အချိန်နှင့်ဒီရေသည် လူကို မစောင့် ၂
Vol. 14 Ch. 206
သူသည် ကိုယ်ပွား၏ ကြီးထွားမှု အမြန်နှုန်းနှင့် ပတ်သက်၍ အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်။
တစ်နေ့လျှင် ကီလိုဂရမ် ၃၀ ရရှိခြင်းမှာ ယခင်က အဆင်ပြေပုံရသော်လည်း၊ ယခုတွင် ၎င်းမှာ အတော်လေး နှေးကွေးနေပြီဟု သတ်မှတ်ရမည်ဖြစ်သည်။
ရှုကျိုးသည် နောက်ထပ် ဖြစ်ပေါ်လာမည့် ဆင့်ကဲပြောင်းလဲမှုကို များစွာမျှော်လင့်မိနေခဲ့သည်၊ ဒီတစ်ခါမှာရော အဲ့စွမ်းရည်က ဘယ်လောက်တိုးသွားမှာလဲ?
တစ်နေ့ကို ကီလိုဂရမ် ၅၀လား?
၁၀၀လား?
ဒါမှမဟုတ် ၂၀၀ ကီလိုဂရမ်လား?
မကြာခင်မှာပင် ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခုအချိန်မှာ အဲ့ကိစ္စကို ခဏလောက် ဘေးချိတ်ထားတာပေါ့ကွာ။
သူသည် ယခုလက်ရှိ အချိန်တွင် တစ်ခြားသောရည်မှန်းချက်တစ်ခုကို အောင်မြင်အောင် ပြုလုပ်ရဦးမည် ဖြစ်သည်။
“ အခုဆိုရင် ငါက သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားတဲ့ အဲ့ဒီပါရမီရှင်တွေကို ချက်ချင်းသတ်နိုင်ပြီလားဆိုတာကို သိချင်မိတယ် “ ရှုကျိုးသည် တွေးတောစဥ်းစားကာ အတော်လေးမျှော်လင့်မိနေတော့သည်။
…
ကွမ်ဟန်
ဤအမည်နာမကို ရှေးယခင်ကတည်းက ခေါ်ဆိုခဲ့ကြသည်။
အမည်အတိုင်းပင် ဤနေရာ၌ အလွန်အမင်းအေးမြနေခဲ့သည်။
ကမ္ဘာမြေသည် ကျယ်ပြန့်၊ အေးခဲနေခဲ့ကာ ဆီးနှင်းတို့ဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်။
ကျယ်ပြန့်နေသာ ဧရိယာတစ်ခု၌ ခံတပ်ကဲ့သို့သော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။
နန်းတော်အတွင်းပိုင်း
အစည်းအဝေး ခန်းမအတွင်း၌
လူတစ်စုသည် လေးနက်သော အမူအရာများဖြင့် ထိုင်နေကြပြီး၊ လေထုမှာ အနည်းငယ် ထုံထိုင်းနေလျက်ရှိသည်။
ထိုလူများသည် သူတို့၏ နေရာများတွင် ထိုင်နေကြပြီး၊ မည်သူကမှ စကားမပြောကြပေ၊ သို့သော် အစည်းအဝေးခန်းမအတွင်း၌ ပြင်းထန်သော ဖိနှိပ်မှု အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုလူများထဲမှ လူအများစုသည် ရန်ပြည်ထောင်၏ အဆင့်မြင့် အရာရှိများဖြစ်ကြပြီး၊ သူတို့၏အစွမ်းသည် အဌမအဆင့်အထက်တွင် ရှိနေခဲ့သည်။
ဤအချိန်၌ မည်သည့် အရှိန်အဝါကို မထုတ်လွှင့်ထားကြသော်လည်း၊ လေဟာနယ်ကိုပင် လိမ်ခေါက်တွန့်ကွေးကာ ပုံပျက်သွားစေသည့် အားတစ်ခု သက်ရောက်နေခဲ့သည်။
လျူချင်းယွမ်သည် အလယ်တွင် ထိုင်နေလျက်ရှိသည်။
ထိပ်ဆုံးခုံတွင် စစ်ဝတ်စုံကို ဝင်ဆင်ထားပြီး၊ ဒေါသထွက်မနေဘဲ ဩဇာအာဏာ အရှိန်အဝါကို ထုတ်လွှင့်နေသည့် အကြီးအကဲတစ်ဦး ထိုင်နေသည်။
ထိုအချိန်တွင် အကြီးအကဲတစ်ဦးမှ လေးနက်နေသော လေသံဖြင့် စကားပြောလာခဲ့သည် “ အားလုံးပဲ၊ ဒီတစ်ကြိမ်မှာ ခင်ဗျားတို့အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကို သိထားပြီးကြပြီဖြစ်မှာပါ “
လူအုပ်ကြီးမှ အသာအယာ ခေါင်းငြိမ့်လာကြသည်။
သူတို့သည် ထိုကိစ္စအတွက် ရောက်လာကြခြင်းဖြစ်သည်။
ရန်သူ့ဘက်တွင် အဆင့်မြင့် လူသားခေါင်းဆောင်တစ်ဦး ပေါ်လာခဲ့သည် !!
စစ်ဝတ်စုံဖြင့် အကြီးအကဲမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ငါက တစ်ခြားနိုင်ငံကြီးတွေ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပြီးပြီ “
“ နတ်သိုင်းဌာနရဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ အဲ့တာကို ဆက်လျှောက်ရမလား၊ ဘယ်လိုဆက်လျှောက်ရမလဲဆိုတာတွေအတွက်၊ ငါ့ဆီမှာ ဦးတည်ချက်တစ်ခု ရှိထားပြီ “
အားလုံး၏ ရင်ခုန်သံများပင် နှေးကျသွားခဲ့သည်။
ကြေးခေါင်းလောင်းကဲ့သို့သော မျက်လုံးများ၊ ဓားနှင့် ပုဆိန်တို့ဖြင့် ထွင်းထုထားသကဲ့သို့ မျက်နှာရှိသည့် သက်လတ်ပိုင်းလူတစ်ဦးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ အကြီးအကဲကျိုး၊ ခင်ဗျားက ဘာကိုပြောချင်နေတာလဲဗျ? ”
အကြီးအကဲကျိုးမှ တလေးတနက် ပြောလာခဲ့သည် “ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနကြားမှာ ရှိတဲ့တိုက်ပွဲတွေက ဒီနေရာမှာ အဆုံးသတ်သင့်နေပြီလို့ ငါထင်တယ် “
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
အကြီးအကဲကျိုးက စနစ်တစ်ခုကို လုံးဝဖြိုဖျက်လိုက်တော့မှာလား?
အဲ့တာက နတ်သိုင်းဌာနလား? ဒါမှမဟုတ် အစစ်အမှန် သိုင်းပညာဌာနလား?
အရှေ့ဘက်ရှိ သက်လတ်ပိုင်းလူကြီးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီကိစ္စက သေချာစဥ်းစားဖို့လိုအပ်တယ်။ နတ်သိုင်းဌာနမှာ ပြဿနာတစ်ချို့ ရှိနေပင်မဲ့၊ အဖြေတွေ ရှိနေပါသေးတယ်။ အဲ့အတွက်ကြောင့်နဲ့ နတ်သိုင်းဌာနတစ်ခုလုံးကို ဖြိုခွဲလိုက်ဖို့က အကြောင်းအရင်း မခိုင်လုံဘူးလေ၊ ဟုတ်တယ်မလား? “
သူ့ဘေးနားရှိ ရွှေအိုရောင် ဆံပင်နှင့် လူအိုကြီးတစ်ဦးမှ ခေါင်းကို ခါရမ်း၍ ပြောလာခဲ့သည် “ တကယ်လို့ တစ်ခုခုကိုသာ ဖြိုဖျက်ရမယ်ဆိုရင်၊ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနပဲ ဖြစ်သင့်တယ် “
“ ဒီနှစ်တွေအတွင်းမှာ အစစ်အမှန် သိုင်းပညာဌာနက ကျရှုံးနေခဲ့တာလေ၊ နတ်သိုင်းဌာနနဲ့လည်း ယှဥ်နိုင်စွမ်းမရှိတော့ဘူး၊ ဒါပင်မဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကိုတော့ အများကြီး သုံးဖြုန်းနေခဲ့တယ်လေ “
“ တကယ်လို့ ကျုပ်တို့ကသာ အစစ်အမှန် သိုင်းပညာဌာနကို အစောကြီးကတည်းက ဖျက်သိမ်းလိုက်မယ်ဆိုရင်၊ နတ်သိုင်းဌာနက အဲ့ဒီကျင့်ကြံရေး အရင်းအမြစ်တွေနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ဘယ်လောက်တောင် မွေးထုတ်ပေးနိုင်ခဲ့မလဲ? “
အစစ်အမှန် သိုင်းပညာဌာနက ကြီးမားသော ကျင့်ကြံရေး အရင်းအမြစ်ပမာဏအား စားသုံးသည်ဆိုသည်ကို လူတိုင်းကောင်းစွာ သိရှိထားကြသည်။
အထူးသဖြင့် တတိယအဆင့် နောက်ပိုင်းတွင်ဖြစ်ပြီး၊ သုံးစွဲရသည့် ကျင့်ကြံရေး အရင်းအမြစ်များသည် ကြီးမားများပြားလှသည်။
နှစ်ကာလများတစ်လျှောက်တွင် နိုင်ငံတော်သည် အစစ်အမှန် သိုင်းပညာဌာနထံတွင် အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံထားခဲ့သည်၊ သို့သော် အဆင့်မြင့် ပညာရှင်တစ်ဦးတစ်လေပင် မထွက်ပေါ်လာခဲ့ပေ။
အကယ်၍ အဆိုပါ အရင်းအမြစ်အားလုံးကို နတ်သိုင်းဌာနတွင် ရင်းနှီးမြှုပ်နှံခဲ့မည်ဆိုပါက အနည်းဆုံးအနေဖြင့် အဆင့်မြင့် ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့မည် ဖြစ်သည်။
ထိုအချိန်တွင် အသံတစ်ခုသည် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာန ကျဆုံးသွားခဲ့ရတာက အစစ်အမှန် သိုင်းပညာဌာနကိုပဲ အပြစ်တင်နေလို့ မရဘူး “
လူတိုင်း မှင်သက်သွားပြီး၊ လျူချင်းယွမ်ကို လှည့်ကြည့်လာကြသည်။
လျူချင်းယွမ်မှ တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် စကားဝင်ပြောလာခဲ့သည် “ ဌာနမှူးချန်ရဲ့ မျိုးဆက်တွေ ကျဆုံးသွားခဲ့တဲ့အချိန်ကစပြီးတော့ အစစ်အမှန် သိုင်းပညာဌာနပေါ်မှာရှိနေတဲ့ နတ်သိုင်းဌာနရဲ့ ဖိနှိပ်မှုက တစ်နေ့တစ်ခြား ပိုပိုပြီးတော့ ဆိုးလာခဲ့တယ် “
“ ဥပမာအနေနဲ့ ဒီနှစ်ကိုပဲ ကြည့်လိုက်ပါ၊ အဆုံးမှာ ကျွန်တော်တို့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက လူသစ် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ နတ်သိုင်းဌာနက သူ့ကို ပစ်မှတ်ထားဖို့အတွက် တတိယအဆင့် ပညာရှင်ကိုတောင် လွှတ်ခဲ့တယ်လေ “
“ ဒီလိုပြင်းထန်လွန်းတဲ့ ဖိအားတွေအောက်မှာ လူဘယ်နှယောက်လောက်ကများ အစစ်အမှန် သိုင်းပညာဌာနဘက်မှာ ကျန်နေခဲ့မှာလဲ? သူတို့အားလုံးက နတ်သိုင်းဌာဘက်ကို ပြောင်းသွားကြပြီလေ “
“ အခြေခံအုတ်မြစ် မရှိ၊ သွေးသစ်တွေ မရှိဘဲနဲ့၊ အစစ်အမှန် သိုင်းပညာဌာနက အဆင့်မြင့် ပညာရှင်တွေကို ဘယ်လိုလုပ်မွေးထုတ်ပေးနိုင်မှာလဲ? “
ရွှေအိုရောင် ဆံပင်နှင့် အကြီးအကဲမှ မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ မင်းရဲ့ ကွမ်ဟန် တက္ကသိုလ်မှာ ဖြစ်ခဲ့တဲ့ အရာတွေအားလုံးက လူငယ်မျိုးဆက်တွေကြားက ပြိုင်ဆိုင်မှုပဲလေ၊ အဲ့တာတွေကို ဒီစားပွဲပေါ် မယူလာသင့်ဘူး “
“ လူငယ်မျိုးဆက်တွေကြားက ပြိုင်ဆိုင်မှုလား? “
လျူချင်းယွမ်သည် တဟားဟား ရယ်မော၍ ခေါင်းတခါခါ ဖြစ်သွားတော့သည် “ ဒါဆိုရင်လည်း ကျွန်တော့်ရဲ့ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်အကြောင်းကို မပြောဘဲ နေကြတာပေါ့။ နိုင်ငံထဲမှာရှိတဲ့ တစ်ချို့ အဓိက တက္ကသိုလ်ကြီးတွေဆီမှာ နတ်သိုင်းဌာနက တာဝန်ယူပြီးတော့ အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းကို စပြီးတော့တောင် ဖျက်ဆီးနေကြပြီ “
“ အဲ့လိုဟာမျိုးက ပြိုင်ဆိုင်မှုလေးပဲလား? “
လျူချင်းယွမ်သည် အသာအယာ သက်ပြင်းချနေတော့သည် “ တကယ်လို့ အကြီးအကဲကျိုးက အစစ်အမှန် သိုင်းပညာဌာနကို ဖျက်သိမ်းချင်တယ်ဆိုရင်၊ ကျွန်တော် စောဒကတက်နေမှာ မဟုတ်ဘူး၊ ဒါပင်မဲ့ နတ်သိုင်းဌာက လုပ်တဲ့ဟာတွေကတော့ ပြိုင်ဆိုင်မှုရဲ့ မူလရည်ရွယ်ချက်တွေကို ချိုးဖောက်နေခဲ့ပြီးပြီ “
“ ဒါက ပြိုင်ပွဲ မဟုတ်ဘူး၊ သေခြင်းရှင်ခြင်း ရန်ငြှိုးပဲ “
မည်သူမှ စကားမပြောကြတော့ပေ။
လူတော်တော်များများသည် နတ်သိုင်းဌာန၏ လုပ်ရပ်များကို သတိပြုမိထားကြသည်။
ဌာနနှစ်ခုကြားရှိ ပြိုင်ဆိုင်မှုသည် အဆင့်မြင့် အရာရှိများမှ စီစဥ်ပေးထားခဲ့ခြင်းဖြစ်သည်။
ပြိုင်ဆိုင်မှုမရှိပါက တိုးတက်မှု ရှိလာလိမ့်မည် မဟုတ်ပေ။
အစကနဦးတွင် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့ကြားရှိ ယှဥ်ပြိုင်မှုမှာ ကောင်းသော အရာတစ်ခုဖြစ်ခဲ့ပြီး၊ ဌာနနှစ်ခုစလုံးကို မြန်မြန်ဆန်ဆန် ကြီးထွားတိုးတက်စေခဲ့သည်။
သို့သော် အစစ်အမှန် သိုင်းပညာဌာန၏ ယခင်ဌာနမှူးချန်၏ မျိုးဆက်များ သေဆုံးသွားခဲ့သည့် အချိန်မှစ၍ ဌာနနှစ်ခုကြားရှိ ပြိုင်ဆိုင်မှု သဘောသဘာဝမှာလည်း ပြောင်းလဲသွားခဲ့သည်။
နတ်သိုင်းဌာနမှ ပြုလုပ်လာခဲ့သည့် ဖိနှိပ်မှုသည် သာမန်ပြိုင်ပွဲလေးတစ်ခု မဟုတ်တော့ဘဲ၊ လမ်းကြောင်းကို ဖြတ်တောက်ခြင်း (သို့) အမွေအနှစ်ကို ဖျောက်ဖျက်ခြင်းအဆင့်အထိ ဖြစ်လာခဲ့ပြီဖြစ်သည်။
ထူးဆန်းစွာဖြင့် အဆင့်မြင့် အရာရှိတို့၏ မည်သည့်ကြားဝင်စွက်ဖက်မှုမှ မဖြစ်ပေါ်လာခဲ့ပေ။
ထိုကဲ့သို့ ဖြစ်ခဲ့ရခြင်းအတွက် တစ်ခြားသော အကြောင်းပြချက်တစ်ခုလည်း ရှိနေသေး၏။
အစစ်အမှန် သိုင်းပညာဌာန၏ အဆင့်တူတွင် ပြိုင်ဘက်ကင်းခြင်းမှာ ဟိုယခင်အချိန်ကလိုမျိုး တန်ဖိုးမရှိတော့သောကြောင့် ဖြစ်သည်။
ရွှေအိုရောင်ဆံပင်နှင့် အကြီးအကဲမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက အဆင့်တူမှာ ပြိုင်ဘက်ကင်းတဲ့အတွက် အမြဲလိုလိုကျော်ကြားခဲ့တယ်၊ ဒါပင်မဲ့ အခုတော့ နတ်သိုင်းဌာနက ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေမှာ ပြိုင်ဘက်ကင်းတဲ့ ကလေးတွေ မွေးထုတ်ပေးနိုင်တဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်းတစ်ခုကို တီထွင်ဖန်တီးပေးထားခဲ့ပြီ “
“ ပြိုင်ဘက်ကင်းလမ်းကြောင်းက နတ်သိုင်းဌာနရဲ့ လက်ထဲကို ရောက်လာခဲ့ပြီ “
“ ဒီလိုအခြေအနေမျိုးမှာ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျဆုံးမှုက မလွဲမသွေ ဖြစ်ပေါ်လာရမှာပဲ “
လူတိုင်း အသာအယာ ခေါင်းငြိမ့်လာကြသည်။
အကယ်၍ သားရဲအူတိုင်များနှင့် ပတ်သက်သည့် ပြဿနာသာ မပေါ်လာခဲ့ဘူးဆိုပါက လူတော်တော်များများသည် အစစ်အမှန် သိုင်းပညာဌာနကို ဖျက်သိမ်းရန်အတွက် အဆိုပြုလာကြမည် ဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနမှ ပိုင်ဆိုင်ခဲ့ဖူးသည့် အောင်မြင်မှုနှင့် ဂုဏ်သိက္ခာတို့သည် နတ်သိုင်းဌာနသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။