အကြောက်အရွံ့ ကင်းမဲ့စွာ မွေးဖွားလာခဲ့တာ၊ အဆုံးထိတိုက်မယ် !!! ၃
Vol. 14 Ch. 197
ခြေချင်းများမှ လွတ်မြောက်လာသည့် နဂါးတစ်ကောင်ကဲ့သို့သော ချီ-သွေးစွမ်းအားများသည် ကောင်းကင်ဘုံပေါ်သို့ ထိုးတက်သွားခဲ့သည်။
ထိုအခိုက်အတန်တွင် ကျန်းချွမ်၏ အရှိန်အဝါသည် ယခင်ကထပ် အဆပေါင်းများစွာပို၍ အားကောင်းနေခဲ့ပြီဖြစ်သည်။
…
စောင့်ကြည့်နေကြသော လူတိုင်းများ၏ အမူအရာများ လေးနက်သွားတော့သည်။
“ ကျန်းချွမ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မေ့တော့မလို့ !! “
လျူတျန်မု၏ အမူအရာ အနည်းငယ် ပြောင်းလဲခဲ့ပြီး၊ သူသည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ သူ့ဆီမှာက တော်တော်လေးကို ရှားတဲ့ နယ်ပယ်ကျော်နိုင်တဲ့ စွမ်းရည်ရှိတယ် “
“ နယ်ပယ်ကျော်တဲ့ စွမ်းရည်လား? “ ဝမ်ယုသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
လျူတျန်မုမှ ရှင်းပြလာခဲ့သည် “ အဲ့တာက နယ်ပယ်ကြီးတွေကို ယာယီကျော်နိုင်တဲ့ စွမ်းရည်ပဲ၊ ပထမအဆင့်ကနေ ဒုတိယအဆင့်ကို ခုန်တက်သွားနိုင်တယ် “
“ ဒါပင်မဲ့ သူက အဲ့ဒီစွမ်းရည်ကို တစ်ခါထုတ်သုံးလိုက်လိုက်တာနဲ့ နောက်ခြောက်လအတွင်းမှာ ထပ်မသုံးနိုင်တော့ဘူး “
“ ကျန်းချွမ်က တိုက်ပွဲတွေအတွင်းမှာ သူ့ရဲ့စွမ်းရည်ကို ထုတ်မသုံးလုနီးပါးပဲ “
“ အဲ့ဒီရှုကျိုးက သူ့ကို ဒီအခြေအနေအထိရောက်လာအောင် ဖိအားပေးနိုင်ခဲ့တယ် ၊ တကယ်ကို ………. “
သူသည် စကားကို ဆုံးအောင် မပြောခဲ့ပေ၊ သို့သော် ဝမ်ယုသည် သူ၏ဆိုလိုရင်းကို နားလည်နေခဲ့သည်။
ကျန်းချွမ်မှ သူ၏စွမ်းအားကို ပို၍ထုတ်သုံးရလေလေ၊ ရှုကျိုး၏ စွမ်းအားကို ပို၍သက်သေပြရာ ရောက်လေလေပင် ဖြစ်သည်။
ကျန်းချွမ်ကို ဤစွမ်းရည် ထုတ်သုံးရလောက်သည်အထိ ဖိအားပေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူက မည်ကဲ့သို့သော ဖိအားမျိုးအောက်သို့ ရောက်နေခဲ့လဲဆိုသည်ကို မည်သူမဆို တွေးကြည့်နိုင်လေသည်။
သူပြောခဲ့သည့်အတိုင်းပင် သူသည် ဤတိုက်ပွဲကို အနိုင်တိုက်ရမည် ဖြစ်သည်။
အကယ်၍ သူကသာ ရှုကျိုးကို ရှုံးနိမ့်သွားခဲ့ပါက သူ၏ယုံကြည်မှု ပြိုပျက်သွားကာ အနာဂတ်လမ်းကြောင်းမှာလည်း ဝေဝါးသွားမည် ဖြစ်သည်။
…
သစ်ပင်ထိပ်ပေါ်၌
ဟွမ်ရိချန်းသည် အောက်သို့ စိုက်ကြည့်ကာ အမူအရာ လေးနက်သွားခဲ့သည် “ ရှုကျိုးက သွေးကြောမှတ် ၇၂ခုတည်းနဲ့ ကျန်းချွမ်ကို ဒီလိုအနေအထားအထိ ရောက်သွားအောင် တွန်းအားပေးနိုင်နေပြီပေါ့ “
“ တကယ်လို့ တစ်နေ့မှာ သူကသာ ဒုတိယအဆင့်ကို ရောက်လာခဲ့မယ်ဆိုရင် တတိယအဆင့် ………… “
ဟွမ်ရိချန်း၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။
သူသည် နတ်သိုင်းဌာန၏ လက်ထောက်နည်းပြဆရာတစ်ဦး ဖြစ်နေခဲ့သည်၊ ကျောင်းယွင်ဖေးနှင့် တစ်ခြားသော လူများကဲ့သို့ မဟုတ်ဘဲ နတ်သိုင်းဌာနအား အတော်အတန် သံယောဇဥ်ရှိပေသည်။
ထို့ကြောင့် ရှုကျိုး၏ အံ့ဩဖွယ်ကောင်းသည့် တိုးတက်မှုကို မြင်တွေ့လိုက်ရသောအခါတွင် ဟွမ်ရိချန်းသည် အလွန်သတိတကြီးဖြစ်သွားခဲ့သည်။
ရှုကျိုးသည် နောင်အနာဂတ်တွင် နတ်သိုင်းဌာနအတွက် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားကြီးပြိုင်ဘက်တစ်ဦး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကျောင်းယွင်ဖေးသည် သက်ပြင်းချ၍ ပြောလာခဲ့သည် “ ရှုကျိုးကတော့ သေချာပေါက် ရှုံးတော့မှာပဲ “
အရိုးသားဆုံး ပြောရမည်ဆိုပါက ဤတိုက်ပွဲကာလအတွင်း၌ ရှုကျိုးသည် သူ့အား အကြိမ်အခါခါ အံ့ဩသွားစေခဲ့သည်။
သို့သော် ကျန်းချွမ်မှ သူ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်ပြလာခဲ့ပြီ ဖြစ်သောကြောင့် ရှုကျိုးသည် ထပ်မံ၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
…
တိုက်ပွဲကွင်းပြင်အတွင်း၌ ရှုကျိုးသည် မတ်တပ်ပြန်ရပ်လာသည့် ကျန်းချွမ်အား တည်ငြိမ်သော အမူအရာဖြင့်သာ ကြည့်နေခဲ့သည်။
ဤသည်မှာ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ တတိယအဆင့်ကဲ့သို့သော ပွဲသိမ်းတိုက်ကွက်ကို အသုံးပြုလိုက်ပြီး ပြိုင်ဘက်ကို အနိုင်မရခဲ့သည့် ပထမဦးဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် ပြိုင်ဘက်သည် ပို၍ သန်မာအားကောင်းလာခဲ့ပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် ထုတ်လွှင့်နေသည့် ကျန်းချွမ်၏ အရှိန်အဝါထဲတွင် ကြီးမားသော ဖိအားတစ်ခုပါ ပါဝင်နေလျက်ရှိသည်။
၎င်းမှာ ပထမအဆင့် နယ်ပယ်၏ ဖိအားမျိုး မဟုတ်တော့ပေ၊ ဒုတိယအဆင့် နယ်ပယ်၏ ဖိအားပင် ဖြစ်သည်။
“ ရှုကျိုး “ ကျန်းချွမ်သည် လှံရှည်ကို ကိုင်ဆွဲကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါ့ကို ဒီအခြေအနေထိ ရောက်သွားအောင် တွန်းပို့နိုင်တယ်ဆိုတော့ မင်းဂုဏ်ယူလို့ ရနေပြီ “
“ ဒါပင်မဲ့ ဒီတိုက်ပွဲကတော့ ဒီနေရာမှာပဲ အဆုံးသတ်သွားသင့်ပြီ “
သူ၏စကားများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လှံအလင်းတန်းသည် ကောင်းကင်ပေါ်သို့ တက်လှမ်းလာခဲ့သည့် နေမင်းတစ်စင်းကဲ့သို့ လင်းလက်တောက်ပလာခဲ့သည်။
ဒုတိယအဆင့် နယ်ပယ်၏ ဖိအားသည် တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
နဂါးတစ်ကောင်ကဲ့သို့ လွှမ်းမိုးကြီးစိုးသော လှံရှည်သည် ရှုကျိုးထံသို့ တိုးဝင်လာတော့သည်။
ဝုန်းးးးး !!
ချက်ချင်းဆိုသလိုပင် ၎င်းသည် ရှုကျိုး၏ ပုံရိပ်ကို ထိမှန်ကာ ပေါက်ကွဲသွားခဲ့သည်။
လူတိုင်းမှင်သက်သွားကြသည်၊ ရှုကျိုးက သေသွားပြီလား?
ကျန်းချွမ်မှာလည်း အံ့အားသင့်သွားခဲ့ရသည်၊ သူသည် ရှုကျိုးကို အသေသတ်မည် တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ၊ သို့သော် ဤအခိုက်အတန့်တွင် …………
ငါက ရှုကျိုးကို သတ်လိုက်မိပြီလား?
သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကျန်းချွမ်၏ မျက်လုံးများ ရုတ်တရက် တင်းကြပ်သွားခဲ့သည်။
အရှေ့ဘက်ရှိ ပေါက်ကွဲသွားသော ရှုကျိုး၏ ပုံရိပ်သည် အလင်းတန်းများအဖြစ် ဖွဲ့စည်းသွားခဲ့ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
၎င်းမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။
“ ဝှစ် !! “
ရှုကျိုးသည် စူးရှထက်မြက်သော မျက်လုံးများဖြင့် လေပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။
“ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်း၊ ဒုတိယအဆင့်လား? “ ကျန်းချွမ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ဒီလူက ဒီခြေလှမ်းသိုင်းကို ဒီလိုအဆင့်အထိ ရောက်နေအောင် တကယ်ကြီး လေ့ကျင့်ထားနိုင်တာပဲ “
ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းသိုင်းတွင် စုစုပေါင်း အဆင့်ကိုးဆင့် ပါဝင်နေခဲ့ပြီး၊ အမြင့်ပိုင်း အဆင့်သို့ ရောက်လေလေ လေထုထဲတွင် ရပ်တန့်နိုင်သည့် ကြာချိန်က ပိုကြာလာလေလေ ဖြစ်သည်။
ဒုတိယအဆင့်ဆိုပါက လေထဲတွင် တစ်ခဏခန့် လမ်းလျှောက်နေနိုင်မည် ဖြစ်သည်။ ထို့အပြင် အမြန်နှုန်းမှာလည်း တော်တော်လေး မြန်ဆန်နေမည် ဖြစ်သည်။
လေထုထဲတွင် မတ်တပ်ရပ်နေနိုင်ခြင်းမှာ ပထမအဆင့် နယ်ပယ်မှ ပညာရှင်တို့၏ သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ချို့ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
“ သတ် !! “
ကျန်းချွမ်မှ တိုက်ခိုက်မှုတစ်ခုကို ထပ်မံ၍ အစပြိုးလာခဲ့ပြီး၊ ကြွယ်ဝသော ချီ-သွေးစွမ်းအင်များသည် လှံရှည်ထံသို့ တိုးဝင်သွားကာ ရှုကျိုးကို ချိန်ရွယ်လာခဲ့သည်။
လေထုကွဲအက်သံများ အော်မြည်လာခဲ့သည်။
ရှုကျိုးသည် ကျယ်လောင်စွာ ဟတ်ကြွေးလိုက်သည်၊ သူ၏ချီ-သွေးစွမ်းအင်များ ပေါက်ကွဲလာကာ လေထုထဲသို့ တစ်ဖန်ပြန်၍ တိုးဝင်သွားတော့သည်။
သို့သော် ဒုတိယအဆင့် နယ်ပယ်၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူတောင့်ခံနိုင်သည့် အတိုင်းအတာထပ် ကျော်လွန်နေခဲ့သည်၊ လှံအလင်းတန်းဖြင့် အနည်းငယ်မျှ ထိတွေ့ရုံဖြင့် သူ၏ အရေပြား ကွဲအက်သွားကာ သွေးများစီးကျလာခဲ့သည်။
ကျန်းချွမ်မှ ထပ်မံ၍ လှုပ်ရှားလာခဲ့ရာ လှံအလင်းတန်း ပေါက်ကွဲထွက်လာခဲ့သည်။
“ ဆွစ်ရှ် ~~ “
ရှုကျိုးသည် ဘေးတစ်ဖက်သို့ ထပ်မံ၍ ရှောင်တိမ်းလိုက်သည်၊ သို့သော် လှံအလင်းတန်းသည် သူ၏အရေပြားကို ထိမိသွားစဲဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါက်ပြဲရာတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းသိုင်း၏ ဒုတိယအဆင့်မှာ အတောလေး အစွမ်းထက်နေခဲ့သော်လည်း၊ နယ်ပယ်ကွာဟမှုနှင့် ရင်ဆိုင်လိုက်ရသည့် အချိန်၌ အနည်းငယ် အကြပ်ရိုက်ရစမြဲပင် ဖြစ်သည်။
သို့သော် ကျန်းချွမ်သည် ထိုအချိန်တွင် အနည်းငယ် ထိတ်လန့်သွားပုံရသည်။
သူသည် သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို အသက်သွင်းကာ ဒုတိယအဆင့်သို့ ယာယီရောက်ရှိသွားခဲ့ပြီဖြစ်ကာ၊ သူ၏ စွမ်းအားသည် ပထမအဆင့်မှ လူတစ်ဦးကို ဖိနှိပ်ရန်အတွက် လုံလောက်သည်ထပ်ပင်ပိုနေခဲ့ပြီဖြစ်သည်။
သို့သော် ရှုကျိုးကမူ သူ၏တိုက်ခိုက်မှုများကို ဆက်တိုက် ရှောင်တိမ်းနေခဲ့ပြီး၊ တိုက်ပွဲမှာ ယခုလက်ရှိ အချိန်အထိ အဆုံးမသတ်နိုင်သေးပေ။
ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် အချိန်ကြာကြာ ဆွဲနေခြင်းမှာ ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။
“ မင်းက ဆက်ရှောင်နေနိုင်ဦးမယ်လို့ ငါမယုံဘူး “
ကျန်းချွမ်မှ အေးစက်စက် အော်ပြောလာခဲ့ပြီး၊ လှံကို လွှဲရမ်းလာခဲ့သည်၊ ရုတ်တရက်ဆိုသလိုပင် သူ၏ အမြန်နှုန်းသည် သိသိသာသာ မြန်ဆန်လာခဲ့သည်။
သူသည် ရှုကျိုးကို ထိုးချလာခဲ့သည်။
လက်သီးထိုးချက်တစ်ခုနှင့် တူညီပုံရသော်လည်း သူ့ခြေလှမ်းသိုင်း၏ ကောင်းမှုကြောင့် မရေမတွက် နိုင်လောက်အောင် များပြားလှသော လက်သီးအရိပ်များ ပေါ်ပေါက်လာခဲ့ပြီး၊ ရှုကျိုးအပေါ်သို့ ဆင်းသက်လာကြသည်။
ရှုကျိုးသည် များပြားသော လက်သီးအရိပ်များကို ကြည့်ကာ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
“ မရှောင်နိုင်တော့ဘူးလား? “ ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ သူ၏မျက်လုံးများထဲတွင်မူ စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒါဆိုရင်လည်း တိုက်ကြတာပေါ့ကွာ “
ဘမ်းးး !!!
ဤတစ်ကြိမ်တွင် ရှုကျိုးသည် လုံးဝမရှောင်ရှားတော့ဘဲ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
ဝုန်းးးး !!!
လက်သီးနှစ်ခုသည် ကြီးမားသော ထရပ်ကားကြီးနှစ်စီး တိုက်မိသွားသကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်မိသွားပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ဖြစ်ပေါ်သွားစေခဲ့သည်။
ရှုကျိုး၏ လက်မောင်း ပြဲစုတ်သွားခဲ့ကာ အသွေးအသားများ ပွင့်ထွက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာလည်း အနောက်ဘက်သို့ လွင့်ထွက်သွားခဲ့သည်။
“ အဲ့တာက Sအဆင့် စွမ်းရည်ပိုင်ရှင်ရဲ့ ဒုတိယအဆင့် နယ်ပယ်လား? “
သူသည် သစ်ပင်ကြီးတစ်ပင် တိုက်မိသွားပြီး၊ သူ၏နောက်ကျောဘက် ချပ်ဝတ်တန်ဆာသည် ချက်ချင်း ပေါက်ကွဲထွက်သွားကာ အသွေးအသားများ ကွဲအက်သွားခဲ့သည်။
သူသည် တစ်ကွက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
သို့ရာ၌ ရှုကျိုးသည် သူ၏ခေါင်းကို မော့ကာ အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည် “ ဆိုတော့ အဲ့လောက်ပဲပေါ့ “
ထိုအခိုက်အတန့်တွင် ကျန်းချွမ်မှာလည်း အခြေအနေ သိပ်မကောင်းပေ၊ သူ၏လက်သီးဆုပ်မှ သွေးများစီးကျနေခဲ့ပြီး၊ သူ၏အရေပြားများ ပွင့်ထွက်နေခဲ့ကာ အက်ကြောင်းများသည် အပေါ်ဘက်အထိ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
သူသည် ဒုတိယအဆင့်ဆီသို့ ယာယီခြေချနိုင်ခဲ့သော်လည်း၊ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ပထမအဆင့်နယ်ပယ်၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားစဲဖြစ်သည်၊ ရှုကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ချင်း ထိပ်တိုက်တွေ့ဆုံမည်ဆိုပါက သူအသာစီးရနေလိမ့်မည် မဟုတ်ပေ။
“ သတ် !!! “