မထင်မှတ်ဘဲ သိခဲ့ရတဲ့ လျှို့ဝှက်ချက်
Vol. 7 Ch. 88
ဒီတိုက်ပွဲတွင် သူတို့အောင်မြင်မှသာ ဖြစ်ရမည်။ အဘိုးဟိုင်သည် သူတို့အတွက် အချိန်ဆွဲပေးထားရုံသာ ဖြစ်သော်လည်း ထိုအရာကပင်ကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်နေခဲ့သည်။ ကျန်တဲ့လုပ်ရမယ့်အရာတွေကတော့ သူတို့ကိုယ်တိုင်အပေါ်သာ မူတည်တော့သည်။ ကျန်းယီမင်သုံးလိုက်သော ဖျက်စီးခြင်းလက်ချောင်းသည် သူ့ခွန်အားများကို နောက်တစ်ကြိမ် ကုန်ခမ်းသွားစေသည်။ သူအလိုရှိသည်မှာ တုန်းမီအနေဖြင့် အဲ့ဒီသောက်ကျိုးနည်း ပစ္စည်းနှစ်ခုကို ရှာဖွေနိုင်ရန် အချိန်ပိုရဖို့သာဖြစ်သည်။
အခုတစ်ကြိမ် ငရဲကမ္ဘာခရီးစဉ်အတွင်း ကြုံတွေ့ရသော အန္တရာယ်များသည် အရင်ကသူရောက်ခဲ့ဖူးသော လျှို့ဝှက်နယ်မြေမှအန္တရာယ်များထက် အဆပေါင်းတစ်ရာမက ပိုအန္တရယာ်များတယ်လို့ဆိုနိုင်သည်။ ထိုအချက်ကို တွေးမိသောအခါ ကျန်းယီမင်သည် ပေါ့ဆခြင်း မရှိတော့ပေ။ သူသည် လက်ရှိအချိန်မှာ အားနည်းလွန်းနေသေးသည်။
အကယ်၍သာ အဘိုးဟိုင်အကူအညီ မပါခဲ့ပါက တုန်းမီကျိန်စာကို ဖြေရှင်းပေးရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် လမ်းခရီးတစ်လျှောက် ကြုံတွေ့ရသော အခွင့်အရေးများသည် သူ့စနစ်ကြောင့် ဖြစ်လာတဲ့အရာများလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်ယောက်ယောက်က သူ့တပည့်ဖြစ်တဲ့ ကာလပတ်လုံး ထိုသူရဲ့ကံတရားသည် တခြားသူများထက် ပိုမိုချောမွေ့နေလိမ့်မည်။
ထိုအချိန်တွင် တုန်းမီသည် သေခြင်းခန်းမထဲကို အတင်းဝင်သွားခဲ့သည်။ သက်ရှိလူသားဘယ်သူကမှ ဒီနေရာကို မရောက်ဖူးခဲ့သော်လည်း ဒီနေရာရဲ့ အခြေခံဒီဇိုင်းသည် သာမန်နန်းတော်တစ်ခုနှင့် ကွာခြားခြင်း မရှိပေ။ သို့သော် တုန်းမီသည် ခန်းမထဲရှိပစ္စည်းများကို လက်ဖြင့်ထိကြည့်လိုက်သောအခါ ဖော်ပြလို့မရနိုင်သော ဆူညံသံများက သူ့စိတ်ထဲတွင် ပြည့်နှက်သွားသည်။ မိုးခြိမ်းသံများ၊ လှိုင်းသံများနှင့်တူသော အသံများက သူ့စိတ်ထဲတွင်ဟိန်းထွက်လာသည်။
"လူ့လောကကဝိညာဉ်၊ မင်းက ငရဲပြည်က ပစ္စည်းတွေကို ယူချင်တာလား။ မဖြစ်ဘူး... လုံးဝ မဖြစ်နိုင်ဘူး.. စိတ်ကူးတောင်မယဉ်နဲ့..."
စကားလုံးတွေ တစ်ခွန်းပြီးတစ်ခွန်း သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
"တုန်းမီ... မြန်မြန်လုပ်... မင်းရှာတွေ့ပြီလား။"
"နီးစပ်နေပြီ.. ဆရာ ခဏလောက်ထပ်တောင့်ခံထားပေးပါဦး..." တုန်းမီသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ အကောင်းဆုံးကြိုးစားလိုက်သည်။ ခန်းမထဲမှ အရာအားလုံးက အသက်ရှိနေသကဲ့သို့ ဖြစ်နေပြီး တစ်ခုစီတိုင်းက သူ့ကိုသတိပေးနေသည်။
"ဆရာ... အထဲကပစ္စည်းတွေကို ကျွန်တော်ယူလို့မရဘူး..."
ကျန်းယီမင် ရင်ထဲတွင်ထိတ်လန့်သွားသည်။ သူ ထင်ထားသည့်အတိုင်းပဲဖြစ်သည်။ သာမန်ပစ္စည်းသေးသေးမွှားမွှားလေးတွေကို ယူသွားမယ်ဆိုရင် ကိစ္စကြီးကြီးမားမား ရှိမှာမဟုတ်ပေ။ ဒါပေမဲ့ ဒီလိုအဖိုးတန်ရတနာတွေကို ယူသွားဖို့ကျတော့ သူ့အင်အားနဲ့တောင်မှ လုပ်နိုင်ပါ့မလား မသေချာဖြစ်နေသည်။။
"ကိစ္စမရှိဘူး... ငါ ခဏလောက်ထပ်တောင့်ခံထားနိုင်သေးတယ်... အဘိုးဟိုင်ရဲ့သူငယ်ချင်းကို ဘယ်မှာ ချုပ်နှောင်ထားလဲဆိုတာ အရင်ရှာ.. ပြီးရင် ဇစ်မြစ်ရတနာပြားကို ရှာပြီး သုံးလိုက်..."
ဂွမ်မင်းဝမ် ဆင့်ခေါ်လိုက်သော ငရဲသားအရေအတွက်က တိုးပွားလာနေသည်။ သူ ကြည့်လိုက်သည့်နေရာတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ငရဲသားစစ်တပ်ကြီး ရှိနေသည်။ သူတို့က သေပြီးသားဖြစ်တဲ့အတွက် သေရမှာကိုမကြောက်ကြတော့ပေ။ သူတို့ရည်မှန်းချက်မှာ ဂွမ်မင်းဝမ် ပေးအပ်ထားတဲ့တစ်ခုတည်းသော တာဝန်ကို ထမ်းဆောင်ရန်သာဖြစ်သည်။ ထိုတာဝန်မှာ ကျူးကျော်သူများကို သတ်ဖြတ်ရန် ဖြစ်သည်။
ကျန်းယီမင်သည် ရေစီးကြောင်းကြီလို ဝင်ရောက်လာသော ငရဲသားစစ်သည်များကို ကိုင်တွယ်ဖြေရှင်းနေတုန်းပဲ ရန်သူ့စစ်တပ်ထဲမှာ လေးသည်တပ်ဖွဲ့တစ်ခုပေါ်ထွက်လာသည်။ သူတို့က လေးများကို ဆွဲတင်လိုက်ကြပြီး ခေါင်းဆောင်အမိန့်အောက်တွင် သူတို့ပစ်လိုက်တဲ့ မြှားမိုးများက ကျန်းယီမင်ထံသို့ ပြေးဝင်လာကြသည်။ ကျန်းယီမင်သည် ထိုမြှားမိုးများရဲလ အင်အားကို လုံးဝသတိမပြုမိခဲ့ပေ။
ကျန်းယီမင်က အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်စွမ်းအင်များကို ထပ်ညှစ်ထုတ်လိုက်သည်။ သူ အချိန်လုံလောက်အောင် ဆွဲထားရမည်။
သို့သော် ဒီရေပမာတက်လာသော ရန်သူများကြောင့် သူကအဆက်မပြတ် ဖိနှိပ်ခံနေရသည်။ ဒီအတိုင်းသာဆက်ဖြစ်နေရင် သူ သေခြင်းခန်းမထဲကို ဆုတ်ခွာရတော့မည်။ ထိုအချိန်တွင် သေခြင်းခန်းမထဲမှ ပေါက်ကွဲသံတစ်သံထွက်လာသည်။
"ဘာဖြစ်သွားတာလဲ..."
သူပြောလို့ပင် မဆုံးသေးခင် တုန်းမီပုံရိပ်သည် ခန်းမထဲကနေ လွင့်စင်ထွက်လာသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းယီမင်သည်အရေးကြီးအခိုက်အတန့်တွင် တုန်းမီကိုဖမ်းထားရန် စိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်သုံးနိုင်ခဲ့သည်။
"ဆရာ! အထဲက ပစ္စည်းတွေကို တစ်ခုခုက ကာကွယ်ထားတယ်... ကျွန်တော်အဲဒါတွေနားကို ကပ်လို့မရဘူး...."
သူထင်ထားတဲ့အတိုင်း ဖြစ်နေသည်။ တုန်းမီက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးသည်။
"တုန်းမီ၊ ခန်းမထဲကို အတူတူဝင်ကြစို့... အကာအကွယ်စည်းကို ဖျက်စီးဖို့ နည်းလမ်းရှာတွေ့မလား ရှာကြည့်ကြတာပေါ့..."
ကျန်းယီမင် အရှုံးပေးရန် ဆန္ဒမရှိပေ။ လက်ရှိအခြေအနေသည် သူကြုံတွေ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးနဲ့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတစ်ခုကို ရောက်နေသည်။ အကယ်၍ သူသာဒီနေရာတွင် သေသွားလိုက်ပါက အဆုံးမဲ့ငရဲခန်းထဲကို ရောက်သွားရမည်ဖြစ်ပြီး အဆုံးမရှိတဲ့ နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရပေလိမ့်မည်။ ကျန်းယီမင်သည် ခန်းမတံခါးကို ပိတ်ဆို့ထားရန် စွမ်းအင်အနည်းငယ်တစ်ချို့ကို ချန်ထားခဲ့သည်။
တုန်းမီ ညွှန်ပြလိုက်တဲ့နေရာကို ကြည့်လိုက်သောအခါ သူတို့လိုအပ်တဲ့အရာနှစ်ခုကို တွေ့လိုက်ရသည်။ ထိုပစ္စည်းနှစ်ခုကို နန်းတော်ထဲက စင်မြင့်ပေါ်တွင် တင်ထားသည်။ ကျန်းယီမင် စိတ်ပူပန်လွန်းလို့ တစ်ကိုယ်လုံးတောင် မီးလောင်မတတ် ဖြစ်နေသည်။
သူက စင်မြင့်ပေါ်ခုန်လိုက်ပြီး ယူဖို့လှမ်းလိုက်သည်။ သို့သော် သူ့လက်ကထိတော့မည့်ဆဲဆဲတွင် အလင်းတန်းတစ်ချက် ထွက်ပေါ်လာပြီး သူ့ကိုလွင့်စင်သွားစေခဲ့သည်။ ရတနာများကို ဝန်းရံကာကွယ်ထားသော စွမ်းအင်များကြောင့် တုန်းမီမဆိုထားနှင့် ကျန်းယီမင်တောင်မှ ရတနာများကိုယူရန် ခက်ခဲနေသည်။
ထို့အပြင် ခန်းမထဲမှာ ထောင်ချောက်တွေ အများကြီး ရှိနေတာ သေချာနေပေမဲ့ ဘယ်အရာကမှ ကျန်းယီမင်ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိပေ။ ဂွမ်မင်းဝမ် ဆင့်ခေါ်လိုက်တဲ့ ငရဲစစ်သည်များက ခန်းမတံခါးကို ထုရိုက်ပြီးဖွင့်နေကြသည်။ တုန်းမီက ဒါကိုမြင်တော့ တံခါးကို အချိန်နည်းနည်းလောက် ပိုတောင့်ခံထားနိုင်ဖို့ မျှော်လင့်ချက်နဲ့ သူ့စွမ်းအင်တွေကို ခပ်မြန်မြန် ထုတ်ပြီးကာလိုက်သည်။
"ဒီအတိုင်းဆို မဖြစ်တော့ဘူး" ကျန်းယီမင်သည် ချွေးများရွှဲနစ်နေပြီး ပြောလိုက်သည်။
"ဆရာ... ဘာမဖြစ်တော့တာလဲ..."
"ဇစ်မြစ်ရတနာပြားကို ကာကွယ်ထားတဲ့ အတားအဆီးက မဖျက်စီးနိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါအချိန်လိုတယ်...."
"ကျွန်တော် သူတို့တွေကို ခဏလောက် တားထားပေးမယ်.... ဆရာအတားအဆီးကို သွားဖျက်စီးလိုက်ပါ..."
ကျန်းယီမင် ခေါင်းခါလိုက်သည်။ သူတောင်မှ မနည်းတောင့်ခံထားရရင် တုန်းမီဆိုဘယ်လိုနည်းနဲ့မှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ ကျန်းယီမင် မတ်တပ်ရပ်လိုက်သည်။ သူတို့နှစ်ယောက် လိုအပ်နေတဲ့ ရတနာများကို ဆက်မကြည့်တော့ပေ။ အကယ်၍ သူတို့ ခွန်အားများကို တိုက်ရိုက်တိုးမြင့်ပေးနိုင်မည့်အရာ သို့မဟုတ် ရန်သူကိုအနိုင်ယူရန် အသုံးပြုနိုင်မည့် အစွမ်းထက်တဲ့ ရတနာတစ်ခုခုကို ရှာတွေ့နိုင်ခဲ့ရင် အချိန်ဆွဲဖို့ လုံလောက်သည်။
"နေဦး...."
ကျန်းယီမင် ငြိမ်သက်သွားလိုက်သည်။ သူ တိတ်တဆိတ် ခနစဉ်းစားလိုက်သည်။ ခန်းမဒီဇိုင်းသည် သာမန်ခန်းမများနှင့် ကွာခြားတာမရှိသော်လည်း အရှိန်အဝါသည်ထင်သလောက် မရိုးရှင်းပေ။ သူ့ဆရာ ရုတ်တရက် အတွေးနက်သွားတာကို မြင်လိုက်ရသောအခါ သူသတိမထားမိတဲ့ အရာတစ်ခုခုကို ဆရာစဉ်းစားနေမှန်း တုန်းမီသိလိုက်သည်။ တုန်းမီက ဆက်ပြီးဘာမှမမေးဘဲ ကာကွယ်ရေးစည်းထဲကို စိတ်ဝိညာဥ်စွမ်းအင်များသာ ဖြည့်သွင်းပေးလိုက်သည်။
ဒီခန်းမထဲမှာ သူတစ်ခုခုကို ယူသွားချင်ရင် သို့မဟုတ် ဖျက်ဆီးချင်ရင် လူအများကြီးက တပြိုင်နက်တည်းပြောလိုက်သလို အသံမျိုးတွေက သူ့စိတ်ထဲမှာ ဟိန်းထွက်လာတယ်။ ခန်းမထဲကို စရောက်တုန်းက ဒီနေရာမှာရှိတဲ့အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိနေသလိုမျိုးဖြစ်နေလို့ အရမ်းထူးဆန်းတယ်လို့ တုန်းမီက သူ့ကိုစောစောကပြောခဲ့သည်။
ကျန်းယီမင် ခေါင်းမော့လိုက်သည်။ သူ နောက်ဆုံးမှသာ အဖြေကို သဘောပေါက်သွားလိုက်သည်။
'ဟုတ်တယ်၊ ဒီနန်းတော်ထဲက အရာအားလုံးမှာ အသိစိတ်ရှိကြတယ်....'
ဒါပေမဲ့ ဒီမရေမတွက်နိုင်တဲ့ အသိစိတ်တွေက သခင်တစ်ယောက်တည်းပိုင်တာ မဖြစ်နိုင်ပေ။ ကျန်းယီမင်မျက်နှာပေါ်တွင် ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကျန်းယီမင်မျက်နှာပေါ်က အပြုံးနှင့် အလွန်ရင်းနှီးနေတဲ့ တုန်းမီလည်း အဲ့အပြုံးကိုမြင်ရတော့ အလွန်ဝမ်းသာသွားသည်။ သူ့ဆရာ ဖြေရှင်းနည်းတစ်ခု တွေးမိလိုက်ပြီ ဖြစ်နိုင်သည်။ ကျန်းယီမင်သည် ဒီသေခြင်းခန်းမနောက်ကွယ်က လျှို့ဝှက်ချက်ကို နားလည်သွားခဲ့သည်။
'ဟုတ်တယ်၊ ဒီငရဲခန်းက ဂွမ်မင်းဝမ်ကိုယ်တိုင်ပဲ...
ဂွမ်မင်းဝမ်ရဲ့ ခန္ဓာကိုယ်တိုင်က ထောင်ပဲ....'