← Chapters

ဂွမ်မင်းဝမ်ရဲ့ ခွန်အား၊ ပြင်းထန်တဲ့တိုက်ပွဲ

Vol. 7 Ch. 87

ဂွမ်မင်းဝမ်ရဲ့ ခွန်အား၊ ပြင်းထန်တဲ့တိုက်ပွဲ

Vol. 7 Ch. 87

ဒီနေရာကမှသာ တကယ့်ငရဲကမ္ဘာအစစ်အမှန် ဖြစ်သည်။

"ဟားဟားဟားဟား....ကောင်းတယ်... ကောင်းတယ်... လူ့လောကမှာမကောင်းမှုလုပ်တဲ့သူတွေ ပိုပိုများလာပုံရတယ်... ဒါဆိုရင်သွေးကန်ငရဲရဲ့ နာကျင်မှုကို အတူတူလာခံစားကြစမ်း..." ကျယ်လောင်တဲ့အသံကြီးသည် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ကျန်းယီမင်က မျက်လုံးဖွင့်လိုက်ပြီး သေချာကြည့်လိုက်သည်။ ပြောမပြနိုင်လောက်အောင် နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားနေရသည့်မရေမတွက်နိုင်တဲ့ ဝိညာဉ်များကို သူတွေ့လိုက်ရသည်။ သူတို့ခန္ဓာကိုယ်များကို ခုနကဖယ်ရှားလိုက်သည်မှာ ထင်ရှားသော်လည်း သူတို့နှိပ်စက်ခံနေရချိန်တွင် သူတို့ရဲ့ဝိညာဉ်များထဲမှ သွေးများအဆက်မပြတ်စီးကျနေတာကို တွေ့လိုက်ရသည်။ သူတို့သွေးများက မြေကြီးပေါ်ကို အဆက်မပြတ်ကျဆင်းနေသည်။

ဒီငရဲခန်းတွင် သွေးမိုးများက အချိန်ပြည့်ရွာသွန်းနေသလိုပင် ဖြစ်နေသည်။ ငရဲသားသည် ပို့ဆောင်ပြီးတဲ့နောက် ခေါင်းငုံ့ကာမြေကြီးပေါ်က သွေးကွက်များနှင့်သူ့ကိုယ်ကြီးကပေါင်းစပ်သွားသည်။

"မပူကြပါနဲ့... သွေးကန်ငရဲဆိုတာ အလွန်အမင်း ယုတ်မာကောက်ကျစ်တဲ့သူတွေအတွက်ပဲ ပြင်ဆင်ထားတာ။ ငါ့ရဲ့ သနားစရာသူငယ်ချင်းရေ... အစထဲက သွေးကန်ငရဲကိုလာသင့်တဲ့သူက ငါပါ...." ငရဲသားက ပျောက်ကွယ်သွားတာကို မြင်သောအခါ အဘိုးအိုဟိုင်က ဖြည်းညှင်းစွာပြောလိုက်သည်။

ထို့နောက် သူတို့သုံးဦးသည် တဖြည်းဖြည်းလေပေါ်ကို မြောက်တက်လာကြပြီး သူတို့ခန္ဓာကိုယ်ကို ချည်နှောင်ထားသော သံခြေကျင်းများသည်လည်း သူတို့ကိုဖြတ်တောက်မည့် နှိပ်စက်ကိရိယာများအဖြစ် ပြောင်းလဲတော့မယ့်အလား တဖြည်းဖြည်း အရွယ်အသားကြီးလာသည်။

"ကောင်းပြီ... မင်းတို့နှစ်ယောက်၊ ငါ ဒီမှာ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲဆိုတာ အာမမခံနိုင်ဘူး။ ဒါပေမဲ့ ငါ့သူငယ်ချင်းလွတ်လာခြင်း ရှိ၊ မရှိဆိုတာကိုတော့ ငါသိနိုင်တယ်။ တကယ်လို့ ဒီနေ့ကိစ္စအောင်မြင်သွားရင် ငါ မင်းတို့နဲ့အတူ ပြန်လိုက်ခဲ့လို့ ရနိုင်တယ်"

ထိုအချိန်တွင် အဘိုးဟိုင်ပတ်ဝန်းကျင်က စိတ်ဝိညာဥ်စွမ်းအင်များက စတင်ထွက်ပေါ်လာသည်။ ဤနေရာတွင် သူသည် ကောင်းကင်နှင့်မြေကြီးရဲ့ စွမ်းအင်ကို အားကိုးလို့မရတော့ဘဲ မိမိကိုယ်ပိုင် ကျင့်ကြံခြင်းကိုသာ အားကိုးရတော့မည်ဖြစ်သည်။

"ဒါပေမဲ့ ဒီနေ့ကိစ္စသာ မအောင်မြင်ခဲ့ဘူးဆိုရင် မင်းတို့ ထွက်ပြေးနိုင်အောင် ငါကူညီပေးမယ်.. မြန်မြန်သွားတော့... ပင်မခန်းမက မြောက်ဘက်တည့်တည့်မှာ...." အဘိုးဟိုင် အော်လိုက်သည်။

ထိုသို့ပြောပြီးနောက် သူက သံခြေကျင်းများကို ရုန်းကန်ဖျက်ဆီးလိုက်တော့သည်။ ကျန်းယီမင်နှင့် တုန်းမီတို့ရဲ့ သံခြေကျင်းများလည်း ကွဲအက်သွားသည်။

"ငါ့ရဲ့ မိတ်ဆွေငယ်နှစ်ယောက်... ငါ့သူငယ်ချင်း လွတ်မြောက်လာမှသာ ငါတို့မှာထွက်ပြေးနိုင်မယ့် အခွင့်အရေးရှိမှာ... ကျေးဇူးပြုပြီး ဒါကို မှတ်ထားပေးကြပါ..."

ဆရာနှင့်တပည့်နှစ်ယောက်သားက ခေါင်းညိတ်လိုက်ကြသည်။ လမ်းခရီးတစ်လျှောက်လုံး အဘိုးဟိုင်က သူတို့အကူအညီကို အမှန်တကယ်တောင်းဆိုခဲ့သော်လည်း အပေါ်ယံကြည့်ရင် အချင်းချင်းမျှတတဲ့ သဘောတူညီချက်တစ်ခုလို့ ယူဆနိုင်သည်။

"ဂွမ်မင်းဝမ်... ထွက်လာခဲ့စမ်း... ဘာဖြစ်သွားတာလဲ... မင်းသရဲဘောကြောင်ရတာကို ဒီလောက်တောင်ကြိုက်နေတာလား..."

ထို့နောက် ကောင်းကင်ပေါ်တွင် မျက်လုံးတစ်စုံက ရုတ်တရက်ပေါ်လာပြီး ချက်ချင်းပွင့်လာခဲ့သည်။ ထို့နောက် ဖြည်းညှင်းစွာဆန့်ထုတ်လိုက်တဲ့ ခြေထောက်တစ်စုံ ထပ်ပေါ်လာသည်။ နှစ်ဖက်စလုံးက သူတို့ရဲ့ တိုက်ပွဲပုံရိပ်တွေကို ထုတ်လိုက်ကြသည်။ သူတို့ပုံရိပ်များမှာ အလွန်ကြီးမားလွန်းလှသဖြင့် ကျန်းယီမင်က သူတို့ခန္ဓာကိုယ်အပေါ်ပိုင်းကိုတောင် လုံးဝမမြင်ရပေ။

'ဒီလိုတိုက်ပွဲမျိုးက ကျင့်ကြံရှင်တွေက ဘယ်အဆင့်မှာ ရှိနေကြတာလဲ...'

"အို... သေမျိုးတချို့ငရဲကမ္ဘာထဲ ခိုးဝင်လာတယ်ပေါ့.. စစ်သည်တို့၊ နားထောင်ကြ.. စစ်အခင်းအကျင်းပြင်ကြစမ်း..."

အဘိုးဟိုင်ညွှန်ကြားခဲ့သည့်အတိုင်း ကျန်းယီမင်နှင့်တုန်းမီတို့က မြောက်ဘက်သို့ပြေးထွက်သွားစဉ် သူတို့ခြေထောက်အောက်သွေးကန်ထဲမှ အစီအရင်တစ်ခုက တဖြည်းဖြည်းပေါ်လာသည်။

'ဒါ ဂွမ်မင်းဝမ်ဖန်တီးထားတဲ့ အစီအရင်ကြီးပဲ...'

နောက်ဆုံးတွင်ခန်းမကို သူတို့မြင်ကွင်းထဲမှာ တွေ့လိုက်ရပြီဖြစ်သော်လည်း အမည်းစက်ကလေး တစ်စက်အဖြစ်သာ မြင်နေရသေးသည်။ အချိန်ဖြုန်းနေလို့မဖြစ်ကြောင်း ကျန်းယီမင်သိသည်။ တကယ်လို့ သူတို့သာ ထပ်မံကြန့်ကြာနေပါက ထာဝရသေသွားမယ့်လမ်းကြုံရတော့မည်။

"တုန်းမီ... ကိုယ့်ကိုယ်ကိုယ်ကာကွယ်..."

ထိုသို့ပြောပြီးနောက် ကျန်းယီမင်အနောက်မှ လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာသည်။

"ပျက်သုဥ်းခြင်းလက်ဝါး....."

ငရဲကမ္ဘာစစ်သည်များတွင် ကျင့်ကြံခြင်းစွမ်းအားရှိပုံမရသော်လည်း သူတို့ခန္ဓာကိုယ်များမှာ သာမှန်လိုမဟုတ်ဘဲ သန်မာနေကြသည်။ ကျန်းယီမင်က ပျက်သုဥ်းခြင်းလက်ဝါးကို ထုတ်သုံးလိုက်ပြီး တုန်းမီက သူ့စွမ်းအင်များကို လည်ပတ်ကာ အနောက်မှကပ်လိုက်လာသည်။ လက်ဝါးကြီးသည် ဆောင်းဦးလေပြေက ကြွေကျလာတဲ့သစ်ရွက်ခြောက်များကို တိုက်ခတ်သန့်စင်ပစ်လိုက်သကဲ့သို့ သူတို့ရှေ့က အတားအဆီးများကို လုံးဝဖယ်ရှားရှင်းလင်းပစ်လိုက်သည်။

"ဆရာ၊ သတိထား...." တုန်းမီအံ့သြတကြီး အော်ဟစ်လိုက်ပြီး ကျန်းယီမင်နှင့်အတူ ခုန်ရှောင်လိုက်သည်။

ကြီးမားတဲ့ခြေထောက်ကြီးတစ်ခုက သူတို့ အခုလေးတင်ရှိနေခဲ့တဲ့ နေရာကိုနင်းချလိုက်သည်။ ခြေထောက်ကြီးသည် သွေးများဖြင့်လုပ်ထားသော မြေပြင်ကြီးကို တစ်လက်မမကျန်ကြေမွသွားလိုက်သည်။ ပတ်ဝန်းကျင်ကစစ်သည်များအားလုံးလည်း ထိုအရှိန်ကြောင့် အပိုင်းပိုင်းအစစဖြစ်သွားကြသည်။ ပထမဆုံးအကြိမ်အဖြစ် ကျန်းယီမင်သည် အလွန်ပြင်းထန်တဲ့ ခွန်အားမဲ့တဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူ စနစ်ကိုစတင်အသုံးပြုနိုင်ခြင်း မရှိသေးခင်နှင့် ဟောက်ယွင်ဂိုဏ်းမှလူများ အနိုင်ကျင့်တာကို ခံရတုန်းကတောင် အခုလိုခွန်အားမဲ့သလို မခံစားခဲ့ရဖူးပေ။ အခုလိုအဆင့်ရှိတဲ့ တိုက်ပွဲမျိုးတွင် သူတို့ဝင်ရောက်စွက်ဖက်ဖို့ နည်းလမ်းမရှိပေ။

"တုန်းမီ..."

"ဆရာ... ကျွန်တော်ဘာမှမဖြစ်ဘူး...."

ကျန်းယီမင်နှင့် သူ့တပည့်တို့က မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်လောက် လှိမ့်ကျသွားပြီးနောက် စစ်သည်များပြန်မကောင်းနိုင်သေးသည့် အခွင့်ကောင်းကိုယူကာ သေခြင်းတရားခန်းမဆီကို မြန်မြန်ပြေးသွားလိုက်ကြသည်။ ခြေလှမ်းအနည်းငယ်တောင် မလှမ်းရသေးခင်ဘဲ ငရဲစစ်သားများက ပြန်ကောင်းလာကြသည်။ ယခုတစ်ကြိမ်တွင် စစ်သားများက အရပ်အမောင်းတူညီတဲ့ သာမန်ငရဲသားအုပ်စု မဟုတ်တော့ပေ။ ထိုအစား သူတို့ထက် လေးငါးဆခန့်ပိုကြီးတဲ့ ကြောက်မက်ဖွယ် စစ်သူကြီးများပါဝင်လာသည်။

သူတို့ တစ်ယောက်တိုင်းစီက အရပ်ရှည်ပြီးသန်မာထွားကျိုင်းကြကာ သူတို့ခန္ဓာကိုယ်ထက် မသေးငယ်တဲ့ ပုဆိန်ကြီးများ သို့မဟုတ် တုတ်ရိုက်တံများကို ကိုင်ဆောင်ထားကြသည်။ သူတို့ ပေါ်လာတာနှင့်တပြိုင်နက် အမည်းရောင်လူအုပ်စုကြီးတစ်ခု ဖြစ်သွားသည်။ ထိုငရဲသားတေ့က လက်ထဲတွင် ကြောက်မက်ဖွယ်လက်နက်များကို ကိုင်ဆောင်ထားရင်း သူတို့နှစ်ဦးဆီကို ပြေးဝင်လာခဲ့ကြသည်။

တုန်းမီက သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်လိုက်သော်လည်း ငရဲသားအနည်းငယ်ကိုသာ နောက်ဆုတ်သွားအောင်လုပ်နိုင်ခဲ့သည်။ အခုလိုမျိုး စွမ်းအားကြီးတဲ့ရုပ်ခန္ဓာမျိုးသည် လူ့လောကတွင် စိတ်ကူးလို့ပင် မရနိုင်သော အရာမျိုးဖြစ်သည်။

မြေအောက်ကမ္ဘာကို ကျန်းယီမင်မဝင်ခင်ပဲ ဓါးပြများနဲ့ရင်ဆိုင်ရာမှာ သူ့ကျင့်ကြံခြင်းအဆင့်ကို အတင်းအဓမ္မမြှင့်တင်ဖို့ ဟွမ်ယွမ်ဆေးလုံးကို အားကိုးခဲ့ရသည်။ ထို့အပြင် သူသည်ပျက်သုဥ်းခြင်းဗုဒ္ဓကိုလည်း အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ အကယ်၍ သူသာထိုနည်းလမ်းနှစ်ခုစလုံးကို ထပ်အသုံးပြုလိုက်ပါက ဒီနေရာတွင် သတိမေ့မျောသွားကာ တုန်းမီအတွက် ဝန်ထုတ်ဝန်ပိုးသာဖြစ်လာမည်။

'ထားလိုက်ပါတော့... သူပျက်သုဥ်းခြင်းဗုဒ္ဓကို ထပ်မသုံးနိုင်ရင်တောင် ပျက်သုဥ်းခြင်းလက်ဝါးအကြိမ်အနည်းငယ်လောက်နဲ့ဆိုရင် အဆုံးထိတောင့်ခံထားနိုင်လောက်ပါရဲ့....'

ကျန်းယီမင် သူ့ကံကိုသာစမ်းသပ်ဖို့ ပြင်လိုက်ချိန်မှာပဲ စိတ်ဝိညာဥ်စွမ်းအင်တစ်ခုက စစ်သူကြီးများထံမှ ပေါက်ကွဲထွက်ပေါ်လာပြီး အားလုံးကိုချေမှုန်းပစ်လိုက်တာကို တွေ့လိုက်ရသည်။ ပြောစရာပင်မလိုပေ၊ အဘိုးဟိုင်ဝင်လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

"မြန်မြန်....သွားတော့.. "

အဘိုးဟိုင်အသံထဲတွင် ထိတ်လန့်တဲ့အရိပ်အယောင်များ ပါဝင်နေသည်။ ဂွမ်မင်းဝမ်သည် ငရဲခန်းမဆယ်ခုရဲ့ ဘုရင်များထဲမှတစ်ပါးဖြစ်သည်။ ထိုသူသည် ကျန်းယီမင် လုံးဝစိတ်ကူးကြည့်လို့ မရနိုင်သောဖြစ်တည်မှုမျိုးဖြစ်သော်လည်း အဘိုးဟိုင်သည် သူ့ကို အကြိမ်အနည်းငယ်လောက်တော့ ယှဉ်ပြိုင်တောင့်ခံနိုင်ခဲ့သည်။ ကျန်းယီမင်နှင့်တုန်းမီတို့ရဲ့ ခြေထောက်များတွင် စိတ်ဝိညာဥ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ခန်းမထဲကို အရှိန်နဲ့ပြေးဝင်တိုက်ရန် ပြင်ဆင်လိုက်ကြသည်။

'ဝုန်း....'

'ဒါက...ဘာဖြစ်သွားတာလဲ...'

သူတို့နှစ်ယောက်လုံး ခန်းမရှေ့သို့ရောက်နေပြီဖြစ်သော်လည်း စိတ်ဝိညာဥ်စွမ်းအင်များကို အသုံးပြုလိုက်သဖြင့် စောစောကသောက်ခဲ့သော ဆေးလုံး အာနိသင်က ပျက်ပြယ်သွားခဲ့သည်။ ထို့ကြောင့် သူတို့ကို လူ့လောကမှသက်ရှိဝိညာဉ်များအဖြစ် အမှတ်ပြုလိုက်ပြီး ခန်းမထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

"တုန်းမီ...ခန်းမရဲ့ အကာအကွယ်စည်းကို ဖျက်စီးဖို့ ငါ့ကိုကူညီပေး၊ ပြီးရင် အထဲကိုမြန်မြန်ဝင်ပြီး အကျဉ်းသားစာရင်းနဲ့ ဇစ်မြစ်ရတနာပြားကို သွားရှာ..."

"ဟုတ်ကဲ့..."

စိတ်ဝိညာဥ်စွမ်းအင်များသည် အကာအကွယ်စည်းကို တိုက်ခိုက်သွားပြီး စည်းတွင် အပေါက်တစ်ပေါက်ဖြစ်လာသည်။

"အခု အဘိုးဟိုင်က ဂွမ်မင်းဝမ်ကို အချိန်ဆွဲထားပေးတုန်း ဂွမ်မင်းဝမ်က အကာအကွယ်စည်းကို အားဖြည့်ဖို့ အာရုံစိုက်နိုင်မှာမဟုတ်ဘူး... ကြိုးစားထား..."

အကာအကွယ်စည်းပေါ်တွင် သူတို့နှစ်ယောက် ဖြတ်သွားလာနိုင်လောက်သည့် အက်ကွဲကြောင်းတစ်ခု ဖြစ်လာသည်။ တစ်ယောက်ပြီးတစ်ယောက် အထဲသို့ ပြေးဝင်လိုက်ကြသည်။ သို့သော် သူတို့အနောက်တွင် နောက်ထပ်လိုက်လံဖမ်းဆီးနေတဲ့ လူအုပ်စုတစ်စု ထပ်ရောက်လာပြန်သည်။

"ငါ သူတို့ကို ဒီမှာတားထားပေးမယ်... မင်းအထဲကို မြန်မြန်ဝင်..."

"ဟုတ်ကဲ့..."

လက်ရှိအခြေအနေက သူ့ကို ထပ်ပြီးစဉ်းစားချိန်မပေးတော့ပေ။ သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်ကြောင်း တုန်းမီ သေသေချာချာနားလည်ထားသဖြင့် အခုချိန်မှာ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လိုအပ်တဲ့အရာနှစ်ခုကို အမြန်ဆုံးရှာဖွေခြင်းသာဖြစ်သည်။ ကျန်းယီမင်သည် ဖျက်စီးခြင်းကျင့်စဥ်ကို သုံးလိုက်သည်။

"ဖျက်စီးခြင်းလက်ချောင်း...."

အနက်ရောင်လက်ချောင်းများစွာက အရှိန်နဲ့အတူတူ ပေါက်ကွဲထွက်ပေါ်လာသည်။ မြေအောက်ကမ္ဘာတွင် တောင့်ခံထားနိုင်ရန်အတွက် ကျန်းယီမင်က သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကိုသာ အားကိုးရတော့သည်။

ထိုအချိန်တွင် အဘိုးဟိုင်နှင့် ဂွမ်မင်းဝမ်တို့ရဲ့တိုက်ပွဲသည် ကောင်းကင်ယံသို့ မြင့်တက်သွားသည်။ သူတို့ထဲမှ တစ်ယောက်ယောက်သာ မြေပြင်သို့ ပြုတ်ကျလာပါက ထိုကျရောက်လာတဲ့အရှိန်ရိုက်ခတ်မှုကို သူ ကာကွယ်နိုင်ပါ့မလားဆိုတာကိုပင် ကျန်းယီမင်မသိတော့ပေ။

All Chapters