← Chapters

ရန်သူလား၊ မိတ်ဆွေလား

Vol. 7 Ch. 85

ရန်သူလား၊ မိတ်ဆွေလား

Vol. 7 Ch. 85

အမှန်တိုင်းပြောရရင် နန်းတော်ပုံစံက ကျန်းယီမင် ဂိုဏ်းမှာဆောက်ထားတဲ့ ခန်းမနဲ့တစ်ပုံစံတည်း တူညီနေသည်။ ကွာခြားသည်မှာ ဒီအဆောက်အဦးကြီးကို အမှောင်ထုထဲတွင်ဆောက်ထားပြီး အရာအားလုံးက နေရာတကျရှိနေသည်။ ထိုအဆောက်အအုံဆီကို သွားရမည့်အလှည့်က သူတို့ဖြစ်လာရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျန်းယီမင်မခန်းမှန်းတတ်တော့ပေ။

သူက ရေစီးအတိုင်းဖြည်းညှင်းစွာ ရွေ့လျားနေသော လှေငယ်နောက်ကို လိုက်ပါသွားရုံသာတတ်နိုင်တော့သည်။ နန်းတော်နှင့် မလှမ်းမကမ်းကို ရောက်သွားမှသာ ထိုနန်းတော်ကြီးသည် စိတ်ကူးဖြင့်ပင်ပုံဖော်လို့မရနိုင်လောက်အောင် ကြီးမားကြောင်း သူသဘောပေါက်လိုက်သည်။ ပျက်သုဥ်းခြင်းဗုဒ္ဓကျင့်စဉ်ဖြင့် ဖန်တီးထားသော မိစ္ဆာဗုဒ္ဓတောင်မှ နန်းတော်အရွယ်အစားနှင့် ယှဉ်လိုက်ပါက ဗုဒ္ဓပင်သေးငယ်နေသည်။

ဝိညာဉ်များက လှေပေါ်ကနေ ဆင်းလာပြီးနောက် တစ်ခုခုကလမ်းညွှန်နေသကဲ့သို့ စကားတစ်ခွန်းမျှမပြောဘဲ တွေဝေငေးမောနေကာ ထိုမှောင်မိုက်သော ခန်းမဆောင်ကြီးထဲသို့ ဝင်သွားကြသည်။ နောက်ဆုံးတွင် ကျန်းယီမင်နှင့် တုန်းမီတို့ရဲ့ ဝင်ရမယ့်အလှည့် ရောက်လာသည်။ သူတို့လှေလည်း ကမ်းကိုဆိုက်ကပ်လိုက်သည်။ သူတို့နှစ်ယောက်လုံး လှေပေါ်ကနေ ခုန်ဆင်းလိုက်ပြီး လူအုပ်ကြီးနှင့်ရောနှောပြီး သွားရပ်နေလိုက်ကြသည်။

ထိုအချိန်တွင် လက်တစ်စုံက သူတို့ပခုံးများကို လာပုတ်လိုက်သည်။ ဤကဲ့သို့ထူးဆန်းတဲ့ နေရာအလယ်တွင် ပခုံးပုတ်ခံရခြင်းက ကျန်းယီမင်ကိုတောင်မှ အနည်းငယ်ထိတ်လန့်သွားစေသည်။ သူတို့က နောက်လှည့်ကြည့်လိုက်ရာ သူတို့ပခုံးကိုပုတ်လိုက်သူမှာ အဘိုးဟိုင်မှလွဲပြီး တခြားသူမဟုတ်ပေ။ အနည်းငယ် ရူးကြောင်ကြောင်နိုင်ပြီး ဒီထူးဆန်းသောအဘိုးကြီးသည် အဘယ်ကြောင့် အခုအချိန်တော့ သူတို့ဆီကို ရောက်လာရသလဲဆိုတာ ဆရာတပည့်မတွေးတတ်တော့ပေ။

အဘိုးဟိုင်သည် သူ့ခေါင်းကိုယမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်းတို့ရဲ့ ခွန်အားက မဆိုးဘူး၊ ဒါပေမဲ့ ဒါဘယ်နေရာလဲဆိုတာ မင်းတို့သိကြလား..."

ကျန်းယီမင်နှင့် တုန်းမီနှစ်ယောက်စလုံး ခေါင်းခါလိုက်ကြသည်။

"ဟူး... ခုနက မင်းကိုမြင်လိုက်တုန်းက မင်းတစ်ယောက်တည်း ဒီကိုလာတယ်လို့ထင်ခဲ့တာ၊ ဒါကြောင့် မင်းအပေါ်နည်းနည်း ရန်လိုစိတ်ဖြစ်မိသွားတာ။ ဒါပေမဲ့အခု သူပါမင်းနဲ့အတူ ပါလာတာမြင်ရတော့ ငါ မင်းတို့ကိုမကူညီဘဲ မနေနိုင်တော့ဘူး ထင်တယ်..."

ကျန်းယီမင် အံ့အားသင့်သွားသည်။ သူတို့ရှေ့မှ ဒီအဘိုးအိုသည် အပြင်မှာရှိခဲ့သည့်ပုံစံမျိုးနှင့် လုံးဝမတူတော့ပေ။ အဘိုးဟိုင်ရဲ့စကားအဓိပ္ပာယ်မှာ သူ့ကို လက်ကမ်းပြီးကူညီစေသည့်အရာက သူမဟုတ်ဘဲ သူ့တပည့်တုန်းမီကြောင့်လို့ ပြောနေသည်။

"တုန်းမီ... ဒါဘယ်လိုဖြစ်တာလဲ..."

သို့သော် တုန်းမီကိုယ်တိုင်လည်း ဘာမှနားမလည်နိုင် ဖြစ်နေသည်။ တုန်းမီသည် ဒီအဘိုးအိုနှင့် ပတ်သက်သောမှတ်ဉာဏ်များကို သူ့စိတ်ထဲတွင် ရှာဖွေကြည့်သော်လည်း ဗလာသက်သက်သာဖြစ်နေသည်။

"မင်းတို့ ငါ့ကိုမသိတာ ပုံမှန်ပါပဲ။ နောက်ရက်အနည်းငယ်အတွင်းကျ တစ်ယောက်ယောက်က လျှို့ဝှက်ကျင့်စဉ် ဒါမှမဟုတ် ရတနာတချို့ကို ရှာဖို့ ငရဲပြည်ထဲကို လာလိမ့်မယ်ဆိုတာ ငါလွန်ခဲ့တဲ့ နှစ်တွေအကြာကြီးကတည်းက တွက်ချက်ထားပြီးသားပါ။ ငါက ကံကြမ္မာတွက်ချက်မှုပိုင်းမှာ သိပ်မကျွမ်းကျင်ပါဘူး၊ ဒါပေမဲ့ဒီအချက်က ငါ့တွက်ချက်မှုတွေကနေ သိလိုက်ရတဲ့အရာတွေပဲ" အဘိုးဟိုင်က ခေါင်းခါလိုက်သည်။

"မင်းတို့တွေ သိပ်လောလွန်းနေကြတယ် မဟုတ်ဘူးလား... ဒါပေမဲ့ မင်းတို့ကိုအပြစ်တင်လို့လည်း မရပါဘူး၊ ငရဲပြည်ပွင့်တာနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်က အလွန်နည်းပါးတယ်ဆိုတာ အမှန်ပဲ။ ဒီနှစ်တွေအားလုံးမှာ ငါကသတင်းအချက်အလက်တွေကို စိတ်ရောကိုယ်ပါရှာခဲ့တာကြောင့် ကျင့်ကြံခြင်းကိုတောင် ပစ်ပယ်ထားခဲ့မိတယ်။ ငါဟောကိန်းထုတ်ခြင်းနဲ့ တခြားနည်းလမ်းမျိုးစုံကို လေ့လာခဲ့တယ်၊ ပြီးတော့ ငါသိထားတာမှန်တယ်ဆိုရင် ငါတို့ခုနက မရဏမြစ်ကို ဖြတ်ကျော်ခဲ့ကြပြီးပြီ။ အခု ငါတို့ရှေ့ကနန်းတော်ထဲ ဝင်လိုက်တာနဲ့ ငါတို့ကငရဲပြည်ရဲ့ သက်ရှိတွေ ဖြစ်လာတော့မယ်"

(Styxဆိုတာ Greek mythတွေက Styxမြစ်ကိုပြောတာပါ ဝိညာဥ်တွေဘဝကူးတဲ့အခါ ဖြတ်ရတဲ့မြစ်တဲ့ မရဏမြစ်လို့ပဲ ရေးလိုက်ပါတယ်)

ကျန်းယီမင်နှင့် တုန်းမီတို့ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သုံးယောက်သည် ပင်မခန်းမဆောင်နှင့် အကွာအဝေးတစ်ခုလောက် ဝေးကွာနေကြသေးသည်။ သူတို့ပတ်လည်ရှိ မရေမတွက်နိုင်သော ဝိညာဉ်များအားလုံးသည် ထိုနေရာဆီသို့ ဖြည်းဖြည်းချင်း သွားနေကြသည်။

ပင်မခန်းမရဲ့တံခါးများ ပွင့်နေသော်လည်း အတွင်းထဲတွင် အမှောင်ထုကိုသာ လှမ်းမြင်နေရသည်။ သူတို့က အတွင်းထဲမှာ ဘာရှိတယ်ဆိုတာကို မြင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသော်လည်း မဖြစ်နိုင်ကြောင်းတွေ့လိုက်ရသည်။

"ငါရှာတွေ့ခဲ့တဲ့ရှေးဟောင်းစာအုပ်မှာ 'မရဏမြစ်ကို ဖြတ်ကျော်၊ သေသူများခန်းမထဲဝင်၊ ရုပ်ခန္ဓာကို ဖယ်ရှား၊ ဝိညာဉ်ကိုသန့်စင်' လို့ ရေးထားတယ်"

"ဆိုလိုတာက နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းပြီး အထဲဝင်လိုက်တာနဲ့"ဟု ကျန်းယီမင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေကို ဖယ်ရှားခံရတော့မှာလား..."

"ဟုတ်တယ်၊ ဒါပေမဲ့ မင်းတို့ငရဲပြည်ထဲက ဘယ်ရတနာအတွက် ရောက်လာကြတာလဲ..."

တုန်းမီသည် ထိုမေးခွန်းကိုဖြေရန် ပြင်လိုက်သော်လည်း ကျန်းယီမင်က တားလိုက်သည်။

"အဘိုး... ခင်ဗျားကရော ဘယ်ရတနာကို ရှာနေတာလဲ..."

အခုအချိန်တွင် အဘိုးအိုသည် မိတ်ဆွေလား ရန်သူလားဆိုတာ သူလုံးဝမသေချာနိုင်သေးပေ။ ထိုအဘိုးအိုက သူတို့နှစ်ယောက်စလုံးကို သတ်ပစ်ရန် ရောက်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘယ်သူကများ သေချာသိနိုင်မည်နည်း။

"ဟားဟားဟား... ထိတ်လန့်နေစရာမလိုပါကွ။ ငါ တကယ်သာ လုပ်ချင်မယ်ဆိုရင် မင်းတို့ကိုခုနကတည်းက သတ်ပစ်လိုက်လို့ရတယ်"

"ခင်ဗျား တကယ်သာ အဲ့ဒီလိုအတွေးတွေ ရှိတယ်ဆိုရင် ကြိုးစားကြည့်လို့ ရပါတယ်"

ကျန်းယီမင်ရဲ့ မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ အဘိုးဟိုင် တွင် သန်မာတဲ့ခွန်အားရှိသည်မှာ မှန်သော်လည်း သူနှင့်တုန်းမီကို တိုက်ခိုက်ချင်တယ်ဆိုလျှင် ကျန်းယီမင်သည် ထိုင်ပြီးသေခြင်းတရားကို စောင့်နေမည်မဟုတ်ပေ။

"စိတ်မပူပါနဲ့၊ မင်းက သူ့ရဲ့ဆရာ မဟုတ်လား... လူလေး၊ မင်း ဒီလိုဆရာမျိုးကို ရှာတွေ့ခဲ့တဲ့အတွက် အတော်ကံကောင်းတယ်လို့ ပြောရမယ်... မင်း ဒီကို ရောက်လာပြီဆိုတော့ စိတ်ကိုအေးအေးထားလိုက်ပါ။ ဒါက တကယ့်ငရဲပြည်ပဲ၊ ဒါပေမဲ့လူအများစုကေတာ့ ဟိုဘက်ကို ရောက်သွားကြပြီ"

အဘိုးဟိုင်ပြောသည့် "ဟိုဘက်"ဆိုသည်မှာ ခုနက ပြောင်းပြန်ဖြစ်နေသောနေရာကို ရည်ညွှန်းတာဖြစ်နိုင်သည်။

"မင်းတို့ အဲ့ဒီကိုသွားမယ်ဆိုရင် ပြန်လာနိုင်ဖို့ မသေချာဘူး။ ငါ စကားတွေအများကြီး မပြောတော့ဘူး။ ငရဲပြည်ပွင့်လာတဲ့အခါ ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ဦးကိုကယ်ဖို့ ငါဒီနေရာကိုနှစ်ပေါင်းများစွာ လေ့လာနေခဲ့တာ"

'ဘာ...တခြားတစ်ယောက်ကို ကယ်တင်ဖို့... တစ်ယောက်ယောက်ကို ကယ်ဖို့ ငရဲပြည်ကို ရောက်လာတာလား... လူတစ်ယောက် ငရဲပြည်ထဲ ရောက်သွားပြီဆိုရင် ဘယ်လိုလုပ်ကယ်ပြီး လူ့လောကကို ပြန်လာနိုင်မှာလဲ...'

"မင်းတို့နှစ်ယောက် နားမလည်တာ ငါသိတယ်၊ ဒါပေမဲ့ ငါ့မိတ်ဆွေက သံသရာစက်ဝန်းထဲမဝင်ခဲ့ဘူး။ အဲ့တာအစား သူကငရဲပြည်ထဲမှာ အဆုံးမရှိတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားနေရတယ်"

"ဒါဆို ခင်ဗျားကသူ့ကိုရှာပြီး သူ့ဝိညာဉ်ကို ကယ်ချင်တာလား?" ဟု ပြောကာ ကျန်းယီမင်ခေါင်းညိတ်လိုက်သည်။

သူစဉ်းစားမိသည်မှာ ငရဲပြည်တွင် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားနေရသောသူတစ်ယောက်ဆိုရင် သူ အသက်ရှင်စဉ်က ဘာတွေ လုပ်ခဲ့သလဲ ဖြစ်သည်။

"မဟုတ်ဘူး၊ ဝိညာဉ်တွေကို ငရဲပြည်ကနေ ကယ်ထုတ်ပြီး ဖယ်ရှားပေးလို့ မရဘူး။ လူတစ်ယောက် သေပြီးတဲ့အခါ သူ့ဝိညာဉ်က ပင်လယ်ကိုပြန်ပြီးမှ မရဏမြစ်ထဲကို ဝင်လို့ရတယ်။ အဲ့ဒီအချိန်မှာအသက်ရှင်တုန်းက ကျင့်ကြံခြင်းအဆင့်သန်မာခဲ့ရင်တော့ ငရဲပြည်ကထိန်းချုပ်တာကို မခံရဖို့ အခွင့်အရေးရှိနိုင်တယ်။ ဒါပေမဲ့ သေသူများခန်းမထဲ ရောက်သွားတာနဲ့ သူ့ရဲ့မှတ်ဉာဏ်တွေနဲ့ အသိစိတ်တွေ အားလုံးကိုဆုံးရှုံးသွားလိမ့်မယ်။ သူဟာ အသိစိတ်မရှိတဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားလိမ့်မယ်" အဘိုးဟိုင် ခါးသီးစွာပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဆိုလိုတာက မင်းတို့အခုမြင်နေရတဲ့ ဝိညာဉ်တွေ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက သေသူများခန်းမထဲကိုဝင်ပြီး သံသရာစက်ဝန်းထဲဝင်ဖို့ပဲ။ မင်းတို့ သူတို့ကိုခေါ်သွားနိုင်တဲ့ စွမ်းရည်တွေရှိရင်တောင်မှ သူတို့ကမင်းတို့ အရင်ကသိတဲ့လူတွေ မဟုတ်တော့ဘူး"

အဘိုးအိုက ထိုစကားပြောလိုက်တဲ့အခါ သူ့မျက်လုံးတွေမှာ မလိုလားမှုများနဲ့ ပြည့်နှက်နေသည်။

"ခဏလေး၊ ခင်ဗျားပြောတာ တကယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုဝင်ရမှာလဲ..."

"စိတ်မပူပါနဲ့၊ ငါ မကြာခင်ပြောပြပါ့မယ်" အဘိုးဟိုင်က ပြုံးလိုက်သည်။ သူ့လက်ဖဝါးကို လှန်လိုက်ရာ ဆေးလုံးတချို့နှင့် အစီအရင်စာရွက်များက သူ့လက်ထဲတွင် ပေါ်လာသည်။

"ဒါက...."

ကျန်းယီမင်နဲ့ တုန်းမီက သူတို့လက်တွေကို လှမ်းလိုက်ပြီး ယူတော့မည့်ဆဲဆဲမှာ အဘိုးဟိုင်က သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီပစ္စည်းတွေလိုအပ်တယ်ဆိုရင် ငါ ကူညီဖို့ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ငါပြောထားဦးတယ်၊ မင်းတို့နှစ်ယောက် ငါ့ကိုကူညီပေးရမယ်။ မင်းတို့ ဘာရှာနေလဲဆိုတာ အရင်ပြောပြ။ ငါသိတယ်ဆိုရင်..."

မျှော်လင့်ထားသည့်အတိုင်း အဘိုးဟိုင်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က သူတို့အချင်းချင်း တစ်ဖက်လှည့်ကူညီဖို့ပဲဖြစ်သည်။

"ကျွန်တော်တို့ ရှာနေတဲ့ပစ္စည်းက ဇစ်မြစ်လို့ ခေါ်တယ်၊ ဒါပေမဲ့ အဲ့ဒါစဲ့အတိအကျက ဘာလဲဆိုတာတော့မသိပါဘူး။ အဘိုးဟိုင်ကော ကြားဖူးလား..."

"ဇစ်မြစ်"ဆိုတဲ့ စကားလုံးထွက်လာတာနဲ့ အဘိုးဟိုင်ရဲ့မျက်နှာတွင် စိတ်ရှုပ်ထွေးတဲ့အရိပ်အယောင်များ ပေါ်လာပြီး သူဆက်ပြောလိုက်သည်။

"ဒီပစ္စည်းကို ငါလည်းသေချာ ဂဂဏဏသိပ်မသိဘူး။ ငါ နာမည်ပဲကြားဖူးတာ၊ ဒါပေမဲ့ ဘာအတွက် အသုံးပြုကြလည်းဆိုတာလည်း တစ်ခါမှမကြားခဲ့ဖူးဘူး"

တုန်းမီရဲ့မျက်လုံးများတွင် ထွက်ပေါ်လာသော အံ့အားသင့်သွားတဲ့ အကြည့်များက လျင်မြန်စွာ မှေးမှိန်သွားလိုက်သည်။

"ဒါပေမဲ့ ငါသိရသလောက်တော့ ဒီပစ္စည်းက၊ အင်း... ရတနာအပြားချပ်လေးတစ်ခုပဲ"

"ရတနာအပြားလား...."

"ဟုတ်ပါတယ်၊ သူ့ရဲ့ အမည်အပြည့်အစုံက ဇစ်မြစ်ရတနာအပြားဖြစ်ရမယ်..."

All Chapters