အကြောက်အရွံ့ ကင်းမဲ့စွာ မွေးဖွားလာခဲ့တာ၊ အဆုံးထိတိုက်မယ် !!! ၄
Vol. 14 Ch. 198
ကျန်းချွမ်မှ ကြုံးဝါးလာခဲ့သည်၊ သူ၏လက်ဝါးထံသို့ ချီ-သွေးစွမ်းအင်များ ရောက်ရှိလာခဲ့သည်၊ သူမှ ထပ်မံ၍ တိုက်ခိုက်လာခဲ့ရာ လက်ဝါးရိုက်ချက်သည် ရှုကျိုး၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး၊ ပေါက်ကွဲထွက်သွားစေခဲ့သည်။
ရှုကျိုးသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်၊ သူ့ရင်ဘတ်ပေါ်ရှိ ချပ်ဝတ်တန်ဆာ ပျက်စီးသွားခဲ့ကာ သွေးစွန်းနေသောရင်အုပ်ကို လှစ်ဟပြသလာခဲ့သည်။
ဘမ်းးး !!
သူသည် နောက်မဆုတ်သွားဘဲ၊ ဒဏ်ရာများကို လျစ်လျူရှု၍ ပြန်ထိုးချလိုက်ရာ ကျန်းချွမ်လွင့်ထွက်သွားခဲ့သည်။
“ ဖူးးး “
ကျန်းချွမ် သွေးအန်သွားခဲ့ရပြီး၊ သူ၏ရင်ဘတ်ထံမှ တစ်စုံတစ်ခု ကျိုးပဲ့သွားသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
လူနှစ်ဦးသည် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
“ ဖွီ “
ကျန်းချွမ်သည် သွေးများကို ထွေးထုတ်လိုက်ကာ အမူအရာ မည်းမှောင်သွားခဲ့သည်။
“ ဒီလူ၊ သူက ဘာလို့ မလဲကျသွားရသေးတာလဲ? “
သူသည် ဒေါသများ၊ မလိုလားမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ရှုကျိုးကို စိုက်ကြည့်ကာ အံတကြိတ်ကြိတ် ဖြစ်သွားတော့သည်။
သူသည် သူ၏တိုက်ခိုက်ရေး စွမ်းရည်ကို အသက်သွင်းကာ ဒုတိယအဆင့်ထဲသို့ ယာယီခြေချနိုင်ခဲ့ပြီဖြစ်သော်လည်း၊ ရှုကျိုးကို အနိုင်မယူနိုင်သေးပေ။
တစ်ဘက်ရှိ ရှုကျိုးကမူ ဝမ်းသာအားရဖြင့် အူလှိုက်သည်းလှိုက် ရယ်မောနေလျက်ရှိသည်။
အဆုံးတွင် သူသည် သူ့ Sအဆင့်စွမ်းရည်၏ အကျိုးကျေးဇူးများကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော ကာလများအတွင်းတွင် သူသည် လျင်မြန်သော ကျင့်ကြံရေး အမြန်နှုန်း(သို့) မှော်ဆန််ည့် စွမ်းရည် အမျိုးမျိုးတို့ကြောင့် တစ်ခြားလူများ၏ စွမ်းရည်များကို မနာလိုအားကျဖြစ်ခဲ့ဖူးလေသည်။
သူ၏စွမ်းရည်က Sအဆင့် စွမ်းရည် ဖြစ်နေခဲ့သော်လည်း၊ အားသာချက်များ လုံးဝမရှိသည့်ပုံပေါ်နေခဲ့သည်။
ထို့အစား၎င်းသည် အရင်းအမြစ်များကို အများအပြား စားသုံးကာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်သာ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ယခု၌ ရှုကျိုးသည် ၎င်း၏ အားသာချက်ကို မြင်တွေ့သွားခဲ့ပြီဖြစ်သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အခြေအနေမှာ အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။
ကျန်းချွမ်က ဒုတိယအဆင့်နယ်ပယ်၏ စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း၊ အချိန်တိုအတွင်းမှာပင် ရှုကျိုးအား သေစေနိုင်လောက်သော ဒဏ်ရာမျိုး ရရှိသွားအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
ယခုလက်ရှိ အချိန်တွင် ရှုကျိုးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့သော်လည်း၊ အဓိက ခန္ဓာကိုယ် အစိတ်အပိုင်းများကို မထိခိုက်သွားခဲ့ပေ၊ မည်သည့်အရိုးမှလည်း ကျိုးပဲ့မသွားခဲ့ပေ။
တစ်ဖက်ရှိ ကျန်းချွမ်ကမူ နံရိုးများပင် ကျိုးနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုး၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် ပထမအဆင့် နယ်ပယ်ထပ်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
ဒုတိယအဆင့်မှ တစ်ချို့လူများကပင် ၎င်းကို ယှဥ်နိုင်မည် မဟုတ်ပေ။
သူသည် သွေးကြောမှတ် ၇၂ခုမျှသာ ဖွင့်လှစ်ရသေးသည့် အချိန်တွင် ထိုကဲ့သို့သော အရာမျိုးကို ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်၊ နောင်အနာဂတ်တွင်သာဆိုပါက ………
“ … “
မလှမ်းမကမ်းရှိ ကျန်းချွမ်သည် အူလှိုက်သည်းလှိုက်ရယ်မောနေသည့် ရှုကျိုးကို ကြည့်ကာ သူ၏အမူအရာသည် ပို၍မည်းမှောင်သွားခဲ့သည်။
“ ငါက ဒီနေ့မှာ မင်းကို မဖိနှိပ်နိုင်ဘူးဆိုတာကို ငါမယုံဘူးကွာ “
ကျန်းချွမ်မှ ကြုံးဝါးကာ ထပ်မံ၍ မတ်တပ်ရပ်လာခဲ့ပြန်သည်၊ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် ခန္ဓာကိုယ်ကို ရွေ့လျားကာ ရှုကျိုးကို လက်သီးဖြင့် ထိုးလာခဲ့သည်။
“ တိုက်မယ် !!! “
ရှုကျိုးမှာလည်း ကျယ်လောင်စွာ အော်ဟစ်ကာ ဒဏ်ရာပရာပွဖြစ်နေသည့် ခန္ဓာကိုယ်ကို လှုပ်ရှား၍ ကျန်းချွမ်ဖြင့် ထပ်မံ၍ တိုက်ခိုက်နေတော့သည်။
လူနှစ်ဦးသည် လက်သီးများကို အဆက်မပြတ် လွှဲရမ်းနေခဲ့သည်၊ လက်သီးတစ်ချက်ချင်းစီတိုင်းသည် အသွေးအသားများပေါ်သို့သာ တိုက်ရိုက်ထိမှန်သွားခဲ့ပြီး သွေးများ နေရာအနှံ့ပြန့်ကျဲသွားစေခဲ့သည်၊ အဆိုပါ မြင်ကွင်းသည် အတော်လေး ရက်စက်ကြမ်းတမ်းလွန်းလှသည်။
…
ထိုအချိန်၌ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကွင်းပြင်ထဲရှိ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲကို ကြည့်နေကြရင်းဖြင့် မည်သူကမှ စကားမပြောနိုင်ကြပေ။
လျူတျန်မုဖြစ်စေ၊ ဟွမ်ရိချန်းဖြစ်စေ၊ ကျောင်းယွင်ဖေးဖြစ်စေ (သို့) ဝမ်ယုဖြစ်စေ၊ ထိုလူအားလုံး၏ စိတ်ထဲတွင် စကားလုံးနှစ်လုံးသာ ကြီးစိုးနေခဲ့သည်။
အံ့ဩ တုန်လှုပ်ခြင်း !!
သူတို့သည် ကျန်းချွမ်ကြောင့်သာလျှင် မဟုတ်ဘဲ ယခုလက်ရှိ ရှုကျိုးကြောင့်ပါ အံ့အားသင့်နေခဲ့ရသည်။
နောက်ဆုံးသော ဝှက်ဖဲဖြစ်သည့် တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ပြလာခဲ့သည့် ကျန်းချွမ်နှင့် ရင်ဆိုင်နေရသည့် အချိန်၊ တစ်နည်းဆိုရသော် ဒုတိယအဆင့် နယ်ပယ်ထဲသို့ ခြေချနိုင်ခဲ့သည့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသောအချိန်တွင် ရှုကျိုးသည် အချိန်အတော်ကြာသည်အထိ ယှဥ်ပြိုင်တိုက်ခိုက်နေနိုင်ခဲ့လေသည်။
ရှုကျိုးမှာ လုံးဝဖိနှိပ်ခံနေရသည့် ပုံပေါက်နေသော်လည်း ကျန်းချွမ်ရရှိထားသည့် ဒဏ်ရာများမှာ သူ့ထပ်ပို၍ ပြင်းထန်နေခဲ့သည်။
ကျန်းချွမ်၏ ယခုလက်ရှိ ခွန်အားက သာမန် ဒုတိယအဆင့်နယ်ပယ်တွင် မရှိဘဲ၊ ထိပ်တန်းအဆင့် Sအဆင့် စွမ်းရည်ပိုင်ရှင် ဒုတိယအဆင့် သိုင်းပညာရှင်နယ်ပယ်မျိုးတွင် ရှိနေသည်ကို အမှတ်ရကြရမည်ဖြစ်သည်။
ထိုအချိန်၌ လူတိုင်းသည် သူတို့ကိုယ်သူတို့ ပြန်၍မေးခွန်းထုတ်နေခဲ့ကြသည်၊ တကယ်လို့ ငါတို့ကသာ ပထမအဆင့်မှာရှိနေတယ်ဆိုရင် ဒီကျန်းချွမ်ကို ကိုင်တွယ်နိုင်မှာလား?
အဖြေကား ……… ဖြစ်နိုင်ခြေ လုံးဝမရှိချေ။
သို့သော် ရှုကျိုးကမူ ယခုအချိန်အထိ တိုက်ခိုက်နိုင်ခဲ့သည်အပြင် ဆက်၍ တိုက်ခိုက်ရန်အတွက် အင်အားများစွာ ကျန်ရှိနေသေးသည့်ပုံပင်။
ထိတ်လန့်ဖွယ်ကောင်းသည့် မှန်းဆချက်တစ်ခုသည် အားလုံး၏ အတွေးများထဲသို့ ရောက်ရှိလာခဲ့သည်။
ရှုကျိုးက ကျန်းချွမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က လုံးဝအကျိုးသက်ရောက်မှု မရှိတော့တဲ့အထိ ဆွဲခေါ်သွားချင်နေတာများလား?
တကယ်လို့ အဲ့လိုသာဖြစ်သွားမယ်ဆိုရင် ရှုကျိုးနိုင်ပြီပေါ့ !!!
၎င်းကို တွေးမိသွားသောအခါတွင် အားလုံး၏ ခြေလက်များ အေးစက်ထုံကျင်သွားခဲ့သည်၊ အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက ရှုကျိုး၏ စိတ်စွမ်းအားမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
…
ဝမ်ယုသည် သူမ၏လက်သီးများကို ဆုပ်ခဲကာ သွေးများဖုံးလွှမ်းနေသည့် ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။
“ ငါ့ကို တစ်လအတွင်းမှာ တိုက်မှာလား? “
ဝမ်ယုသည် ရုတ်တရက် ရယ်မောနေတော့သည်။
တစ်လပင်မဆိုထားနဲ့ အကယ်၍ အခုချက်ချင်း ယှဥ်ပြိုင်တိုက်ခိုက်ကြမည်ဆိုလျှင်တောင်မှ သူမသည် သူမက ရှုကျိုးကို သေချာပေါက် အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက် မရှိတော့ပေ။
ဤအချိန်၌ သူမသည် ကြောက်ရွံ့မှုကို အနည်းငယ်မျှ စတင်၍ ခံစားလာခဲ့ရပြီဖြစ်သည်။
ယခင်က သူမသည် လီရို့ရှီကို ဒဏ်ရာရသွားအောင် ပြုလုပ်ခဲ့ဖူးသည်။
တစ်ခဏခန့်ကြာခဲ့ပြီးသည့်နောက်တွင် သူမက ရှုကျိုး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေမည်လား?
သူမဘေးနားရှိ လျူတျန်မုမှာလည်း အောက်ဘက်ရှိ လူနှစ်ဦးကို စိုက်ကြည့်နေလျက်ရှိသည်။
ထိုအချိန်၌ ရှုကျိုးနှင့် ကျန်းချွမ်တို့သည် ခြေကုန်လက်ပန်းကျသည်အထိ တိုက်ခိုက်နေခဲ့ကြပြီဖြစ်သည်၊ နှစ်ဦးစလုံးမှာလည်း ဒဏ်ရာအပြင်းအထန် ရထားကြပြီဖြစ်သည်၊ သို့သော် မည်သူကမှ အရှုံးမပေးကြသေးပေ။
လျူတျန်မုသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
“ ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သတ်မိသွားတဲ့အထိ တိုက်နေမှာတော့ မဟုတ်ဘူးမလား? “
၎င်းကိုတွေးမိသွားသောအခါတွင် သူသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
ဤအခြေအနေ ရောက်လာရသည်အထိ တိုက်ခိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် အကယ်၍ သူ့ကို လှည့်စားရန်အတွက်သာ ထိုကဲ့သို့ ပြုလုပ်နေခဲ့သည်ဆိုပါက အတော်လေး ရယ်စရာကောင်းသွားလိမ့်မည် ဖြစ်သည်။
…
ရှုကျိုးနှင့် ကျန်းချွမ်တို့ကြားရှိ တိုက်ပွဲသည် အရက်စက်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဤအချိန်၌ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံများနှင့် ချပ်ဝတ်တန်ဆာများ စုတ်ပြဲပျက်စီးနေခဲ့ပြီဖြစ်သည်။
မြေပြင်များမှာလည်း သူတို့၏ သွေးများဖြင့် ရဲရဲနီနေခဲ့ပြီဖြစ်သည်။
“ ဒီကောင်က ဘာလို့ အခုထိ လဲမကျသွားရသေးတာလဲ? “ ကျန်းချွမ်သည် ဒေါသအိုးပေါက်ကွဲနေခဲ့ပြီဖြစ်သည်။ သူသည် နံရိုးဆယ်ချောင်း (သို့) ထို့ထပ်ပိုသည့် နံရိုးများ ကျိုးနေခဲ့ပြီဖြစ်သည်။ ဒုတိယအဆင့် စွမ်းအားများ၏ ထောက်ပံ့ပေးမှုကြောင့်သာ မဟုတ်ပါက သူပြိုလဲကျသွားသည်မှာ ကြာနေခဲ့ပြီဖြစ်သည်။
သူ၏ ဒုတိယအဆင့်နယ်ပယ် စွမ်းအားဖြင့် ရှုကျိုးကို အမှောက်သိပ်နိုင်နေသင့်ပြီဖြစ်သည်။
သူ၏လက်သီးထိုးချက် တစ်ခုချင်းစီတိုင်းသည် ရှုကျိုးကို လွင့်ထွက်သွားစေခဲ့သည်။
သို့သော် ဒဏ်ရာများ ထပ်ခါတလဲလဲ ရသွားခဲ့သော်လည်း သူသည် ဒဏ်ရာများကို လျစ်လျူရှုကာ တစ်နည်းနည်းဖြင့် မတ်တပ်ရပ်နေနိုင်စဲပင်ဖြစ်သည်။
ထိုကဲ့သို့ပင် ရှုကျိုးသည် သစ်ပင်တစ်ပင်ကို အားပြုကာ သူ့ကိုယ်သူထူမ၍ ဖြည်းညှင်းစွာ ထရပ်လာခဲ့သည်။
သူသည် သူ၏ခေါင်းကို မော့ကာ မလှမ်းမကမ်းရှိ ဒေါသတကြီးဖြစ်နေသော ကျန်းချွမ်ကို ကြည့်ကာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ မင်းပြောတာတော့ ….. “
“ သိုင်းပညာရှင်တွေက အကြောက်အလန့်မရှိဘဲ မွေးဖွားလာခဲ့ပြီး၊ နောက်ဆုံးသွေးတစ်စက် ကျန်တဲ့အထိ တိုက်ခိုက်ရမှာဆို “
“ ငါ့ရဲ့ အကန့်သတ်ကို မရောက်သေးဘူးကွ “
ဝုန်း ဝုန်းးး !!
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အရှိန်အဟုန်ဖြင့် ပြေးတက်လာခဲ့ကာ ကျန်းချွမ်ဆီသို့ လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။
ကျန်းချွမ်မှာလည်း အော်ဟစ်ကြုံးဝါးကာ ပြန်၍ ခုခံတိုက်ခိုက်လာတော့သည်။ လူနှစ်ဦး၏ ကြမ်းတမ်းသော တိုက်ပွဲတစ်ခုသည် ထပ်မံ၍ စတင်ခဲ့ပြန်သည်။
လူနှစ်ဦးစလုံးသည် လက်သီးများ လွှဲရမ်းနေကြပြီး၊ အသွေးအသားများကို နှိပ်စက်နေကြတော့သည်။
…
နာရီဝက် ကြာခဲ့ပြီးသည့်နောက်၌
ဝုန်းးး !!
ရှုကျိုး လွင့်ထွက်သွားခဲ့ကာ နောက်ဘက်ရှိ သစ်ပင်ကြီးနှင့် တိုက်မိသွားပြီး၊ သူ၏ပါးစပ်ထောင့်များမှ သွေးများစီးကျလာခဲ့သည်။
ကျန်းချွမ်မှာလည်း မြေပြင်ပေါ်သို့ ဒူးထောက်ကျနေခဲ့ကာ အမောတကော အသက်ရှုနေခဲ့ရသည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ထပ်မံ၍ မတ်တပ်ရပ်လာခဲ့ကာ ရှုကျိုးဆီသို့ ရောက်ရှိလာခဲ့သည်။
“ ထ ….. ငါ့နဲ့တိုက်မယ် “
ရှုကျိုးအနားသို့ ရောက်လာသောအခါတွင် ကျန်းချွမ်သည် သူ၏ပါးစပ်ကို ဖွင့်ဟကာ ထူးဆန်းသော လေသံမျိုးဖြင့် ပြောလာခဲ့သည်။
သူ၏ရှေ့သွားသုံးချောင်း ကျိုးနေခဲ့ပြီဖြစ်ပြီး၊ ပါးစပ်မှာလည်း သွေးများဖြင့် ညစ်ပေနေကာ လက်နှစ်ဖက်စလုံး ကျိုးပဲ့နေပြီဖြစ်သည်။
“ မတ်တပ်ရပ် “ ကျန်းချွမ်မှ ဟိန်းဟောက်လာခဲ့သည်။
ရှုကျိုးသည် ထမရပ်ခဲ့ဘဲ ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်ပြီး၊ လက်ဝေ့ယမ်းပြလိုက်သည်။
သူသည် ဆက်၍ မတိုက်ခိုက်ချင်တော့ပေ။
သူသည် နောက်ပိုင်းတွင် ကျင့်ကြံရဦးမည်ဖြစ်ပြီး၊ တစ်ခြားသော ပါရမီရှင်များကိုလည်း ကိုင်တွယ်ဖြေရှင်းရဦးမည် ဖြစ်သည်။ အကယ်၍ သူသာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည်ဆိုပါက ကိစ္စအများစု နှောင့်နှေးသွားမည် ဖြစ်သည်။
အကယ်၍ ဤအရာကသာ စစ်မှန်သည့် သေခြင်းရှင်ခြင်း တိုက်ပွဲသာဆိုပါက ရှုကျိုးသည် သူက ကျန်းချွမ်၏ တိုက်ခိုက်ရေးစွမ်းရည် ပြီးဆုံးသွားသည်အထိ ဆွဲခေါ်သွားကာ သူ့အား သေချာပေါက် သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိလေသည်။
သို့သော် ယခုတွင်ကား ထိုကဲ့သို့ ပြုလုပ်လုပ်ရန် မလိုအပ်ပေ။ အရာအားလုံးက ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
ရှုကျိုးမှ လက်မြှောက်လာသည်ကို မြင်လိုက်ရသောအခါတွင် ကျန်းချွမ်သည် စိတ်ကျေနပ်သွားသည့် အပြုံးတစ်ခုကို ဖော်ထုတ်လာခဲ့သည်။
ဘုတ် !!
ထို့နောက်တွင် သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ နေရာမှာပင် သတိလစ်သွားတော့သည်။