ပုံရိပ်ယောင်ကို ဓါးနဲ့ပိုင်းဖြတ်ခြင်း
Vol. 7 Ch. 89
တကယ်တမ်းတော့ သူတို့မြင်နေရသည့် အရာရာတိုင်းသည် ဂွမ်မင်းဝမ်ရဲ့ ကိုယ်ပွားများဖြစ်သည်။
ကောင်းကင်အပြည့်မှာ ရှိနေသော နှိပ်စက်ရေးကိရိယာများပဲဖြစ်ဖြစ်၊ မရေမတွက်နိုင်သည့် ငရဲသားများပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ဂွမ်မင်းဝမ် ရဲ့ အစိတ်အပိုင်းများသာဖြစ်သည်။ သို့သော် ဂွမ်မင်းဝမ်သည် ဘာကြောင့်အခုလိုနေရာမျိုးတွင် သေခြင်းခန်းမကို တည်ဆောက်ခဲ့ရသလဲလို့ ကျန်းယီမင်ဆက်မေးခွန်းထုတ်နေသည်။
ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တစ်ခုတော့ ရှိရမည်။ ထိုရည်ရွယ်ချက်မှာ သေခြင်းခန်းမထဲတွင် အလွန်အရေးကြီးသော အရာတစ်ခုရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ သေခြင်းခန်းမသည် သူ့နှလုံးသား ထားရှိတဲ့နေရာတစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းယီမင် ထိုသို့တွေးမိလိုက်သောအခါ အချိန်ထပ်မဖြုန်းတော့ဖို့ သူဆုံးဖြတ်လိုက်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအားအလင်းတန်းတစ်ခုသည် သူ့လက်ဝါးကနေ ဟိန်းထွက်သွားသည်။ ထိုစွမ်းအင်သည် ခန်းမရှိတိုင်တချို့ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း....."
ခန်းမတစ်ခုလုံးပင် တုန်ခါသွားသည်။ ကြီးကျယ်ခမ်းနားပြီး သွေးပျက်ဖွယ်ကြောက်စရာကောင်းတဲ့ ခန်းမနံရံများပေါ်ရှိ ပန်းချီများနှင့် ရုပ်ပုံများသည် အလွှာလိုက်ချင်းစီ ကွာကျလာသည်။ ကျန်းယီမင် အလွန်ဝမ်းသာသွားသည်။ သူ့ထင်မြင်ချက်က မှန်ကန်ပုံပေါ်နေသည်။ ဒါက အပေါ်ယံကသာ မြင်ရတဲ့ သေခြင်းခန်းမသက်သက် မဖြစ်နိုင်ပေ။ ခန်းမနောက်ကွယ်တွင် ပိုထိတ်လန့်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု သေချာပေါက်ပုန်းကွယ်နေသည်။
"မလုပ်နဲ့......"
ကျန်းယီမင် သူ့လက်ဝါးကို ရိုက်ချလိုက်သည့်အခါ ကောင်းကင်မှ ဒေါသတကြီး အော်ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် ဂွမ်မင်းဝမ်ပင် ဖြစ်သည်။ သူသည် အဘိုးဟိုင်နှင့် တိုက်ပွဲတွင် အသာစီးရနေပြီဖြစ်သော်လည်း သူ့မျက်လုံးထဲမှာ ဖုန်မှုန့်လောက်တောင် အလေးမထားခဲ့တဲ့ ဒီလူသားဝိညာဉ်နှစ်ကောင်က သူ့အရေးကြီးဆုံးအစိတ်အပိုင်းကို ဒဏ်ရာရစေလိမ့်မယ်ဟု သူထင်မထားခဲ့မိပေ။
ရှုံးနိမ့်ခါနီးလက္ခဏာများ ပြနေပြီဖြစ်တဲ့ အဘိုးဟိုင် သည်လည်း အနည်းငယ်အံ့အားသင့်သွားသည်။ သူခုလေးတင်တွေ့ခဲ့သော ဆရာနှင့်တပည့်သည် သူ့ရှေ့က ရက်စက်ကြမ်းကြုတ်တဲ့ ယမမင်းကို ဒဏ်ရာရစေနိုင်တယ်လို့ သူမတွေးထားခဲ့မိပေ။
"အဘိုးကြီး... မင်းနဲ့ငါစာရင်းရှင်းလို့ မပြီးသေးဘူး.... သေစမ်း..."
အခုလိုမျိုးဖြစ်လာမှတော့ သူကသူ့ပြိုင်ဘက်ကို ပိုပြီး အချိန်ဆွဲထားရတော့မည်။ ကျန်းယီမင်က နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြန်သည်။ သူ့လက်ဝါးချက်ရလဒ်က ချက်ချင်း ထွက်ပေါ်လာတယ်လို့ ဆိုနိုင်သည်။ အစက တံခါးအပြင်ဘက်တွင်ရှိပြီး ခန်းမထဲမှ သူတို့နှစ်ယောက်ကို သတ်ရန်ဓားများကိုင်ကာ ဝင်ရောက်တိုက်ခိုက်ရန် အသင့်ဖြစ်နေတဲ့ ငရဲစစ်သည်များသည် ဖြည်းညှင်းစွာ နောက်ဆုတ်သွားကြသည်။
သူတို့သခင်ကို နာကျင်စေနိုင်တဲ့ ဒီလူကို ကြောက်ရွံ့လို့တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဒီငရဲခန်းတွင် အရာရာတိုင်းက ဂွမ်မင်းဝမ်ရဲ့အစိတ်အပိုင်းများ ဖြစ်သောကြောင့်ဖြစ်သည်။ ဤနေရာရှိအရာရာတိုင်းသည် ဂွမ်မင်းဝမ်နှင့်ဆက်နွယ်နေသည်။ ကျန်းယီမင်ရဲ့ လက်ဝါးရိုက်ချက်တိုင်းကြောင့် ရတနာများပေါ်က အကာအကွယ်စည်း၏ အရှိန်အဝါသည် အနည်းငယ်ချင်းစီ အားနည်းသွားသည်။
သူ့ဆီက နောက်ထပ်တိုက်ကွက်နဲ့ တိုက်ခိုက်ခံရရင် ဒီနေရာက ပြိုကျသွားလိမ့်မည်။ ကောက်ကျစ်တဲ့ ယုန်တစ်ကောင်တွင် မြေကျွင်းတွင်းပေါက်သုံးပေါက် ရှိတတ်တာကို သူကောင်းကောင်းနားလည်ထားသဖြင့် တစ်ဖက်လူက သူ့ရတနာအားလုံးကို တစ်နေရာတည်းတွင် စုထားဖို့ဆိုတာ မဖြစ်နိုင်ပေ။ သို့သော် သူသည် သေခြင်းခန်းမကို ဖျက်ဆီးနိုင်သရွေ့ သူတို့လိုအပ်တဲ့ ရတနာများကိုရပြီး လွတ်မြောက်နိုင်သည်။
ကျန်းယီမင် နောက်ထပ်လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြန်သည်။ သူသည် ဟွမ်ယွမ်ဆေးလုံးကို သုံးစွဲနိုင်တဲ့အခြေအနေတွင် မရှိတော့သဖြင့် သူ့စိတ်ဝိညာဉ်စွမ်းအားများကို ဆက်တိုက်ထုတ်နိုင်ရန်အတွက် တဖြည်းဖြည်းဆုံးရှုံးနေသော ခွန်အားများကို ပြန်လည်ဖြည့်တင်းရန် သက်သာရေးဆေးလုံးများကိုသာ အားကိုးနေရသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မင်းတို့ မသိနားမလည်တဲ့ လူသားသေမျိုးတွေ" ဂွမ်မင်းဝမ် ဟိန်းဟောက်လိုက်သည်။
"မင်းတို့ ဘာကိုဒဏ်ရာရအောင် လုပ်လိုက်မိလဲဆိုတာ သိလားကွ.. မင်းတို့ရဲ့မဆင်မခြင်လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုကော သိလား..."
ဂွမ်မင်းဝမ်ရဲ့ညည်းညူသံသည် ငရဲခန်းတစ်ခုလုံးတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထိုအချိန်တွင် ကျန်းယီမင်သည် သေခြင်းခန်းမရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခန်းမအပေါ်ယံလွှာကို ခွာချနိုင်ခဲ့သည်။ ခန်းမအမိုးခုံးပေါ်တွင် တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားသော သံကြိုးများမရေမတွက်နိုင်အောင် ရှိနေသည်။ သို့သော် ကျန်းယီမင်သေချာကြည့်လိုက်သောအခါ ထိုသံကြိုးတို့အားလုံးက ခြေထောက်ချောင်းပါတဲ့ ဒယ်အိုးကြီးတစ်ခုကို သော့ခတ်ထားကြောင်း သတိပြုမိလိုက်သည်။ မီးတောက်မရှိဘူးဆိုတာ ထင်ရှားသော်လည်း ဒယ်အိုးကြီးထဲတွင် တစ်ခုခုကို သန့်စင်နေသကဲ့သို့ ဖြစ်နေသည်။
ဒယ်အိုးကြီးရဲ့ ပတ်ပတ်လည်တွင် သံကြိုးကြီးများ ရှိနေသည်။ ဒယ်အိုးကြီးဘေးဘက်များတွင် မျက်လုံးကို ဆွဲထုတ်ခြင်း၊ နှလုံးကို နှုတ်ယူခြင်း၊ ဗိုက်ခွဲဖြတ်ခြင်းနှင့် အရိုးများကို ချိုးဖျက်ခြင်းကဲ့သို့သော အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းများကို ပုံဖော်ထားသည်။ ထိုအရာများသည် ငရဲပြည်တွင် လူတစ်ဦးက နှိပ်စက်ခံရတဲ့မြင်ကွင်းများကို ပုံဖော်ထားခြင်း ဖြစ်သည်။
"တုန်းမီ၊ သွား... နာမည်စာရင်းနဲ့ ဇစ်မြစ်ရတနာပြားကို ယူလို့ရမလား ကြည့်ကြည့်လိုက်..."
"ဆရာ... ကျွန်တော့်ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်ပါးလွန်းတယ်... ကျွန်တော့်လက်ထဲမှာ သူတို့ဆွဲပါလာတာကို ဝေဝါးဝါးခံစားနေရပေမယ့် ရတနာနှစ်ခုလုံးကို ဆွဲထုတ်လို့မရနေဘူး..."
တုန်းမီက မတုံးအေပ။ သူ့ဆရာလုပ်ဆောင်ချက်များကို ကြည့်လိုက်ရင်း သူကအခြေအနေကို အကြမ်းဖျင်း နားလည်သဘောပေါက်သော်လည်း သူ ဘာမှမတတ်နိုင်ဘူး ဖြစ်နေသည်။ သူက ခန်းမကို လုံလလောက်လောက် မဖျက်ဆီးနိုင်ပေ။ ကျန်းယီမင်သည် အပေါ်ဘက်မှသံကြိုးများဖြင့် ချည်နှောင်ခံထားရတဲ့ ဒယ်အိုးကြီးကို ကြည့်ကြည့်လိုက်သည်။ သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။ အခြေအနေက ဒီအထိရောက်လာမှတော့ မျှော်လင့်ချက်အနည်းငယ်သာ ကျန်ရှိရင်တောင် သူအတတ်နိုင်ဆုံး ကြိုးစားကြည့်ရမည်ဖြစ်သည်။
"တုန်းမီ၊ သတိထား... ငါ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်မယ်..."
တုန်းမီက ဇဝေဇဝါဖြင့်မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ ဆရာရဲ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများ နောက်တစ်ကြိမ် စုစည်းလာသည်ကို သူမြင်လိုက်ရသည်။ သူ့ဆရာရဲ့ နောက်ကျောဘက်မှ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားတဲ့ ကြီးမားလှတဲ့ ဓားတစ်လက်က တဖြည်းဖြည်းပုံပေါ်လာသည်။ ကျန်းယီမင်ကိုယ်တိုင်လည်း အတော်လေး အံ့အားသင့်သွားသည်။
သူသည် ဖျက်စီးခြင်းကျင့်စဉ်ရဲ့ စတုတ္ထမြောက်ပုံစံကို အပြည့်အဝနားမလည်သေးသော်လည်း စိတ်ဝိညာဉ်စွမ်းအားကို ဓားအဖြစ်ပြောင်းလဲလိုက်တဲ့ ဒီတိုက်ကွက်သည် သူ့စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့ပြီး သူသင်ယူနိုင်ခဲ့သည်။ တုန်းမီသည် ပါးစပ်အဟောင်းသားဖြင့် သူ့ဆရာကို စိုက်ကြည့်နေမိသည်။
အခုအချိန်တွင် တစ်ယောက်ယောက်က သူ့ဆရာ သည် အချိန်အကြာကြီးပုန်းအောင်းနေတဲ့ နတ်ဘုရားတစ်ပါးဖြစ်ကြောင်း လာပြောရင်ပင် သူနည်းနည်းလေးတောင် သံသယရှိတော့မည်မဟုတ်ပေ။ ယနေ့ည သူ့ဆရာမှ သူ့ကိုပေးခဲ့တဲ့ ထိတ်လန့်အံ့ဩမှုတွေက မရေမတွက်နိုင်အောင်ဖြစ်နေသည်။
သူ့နောက်ကျောက ကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအားဓားကြီးသည် သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ ဒီကျင့်စဉ်၊ သို့မဟုတ် သိုင်းပညာရပ်က ဘယ်ကနေ ရောက်လာသလဲဆိုတာကို သူရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သူ့ရှေ့က အခြေအနေကိုကြည့်ခြင်းအားဖြင့် ဒီသံကြိုးများကို ဖြတ်ချင်ပါက စိတ်ဝိညာဉ်စွမ်းအားဓားသည် သူ့ ဖျက်စီးခြင်းလက်ဝါးထက် အဆပေါင်းများစွာ ပိုအသုံးဝင်မယ်ဆိုတာကို သူအာရုံခံစားမိလိုက်သည်။
ဂွမ်မင်းဝမ်နှင့် အဘိုးဟိုင်တို့ရဲ့တိုက်ပွဲသည် ပေ ၃၀,၀၀၀ အမြင့်ကို ရောက်သွားသည်။ သူတို့နှစ်ယောက်စလုံးသည် ခန္ဓာကိုယ်ထဲတွင် အလွန်ကြွယ်ဝတဲ့ စိတ်ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ သူတို့ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်များဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြတာဖြစ်စေ၊ သို့မဟုတ် တောင်များကိုရွှေ့နိုင်၊ ပင်လယ်များကို တုန်ခါစေနိုင်တဲ့ ခန္ဓာကိုယ်အတွင်းရှိစိတ်ဝိညာဉ်စွမ်းအားများကိုသုံးပြီး အပြန်အလှန်တိုက်ခိုက်နေတာဖြစ်စေ၊ တိုက်ပွဲသည် သာမန်လူများရဲ့စိတ်ကူးဉာဏ်ထက် ကျော်လွန်အောင်ကြောက်မက်ဖွယ် ကောင်းလှသည်။
"မဖြစ်ဘူး...."
"ဟားဟား.... ငါစောင့်နေတာကြာပြီ..."
အဘိုးဟိုင်သည် သူ့ပုံရိပ်ကို ဆက်ထိန်းထားနိုင်ဆဲဖြစ်သော်လည်း သူကအားနည်းတဲ့အနေအထားတွင် ရှိနေကြောင်း သူကိုယ်တိုင်ကောင်းကောင်းသိသည်။ ငရဲပြည်ရဲ့ဘုရင်တစ်ပါးဖြစ်သော ဂွမ်မင်းဝမ်နှင့် ငရဲပြည်ထဲမှာ အခုအချိန်ထိ အချိန်ဆွဲတိုက်ခိုက်နိုင်ခြင်းသည် သူနှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်တာနဲ့ ထိုက်တန်နေပြီဖြစ်သည်။
ဂွမ်မင်းဝမ်ရဲ့ အော်ဟိန်းသံသည် တိမ်များကို ဖောက်ထွင်းပြီး ထွက်ပေါ်လာခဲ့သည်။ ထောင်ထဲမှ ဟိန်းသံကို ကြားလိုက်ရသောအခါ ကျန်းယီမင်က တကယ့်နေရာမှန်ကို ရှာတွေ့သွားကြောင်း သူသိလိုက်သည်။ သူ့ရှေ့ကအရာကို တစ်ချက်တည်းနှင့် ရိုက်ချိုးနိုင်မလားဆိုတဲ့အပေါ် အားလုံးက မူတည်နေသည်။
"ဟား......." ကျန်းယီမင်က သူ့နောက်ကျောမှ ဓားကြီးကို လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။
ဓားကြီးသည် ပတ်ဝန်းကျင်က လေထုကို ထိုးဖောက်သွားသည်။ သံကြိုးများကို ဖြတ်တောက်တော့မည့်ဆဲဆဲတွင် ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံရိပ်တစ်ခုက သူတို့နှစ်ဦးယောကိရှေ့မှာ ရုတ်တရက် ပေါ်လာသည်။ ဖိအားကြောင့် ကျန်းယီမင်နှင့် တုန်းမီတို့က ပြိုင်တူမြေပြင်ပေါ် ဒူးထောက်ကျသွားသည်။ တစ်ယောက်မျက်နှာ တစ်ယောက်တောင် မော့မကြည့်နိုင်ကြပေ။
'ဒါက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးလဲဟ...'
"မကြောက်ပါနဲ့ မိတ်ဆွေတို့.... ငါ့ကိုကူညီခွင့်ပြုပါ"
ထိုသို့ပြောပြီးတဲ့နောက် တခြားပုံရိပ်တစ်ခုက သူတို့ရှေ့တွင် လာရပ်လိုက်သည်။ ကျန်းယီမင်နှင့် တုန်းမီတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကျရောက်နေတဲ့ ဖိအားများက ချက်ချင်းပျောက်ကွယ်သွားသည်။ အဘိုးဟိုင်ရဲ့ ခန္ဓာကိုယ်မှ အဆောင်လက်ဖွဲ့နှစ်ခုက လွင့်ထွက်လာပြီး ဆရာနှင့်တပည့်အပေါ် ကပ်သွားသည်။
"မင်းတို့နှစ်ယောက် ငါ့ကို အများကြီး ကူညီပေးခဲ့တယ်လို့ ပြောလို့ရတယ်... ဒီနေ့ ငါတို့ရေစက်ဆုံတယ်လို့လည်း ပြောနိုင်တဲ့အတွက် ဒီအသက်ပြန်ရှင်အဆောင်တွေကို မင်းတို့နှစ်ယောက်ကို လက်ဆောင်ပေးလိုက်မယ်....."
ကျန်းယီမင်နှင့် တုန်းမီတို့ရဲ့ ခန္ဓာကိုယ်များက ထိုအဆောင်များနဲ့ ထိတွေ့လိုက်သည်နှင့်တပြိုင်နက် သူတို့တစ်ကိုယ်လုံးတွင် မကြုံစဖူး သက်သောင့်သက်သာဖြစ်တဲ့ ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။