← Chapters

ငရဲပြည်တံခါး

Vol. 7 Ch. 83

ငရဲပြည်တံခါး

Vol. 7 Ch. 83

"ဒီနေ့က ဘာနေ့လဲ..."

ရောက်နေကြသော ကျင့်ကြံသူအားလုံး မှင်သက်သွားကြသည်။

'ဒီနေ့က ဘာနေ့မို့လို့လဲ... မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား....'

ကျန်းယီမင်နှင့် တုန်းမီတို့က ပိုလို့အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်သည် ငရဲမြို့တော်ကို ယနေ့မှရောက်လာခြင်းဖြစ်ပြီး ဝင်ပေါက်ဖွင့်ရန် နည်းလမ်းကို ရရှိခဲ့သည်မှာလည်း မကြာသေးမီကမှဖြစ်သည်။

'ငရဲတံခါးပွင့်တဲ့နေ့က ဒီနေ့ဖြစ်နေတာများလား....'

ကျန်းယီမင်နှင့်တုန်းမီတို့ ကြောင်အမ်းအမ်း ဖြစ်နေကြစဉ်မှာပင် လရောင်အောက်က ဖြူဖွေးနေတဲ့ ဆီးနှင်းပြင်ကြီးသည် အရောင်တဖြည်းဖြည်း ပြောင်းလဲလာလေသည်။ မူလက တောက်ပဖြူစင်နေသောကမ္ဘာကြီးသည် ဖြည်းညှင်းစွာသွေးရောင်လွှမ်းလာသည်။ လူတိုင်းခေါင်းမော့ကြည့်လိုက်ကြရာ လမင်းကြီးသည် မိစ္ဆာကောင်ကြီးရဲ့ ဝါးမြိုခြင်းကိုခံလိုက်ရသကဲ့သို့ တစ်စချင်းစီအနီရောင် ပြောင်းလဲနေတာကို တွေ့လိုက်ကြရသည်။

"ဟားဟားဟားဟား... ငါစောင့်နေခဲ့ရတာ ကြာလှပြီ... ငါ ဒီနေရာမှာစောင့်နေခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲဆိုတာ ဘုရားပဲသိမယ်..." လေထဲတွင်ရပ်နေသော အဘိုးအိုသည် ရီမောလိုက်ရာ နီရဲနေသောလရောင်အောက်တွင် အနည်းငယ် သရဲမိစ္ဆာကြီးလို ကြောက်မက်ဖွယ် ကောင်းနေသည်။

"နောက်ဆုံးတော့.... နောက်ဆုံးတော့ကွာ.... ငါသိသားပဲ... ဒါမမှားနိုင်ဘူးလို့... လုံးဝမမှားနိုင်ဘူး..."

ထိုအချိန်တွင်ငရဲမြို့တော်ရှိ လူတိုင်းသည် ကောင်းကင်နှင့်မြေကြီးကြားမှ ရုတ်တရက်ထွက်ပေါ်လာသော ကြက်သီးထစရာကောင်းသည့် အရှိန်အဝါကို ခံစားလိုက်ကြရသည်။ တစ်ခုခု မှားယွင်းနေကြောင်းသိသော်လည်း ဒီမြို့တော်ကြီးတွင် ဆက်နေရန် ရွေးချယ်ခဲ့ကြသူအားလုံးသည် ငရဲကမ္ဘာအတွက် ရောက်နေကြခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သောအရှိန်အဝါများသည် မြို့ထဲမှနေပြီး သူတို့နေရာဆီ ဦးတည်ပြေးဝင်လာကြသည်။ သူတို့သည် ငရဲကမ္ဘာရှိ ရတနာများအတွက်သော်လည်းကောင်း၊ ငရဲကမ္ဘာတွင် ပျောက်ဆုံးနေသော သူတို့လူတွေကို ရှာလိုတာကြောင့်သော်လည်းကောင်း ရောက်လာကြခြင်း ဖြစ်သည်။ ဘယ်သူကမှ အခုလေးတင်တိုက်ခိုက်နေကြသော အုပ်စုနှစ်ခုကို ဂရုမစိုက်ကြတော့ပေ။

"ဆရာ..." တုန်းမီသည်လည်း ကြံရာမရ ဖြစ်နေသည်။

သူ့ဆရာသည် ထိုအခြေအနေမှ အခုလေးတင်မှ တိုက်ပွဲနားခဲ့ခြင်းဖြစ်သဖြင့် စိတ်ဝိညာဥ်စွမ်းအင်များ လျော့နည်းနေမှာကို သူကောင်းစွာသိသည်။ သို့သော် ယခုအခါငရဲကမ္ဘာတံခါး ပွင့်သွားခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေဆို အခုချက်ချင်း ဇွတ်ဝင်သွားခြင်းက အကောင်းဆုံးရွေးချယ်မှုဆိုတာ တုန်းမီမသေချာပေ။

ကျန်းယီမင်သည် ဆေးလုံးတစ်လုံးကိုသောက်လိုက်ရင်း မတ်တပ်ရပ်လိုက်သည်။ သူ့အကြည့်များ အေးစက်သွားသည်။

'မဟုတ်ဘူး....'

သူတို့ဒီနေရာသို့ လာခဲ့ရသည့်အကြောင်းရင်းတစ်ခုလုံးမှာ သူတို့လိုအပ်တဲ့ရတနာများကို ရှာဖွေရန် ငရဲကမ္ဘာသို့ ဝင်ရောက်ရန်ဖြစ်သည်။ အကယ်၍ သူတို့သာ အင်အားအပြည့်အဝပြန်ကောင်းမွန်လာသည်အထိ စောင့်ဆိုင်းပြီးမှဝင်မည်ဆိုပါက ထိုအချိန်တွင် အရာအားလုံးက ကုန်သွားလောက်ပြီဖြစ်သည်။

"မဖြစ်ဘူး.. လုံးဝ မဖြစ်ဘူး..." ကျန်းယီမင်ခေါင်းယမ်းလိုက်သည်။

သူ မတ်တပ်ရပ်လိုက်ပြီး သူ့အင်အားများ တဖြည်းဖြည်း ပြန်ကောင်းမွန်လာသည်ကို ခံစားလိုက်ရသည်။

"ငါတို့မှာ အခွင့်အရေးသိပ်မရှိဘူး။ ဒါ ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေး ဖြစ်လောက်တယ်..."

တုန်းမီသည် သူ့ဆရာမျက်နှာအမူအရာကို မြင်နေရသည်။ သူလည်း ချက်ချင်းခေါင်းညိတ်လိုက်သည်။

ထို့နောက် ဆရာနှင့်တပည့်နှစ်ဦးသားအတူတူ ငရဲတံခါးဆီ ပျံသန်းသွားလိုက်ကြသည်။ လေထဲကို ရောက်သွားမှသာ သူတို့မျက်စိရှေ့မှ ပင်လယ်ပြင်ကြီးတစ်ခုလုံးသည် သွေးရောင်လွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများထုတ်လွှတ်နေတာကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။

အနီရောင်လရောင်ရဲ့ အရိပ်ပြန်ဟပ်မှုကြောင့် ရိုးရိုးရှင်းရှင်း ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ပင်လယ်ရေမျက်နှာပြင် အောက်ခြေမှနေပြီး သွေးနီရောင်ရေများ အဆက်မပြတ်လှိမ့်တက်လာသကဲ့သို့ ဖြစ်နေသည်။ ဒါပေမဲ့ ငရဲကမ္ဘာရဲ့ တံခါးဝင်ပေါက်က တကယ်တမ်း ဘယ်နားမလဲ သူတို့သေချာမသိကြပေ။ သူတို့မျက်စိရှေ့ကမြင်ကွင်းကို ကြည့်လိုက်ရုံဖြင့် ဒဏ္ဍာရီလာငရဲကမ္ဘာဝင်ပေါက်က မည်သည့်နေရာမှာရှိသလဲကို ပြောဖို့လုံးဝမဖြစ်နိုင်ပေ။

"တုန်းမီ.... မင်းအဘိုဟိုင်ကို တွေ့သေးလား"

ကျန်းယီမင်ကပြောရင်း သူ့မျက်လုံးများက သူ့ရှေ့ရှိ မရေမတွက်နိုင်သော လူရိပ်များကြားတွင် လိုက်လံရှာဖွေနေသည်။ အဘိုးဟိုင်သည် ပင်လယ်ကမ်းစပ်တွင် နှစ်ပေါင်းများစွာကြာအောင် ငရဲပြည်ရဲ့ လျှို့ဝှက်ချက်များကို လေ့လာနေခဲ့သူဖြစ်သည့်အတွက် ယခုအခာ သူ့ကိုရှာပြီး သူ့နောက်မှ လိုက်သွားနိုင်ရင် ဝင်ပေါက်ကိုအလွယ်တကူ ရှာတွေ့နိုင်ပေလိမ့်မည်။

"အဲဒါ... ဆရာ.. ကျွန်တော် အဘိုးဟိုင်ကို ရှာမတွေ့ဘူး၊ ဒါ-ဒါပေမဲ့ ဟိုဘက်ကို ကြည့်လိုက်ပါဦး...." တုန်းမီ အာမေဋိတ်သံဖြင့် အော်ပြောလိုက်သည်။

ဒီည ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ထူးဆန်းနေခဲ့သော်လည်း ယခုသူမြင်နေရသည့် အရာကမူ ပိုလို့ပင် ယုံကြည်နိုင်စရာ မရှိနိုင်ဖြစ်နေသည်။ ကျန်းယီမင်သည် တုန်းမီညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ သူ့ရှေ့ရှိပင်လယ်ပြင်မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ဖြည်းညှင်းစွာပွင့်လာသည်ကို တွေ့လိုက်ရသည်။ နှစ်ဖက်ကွဲထွက်သွားတဲ့ ပင်လယ်ရေများသည် ပင်လယ်ပြင်ကိုအတင်းအဓမ္မ ခွဲခြားလိုက်သကဲ့သို့ ပေါ်လာခဲ့တဲ့တွင်းနက်ကြီးထဲကို အဆက်မပြတ်စီးကျသွားသည်။

ပင်လယ်ရေမျက်နှာပြင်အောက်ရှိ တွင်းနက်ကြီးထဲမှ သွေးနီရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။ ကျန်းယီမင်နှင့်တုန်းမီတို့သည် တွင်းနက်ကြီးရဲ့ ဘေးဘက်ကို သွားလိုက်ကြသည်။ သို့သော် ထိုတောက်ပတဲ့ အနီရောင်အလင်းတန်းကြောင့် သူတို့မျက်လုံးများကို ဖွင့်မရနိုင်ဖြစ်နေကြသည်။ ထိုတွင်းနက်ကြီးသည် ယခုသူတို့အောက်တည့်တည့်တွင် ရှိနေပြီး အဆုံးကို သူတို့မမြင်နိုင်ကြချေ။

"ဒါငရဲကမ္ဘာရဲ့ ဝင်ပေါက်ဖြစ်နိုင်လား။ မြောက်ဘက်စွန်းက ပြောင်းပြန်လှန်သွားပြီ။ ဒါ အဲဒီနေရာဖြစ်လောက်တယ် ဟုတ်တယ်မလား" ကျန်းယီမင် စိတ်လှုပ်ရှားနေစဉ်မှာပင် တွင်းနက်ကြီးရဲ့အောက်ခြေရှိ အက်ကွဲကြောင်းထဲမှ မရေမတွက်နိုင်သော ပုံရိပ်များက အသည်းအသန်တွားသွားတက်လာနေကြသည်ကို သူမြင်လိုက်ရသည်။ ထိုပုံရိပ်များအားလုံးတွင် ကြမ်းတမ်းခက်ထန်သော မျက်နှာထားများရှိကြပြီး အချို့မှာ ရုပ်ပျက်ဆင်းပျက်ခန္ဓာကိုယ်များပင် ရှိကြသည်။ သူတို့ကို ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။

"ဒါတွေက ငရဲပြည်ကနေ ထွက်ပြေးချင်နေကြတဲ့ ဝိညာဉ်တွေပဲ...." ကျန်းယီမင်သည် သူ့ဆီသို့ပြေးဝင်လာသော ဝိညာဉ်အချို့ကိုကာကွယ်ရန် သူ့စွမ်းအင်ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။

"တုန်းမီ.... မင်းနဲ့ငါ ငရဲကမ္ဘာတံခါးပေါက်ဆီ ဆင်းသွားပြီး ခရီးတစ်ခုလောက် သွားရမယ့်ပုံပဲ"

အက်ကွဲကြောင်းထဲမှ အဆက်မပြတ်ထွက်ပြေးလာကြသော ဝိညာဉ်များကိုကြည့်ရင်း ကျန်းယီမင်သည် လေထဲက ညှီစော်နံသောအနံ့ကို အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။

"မင်းမိသားစုရဲ့ကျိန်စာကို မင်းကိုယ်တိုင်ပဲ ဖယ်ရှားရမယ်။ အဲဒါကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ မင်းကို ဒီစွန့်စားမှုမျိုး တကယ်မလုပ်စေချင်ဘူး..."

"ဆရာ... ဆရာ့ရဲ့ကျေးဇူးတရားကို ကျွန်တော် ဘယ်လိုမှ ပြန်မဆပ်နိုင်တော့ပါဘူး..."

"ကောင်းပြီ၊ ဒါကို ဆက်မပြောကြစို့နဲ့။ အောက်ဆင်းပြီး အရင်သွားကြည့်ကြတာပေါ့..."

ဆရာနှင့် တပည့်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဓားပျံစီးကာ အတူတူ ဆင်းသွားလိုက်ကြသည်။ သို့သော် အက်ကွဲကြောင်းနှင့် ပိုနီးကပ်လာလေလေ၊ တောင့်ခံထားရန် ပိုခက်ခဲလေလေ ဖြစ်သည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများသည် ပြင်းထန်သောပူလောင်မှုကို ခံစားနေရပြီး ခန္ဓာကိုယ်အတွင်းရှိအရိုးများလည်း အလွန်အမင်း အေးစက်မှုကြောင့် တုန်ယင်နေကြသည်။

သူတို့မျက်စိရှေ့တွင် အက်ကွဲကြောင်းထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသော မကောင်းဆိုးဝါးရုပ်သွင်နှင့် ကြောက်မက်ဖွယ် ဝိညာဉ်အမျိုးမျိုး ရှိနေသည်။ သူတို့အားလုံးက မလိုမုန်းထားမှုများနှင့် နာကြည်းချက်များဖြင့် ပြည့်နှက်နေကြသည်။

"ဒီလိုအသည်းအသန် ထွက်ပြေးဖို့ကြိုးစားနေကြတဲ့ ဒီကောင်တွေ အားလုံးကမကျွတ်မလွတ် ဖြစ်နေကြတာ ဒါမှမဟုတ် နာကြည်းချက်တွေရှိနေကြတာများလား..."

ကျန်းယီမင်အတွက်လည်း တုန်းမီနဲ့ အတူတူပင် ဖြစ်သည်။ ထူးဆန်းသော အက်ကွဲကြောင်းနှင့် နီးကပ်လာလေလေ၊ ခန္ဓာကိုယ်အနှံ့မှ နာကျင်မှုကို ခုခံရန်ပိုခက်ခဲလာလေလေ ဖြစ်သည်။ ခန္ဓာကိုယ်ကို ကာကွယ်ရန် စိတ်ဝိညာဥ်စွမ်းအင်အသုံးပြုခြင်းသည် လုံးဝအရာမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒီအပူနှင့်အအေးပေါင်းစပ်မှုသည် ဘယ်စိတ်ဝိညာဥ်စွမ်းအင်အခြေခံတိုက်ခိုက်မှုကြောင့်မှ ဖြစ်ပေါ်လာခြင်း မဟုတ်သောကြောင့်ဖြစ်သည်။

၎င်းသည် ဝိညာဉ်များကို အတွင်းမှ အပြင်သို့ တိုက်ရိုက်လောင်ကျွမ်းစေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် သူတို့ခန္ဓာကိုယ်ကို ကာကွယ်ရန် စိတ်ဝိညာဥ်စွမ်းအင်အသုံးပြုခြင်းသည် လုံးဝ အသုံးမဝင်ခြင်း ဖြစ်သည်။

"အ့... ဆရာ... ကျွန်တော် မခံနိုင်တော့ဘူး..." ကျန်းယီမင်အနောက်မှ လိုက်ပါလာသော တုန်းမီက အော်ဟစ်လိုက်သည်။

သူတို့သည် တွင်းနက်ကြီးရဲ့ ပေ ၂၀၀အောက် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်ပြီး အခုချိန်ကျမှ ဒီနေရာမှထွက်ပြေးလာသောဝိညာဉ်များက ဘာကြောင့်ထွက်ပြေးလာမှန်း သူတို့လည်းနားလည်သွားကြသည်။ ယခုခါ သူ့ခန္ဓာကိုယ်သည် အားကေားတဲ့ ဖိအားအောက်သို့ရောက်ရှိနေသည်။ အကယ်၍ သူသာအနည်းငယ် အလျှော့ပေးလိုက်ပြီး အတွင်းမှ စိတ်ဝိညာဥ်စွမ်းအားနဲ့ ခုခံကာကွယ်ရန် အသုံးမပြုခဲ့ပါက နောက်တစ်စက္ကန့်တွင်းတွင် သူလည်းတိုက်ရိုက် စုတ်ဖြဲခံလိုက်ရပေလိမ့်မည်။

"တုန်းမီ... မလန့်နဲ့၊ နောက်ဆုံးကျန်အင်အားကို ထုတ်သုံးလိုက်...."

သို့သော် ကျန်းယီမင်အတွက်လည်း အတူတူပင် ဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့်ဖြင့်ပင်လျှင် ဒီထူးဆန်းသောစွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ခံနိုင်ရည်မရှိဖြစ်လာတယ်ဆိုပါက သူ့တပည့်ဆိုရင် ဘယ်လိုမှခုံနိုက်လိမ့်မည် မဟုတ်ပေ။

"ခန္ဓာနှင့်ဝိညာဉ် ကွဲထွက်စမ်း... ဝင်စမ်း..."

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းယီမင်နှင့် တုန်းမီတို့သည် အဆုံးမဲ့ဒီထူးဆန်းသော စွမ်းအားများကို ထုတ်လွှတ်နေသည့် သွေးနီရောင်အက်ကွဲကြောင်းဆီကို ရောက်သွားကြသည်။ သူတို့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။ သူတို့ရှေ့မှာ ပွင့်ဟနေသောတံခါးပေါက်သည်သာ သူတို့ရဲ့တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ သူတို့လက်တွေက ထိုအက်ကွဲကြောင်းကို ထိလိုက်သည်နှင့်တပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံးမှာ မအီမသာဖြစ်နေတဲ့ ခံစားချက်တွေက ချက်ချင်းပျောက်ကွယ်သွားသည်။

သူတို့မျက်စိရှေ့မှ မြင်ကွင်းသည်မည်းမှောင်သွားပြီး ကြီးမားသော အင်အားတစ်ခုက သူတို့ကိုအက်ကွဲကြောင်းထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားတော့သည်။ ထို့နောက် ကျန်းယီမင်နှင့်တုန်းမီတို့က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သောအခါ စောစောက သူတို့ကိုဆွဲခေါ်လာတဲ့ အင်အားကြီးသည် သူတို့ကို ရေပြင်တစ်ခုအောက်က နေရာလေးတစ်ခုထဲကို ဆွဲခေါ်လာခဲ့ကြောင်း တွေ့လိုက်ရသည်။

All Chapters