ရှောင်ချန်း…မင်းကို ငါတို့ယုံတယ်
Vol. 1 Ch. 79
ဝိညာဉ်ကျောက်တုံး ၃ထောင်ဆိုသောအတွေးနှင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးနေတော့သည်။ သူကဟိုရှောင်မေ့ကို တောက်ပနေသောမျက်လုံးများဖြင့်ကြည့်နေပြီး ချက်ချင်းပြေးသွားကာ သူမကိုဖက်ပြီး လက်မအခေါက်၃ထောင်ခန့်ထောင်ပြ၍ ' ညီမလေးလုပ်တာ ကောင်းတယ် ' ဟုပြောချင်စိတ်များ တဖွားဖွားပေါ်လာသည်။
ဟိုရှောင်မေ့က ကြေးကြီးခေါ်လိုက်သောအခါ ကျန်ဂိုဏ်းသားများမှာ ဆူညံပူညံလုပ်နေခြင်းများရပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ခါးပေါ်လက်တင်ကာ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ဟိုရှောင်မေ့ကို သူတို့မြင်လိုက်ရသည်။ သူမသည်လှပသည့်တိုင် မာနကြီးသည့်အရိပ်အယောင်များ မျက်နှာထက်တွင် ပေါ်ထွက်နေကာ ငရုတ်ကောင်းအလား ရှူးရှူးရှဲရှဲဖြစ်နေသည်။
သူမသည် မေးငေါ့ရင်း ' ငါက ဟိုမျိုးနွယ်စုကနော်။ ဘယ်သူ့ကိုမှ ကြောက်နေမှာမဟုတ်ဘူး။ ပြီးတော့ ငါကချမ်းသာတယ်' ဆိုသော အကြည့်ဖြင့် ကျိုးရှင်းချီကို လှမ်းကြည့်လိုက်သည်။
ထိုအမူအရာမှာ စိတ်တိုချင်စရာမကောင်းသည့်အပြင် သူမကို ပို၍ချစ်စရာကောင်းအောင် ဖန်တီးပေးနေတော့သည်။
လူအနည်းငယ်မှာ ဤမြင်ကွင်းကိုကြည့်၍ ပြုံးစိစိဖြစ်ကုန်ကြသည်။ အခြားလူများကမူ ပို၍ပင်တုန်လှုပ်နေကြသည်။
" ဝိညာဉ်ကျောက်တုံး ၃၀၀၀ " ကျိုးရှင်းချီက အေးစက်စွာပြောလိုက်သည်။ သူမ၏အမူအရာက အတော်လေးတင်းမာလာ၏။
" ဒီလိပ်ကလေးက ကျွန်မအတွက် အရမ်းအရေးကြီးတာ။ ဘယ်လောက်စျေးကြီးကြီး ဂရုမစိုက်ဘူး။ သူဖော်စပ်ထားသမျှဆေးတွေအကုန် ကျွန်မပိုင်မှရမယ်။ ဟွန့်။ အတုံး၄ထောင်ပေးမယ်ရှင်။ ကျွန်မက ဟိုမျိုးနွယ်စုက ပြီးတော့ သုံးစရာဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတယ်။"
ထိုနောက်ဆုံး အကြောင်းကို သူမက ပို၍ပင် လေသံမာမာနှင့်ပြောလိုက်လေသည်။ သူမ၏ဘေးရှိ ဟိုယွင်ဖေးကမူ အားနာနာဖြင့် ခေါင်းငုံ့ထားနေတော့သည်။ သူ၏ညီမမှာ မည်သည့်အတွက်ကြောင့် လိပ်ကလေးကို ထိုကဲ့သို့ နက်ရှိုင်းစွာ လေးစားကိုးကွယ်ရသည်ကို မသိနိုင်အောင် ဖြစ်နေသည်။
ကျိုးရှင်းချီ၏ ပရိသတ်များမှာ ထိုမြင်ကွင်းကို ဆက်မကြည့်ရက်တော့ဘဲ အများစုမှာ အဆင့်နှစ်ဝိညာဥ်ဆေးတစ်လုံးကို ထိုမျှပေးဝယ်သည်မှာ အရူးများသာရှိကြောင်း ပြောဆိုနေကြသည်။
ဟိုရှောင်မေ့ကမူ ထိုအသံများကြားရသည်ကို ကျေနပ်ပုံမရချေ။ သူမက ရင်ကော့ကာ ခါးပေါ်လက်များတင်ရင်း လှမ်းအော်ပြောလိုက်သည်။
" ဒီမှာ ငါ့မှာ ဝိညာဉ်ကျောက်တုံး အများကြီးမှ အများကြီးရှိတယ်။ အဲဒါကြောင့် နင်တို့က ငါ့ကိုလာဟောင်နေတာလား "
ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များကိုကြည့်ရင်း ဟိုရှောင်မေ့ကို လမ်းမှားမှကယ်တင်ပြီး လမ်းမှန်ပေါ်သို့ပို့ပေးနိုင်ခဲ့သည်ကို ကျေနပ်မိနေတော့သည်။
ကျိုးရှင်းချီမှာမူ မျက်မှောင်ကြုံ့နေ၏။ ကံမကောင်းစွာပင် သူမတွင် ဝိညာဉ်ကျောက်တုံး အများကြီးမရှိသည့်အတွက် အဆုံးတွင် မတတ်နိုင်တော့ပဲ လက်လျှော့ပေးလိုက်ရတော့သည်။
ကျိုးရှင်းချီက ကြေးထပ်မမြှင့်တော့သည်ကို မြင်သောအခါ ဟိုရှောင်မေ့မှာ ကျေနပ်သွားသည်။ အမှန်ဆိုရလျှင် သူမ ပြောခဲ့သည့်အတိုင်း ဝိညာဉ်ကျောက်တုံးအများကြီး မရှိချေ။ လူအများကြီးရှေ့မှာထိုသို့ ပြောခဲ့သည့်အချက်ကိုအသုံးချ၍ မျိုးနွယ်စုခေါင်းဆောင်မှ လိုအပ်သည့်ဝိညာဉ်ကျောက်တုံးများ ပေးရန်သာ မျှော်လင့်ထား၏။
နောက်ဆုံးတွင် ဟိုရှောင်မေ့သည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်လုပ်ထားသည့် ဆေးလုံးကို ပိုင်ဆိုင်လိုက်ရ၍ အလွန်ကျေနပ်ဝမ်းမြောက်နေတော့သည်။
ပိုင်ရှောင်ချန်းသည်လည်း အလွန်အမင်း ကျေနပ်နေ၏။ သူက ဟိုရှောင်မေ့ကို တလေးတစားကြည့်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ သူ၏အတွေးထဲတွင် သူမသည် သူ့ကိုအလွန်လေးစားနေသည်ဖြစ်၍ သူ၏သရုပ်အမှန်ကို ထုတ်မပြောလျှင် သင့်တော်မည်မဟုတ်ဟု တွေးလိုက်သည်။
သူ့ဆေးလုံးရောင်းထွက်သွားပြီး လေလံပွဲ၏ပထမဆုံးနေ့လည်း ပြီးသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူက လူရှေ့ထွက်၍ သူ၏သရုပ်အမှန်ကို ထုတ်ဖော်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုစဉ် လေလံပွဲစင်နောက်တွင် ကျင့်ကြံသူမျိုးနွယ်စုများ၏ ခေါင်းဆောင်များက လေလံပွဲကို စောင့်ရှောက်ရန် စုဝေးနေကြသည်။ သူတို့ထဲက တစ်ယောက်မှာ သက်လတ်ပိုင်းထဲကဖြစ်ပြီး သူက ခြောက်ကပ်ကပ်ချောင်းဟန့်ကာ သူ၏ရောင်းရင်း ခေါင်းဆောင်များကို ရှက်ရှက်နှင့် ကြည့်နေတော့သည်။
" ကျုပ်မြေးမလေးက ခေါင်းတော့အမာသားဗျ။ ခင်ဗျားတို့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်ခဲ့မိပြီထင်ပါရဲ့ဗျာ " သူက ပြောပြောဆိုဆိုနှင့် ဝိညာဉ်ကျောက်တုံးများစွာကို ခါးသီးစွာထုတ်လိုက်ရင်း ဘေးနားတွင်ထားလိုက်သည်။
" ကလေးမလေးက တော်တော် ဖြူစင်သေးတာပဲ။ " အခြားခေါင်းဆောင်းများကမူ သဘောကောင်းစွာ ရယ်မောနေကြတော့သည်။
လေလံပွဲ၏ ပထမဆုံးနေ့မှာပြီးသွားပြီဖြစ်သည်။ နောက်ထပ်ရက်များကျန်သေးသော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏ဆေးလုံးအားလုံးကို ရောင်းချပြီးပြီဖြစ်၍ ပြန်မလာတော့ရန် ဆုံးဖြတ်လိုက်သည်။ သူကလေလံပွဲ၏ ဝင်ပေါက်ဆီသွားရင်း ထိုနေရာမှနေ၍ လေလံပွဲအိမ်ထဲမှ လူများထွက်လာသည်ကို ကြည့်နေတော့သည်။
သူတို့အားလုံးမှာ ခရမ်းရောင်ချီစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆေးလုံး အကြောင်း ငြင်းခုံနေကြသည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ကျိုးရှင်းချီကို တွေ့လိုက်သည်။ သူမအား စိတ်ဓာတ်မကျရန် သွား၍ အားပေးချင်ပါသော်လည်း သူမဘက်သို့ ခြေတစ်လှမ်းသွားလိုက်ချိန်မှာပင် သူမကလှမ်းကြည့်လိုက်သဖြင့် သူလာနေသည်ကို သိသွားတော့သည်။ သူမက စကားတစ်ခွန်းမှထပ်မပြောတော့ပဲ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဝေးသို့ ပျံထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းကမူ စိတ်ညစ်ညစ်နှင့် လမ်းခုလတ်တွင် ရပ်လိုက်တော့သည်။ သို့သော်လည်း သူ၏နောက်မှ အသံတစ်သံကို ကြားလိုက်ရ၏။
" အစ်ကိုကြီးရှောင်ချန်းရေ။" အသံပိုင်ရှင်ကား ဟိုရှောင်မေ့ပင်။ သူမက လူအုပ်ကြီးကိုဖြတ်၍ ပျော်ရွှင်စွာ ကဆုန်ပေါက်၍ လာနေပြီး သူမ၏နောက်တွင် ဟိုယွင်ဖေးက ပြုံးလျက်လိုက်ပါလာသည်။
ပိုင်ရှောင်ချန်းကမူ ကျိုးရှင်းချီဆီမှ အကြည့်ကိုလွှဲလိုက်ပြီး ဟိုရှောင်မေ့ကို ချီးကျူးသည့်အနေဖြင့် ပြုံးပြလိုက်သည်။ ဝါရင့်အကြီးအကဲတစ်ယောက်၏အသွင်ဖြင့် သူက သူမ၏ခေါင်းကို ပုတ်လိုက်လေသည်။
" ဟေ့ ချစ်စရာကောင်းတဲ့ ညီမလေး။ ညီမလေးလုပ်ခဲ့တာ တော်တော်ကောင်းတယ်လို့ အစ်ကိုချီးကျူးချင်တယ်။ လေလံပွဲက နောက်ဆုံးပစ္စည်းကို အကုန်လုံးကို အနိုင်ယူပြီး အပိုင်ရအောင်ယူနိုင်ခဲ့တာ တော်တော် ဆရာကျချက်ပဲ။"
ဟိုရှောင်မေ့၏ မျက်နှာမှာ နီရဲသွားသည်။ သူမက တစ်ခုခုကို ရုတ်တရက်ကြီးသတိရသွားဟန်ဖြင့် ခရမ်းရောင်ချီစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆေးလုံးများကို ထုတ်လိုက်သည်။
" အစ်ကိုကြီးရှောင်ချန်း။ ဒီမယ်ကြည့်။ ဒီဆေးလုံးကို လိပ်ကလေးက ဖော်စပ်ထားတာ။ အစ်ကိုကြီး သဘောကျတယ်မလား။ ရော့ ယူလိုက်။ အစ်ကိုကြီးပဲအရင်ကပြောတာ လိပ်ကလေးကို အရမ်းလေးစားတာပဲဆို။ ဒီဆေးလုံးကို အစ်ကိုကြီးအတွက် ညီမဝယ်ပေးတာ။"
သူမ၏မျက်နှာပေါ်မှ အမူအရာကိုမြင်ရသူတိုင်း စိတ်လှုပ်ရှားသွားကြလိမ့်မည်။ ပိုင်ရှောင်ချန်းကို ဆေးလုံးအားပေးနေရင်း သူ့ကိုကြည့်နေဟန်မှာ မသိလျှင် တစ်ကမ္ဘာလုံးတွင် ပိုင်ရှောင်ချန်းတစ်ယောက်ထဲသာရှိသည့် အလား။
ထိုမြင်ကွင်းကို ဟိုယွင်ဖေးမြင်သောအခါ သူ၏အကြည့်များမှာ နူးညံ့ပျော့ပျောင်းသွားပြီး ပြုံးလိုက်တော့သည်။ သို့သော်လည်း ဘာမှတော့ မပြောချေ။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။ ဟိုရှောင်မေ့က ထိုဆေးလုံးကို မရရအောင်ဝယ်ခဲ့ခြင်းမှာ သူ့ကိုပေးရန်ဖြစ်ကြောင်း မတွေးထားမိပေ။ သူအလွန်တရာ စိတ်ထဲခံစားသွားရသည်။ ဘေးနားတွင် လူအနည်းငယ်ရှိနေကြောင်း သိလိုက်ရသောအခါ သူက အသက်ပြင်းပြင်းရှူကာ တည်ကြည်သော အမူအရာတစ်ခု ဖမ်းလိုက်သည်။
သူ့မျက်လုံးတွေထဲမှာ ခိုုင်မာပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေပြီး သူရဲကောင်းတစ်ယောက်ပုံစံအတိုင်း လက်ကို နောက်ကျောတွင်ယှက်လိုက်သည်။ ထိုပုံစံကို သူအရင်တည်းက ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်၏။
" ရှောင်မေ့… အစ်ကို ပြောစရာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခု ရှိတယ်။"
ဟိုရှောင်မေ့ကမူ သူ့အမူအရာကိုကြည့်ကာအံ့အားသင့်နေတော့သည်။ ဟိုယွင်ဖေးသည်လည်း အတူတူပင်။
" ဘာလျှို့ဝှက်ချက်လဲဟင် " ဟိုရှောင်မေ့က သိချင်ဇောနှင့် မေးလိုက်သည်။
ပိုင်ရှောင်ချန်းက အသံကျယ်ကျယ်နှင့် ချောင်းဟန့်လိုက်ပြီး မေးငေါ့ကာ သူ၏အင်္ကျီလက်ကို ခါရမ်းလိုက်သည်။
" ငါပိုင်ရှောင်ချန်းက တစ္ဆေတွေရော နတ်ဘုရားတွေပါ တုန်လှုပ်စေတဲ့ လူတိုင်းထက်ကျော်ကြားသလို လျှို့ဝှက်ဆန်းကြယ် နက်နဲတဲ့အပြင် ကြီးမားအစွမ်းထက်လွန်းတဲ့ လိပ်ကိုယ်တော်ပဲ "
သူက ထိုသို့ပြောပြီး ခေါင်းကိုနောက်ပစ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူပြောလိုက်သော စကားလုံးများမှာ သူ၏ရင်ထဲတွင် ပိတ်မိနေသည်မှာ ကြာလှနေပြီဖြစ်၍ ဖွင့်ချပြောလိုက်ရသည့်အတွက် အလွန် ကျေနပ်နေတော့သည်။ ထို့အပြင် သူ့ကိုအလေးစားဆုံးလူဖြစ်သော ဟိုရှောင်မေ့နှင့် ကြီးမားသောလူအုပ်ကြီး၏ရှေ့တွင် ပြောလိုက်ရသည့်အတွက် ပို၍ပင် ကျေနပ်ဖွယ်ကောင်းနေတော့သည်။
သူ့ကို အလေးစားဆုံးလူကို ဘာမှမသိအောင် အမှောင်ချထားသည်မှာ မသင့်တော်ပေ။ အထူးသဖြင့် သူမလေးစားအားကျရသူမှာ သူမရှေ့တည့်တည့်တွင် ရပ်နေချိန်တွင် ပို၍ဆိုးလိမ့်မည်။ ပိုင်ရှောင်ချန်းကမူ အထီးကျန်သော အမူအရာဖြင့် တိမ်များကို မော့ကြည့်နေတော့သည်။ သို့သော်လည်း ဟိုရှောင်မေ့နှင့် လူအုပ်ကြီး၏ တုံ့ပြန်မှုများကိုစောင့်ဆိုင်းနေရင်း သူ၏နားများမှာ အနည်းငယ် လှုပ်ခါနေတော့သည်။
အုတ်အော်သောင်းနင်းဖြစ်လာမည်ကို ကြိုတွေးကာ သူက စကားလုံးများပင် ရွေးနေပြီဖြစ်သည်။
သို့သော်လည်း အချိန်အတော်ကြာပြီးသည့်တိုင် မည်သည့်အသံမှထွက်မလာပေ။ အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်နေ၏။ ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားပြီး တိမ်တွေကိုကြည့်နေရာမှ ဟိုရှောင်မေ့နှင့် ဟိုယွင်ဖေးတို့ကို ပြန်ကြည့်လိုက်သည်။
ဟိုရှောင်မေ့ကမူ မျက်လုံးပြူးကြီးများဖြင့် မတ်တတ်ရပ်နေသည်။ ဟိုယွင်ဖေးမှာလည်း သူမနည်းတူ အံ့သြနေသည်။ သူတို့က ပိုင်ရှောင်ချန်းကို ဘာမှမပြောပဲ စိုက်ကြည့်နေကြချိန်တွင် ဘေးနားရှိ ဂိုဏ်းသားများ၏မျက်နှာများပေါ်တွင် ထူးဆန်းသောအမူအရာများ ပေါ်လာတော့သည်။
" လိပ်ကလေးက လောကကြီးရဲ့ ကိစ္စအဝဝကို ကောင်းကင်ကတိမ်လောက်တောင် စိတ်ဝင်စားတဲ့လူ မဟုတ်ပါဘူးကွာ။ အခုကြတော့ ဂိုဏ်းတူဦးလေးပိုင်က သူ့ကိုယ်သူ လိပ်ကလေးဆိုပဲ။ အေးပေါ့ အေးပေါ့။ လာလာသွားရအောင်။"
ပိုင်ရှောင်ချန်းမျက်နှာပျက်သွားပြီး အသက်ပြင်းပြင်းရှူကာ ရှင်းပြရန်ပြင်လိုက်သည်။
" ရှောင်ချန်း… မင်းနေရောကောင်းရဲ့လား။" ဟိုယွင်ဖေးက စိုးရိမ်တကြီးမေးရင်း ပိုင်ရှောင်ချန်း၏ ခေါင်းကို ပုတ်လိုက်သည်။
" ငါက တကယ်လိပ်ကလေးပါဆို။" ပိုင်ရှောင်ချန်းက စိတ်ညစ်ညစ်နှင့် ဆိုသည်။
" အာ..." ဟိုယွင်ဖေးကမူ နားလည်ရခက်သော မျက်နှာထားဖြင့်သာ တုံ့ပြန်လိုက်သည်။ သူက ချက်ချင်းပင်ခေါင်းငြိမ့်ကာ ဆိုလိုက်သည်။
" ဟုတ်ပြီ ဟုတ်ပြီ။ မင်းက လိပ်ကလေး "
ဤအခါတွင် ဟိုရှောင်မေ့က ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
" အစ်ကိုကြီးရှောင်ချန်းရာ။ အစ်ကိုကြီးပဲ လိပ်ကလေးက ကောင်းကင်ပေါ်က တိမ်လိုမျိုးလူလို့ ပြောခဲ့တာလေ။ လောကကြီးရဲ့ ကိစ္စအဝဝကို စိတ်မဝင်စားဘူးလို့ အစ်ကိုကြီးပဲပြောခဲ့တာ။ အစ်ကိုကြီးက သူလို့ ဟန်ဆောင်နေဖို့မလိုပါဘူး။ ညီမလေးရဲ့ နှလုံးသားထဲမှာ အစ်ကိုကြီးက သူနဲ့တန်းတူ အရေးကြီးတာပါ "
" ဒါပေမဲ့ အစ်ကိုကြီးက တကယ်...."
သူ့စကားမဆုံးခင်မှာပဲ ဟိုယွင်ဖေးက သူ့ကိုတည်ကြည်စွာကြည့်ကာ လက်ပိုက်လိုက်ပြီး
" ရှောင်ချန်း… ငါတို့ မင်းကို ယုံပါတယ် "
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး ထပ်ပြောလိုက်သည်။
" ငါက တကယ်...."
သူ စကားမဆုံးခင်မှာပင် ဟိုယွင်ဖေး၏အမူအရာက ပိုမိုတည်ကြည်သွားပြီး ပြန်ပြောလိုက်လေသည်။
" ရှောင်ချန်းရာ။ ငါတို့မင်းကို တကယ်ယုံပါတယ် "
" ငါ…… "
ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက်နှင့် မျက်လုံးများပင် အသက်မဲ့သွားတော့သည်။ သူဘယ်လောက်ပဲကြိုးစားရှင်းပြရှင်းပြ အကြောင်းထူးမည်မဟုတ်ပေ။ သူထင်ထားသည်နှင့် တလွဲဖြစ်နေသည်။ စိတ်ညစ်ညစ်နှင့် သူကနောက်လှည့်ကာ ဂိုဏ်းဆီသို့ ပြန်သွားတော့သည်။
သူက သူ၏ခြံဝန်းထဲသို့ ရောက်သောအခါ ကောင်းကင်ကြီးကို အသက်မပါသောအကြည့်ဖြင့်မော့ကြည့်လိုက်သည်။ သူ၏မျက်နှာတွင်ကား ပူဆွေးသောကများဖြင့် ပြည့်နေသည်။
"ဒါပေမဲ့ ငါက တကယ် လိပ်ကိုယ်တော်လေကွာ..."
သူက စိတ်ညစ်ညစ်နှင့် ရေရွတ်နေတော့သည်။ သူ၏သရုပ်အမှန်ကို အများသိအောင်ချပြရန် အမြဲတမ်းစိတ်ကူးယဥ်ခဲ့သော်လည်း ယခုတွင် ထိုစိတ်ကူးများမှာ ကြေမွသွားပြီးဖြစ်သည်။
ခဏအကြာတွင် တကယ့်ပြဿနာမှာ နှစ်ပေါင်းများစွာ သူကကြိုးစား၍ လိပ်ကလေး၏ ပုံရိပ်ကို လူများ၏အတွေးထဲသို့ ရိုက်ထည့်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်သည်။ သူတို့အတွက်မူ လိပ်ကလေးဆိုသည်မှာ ဂုဏ်အရှိန်အဝါကြီးမားပြီး တမူထူးခြားသော လူတစ်ယောက်ဖြစ်ပေသည်။
ပို၍တိကျစွာဆိုရလျှင် ဟိုရှောင်မေ့၏ မမောနိုင်မပန်းနိုင် ဆောင်ရွက်ချက်များကြောင့် လိပ်ကလေးမှာ နတ်တစ်ပါးကဲ့သို့ပင်ဖြစ်နေခဲ့လေပြီ။
ခဏအကြာတွင် ပိုင်ရှောင်ချန်းက စိတ်ပျက်လက်ပျက်နှင့် ရွှီပေါက်ချိုင်ကိုသွားရှာကာ ရှင်းပြရန် ကြံလိုက်သည်။ ထိုအခါ ရွှီပေါက်ချိုင်က သူ့ကိုကြောင်တောင်တောင်ကြီး ကြည့်နေပြီးမှ ခေါင်းဆက်တိုက်ငြိမ့်ကာ သူ့ကိုယုံကြည်ကြောင်း ဆိုလိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ သနားစဖွယ်မြည်တွန်တောက်တီးကာ သူ၏ခြံဝန်းသို့ပြန်ပြီး ခြံဝန်းထဲတွင် ခံစားချက်ကင်းမဲ့စွာ မတ်တတ်ရပ်နေတော့သည်။
ရက်အနည်းငယ်ကြာသောအခါ စွန်းချန်လာလည်လေသည်။ ပိုင်ရှောင်ချန်းကမူ ချက်ချင်းပင် ထကြိုလေသည်။ သူ၏ မျှော်လင့်ချက်များမှာ တစ်ဖန်ပြန်လည်ရှင်သန်လာတော့သည်။ ထိုဆေးလုံးကို လေလံတင်ရောင်းရန် လာအပ်သူကို စွန်းချန်မှတ်မိလောက်သေးသည်ဟု သူမျှော်လင့်နေခြင်းဖြစ်သည်။
သို့သော်လည်း သူဘာမှမပြောနိုင်သေးခင်မှာပင် စွန်းချန်က ဝိညာဉ်ကျောက်တုံးများကို ပေးကာ လက်ယှက်ပြီး ဦးညွှတ်လိုက်လေသည်။ သူကတည်ကြည်သောအမူအရာဖြင့်
" ညီလေးပိုင်ရေ။ ဘယ်လိုလက်ရွေးစင်မျိုးက အဲ့လိုဆေးလုံးကိုဖော်စပ်လည်းတော့ ငါလည်းသေချာမသိဘူး။ စွန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်က အဲ့ကိစ္စကြောင့် အတော်လေးအံ့အားသင့်နေတာ။ အဲ့လက်ရွေးစင်ကို ဆက်သွယ်ဖို့ တစ်ခုထဲသောနည်းလမ်းကလည်း မင်းဆီကနေပဲဆက်သွယ်ရမှာ။ ဒီလိုမှမဟုတ်ရင် မင်းကဘယ်လိုလုပ် သူ့ဆေးလုံးကို လာပေးနိုင်မှာလဲ.. ဟုတ်တယ်မလား။"
" ညီလေးပိုင်။ သူ့ကို စွန်းမျိုးနွယ်စုက ရေရှည်အဆက်အသွယ်လုပ်ချင်ပါတယ်လို့ စကားပါးပေးပါလား။ နောင်တချိန်မှာ ဆေးရောင်းဖို့ အကူအညီလိုရင် ငါတို့တတ်နိုင်သမျှ ကူညီမယ်လို့ ပြောပေးနော်။"
" ပြီးတော့နောက်တစ်ခု ကျန်သေးတယ် ညီလေးပိုင်။ သူက ကျော်ကြားမှုနဲ့ ကြွယ်ဝချမ်းသာမှုကို ဂရုမစိုက်ပဲ လူအုပ်ကြီးတွေကို တမင်ရှောင်တာ ငါနားလည်ပါတယ်လို့ ပြောပေးပါကွာ။ သူက ကောင်းကင်က တိမ်တိုက်လိုမျိုး တာအိုဆေးပညာရဲ့ ပြည့်စုံမှုကို ရှာဖွေနေတဲ့လူပဲ။ သူ့လိုလူက တိုးတက်လာမှာ လုံးဝသေချာတယ်။ အဲ့တာမလို့ ငါတို့ စွန်းမျိုးနွယ်စုက ပြင်ပလောကကြီးနဲ့ပတ်သတ်တာတွေကို သူ့အစားတာဝန်ယူပေးမယ်လို့ရော ပြောပေးနော်။ " စွန်းချန်က ထိုသို့ပြောရင်း လက်ယှက်ကာ ဦးညွှတ်လိုက်ပြန်သည်။ သူမော့ကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်း၏အမူအရာမှာ အသက်မဲ့သည်ကို မြင်လိုက်ရသည်။ ထိုအမူအရာ မပြောင်းလဲသည်ကို မြင်လိုက်ရသောအခါ စွန်းချန်က နောက်တစ်ခေါက်လက်ယှက်ကာ ဦးညွှတ်ပြီး ထွက်ခွာသွားတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် ပိုင်ရှောင်ချန်း၏ရာထူးမြင့်မားပုံနှင့် လျှို့ဝှက်ဆန်းကြယ်နက်နဲပြီး မည်သူမှမသိသော လူတစ်ယောက်က ပိုင်ရှောင်ချန်းနှင့် အဆက်အသွယ်များရှိနေကြောင်းကို တွေးမိသောအခါ သူ သက်ပြင်းချလိူက်သည်။
အစကထဲက ပိုင်ရှောင်ချန်းကို လိပ်ကလေးဟု လုံးဝတွေးမထားချေ။ သူတို့၏ စရိုက်မှာ ကွဲဲပြားလွန်းလှသည်မဟုတ်ပါလော။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသာလျှင် လိပ်ကလေးအကြောင်းသိသည်မဟုတ်ပေ။ ပြင်ပရှိကျင့်ကြံသူများကလည်း သူ့အကြောင်း ကြားဖူးထားပြီးသားဖြစ်သည်။ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက် ကျိုးရှင်းချီကဲ့သို့ တူညီသော အဖြေသာထွက်ခဲ့သည်။
ပိုင်ရှောင်ချန်းသတိပြန်လည်လာသောအခါ ကောင်းကင်ယံတွင် လမင်းကြီး လင်းလက်နေပြီဖြစ်သည်။ သူက သက်ပြင်းအရှည်ကြီးချကာ ဝါးခြံစည်းရိုးပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူက နောက်ကျောတွင်လက်ယှက်ကာ ကြယ်များစုံလင်နေသည့် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ သူ၏ဆံပင်ရှည်များက လေထဲတွင် လွင့်မျောနေပြီး သူ၏ဝတ်ရုံမှာလည်း တဖျပ်ဖျပ်လွင့်နေသည်။
" ငါ့အတွင်းစိတ်ထဲမှာ လောကရေးရာအဖြာဖြာကို ဂရုမစိုက်လိမ့်မယ်လို့ ထင်တောင်မထင်မိဘူး။ ငါက ကောင်းကင်ပေါ်က တိမ်တိုက်တစ်ခုလိုပါပဲလား။ အိမ်း… အင်မတန် သိုသိုသိပ်သိပ် မနေခဲ့သင့်ဘူး။ တစ်ခါတလေမှာ လူအများထက်သာလွန်နေတာဟာလည်း တကယ့်ကို အထီးကျန်ဖို့ကောင်းတာပဲ " သူက လရောင်အောက်တွင် မတ်တတ်ရပ်ရင်း အထီးကျန်သူရဲကောင်းတစ်ယောက်အလား အင်္ကျီလက်ကိုခါရမ်းလိုက်တော့သည်။