ထောင်ချောက်နှစ်ဆင့်
Vol. 7 Ch. 81
အရင်က ဟောက်ယွင်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့စဉ်ကဆိုလျှင် သူကဒီကျင့်စဥ်တစ်ခုတည်းဖြင့်ပင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ ငါးယောက်ရဲ့ ပူးပေါင်းကာကွယ်မှုကို တိုက်ရိုက်ဖြိုခွင်းနိုင်ခဲ့သည်။ ယခုသူတို့ရဲ့ အရှိန်အဝါများအရဆိုလျှင် အခုရန်သူများသည် အလွန်ဆုံးရှိမှ အခြေတည်စိတ်ဝိညာဥ်အဆင့်ငါးယောက်ခန့်သာ ရှိနိုင်သည်။
ဒါပေမယ့်ဘာကြောင့်မှန်းမသိ ယခုတစ်ကြိမ် ဖျက်စီးခြင်းလက်ချောင်းသည် အနည်းငယ် ဖိနှိပ်ခံထားရသလိုဖြစ်နေသည်။ သူအခုလိုတွေးနေစဉ်မှာပင် ဖျက်စီးခြင်းလက်ချောင်းသည် ထိုလူများရဲ့ရှေ့ကိုရောက်သွားခဲ့သည်။ ကျန်းယီမင်သည် သူတို့ကိုအသက်ရှင်ခွင့်ပေးရန် ဆန္ဒမရှိပေ။ အခုလိုမျိုးနေရာတွင် ကျားကို တောပြန်လွှတ်ပေးလိုက်သကဲ့သို့ အဖြစ်ခံပြီး ကိုယ့်မြွေကိုယ်ပြန်မွေးထားလို့ မရပေ။
ထိုအခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများကို အနိုင်ပိုင်းပြီးလိုက်သည်နှင့်တပြိုင်နက် တခြားလူတွေ ထပ်ရောက်လာသည်ကို သူအာရုံခံမိလိုက်သည်။ အခုလိုအဖြစ်သည် သူကြိုတင်မျှော်လင့်ထားမိသည့် စိတ်အပျက်ရဆုံးအခြေအနေပင်ဖြစ်သည်။
ဒီလိုနေရာမျိုးတွင် တိုက်ခိုက်ခြင်းက သူ့အရှိန်အဝါကို ပေါ်လွင်စေပြီး ရန်သူများကိုလှိုင်းလုံးကြီးများပမာ တစ်သုတ်ပြီးတစ်သုတ်ဆွဲဆောင်လာသည်။
ဤနေရာသည် မျက်တောင်မခတ်ဘဲ လူသတ်တတ်သောမိစ္ဆာများတဲ့ ပြည့်နှက်နေသည်။ အကျိုးအမြတ်ရနိုင်သမျှကာလပတ်လုံး သူတို့သည်အရိုးထဲစွဲနေသောလောက်ကောင်များလို တွယ်ကပ်နေကြမည်ဖြစ်ပြီး လုံးဝလက်လွှတ်မည်မဟုတ်ပေ။ သူက ရန်သူတွေကို အမြန်ရှင်းပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။
ပထမဆုံးရောက်လာသည့်ဓားပြအုပ်စုသည် အခြေတည်စိတ်ဝိညာဥ်အဆင့်အနည်းငယ်သာရှိသဖြင့် အလွယ်တကူအနိုင်ယူနိုင်ခဲ့သည်။ သို့သော် ဒီမြို့ထဲတွင် ဘယ်အဆင့်ကကျင့်ကြံသူများပါ ရှိနေသည်ကို သူသေချာမသိဖြစ်နေသည်။ အကယ်၍ သူတို့ကသာ သူနဲ့သူ့တပည့်ကို ရန်ရှာလာပါက ကျန်းယီမင်အနေဖြင့် သူ့ကိုယ်သူနှင့် တုန်းမီဘေးကင်းရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ်လို့ အာမမခံနိုင်ပေ။ လေကိုခွင်းပြီး သူတို့ဆီပျံသန်းလာသောအသံတစ်ခုသည် တဖြည်းဖြည်း နီးကပ်လာသည်။ ထိုလူအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့သူက လှမ်းအော်လိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... ဒီကရောင်းရင်းကက ဘယ်ကရောက်လာတာလဲတော့ မသိဘူး။ ဒါပေမဲ့ မင်းကတိုက်ပွဲကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ယူလိုက်တာကိုမြင်ရတော့ ငါ့ရင်ထဲကအမုန်းတရားတွေတောင် ပြေပျောက်သွားပြီ... အရမ်းကောင်းတယ်... တကယ့်ကို လေးစားစရာပဲဗျာ..."
ထိုရောက်လာတဲ့သူသည် အရင်ကဒီလူအုပ်စုနှင့် ပဋိပက္ခတချို့ ရှိခဲ့ပုံပေါ်နေသည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအနည်းငယ်ရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုသည် ကျန်းယီမင်အတွက် ဘာမှမပြောပလောက်ပေ။
'ဒါဆိုရင် ဒီလူကကော သူ့ကိုရန်ရှာရဲဦးမှာလား...။ ဒါမှမဟုတ် ဒီလူကကော သူ့လိုခွန်အားမျိုး ရှိနေလား...။'
ကျန်းယီမင် မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်သည်။ သူ့ရှေ့ကို ရောက်လာတဲ့ရန်သူသည် စောစောက ဦးနှောက်မရှိဘဲ အားကိုးပြီးဝင်တိုက်တတ်သည့် လူအုပ်စုနှင့် တူပုံမရပေ။ ဦးဆောင်လာသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားက ကျန်းယီမင်ကိုကြည့်ကာ မျက်လုံးများကို မှေးပြီးသတိအပြည့်နဲ့ ကြည့်လိုက်သည်။
"ကျွတ်... ငါ စဉ်းစားနေတာ။ ဒီငရဲမြို့တော် တစ်ခုလုံးမှာ ဒီလိုကြီးမားတဲ့တိုက်ပွဲမျိုး လုပ်နိုင်တဲ့သူသိပ်မရှိပါဘူး။ မင်းက ပြင်ပလူဖြစ်နေမှတော့ ဒီနေ့ဒီမြို့တော်ရဲ့ စည်းမျဉ်းတွေကို ငါ ပြောပြရတာပေါ့" သက်လတ်ပိုင်းအရွယ်အမျိုးသားက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"တိုက်ခိုက်ကြစမ်း...."
"အပိုတွေ ပြောမနေနဲ့။ ဒီမြို့မှာစည်းမျဉ်းတွေရှိတယ်ဆိုတာ ဘယ်တုန်းကတည်းကလဲ။ ဒါမှမဟုတ် မင်းတို့လူတွေတွေ့တဲ့လူတိုင်းဆီက လိုက်လုယက်နေတာကို စည်းမျဉ်းလို့ခေါ်တာလား..."
"ဟားဟားဟားဟား...မှန်တယ်...အရမ်းမှန်တာပေါ့... ဒါပေမဲ့ကိစ္စမရှိပါဘူး... မကြာခင် မင်း ငါတို့လက်ထဲ ရောက်လာတော့မှာပဲလေ..."
တုန်းမီသည် အနည်းငယ်စိုးရိမ်ထိတ်လန့်နေသည်။
ပြောရမည်ဆိုရင် ဒါကဒုတိယမြောက် ရန်သူသာ ဖြစ်သေးသည်။ သူတို့သာ ဒီအတိုင်းဆက်တိုက်နေကြမယ်ဆိုရင် ဒီနေရာသည်စစ်မြေပြင်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုစဉ် ကျင့်ကြံသူအများအပြား ပေါ်ထွက်လာပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားရဲ့ အနောက်တွင် ရပ်လိုက်ကြသည်။ ဤအနီးတစ်ဝိုက်ဧရိယာအတွင်းရှိ ကောင်းကင်နှင့်မြေကြီးကြားမှ စိတ်ဝိညာဥ်စွမ်းအင်များသည် ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ဂယက်ထပြီးရှိနေသည်။ သူဒီကိစ္စကို အချိန်ဆွဲထား၍ မဖြစ်တော့ချေ။ လက်ရှိကိစ္စကို အမြန်ဆုံးဖြေရှင်းရပေမည်။
ကျန်းယီမင်သည် ယခုထိတိုင် သူ့အရှိန်အဝါများကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ စောစောက ဓါးပြတွေကို ချက်ချင်းသုံးပြီးသတ်ခဲ့သော ဖျက်စီးခြင်းလက်ချောင်းတိုက်ကွက်သည်ပင် သူ့အင်အား ၃၀ ရာခိုင်နှုန်းအောက်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
'မဖြစ်ဘူး၊ ဒီအတိုင်းတော့ မဖြစ်သေးဘူး...။ ဒီလူတွေကို အသက်ရှင်ထွက်သွားခွင့်ပေးလို့မဖြစ်ဘူး....'
ပျက်သုဉ်းခြင်းစွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကြားမှ တစ်ဖန် ပြန်လည်စုစည်းလာသည်။ သို့သော် ရန်သူဦးဆောင်သူသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အတော်လေးအေးဆေးသက်သာ ရှိနေတဲ့ဟန်ဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။
"မဆိုးဘူး... မဆိုးဘူး... မင်းတိုက်လိုက်တာနဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတချို့ကို သတ်နိုင်ခဲ့တာ မဆန်းပါဘူး..."
'ဟက်... ဒါဆို ဒါကိုရော သူတို့တောင့်ခံနိုင်မလား ကြည့်ကြတာပေါ့။'
"ပျက်သုဥ်းခြင်းလက်ဝါး...." ရေတွက်လို့မရနိုငတဲ့ ပျက်သုဉ်းခြင်းစွမ်းအားများသည် ကျန်းယီမင်ရဲ့ လက်ထဲတွင် စုစည်းသွားသည်။
"ဆရာ...ကျွန်တော် ကူညီပါရစေ..."
တုန်းမီသည်လည်း ကျန်းယီမင်ရဲ့ကြောက်မက်ဖွယ် တိုက်ကွက်ကို ပြီးမြောက်အောင်ကူညီရန် သူ့ရဲ့ ကျင့်စဉ်ကို လျင်မြန်စွာလည်ပတ်လိုက်သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားရဲ့ အနောက်မှ ကျင့်ကြံသူအများအပြားက ခုန်တက်လာလိုက်ကြပြီး သူတို့ကြားတွင် စွမ်းအင်ကြိုးမျှင်များထွက်ပေါ်လာသည်။ ကျန်းယီမင်သည် အခုလိုမျိုး မြင်ကွင်းမျိုးနှင့် မစိမ်းတော့ပေ။
ပြောရမည်ဆိုလျှင် သူတို့ဂိုဏ်းအဆင့်တက်လှမ်းခြင်း စိန်ခေါ်ပွဲအတွင်းမှာလည််း ထိုကဲ့သို့ပူးပေါင်းကျင့်စဉ်ကို အသုံးပြုတာကို သူမြင်ဖူးခဲ့သည်။ သို့သော် အခုသူ့ရှေ့မှ ပူးပေါင်းကျင့်စဉ်သည် အဲ့ဒီအချိန်တုန်းက အဆင့် ၄ ဂိုဏ်းမှတပည့်များ ကျင့်ကြံခဲ့သော ကျင့်စဉ်ထက်အဆပေါင်းများစွာ ပိုအားကောင်းနေသည်။ သူတို့ဖော်ထုတ်လိုက်တဲ့ လက်ဟန်များသည် သူတို့ရှေ့တွင် ဒိုင်းကာတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ပျက်သုဥ်းခြင်းလက်ဝါးသည် ထိုအကာအကွယ်အတားအဆီးပေါ်သို့ ရိုက်ချလိုက်သည်။
"ဝုန်း...."
အကာအကွယ်အတားအဆီးက အက်ကွဲသွားပြီးနောက် ကြေမွသွားခဲ့သည်။
'ဟမ်.... သူတို့ကကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ...'
ထိုကျင့်ကြံသူတချို့က ကျန်းယီမင်ရဲ့အင်အားကို အကဲမခတ်နိုင်ခဲ့ကြသော်လည်း ပျက်သုဥ်းခြင်းလက်ဝါးက သူတို့ကာကွယ်ရေးကို ဖောက်ထွက်သွားသည်ကိုမူ မြင်လိုက်ကြရသည်။
"ခေါင်းဆောင်... အရင်ဆုတ်လိုက်ကြရအောင်..."
"ဝိုး... ဒီအပြင်လူက ဝါးရခက်တဲ့ အရိုးတစ်ချောင်းလိုပဲ...။ သူ့ခေါင်းကိုတော့ ငါ့အတွက်အကောင်းတိုင်း ချန်ထားလိုက်..."
"ဟုတ်ကဲ့..."
ခေါင်းဆောင်လို့ ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတွင် တခြားသူများရဲ့ဦးခေါင်းခွံများကို ဝိုင်ခွက်ပြုလုပ်တတ်သည့် အကျင့်တစ်ခုရှိသည်။ ယခုအခါတွင်လည်း သူက ကျန်းယီမင်ရဲ့ဦးခေါင်းခွံကို ရယူရန်ဆုံးဖြတ်ထားလိုက်သည်။ နောက်ထပ် ကျင့်ကြံသူတွေ ထပ်ထွက်ပေါ်လာပြီး ကျန်းယီမင်နှင့် တုန်းမီတို့ကို ဝိုင်းရံထားလိုက်ကြသည်။
"ဆရာ... ဘာ... ဘာလုပ်ကြမလဲ..."
သူတို့ရှေ့မှရန်သူအုပ်စုထဲတွင် သူကိုင်တွယ်ဖြေရှင်းနိုင်သည့် အမှိုက်ကောင်များမရှိတော့တာကို တုန်းမီအနည်းနှင့်အများ သတိပြုမိလိုက်သည်။ သူတို့ထဲမှ အားအနည်းဆုံးလူသည်ပင် အခြေတည်စိတ်ဝိညာဥ်အလယ်အလတ်အဆင့်တွင် ရှိနေသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့အင်အားနှင့် ဖိအားများကို ရင်ဆိုင်နေရုံမျှဖြင့် သူ့ကိုအသက်ရှူကျပ်စေသည်။
"မပူနဲ့၊ ငါတို့ထွက်ပေါက်ရှာတွေ့မှာပါ။ ငါ့မှာ အစီအစဉ်ရှိတယ်"
ကျန်းယီမင်က ထိုသို့ပြောလိုက်သော်လည်း သူ့ဝတ်ရုံလက်ထဲတွင် ဟွမ်းယွမ်ဆေးလုံးတစ်လုံးကို ဖုံးကွယ်ထားလိုက်သည်။
"ဖျက်စီးခြင်းလက်ချောင်း..."
ယခုတစ်ကြိမ်တွင် လက်ချောင်းတစ်ချောင်းထဲမဟုတ်ဘဲ သူကလက်ချောင်းတွေကို ဒါဇင်နှင့်ချီပြီး ဖန်တီးလိုက်သည်။ ရန်သူများသည် ကျန်းယီမင်ရဲ့ အင်အားကို အကြမ်းဖျင်းခန့်မှန်းမိသွားပြီဖြစ်သဖြင့် သူတို့ရဲ့ပြိုင်ဘက်ကို အထင်မသေးရဲကြတော့ပေ။
ရှေ့မှဦးဆောင်သူက "ပေါင်းစပ်အစီအရင်...." ဟု အော်ဟစ်လိုက်သည်။ လူတိုင်းက စုဝေးလိုက်ကြသည်။
"ချီ စုစည်း..."
"ခန္ဓာပေါင်းစပ်..."
"ပုံပြောင်းလဲ..."
ကျင့်ကြံသူများ စုဝေးလာပြီးနောက်တွင် ကျန်းယီမင်ရဲ့ဖျက်စီးခြင်းလက်ချောင်းသည် သူတို့ကာကွယ်ရေးအစီအရင်ကို လုံးဝမဖောက်ထွက်နိုင်တော့ပေ။
"ဆရာ..." ထိုအချိန်တွင် တုန်းမီက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"အခု သူတို့သုံးနေတာက ပေါင်းစပ်အစီအရင် ကျင့်စဥ်တစ်ခုနဲ့ တူတယ်..."
'ပေါင်းစပ်အစီအရင်ကျင့်စဥ်လား.....'
သူ အခုလေးတင်ဖန်တီးလိုက်တဲ့ ဖျက်စီးခြင်းလက်ချောင်းများက ထိုကျင့်ကြံသူအယောက် ၂၀ ကျော်ရဲ့ ကာကွယ်ရေးကို မဖောက်ထွက်နိုင်လောက်ဘူးလို့ တွေးလိုကိသည်။
'မဖြစ်ဘူး၊ ဆက်စောင့်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး...'
"ပျက်သုဥ်းခြင်းလက်ဝါး...." ကျန်းယီမင်ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ လက်ဝါးတစ်ခုကို ထုတ်ဖော်လိုက်သည်။ မူလက လက်ဝါးရဲ့အရွယ်အစားသည် လူတစ်ယောက်ရဲ့ သာမန်လက်ဝါးအရွယ်အစားသာ ရှိသော်လည်း စိတ်ဝိညာဥ်စွမ်းအင်များ ဖြည့်သွင်းလိုက်မှုကြောင့် ရန်သူများနှင့် နီးကပ်လာလေလေ ပိုမိုကြီးမားလာလေလေ ဖြစ်လာသည်။ မွေးဖွားခြင်းအဆင့် ကျင့်ကြံရှင်တစ်ယောက်တောင်မှ ဒီတိုက်ကွက်ကိုအလွယ်တကူ မခံယူရဲလောက်ပေ။
"ငါ့ကိုယ်ငါဗဟိုပြု... ဖျက်စီးလိုက်စမ်း..."
လက်ဝါးကြီးက ရန်သူကိုထိမှန်တော့မည့်ဆဲဆဲတွင် တုန်းမီရဲ့မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယီမင် ထုတ်ဖော်လိုက်တဲ့ ထိုလက်ဝါးကြီးမှာ သူ့ရှေ့ကကျင့်ကြံသူများ၊ သို့မဟုတ် အစီအရင်ပိတ်ဆို့ခြင်းကို ခံလိုက်ရသောကြောင့်ဖြစ်သည်။ သူတို့က တိုက်ကွက်လက်ဝါးတစ်ဖက်ကို ခုခံလိုက်ကြပြီး လုံးဝပျက်ပြယ်သွားကြသည်။ ကျန်းယီမင်တောင် အနည်းငယ် အံ့အားသင့်သွားသည်။
"ဟားဟားဟားဟား! မင်းရဲ့ကံကြမ္မာကို အမြန်ဆုံး လက်ခံလိုက်ဖို့ ငါအကြံပေးချင်တယ်..."
ထိုခေါင်းဆောင်ကို အနက်ရောင်အငွေ့အသက်များက ဝန်းရံထားသည်။ သူစကားပြောလိုက်သည်နှင့် ကျယ်ပြောလှသော ပင်လယ်ကြီးပင်လျှင် အနည်းငယ် တုန်ခါသွားသယောင်ရသည်။
"ငါ သိပါတယ်။ မင်းကမွေးဖွားခြင်းအဆင့်မှာ ရှိနေတာမလား။ ဒါပေမဲ့ အစီအရင်ရဲ့ဗဟိုရဲ့ လူကပိုစွမ်းအားကြီးလေလေ၊ မိစ္ဆာဘုရားက ပိုစွမ်းအားကြီးလေလေပဲကွ.... ငါကလည်း မွေးဖွားခြင်းအဆင့်ကျင့်ကြံသူပဲ... ငါ့ပတ်ဝန်းကျင်က အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေရဲ့ ပံ့ပိုးမှုနဲ့ဆိုရင် မင်းမှာ ခုနကလိုသန်မာတဲ့ ကျင့်စဉ်တွေရှိနေရင်တောင် မင်း ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလေ.. ဟုတ်တယ်မလားကွ....."