ကြီးမားသော ရိတ်သိမ်းမှု !! အကျိုးပြုအမှတ် ၂၀၀၀၀ !!
Vol. 14 Ch. 199
ချိုင့်ဝှမ်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သတိမေ့သွားသည့် ကျန်းချွမ်ကို ကြည့်ကာ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဤတိုက်ပွဲသည် အားလုံး၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။
အစပိုင်းတွင် သူတို့သည် ဤတိုက်ပွဲက တစ်ဖက်သတ်တိုက်ပွဲဖြစ်ကာ တစ်နာရီအတွင်းမှာပင် ပြီးဆုံးသွားလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
သို့သော် ဖိုက်တာများသည် သွေးစွန်းနေသော ပုံရိပ်များဖြစ်နေကြပြီဖြစ်သည်။
တောင်ထိပ်ပေါ်ရှိ
ဝမ်ယုမှ ရေရွတ်ပြောဆိုလာခဲ့သည် “ ဒီအခြေအနေမှာ၊ ဘယ်သူက နိုင်သွားတာလဲ? “
လျူတျန်မုသည် တစ်ခဏခန့် တွေးတောစဥ်းစား၍ လေးလေးနက်နက် ပြောလာခဲ့သည် “ ကျန်းချွမ်နိုင်တယ်။ သူသတိမမေ့ခင် အချိန်တုန်းက ရှုကျိုးက အရှုံးပေးခဲ့ပြီးသားပဲလေ “
ဝမ်ယု မိန်းမောသွားတော့သည်။
ကျန်းချွမ်နိုင်သွားတာလား?
ဒါပင်မဲ့ အဲ့လိုမဟုတ်တဲ့ပုံပဲနော်။
ဤအချိန်တွင် ရှုကျိုးမှာ အသိစိတ်ရှိနေသေးစဲဖြစ်ပြီး၊ ကျန်းချွမ်ကမူ သတိလစ်မေ့မြောသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ကျန်းချွမ်က သတိမလစ်သွားဘူးဆိုလျှင်တောင်မှ သူသည် ရှုကျိုးကို သတ်နိုင်မည် မဟုတ်ပေ။
ရှုကျိုးမှ သူ၏တိုက်ခိုက်ရေး စွမ်းရည်ပြီးဆုံးသွားသည့်အချိန်အထိ တောင့်ခံနိုင်ခဲ့ပါက ရလဒ်မှာ ကွဲပြားသွားမည် ဖြစ်သည်။
အရေးအကြီးဆုံးအရာကမူ ရှုကျိုးမှာ သွေးကြောမှတ် ၇၂ခုသာလျှင် ဖွင့်ထားရသေးသည်။
ကျန်းချွမ်ကမူ သူ၏ စွမ်းရည်ကို အသက်သွင်းကာ ဒုတိယအဆင့် နယ်ပယ်ထဲသို့ ခြေချသွားခဲ့သော်လည်း ဤကဲ့သို့ပင် အဆုံးသတ်သွားခဲ့ရသည်။
၎င်းက ကျဥ်းမြောင်းသော အနိုင်ရလဒ်တစ်ခုဖြစ်သော်လည်း၊ နတ်သိုင်းဌာနမှ ပါရမီရှင်တစ်ဦးအတွက် ၎င်းမှာ ရှုံးနိမ့်ခြင်းနှင့် မခြားပေ။
ဝမ်ယုသည် ချိုင်းဝှမ်းထဲတွင် လှဲလျောင်းနေသည့် ပုံရိပ်ကိုကြည့်ကာ၊ သူမ၏မျက်လုံးများထဲတွင် ကြောက်လန့်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒီလူ၊ အဲ့ဒီအချိန်တုန်းက ငါသူ့ကို မစော်ကားလိုက်သင့်ဘူး “
သူမသည် ထိုကဲ့သို့ ပြုလုပ်ခဲ့သည့်အတွက် နောင်တရနေခဲ့ပြီဖြစ်သည်၊ ငါက ရှုကျိုးကို ဘာဖြစ်လို့ စော်ကားခဲ့မိတာလဲ?
ရှုကျိုးက ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါတွင် သူမကို သေချာပေါက် စိန်ခေါ်လာမည် ဖြစ်သည်။
ထိုအချိန်တွင် သူမသည် ရှုကျိုး၏ ပြိုင်ဘက် ဖြစ်နေတော့မည် မဟုတ်ပေ။
…
သစ်ပင်ထိပ်ပေါ်၌
ကျောင်းယွင်ဖေးသည် ရှုကျိုးကို ကြည့်ကာ မှတ်ချက်ပေးလာခဲ့သည် “ စွမ်းရည်၊ ခွန်အားနဲ့ စိတ်ဓာတ်၊ အကုန်လုံးက ထိပ်တန်းပဲ။ နောင်အနာဂတ်မှာ ဒီလူ့ရဲ့ အောင်မြင်မှုတွေက မထင်မှတ်ထားလောက်တဲ့ အမြင့်အထိ ရောက်နေလိမ့်မယ် “
ဟွမ်ရိချန်း၏ မျက်လုံးတို့မှာလည်း လေးနက်နေလျက်ရှိသည်၊ ရှုကျိုး၏ တိုက်ပွဲသည် သူ့အား အမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။
“ ဒီတိုက်ပွဲပြီးတဲ့နောက်မှာ ပထမအဆင့် နယ်ပယ်အတွင်းမှာရှိတဲ့ ဘယ်သူကမှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး “
ဟွမ်ရိချန်းသည် အသာအယာ သက်ပြင်းချလာခဲ့သည် “ ငါတို့က ဒုတိယအဆင့်တွေကိုပဲ ကြည့်ရတော့မယ် “
ဤအခိုက်အတန့်တွင် သူသည် စွမ်းအားမဲ့နေသကဲ့သို့ အနည်းငယ် ခံစားနေခဲ့ရသည်။
ရှုကျိုးသည် ပထမအဆင့်မှာပင် ဤမျှအထိ ကြောက်ဖွယ်ကောင်းနေပြီဖြစ်ပြီး၊ မည်သူက သူ့အား ယှဥ်နိုင်ကြမည်နည်း?
သူသည် နတ်သိုင်းဌာနက ဤလူကြောင့် ရှုံးနိမ့်သွားတော့မည်ဟု အာရုံရနေခဲ့သည်။
ဟွမ်ရိချန်းသည် ခေါင်းကိုခါရမ်း၍ အတွေးများကို ရပ်တန့်လိုက်ပြီး၊ အောက်သို့ထပ်၍ ငုံ့ကြည့်လိုက်သည်။
“ အရောင်းအဝယ် လုပ်ဖို့အတွက် အချိန်ကျသင့်ပြီ “ ဟွမ်ရိချန်းသည် တစ်ကိုယ်တည်း တွေးတောပြောဆိုနေပြီး၊ သူ၏မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒီအရောင်းအဝယ်က အတုလား၊ အစစ်လားဆိုတာကို၊ မကြာခင်မှာပဲ သိရတော့မှာပါကွာ “
…
ချိုင့်ဝှမ့်အတွင်း၌
“ ဒီကောင်က တော်တော်ကြီးကို ကြောက်ဖို့ကောင်းတာပဲ “
လျူယောင်တုန်သည် အပြေးအလွှားရောက်လာခဲ့ကာ၊ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
အစပိုင်းတွင် သူသည် ကျန်းချွမ်က ဤတိုက်ပွဲကို အေးအေးဆေးဆေး ထိန်းထားနိုင်လိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော် ရလဒ်ကမူ …….
ရှုကျိုးမှ ကျန်းချွမ်အား သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်သုံးလာရသည်အထိ ဖိအားပေးနိုင်ခဲ့သည့်အပြင် လုံးဝမရှုံးနိမ့်သွားခဲ့ပေ။
“ ငါက လက်စားချေဖို့အတွက် သူ့ကို ရူးရူးမိုက်မိုက် လိုက်မရှာခဲ့တဲ့အထိ ဉာဏ်ကောင်းနေခဲ့တာက ကောင်းတဲ့အရာပဲ “
လျူယောင်တုန်သည် ကံကောင်းနေသည်ဟု ခံစားသွားရတော့သည်၊ စာသင်နှစ်အစတွင် လက်ဖြတ်ခံလိုက်ရသည့်အတွက် လက်စားချေမည်ဟု တစ်ကြိမ်မျှ တွေးခဲ့ဖူးလေသည်။
သို့သော် ယခု မြင်တွေ့ရသလောက်သာဆိုပါက ………..
မေ့လိုက်တာပဲ ပိုကောင်းပါတယ်ကွာ။
သူနဲ့ တရင်းတနှီးနေလိုက်တာက ပိုကောင်းတယ် !!
ပြီးတော့ ငါတို့ပြဇာတ်ကလည်း မပြီးသေးဘူး။
လျူယောင်တုန်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ငါ့အစ်ကို နိုင်သွားပြီ၊ မင်းကတိပေးထားတဲ့ ပစ္စည်းက ဘယ်မှာလဲ? မင်းက ကတိကို ဖျက်ချင်နေတာတော့ မဟုတ်ဘူးမလား? “
ရှုကျိုးမှ ဒေါသတကြီး ပြန်လည်တုံ့ပြန်လာခဲ့သည် “ ငါက အဲ့လိုလူစားမျိုးလား? ငါယူလာတယ်၊ မင်းဟာမင်းကြည့်လိုက် “
ထိုစကားနှင့်အတူ သူသည် သူ၏ကျောပိုးအိတ်ထဲမှ စာလိပ်အထူတစ်လိပ်ကို ထုတ်ယူကာ လျူယောင်တုန်ထံသို့ ပစ်ပေးလိုက်သည်။
အားလုံး၏ စိတ်ဓာတ်များ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။
ကျောင်းယွင်ဖေး၏ မျက်လုံးများပင် ကျဥ်းမြောင်းသွားခဲ့သည်၊ ဒီတိုက်ပွဲမှာ နောက်ကွယ်မှာ တစ်ခုခုရှိနေတယ်ဆိုတာကို ငါသိသားပဲ။
ချိုင့်ဝှမ်းအတွင်း၌
လျူယောင်တုန်သည် စာလိပ်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒါက သွေးရိုင်းဆေးရည်ကို ဖန်တီးနိုင်တယ်ဆိုတာ သေချာလို့လား? ဒါက အစစ်ဆိုတာကို ငါက ဘယ်လိုလုပ်သိမှာလဲ? မင်းက အဲ့တာကို လုပ်ပြရမယ် “
“ ငါက ဘယ်လိုလုပ်ပြရမှာလဲ? “
ရှုကျိုးမှ ကျိန်ဆဲ၍ ပြောလာတော့သည် “ ငါကမင်းကို အစစ်အမှန် သိုင်းပညာဌာနဆီ ခေါ်သွားပေးရမှာလား? “
လျူယောင်တုန်မှ ပြောလာခဲ့သည် “ ဒီစာလိပ်ထဲက နည်းလမ်းကို ကြည့်ရသလောက်ဆိုရင်၊ အဲ့တာက သိပ်တော့ မရှုပ်ပါဘူး။ ဒီနေရာကို ပစ္စည်းတစ်ချို့ယူလာပေးမယ်၊ အဲ့လိုဆိုရင်ကော ဘယ်လိုလဲ? “
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည် “ ဒီနေရာက သီးသန့်နေရာလေ၊ ဘယ်သူမှ မရှိပါဘူး၊ တော်တော်လေး လုံခြုံပါတယ် “
“ ကောင်းပြီလေ “ ရှုကျိုးသည် စကားများစွာ ထပ်ပြောမနေတော့ပေ။
လျူယောင်တုန် ချက်ချင်း ထွက်သွားတော့သည်။
၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ပစ္စည်းကိရိယာတစ်ချို့နှင့် ပြန်ရောက်လာခဲ့သည်။
အနီးအနားတွင် ပုန်းနေကြသည့် လျူတျန်မုနှင့် တစ်ခြားလူများသည် စိတ်ဂဏာမငြိမ်ဖြစ်သွားကြသည်၊ သူတို့မျှော်လင့်စောင့်စားနေခဲ့ရသည့် အခိုက်အတန့် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အကယ်၍ သူတို့ကိုယ်သူတို့ ထုတ်ပြရန်သာ အဆင်ပြေနေမည်ဆိုပါက သူတို့သည် သွားရောက်ကူညီကြမည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် စကားလုံးများကို ဖြုန်းတီးမနေဘဲ ပစ္စည်းကိရိယာများကို ယူကာ စတင်၍ လုပ်ဆောင်နေတော့သည်။
သူသည် ဟင်းသီးဟင်းရွက်ဆီ၊ စီချွမ်ငရုပ်ကောင်း၊ စမုန်စပါးနှင့် တစ်ခြားသော ပါဝင်ပစ္စည်းများကို အိုးကြီးတစ်လုံးထဲသို့ ထည့်ကာ ရောစပ်မွှေနှောက်နေသည်။
ထို့နောက်တွင် သူသည် ထူးဆန်းသော ပစ္စည်းတစ်ချို့ကို ထပ်ထည့်ကာ၊ အရာအားလုံးကို ရောစပ်လိုက်ပြီး၊ ကြီးမားသော တုတ်တစ်ချောင်းကို အသုံးပြုကာ ဆက်တိုက် မွှေနေတော့သည်။
ချိုင့်ဝှမ်းသည် လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အားလုံးသည် အိုးကြီးကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
လျူယောင်တုန်ကပင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်၊ ရှုကျိုးရဲ့ နည်းလမ်းအရဆိုရင် ထွက်လာတဲ့ဟာက စားလို့ရပါ့မလား?
ထို့နောက်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဒီနည်းလမ်းက ငါ့အတွက်ပဲ သင့်တော်တယ်။ တကယ်လို့ မင်းကအဲ့တာကို သုံးချင်တယ်ဆိုရင်တော့၊ မင်းရဲ့စွမ်းရည်၊ သွေးကြောမှတ် အရေအတွက်နဲ့ တစ်ခြားအချက်တွေကို ထည့်စဥ်းစားပြီးတော့ ချိန်ညှိရမယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သေချာပေါက်ကျရှုံးသွားလိမ့်မယ် “
“ ဘယ်လိုချိန်ညှိရမလဲဆိုတာကတော့ စာလိပ်ထဲမှာ ရေးထားပြီးသား၊ ဆိုတော့ အသေးစိတ် မရှင်းပြတော့ဘူး “
ထို့နောက်တွင် သူသည် သူ၏လက်ချောင်းကို ကိုက်ကာ သွေးတစ်စက်ချ၍ ပြောလာခဲ့သည် “ သွေးပမာဏကလည်း အရေးကြီးတယ်၊ အချိုးအစားအတိုင်း လုပ်ရမယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဘာမှ ထွက်လာမှာမဟုတ်ဘူး “
ရှုကျိုးသည် ရှင်းပြပြောဆိုရင်းဖြင့် ဆက်လက်၍ လုပ်ဆောင်နေတော့သည်။
အားလုံးသည် အသက်အောင့်ထားကြပြီး၊ ဂရုတစိုက်နားထောင်နေကြသည်။
ရှုကျိုးစကားပိုပြောလေလေ၊ သူတို့ပို၍ စိတ်ရှုပ်ထွေးသွားရလေလေပင် ဖြစ်သည်။
သို့သော် တွေးကြည့်လိုက်မည်ဆိုပါက ၎င်းက အဓိပ္ပါယ်ရှိနေသည့်ပုံပင်။
နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီဖြစ်သောကြောင့် ရှုကျိုးသည် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်သည်။
“ ပျစ်ခဲစမ်း !! “
ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် အော်လိုက်ရာ၊ အိုးထဲရှိ အရောအစပ်သည် အနက်ရောင်အရည်များအဖြစ် ပျစ်ခဲသွားခဲ့သည်။
“ အောင်မြင်ပြီ “ ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
တစ်ခြားလူများကလည်း အဆိုပါအရည်ကို ကြည့်ပြီး မှင်သက်သွားကြသည်။
အဲ့တာက သောက်လို့ရတာလားဟ?
လျူယောင်တုန်၏ အမူအရာပင် အနည်းငယ် မည်းမှောင်သွားခဲ့သည် “ ဒီဟာက တကယ်ကြီးကို အကျိုးသက်ရောက်မှု ရှိလို့လား? “