ကြီးမားသော ရိတ်သိမ်းမှု !! အကျိုးပြုအမှတ် ၂၀၀၀၀ !! ၂
Vol. 14 Ch. 200
ဆိုတော့ …… ဒီဟာကြီးလား?
လျူတျန်မုက ဒါကို ယုံမှာလား?
တစ်ဖက်ရှိ ရှုကျိုးသည် စကားလုံးများ ဖြုန်းတီးမနေဘဲ ချီ-သွေးစမ်းသပ်သည့် ကိရိယာကို တိုက်ရိုက်ထုတ်ယူကာ သူ့ကိုယ်သူ စမ်းသပ်လိုက်သည်။
“ သေချာကြည့်ထား၊ ငါ့ရဲ့ အခုလက်ရှိ ချီ-သွေးက ၇၅၅ ယူနစ် “
ထို့နောက်တွင် သူသည် ခေါင်းကိုမော့ကာ အဆိုပါ အမည်းရောင် ဆေးရည်ကို သုံးပုံတစ်ပုံမျှ သောက်သုံးလိုက်သည်။
ထို့နောက်တွင် မည်သည့်စကားမှ မပြောဘဲ တင်ပျဥ်ခွေထိုင်လိုက်သည်။
၁၀စက္ကန့်
စက္ကန့်၂၀
စက္ကန့် ၃၀
မိနစ်ဝက်မျှ ကြာခဲ့ပြီးသည့်နောက်တွင် သူသည် မျက်လုံးများကို ဖွင့်ကာ စကားပြောလာခဲ့သည် “ အခု ငါ့ရဲ့ ချီ-သွေးက ဘယ်လောက်ဖြစ်သွားပြီလဲဆိုတာကို ကြည့်လိုက်? “
လျူယောင်တုန်သည် ကိရိယာကို အမြန်ယူ၍ စမ်းသပ်လိုက်ရာ အံ့ဩတကြီးဖြင့် အော်မိသွားခဲ့သည် “ ၇၅၆ ယူနစ်လား? တကယ်ကြီး အလုပ်ဖြစ်တာလား? “
…
ထိုအချိန်တွင် တစ်ခြားလူများမှာလည်း ကြက်သေသေသွားကြသည်။
တကယ်ကြီး အလုပ်ဖြစ်တာလားဟ?
အဲ့ဒီရှုပ်ယှက်ခတ်နေတဲ့ ပစ္စည်းက တကယ်ကြီး အလုပ်ဖြစ်သွားတယ်ပေါ့?
တကယ်ကြီးလားဟ?
လျူတျန်မုသည် ရုတ်တရက် ထရပ်လာခဲ့သည်။
ဟွမ်ရိချန်း၏ မျက်လုံးများလည်း ပြူးကျယ်သွားခဲ့သည်။
ကျောင်းယွင်ဖေးမှာလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည် “ ဆိုတော့ အဲ့တာပေါ့၊ ဒီတိုက်ပွဲရဲ့ နောက်ကွယ်မှာ ဒီလိုမျိုး အံ့ဩဖို့ကောင်းတဲ့ လျှို့ဝှက်ချက်မျိုး ရှိနေတာကိုး “
သူသည်လည်း တစ်ခြားလူများနှင့် ထပ်တူထပ်မျှ အံ့ဩတုန်လှုပ်နေခြင်း ဖြစ်သည်။
မိနစ်ဝက်အတွင်းမှာပင် ချီ-သွေး ၁ယူနစ်တိုးပွားခြင်း၊ အဆိုပါ အကျိုးသက်ရောက်မှုမှာ အံ့ဖွယ်ကောင်းလွန်းလှသည်။
သို့သော် မကြာခင်မှာပင် ကျောင်းယွင်ဖေးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ အဲ့တာက တိုက်ဆိုင်မှုများလား? “
တစ်ခြားလူများမှာလည်း ထိုကဲ့သို့ပင် တွေးတောနေကြသည်။
တိုက်ဆိုင်မှု တစ်ခုလား?
…
ထိုအချိန်၌ ရှုကျိုးသည် သူတို့တွေးတောနေသည့် အရာများကို သိနေပုံရပြီး၊ အနက်ရောင် ဆေးရည်နောက်တစ်လုပ် ထပ်သောက်လိုက်သည်။
မိနစ်ဝက်မျှ ကြာခဲ့ပြီးသည့်နောက်တွင်
ရှုကျိုးမှ သူ၏မျက်လုံးများကို ဖွင့်ကာ ပြောလာခဲ့သည် “ ငါ့ရဲ့ ချီ-သွေးကို စစ်ကြည့်လိုက် “
လျူယောင်တုန်မှ ထပ်မံ၍ စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပို၍ အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ၇၅၇ ယူနစ် !! “
နောက်ထပ် ၁ယူနစ် တိုးတက်ခြင်း !!!
ရှုကျိုးသည် သူ့ကို လျစ်လျူရှုထားကာ ကျန်ရှိနေသည့် ဆေးရည်ကို ထပ်သောက်လိုက်သည်။
ထို့နောက်တွင် သူသည် နောက်ထပ်မိနစ်ဝက်မျှ စောင့်ဆိုင်းနေတော့သည်။
ဤတစ်ကြိမ်၌ ရှုကျိုး မေးမြန်းစရာမလိုဘဲ၊ လျူယောင်တုန်မှ စိတ်လိုလက်ရဖြင့် ရှေ့တက်၍ စမ်းသပ်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လျူယောင်တုန် မိန်းမောသွားတော့သည် “ ၇၅၈ ယူနစ် !!! “
ဆေးရည်ကို သောက်သုံးလိုက်သည့် အချိန်တိုင်းတွင် ၁ယူနစ်စီတိုးတက်လာခဲ့သည်။
တစ်မိနစ်ခွဲအတွင်းမှာပင် ရှုကျိုးသည် သူ၏ ချီ-သွေးကို ၃ယူနစ်အထိ တိုးမြှင့်နိုင်ခဲ့သည်။
၃ယူနစ်၊ ထိုလူများသည် အဆိုပါ ပမာဏအထိ ရရှိရန်အတွက် အနည်းဆုံးအနေဖြင့် ငါးရက်မျှ ကျင့်ကြံရမည် ဖြစ်သည်။
ရှုကျိုးက တစ်မိနစ်ခွဲအတွင်းမှာ လုပ်ပြသွားတာလား?
ရှုကျိုးက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ?
လျူယောင်တုန်သည် အချက်အလက်များကို အမြန်ကြည့်ကာ၊ တအံ့တဩဖြစ်သွားတော့သည်၊ ထို့နောက်တွင် သူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
ဒီကောင် ……….. အစစ်အမှန် သိုင်းပညာဌာနက လျှို့ဝှက်ချက်ကို တကယ်ကြီး ခိုးထုတ်လာခဲ့တာလားဟ?
အကယ်၍ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဤဖြစ်စဥ်ကို မည်ကဲ့သို့ ရှင်းပြကြမည်နည်း?
ရှုကျိုးကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသည်၊ ချီ-သွေး ၃ယူနစ် တိုးတက်ခြင်းမှာ ကိုယ်ပွားမှ ထောက်ပံ့ပေးသည့် အကျိုးအမြတ်များဖြစ်သည်။
အနက်ရောင် ဆေးရည်အတွက်ကား၊ ၎င်းမှာ ဟန်ပြသက်သက်ဖြစ်သည်။
သို့သော် တစ်ခြားလူများ၏ မျက်လုံးများထဲတွင်မူ၊ ၎င်းက ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။
လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ထိုအချိန်တွင် ရှုကျိုးမှ စိတ်မရှည်စွာဖြင့် စကားပြောလာခဲ့သည် “ မပြီးသေးဘူးလား? ငါမင်းကို သုံးခါပြခဲ့ပြီးပြီ၊ အခုမင်းငါ့ကို ယုံပြီလား? “
“ ဒါပင်မဲ့ မင်းဟာမင်း လုပ်ကြည့်ပြီးမှ ကျရှုံးသွားရင်တော့ ငါ့ကို အပြစ်လာတင်လို့မရဘူး။ ဒီဟာက လူတွေအပေါ်မှာ မူတည်ပြီးတော့ ကွဲပြားတယ်၊ မှန်ကန်တဲ့ အခြေအနေ အချိန်အခါ ဖြစ်ဖို့ လိုတယ် “
ထို့နောက်တွင် သူသည် အေးအေးလူလူ ဆက်ပြောလာခဲ့သည် “ ကောင်းပြီ၊ မင်းလိုချင်တာလည်း ရသွားပြီဆိုတော့ ငါပြန်ပြီ “
ရှုကျိုး လှည့်ထွက်သွားတော့သည်။
လျူယောင်တုန်သည် သူ၏နောက်ကျောကို ကြည့်ကာ စကားပြောချင်နေခဲ့သော်လည်း မည်သည့်စကားလုံးမှ ထွက်မကျလာခဲ့ပေ။
သူသည်လည်း အဆိုပါ ပစ္စည်းက စစ်မှန်သည်ဟု ခံစားနေခဲ့ရသည်၊ သို့သော် ……..
ထားလိုက်ပါလေ၊ ဘာမှ မပြောတာက ပိုကောင်းပါတယ်။
ငါက အစစ်အမှန် သိုင်းပညာဌာနကမှ မဟုတ်တာ၊ အများကြီးတွေးပူနေဖို့ မလိုပါဘူး။
…
ရှုကျိုးထွက်သွားခဲ့သည့်နောက်၌
တောင်ထိပ်ပေါ်ရှိ လျူတျန်မုသည် သူ၏နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သစ်ပင်ရိပ်များထဲတွင် ပုန်းနေသည့် ဟွမ်ရိချန်းမှာလည်း သူ၏နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကျောင်းယွင်ဖေး၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့ပြီး၊ သူသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လူတောတော်များများသည် လျူယောင်တုန်၏ အရှေ့ဘက်တွင် ပေါ်လာကြသည်။
လျူတျန်မုမှ အပြုံးဖြင့် ပြောလာခဲ့သည် “ လျူယောင်တုန်၊ ငါ့ကို အချက်အလက်တွေ မြန်မြန်ပေးတော့၊ နောက်ကျရင် မင်းဆီကို အကျိုးပြုအမှတ်တွေ လွှဲပေးလိုက်မယ် “
လျူယောင်တုန်မှ သူ့ကို စိုက်ကြည့်လိုက်သည် “ အကျိုးပြုအမှတ်တွေကို အရင်လွှဲပေး၊ ဒါဆိုရင် ငါက ပစ္စည်းကို ပေးမယ် “
တစ်ဘက်ရှိ ကျောင်းယွင်ဖေးမှာလည်း အပြုံးဖြင့် ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ အရင်က မင်းတို့ကောင်တွေက ဘယ်ဈေးနဲ့ သဘောတူထားကြတာလဲ? “
“ ကျောင်းယွင်ဖေး !! “ လျူတျန်မု အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည် “ ငါနဲ့ လျူယောင်တုန်က သဘောတူထားခဲ့ပြီးသား၊ မင်းဝင်မစွက်ဖက်သင့်ဘူး “
ကျောင်းယွင်ဖေးမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ ဒီလိုဟာမျိုးတွေအတွက်က ဈေးအမြင့်ဆုံးပေးနိုင်တဲ့လူကပဲ ရရမှာ၊ လျူယောင်တုန်၊ ဟုတ်တယ်မလား? “
လျူယောင်တုန်၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လျူတျန်မုသည် အနည်းငယ် မကျေမနပ်ဖြစ်သွားတော့သည်။
သူသည် ဟွမ်ရိချန်းကို လှမ်းကြည့်ကာ လေသံတိုးတိုးလေးဖြင့် စကားပြောလိုက်သည် “ မင်းက ကျောင်းယွင်ဖေးကို ခေါ်လိုက်တာလား? “
ဟွမ်ရိချန်းမှ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ မင်းတို့ရဲ့ ဈေးကိုသာ ပြောလိုက် “
ထို့နောက်တွင် သူသည် စကားဆက်ပြောလာခဲ့သည် “ ငါတို့က အကျိုးပြုအမှတ် ၁သောင်းနဲ့ ကမ်းလှမ်းတယ် “
“ သောင်းတစ်ထောင် “ ကျောင်းယွင်ဖေးမှ ချက်ချင်း ဝင်ပြောလာခဲ့သည်။
“ သောင်းနှစ်ထောင် “ လျူတျန်မုမှ ပြန်ပြောလိုက်သည်။
“ သောင်းသုံးထောင် “
“ သောင်းသုံးထောင့်ငါးရာ “
လျူတျန်မုမှ အံကြိတ်၍ ပြောလာခဲ့သည် “ ကျောင်းယွင်ဖေး၊ မင်းရဲ့ အဘိုးက ဒုဌာနမှူးလေ၊ မင်းဆီမှာ ငွေမရှားဘူး၊ မင်းက ငါတို့နဲ့ ပြိုင်ချင်နေတာလား? “
“ ငါ့ဆီမှာ ငွေမရှားဘူးလို့ ဘယ်သူကပြောတာလဲ? “
ကျောင်းယွင်ဖေးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ကျောင်းကဖြစ်ဖြစ်၊ မိသားစုကပဲဖြစ်ဖြစ်၊ သူတို့ပေးတဲ့ အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်၊ ကျန်တာကတော့ ကိုယ့်ဟာကိုယ် တိုက်ပွဲဝင်ရတာပဲ “
“ ငါက ဒီအကျိုးပြုအမှတ်တွေကို အလွယ်တကူရခဲ့တယ်လို့ ထင်နေတာများလား? “
သူသည် ဤအချက်အလက်များကို အရယူရန် စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပြီဖြစ်သည်။
သူ၏လက်ထဲတွင်သာဆိုပါက ၎င်းသည် နတ်သိုင်းဌာနမှ အကြီးအကဲတို့၏ လက်ထဲသို့ ရောက်ရှိသွားမည် မဟုတ်ဘဲ၊ ဈေးအမြင့်ဆုံးပေးနိုင်သည့် လူဆီသို့သာ ၎င်းကို ရောင်းချလိုက်မည် ဖြစ်သည်။
ထို့နောက်တွင် ကျောင်းယွင်ဖေးမှ ဆက်လက်၍ ဈေးပေးလာခဲ့သည် “ တစ်သောင်းခွဲ “
လျူတျန်မုသည် အံကြိတ်ရင်းဖြင့် ဟွမ်ရိချန်းကို စိုက်ကြည့်လိုက်သည်၊ မင်းဘာလုပ်ခဲ့လဲဆိုတာကို ကြည့်လိုက်ဦး !!
ဟွမ်ရိချန်းကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်၊ ဤသည်မှာ သူလိုချင်သည့် ရလဒ်ဖြစ်သည်။
လျူတျန်မုဈေးမပေးနိုင်တော့သည့် အချိန်ရောက်မှသာ သူသည် အဆိုပါ ပစ္စည်း၏ ပိုင်ရှင်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
“ အကျိုးပြုအမှတ် နှစ်သောင်း !! “ ဟွမ်ရိချန်းမှ အေးစက်စွာ ပြောလာခဲ့သည်။
လျူတျန်မုနှင့် ကျောင်းယွင်ဖေးတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ဒီမအေ *$##
သူတို့နှစ်ဦးသည် ကျောင်းသားများသာ ဖြစ်ကြသည့်အတွက် ငွေများများ ရှိနေလိမ့်မည် မဟုတ်ပေ။
လက်ထောက် နည်းပြဆရာဖြစ်သည့် ဟွမ်ရိချန်းကသာလျှင် အလွန်ချမ်းသာနေလိမ့်မည် ဖြစ်သည်။
ကျောင်းယွင်ဖေးသည် အံကြိတ်၍ သက်ပြင်းချနေတော့သည် “ မေ့လိုက်တော့၊ အဲ့တာကို ငါမလိုချင်တော့ဘူး၊ မင်းပဲ ယူလိုက်တော့ “
သူက ဆက်၍မယှဥ်ပြိုင်လိုခြင်း မဟုတ်ပေ။
ဤကိစ္စ၏ နောက်ကွယ်၌ မသမာမှုတစ်ခုခု ရှိနေသည်ဟု သူခံစားနေခဲ့ရပြီး၊ အကယ်၍ အချည်းနှီးသာ ဖြစ်သွားမည်ဆိုပါက အကျိုးပြုအမှတ်များစွာ အလေအလွင့်ဖြစ်သွားရလိမ့်မည် ဖြစ်သည်။