ကျွန်တော်တို့ တည်းခိုခန်းမပြောင်းပါဘူး၊ ကျွန်တော်တို့ အပြင်ထွက်ပြီး ခနလှည့်ကြည့်ချင်ရုံပါပဲ။ ညနေစောင်းနေရောင်ကိုတောင် မြင်နေရသေးတာကို ခင်ဗျားကတံခါးတွေပိတ်ပြီး ဒီနေ့ဆိုင်သိမ်းတော့မလို့လား..."

"အို... ဘုရားရေ.... ကျွန်တော့်ဧည့်သည်တော်တို့၊ တောင်းပန်ပါတယ်... ကျွန်တော်သတိလက်လွတ်ဖြစ်သွားတာပါ... ကျေးဇူးပြုပြီးဒေါသမထွက်ပါနဲ့၊ ကျွန်တော် အခုပဲပါးစပ်ပိတ်ထားလိုက်ပါ့မယ်..."

မြို့ထဲမဝင်ခင်ကတည်းက တခြားတစ်ယောက်က ငရဲမြို့တော်မှာ ညဘက်လျှောက်သွားတာက ကောင်းတဲ့အကြံမဟုတ်ကြောင်းကို သတိပေးခဲ့သည်။ ထို့ကြောင့် ညဘက် ငရဲမြို့တော်မှာ လျှောက်သွားရဲတဲ့သူတွေဟာ မထင်မရှားသာမန်လူတွေ မဟုတ်ကြပေ။ ဆိုင်ရှင်က ထပ်ခါထပ်ခါတောင်းပန်နေခြင်းရဲ့ အကြောင်းရင်းကလည်း ဒီအချက်ကြောင့် ဖြစ်သည်။

"ကဲပါ... ရပါပြီ။ ကျွန်တော်တို့နှစ်ယောက် သတင်းအချက်အလက်တချို့ရချင်လို့ပါ၊ ကျွန်တော်..."

"ကျွန်တော် မသိဘူး၊ မသိဘူး။ ကျွန်တော် ဘာမှမကြားခဲ့ဘူးလို့ ဟန်ဆောင်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်အခဲမပေးကြပါနဲ့" ထိုသို့ပြောပြီးနောက် ဆိုင်ရှင်က သူ့ခေါင်းကိုကြောက်ရွံ့စွာ ပြန်မော့ကြည့်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။

"ခင်ဗျားတို့ သတင်းအချက်အလက် တချို့ရချင်တယ်ဆိုရင် ရှေ့က ငရဲဈေးမှာ ကံစမ်းကြည့်နိုင်တယ်။ ပြီးတော့ပြောရရင် ငရဲမြို့တော်က ညဘက်ဆိုတာက တအားအန္တရာယ်များတယ်။ ခင်ဗျားတို့ သွားဖို့ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင် သတိထားတာ အကောင်းဆုံးပဲ"

ကျန်းယီမင်နှင့် သူ့တပည့်က ခေါင်းညိတ်လိုက်ကြပြီး ရှေ့သို့ ဦးတည်သွားကြသည်။

"ဆိုင်ရှင်က ငရဲမြို့တော်က ညဘက်မှာ တအားအန္တရာယ်များတယ်လို့ ပြောခဲ့ပေမယ့် ငရဲဈေးမှာတော့ လူတွေအတော်လေးများတယ်ကွ..."

သူတို့နှစ်ယောက်က လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများစွာမတွေ့ခဲ့ကြရသော်လည်း ငရဲဈေးထဲသို့ ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်ကလူများ စတင်များပြားလာသည်။ လူအုပ်ကြီးတော့ မဟုတ်ပေမယ့် အရေအတွက်နည်းတာမျိုးလည်း မဟုတ်ပေ။

"ကျွန်တော်တို့ရဲ့ ကျင့်စဉ်တွေကို ကြည့်ကြည့်ပါလား၊ အကုန်လုံးက ထိပ်သီးပစ္စည်းတွေပဲ၊ ကြည့်ကြည့်ပါဦး..." ကျန်းယီမင်နှင့် သူ့တပည့် ဈေးဆိုင်တစ်ခုကို ဖြတ်လျှောက်သွားစဉ် ဆိုင်ရှင်ရဲ့ဆွဲဆောင်မှုကို ခံလိုက်ရသည်။

'ကျင့်စဉ်တွေ....'

"ဟဲဟဲ... သခင်လေးတို့၊ ခင်ဗျားတို့က တကယ်လျင်တာပဲ၊ တစ်ချက်ကြည့်ရုံလေးနဲ့ ထူးခြားတယ်ဆိုတာ ပြောနိုင်တယ်၊ ကျွန်တော့်မှာ ရှားပါးတဲ့ ကျင့်စဉ်တစ်ခုရှိတယ်။ ခင်ဗျားတို့နှစ်ယောက်နဲ့ ကံပါလာမယ်ဆိုရင် ကျွန်တော်ရောင်းပေးပါ့မယ်..." သူ့ဆိုင်ရှေ့တွင် တစ်ယောက်ယောက် ရပ်လိုက်တာကို မြင်လိုက်ရသောအခါ ဆိုင်ရှင်က ချက်ချင်စိတ်တက်ကြွသွားသည်။ ထို့နောက် သူကပစ္စည်းတစ်ခုကို လှမ်းယူလိုက်ကာ ကျန်းယီမင်ကို ကမ်းပေးလိုက်သည်။

ကျန်းယီမင်ကျင့်စဉ်ကို လှမ်းယူလိုက်ရာ အရှိန်အဝါအပြည့်နဲ့ သတ်ဖြတ်လိုစိတ်က နူးညံ့စွာသူ့လက်ကို စွန်းထင်းသွားသည်။ သူက သေချာကြည့်ကြည့်လိုက်ရာ ကျင့်စဉ်ပေါ်တွင် သွေးရာအနည်းငယ်ကို မြင်တွေ့နိုင်သည်။

'အင်း... ဒါတွေက ငရဲဈေးမှာ ရောင်းတဲ့ပစ္စည်းမျိုးတွေပေါ့...'

"ချုံဟွာကိုးပုဒ်ကျမ်း... ရှားပါးရတနာတစ်ခုပဲ... ခင်ဗျားတို့နှစ်ယောက်သာ ထူးခြားတဲ့ခွန်အားမရှိဘဲ ဒီကျင့်စဉ်နဲ့ ထိုက်တန်တဲ့သူမဟုတ်ဘူးဆိုရင် ကျွန်တော် ထုတ်ပေးမှာမဟုတ်ဘူးဗျ"

"အော်... ဒီလိုဆိုရင် ဒီကျင့်စဉ်အတွက် ခင်ဗျား ဘယ်လောက်လိုချင်လဲ..."

ဆိုင်ရှင်ရဲ့မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် မနှစ်မြို့တဲ့ အရိပ်အယောင်များပေါ်လာပြီး သူပြောလိုက်သည်။

"သခင်လေး၊ ရိုးရိုးသားသားပြောရရင် ဒီကျင့်စဉ်ကို ကျွန်တော်သာ ကျင့်ကြံနိုင်ခဲ့ရင် ကိုယ့်အတွက်ကိုယ် သိမ်းထားမှာပါ! ဒါပေမဲ့ ခင်ဗျား ဝယ်ချင်ရင် ကျွန်တော့်ရင်ဘတ်ထဲက နာကျင်မှုကိုသည်းခံပြီး ရောင်းပေးလိုက်ပါ့မယ်..."

ထိုသို့ပြောပြီးနောက် ထိုလူက လက်ငါးချောင်းကို ဆန့်ထုတ်လိုက်သည်။

"ငါးထောင်လား..."

"သခင်လေး... ခင်ဗျားကတကယ် စနောက်တတ်တာပဲ... ငါးသိန်း.... စိတ်ဝိညာဥ်ကျောက်တုံး ငါးသိန်းပါ..."

"ဟမ်... ခင်ဗျားကအတော်လေး လောဘကြီးတာပဲ..." ကျန်းယီမင်က လှောင်ပြုံးပြလိုက်သည်။

"ခင်ဗျားက လူကိုသေအောင်သတ်လိုက်ပြီး ဒီအယောင်ဆောင်ကျင့်စဉ်ကို ခိုးလာတာတော့ မဟုတွဘူးနော်.... ခင်ဗျားငါးထောင်နဲ့ပေးရင် ကျွန်တော်လက်ခံဖို့ စဉ်းစားပေးမယ်"

ထိုသို့ပြောပြီး သူကကျင့်စဉ်ကို ဆိုင်ခုံပေါ်ကို ပစ်တင်လိုက်ပြီး သူတို့နှစ်ယောက်က ထွက်သွားလိုက်ကြသည်။ သူတို့သည် ရှားပါးရတနာများရောင်းချနေတဲ့ အနက်ရောင်ဝတ်ထားသည့် လူတစ်ဦးထံသို့ သွားလိုက်ကြသည်။

"ကြည့်လိုပါက ကြည့်နိုင်ပါတယ်။ စိတ်ဝင်စားရင် ကျွန်တော့်ကို ပြောပြပါ"

"ကျွန်တော်တို့ ဇစ်မြစ်လို့ခေါ်တဲ့ ပစ္စည်းတစ်ခုအတွက် ဒီကိုလာခဲ့တာပါ။ ခင်ဗျား ကြားဖူးလားတော့ မသိဘူး..."

ကျန်းယီမင် ထိုမေးခွန်းကိုမေးလိုက်တာကို ကြားသောအခါ မူလကသူတို့ကိုလျစ်လျူရှုနေတဲ့ အနက်ရောင်ဝတ်လူက သူ့ထိုင်ခုံပေါ်မှ ရုတ်တရက် ထရပ်လိုက်သည်။

"ဇစ်မြစ်..."

ကျန်းယီမင်နှင့် တုန်းမီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

'ဒီလူနဲ့ သေချာပေါက်ဆက်စပ်မှုရှိပုံပဲ.....'

All Chapters