နတ်သားရဲ သွေးမျိုးဆက် !! ၂
Vol. 14 Ch. 204
ရှုကျိုးသည် နတ်သားရဲသွေးမျိုးဆက်ပါသည့် သားရဲကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
“ နည်းနည်းတော့ ပြဿနာများပြီ “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောချင့်ချိန်နေတော့သည်။
ပထမအဆင့် အဆင့်၉ သားရဲ များစွာရှိနေခဲ့သည်၊ ထို့အပြင် ၎င်းတို့သည် နတ်သားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။
အရေးအကြီးဆုံး အရာကမူ ၎င်းတို့၏ အရေပြားက အလွန်ထူထဲမာကြောနေခြင်းပင် ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ရွှေတောင်ပံ T-Rexကြီးမှာ ပျံသန်းနေနိုင်ခဲ့သည်။
“ ဝှစ် !! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် T-Rexကြီးသည် ၎င်း၏တောင်ပံများကို ခတ်ကာ လေထဲသို့ တက်သွားသည်။
အမြင့်တစ်နေရာအထိ တက်သွားခဲ့ပြီး၊ ထို့နောက်တွင် တောင်ပံများကို ဖြန့်ကာ ထပ်မံ၍ ခုန်ဆင်းလာခဲ့သည်။
ဘမ်းဟူသောအသံနှင့်အတူ ၎င်းသည် နွားခေါင်းသားရဲ၏ ကျန်ရှိနေသည့် ချိုတစ်ခေါင်းကိုပါ ဖျက်စီးပစ်လိုက်သည်။
ထို့နောက်တွင် ၎င်းသည် ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားပြန်သည်။
“ မူးးး၊ မူးးးး၊ မူးးးးး “
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော တစ်ခြားသော နွားခေါင်းသားရဲများသည် ဒေါသများ တချောင်းချောင်းထွက်သွားကြပြီး၊ သွေးများဆူပွက်သွားကြသည်။
၎င်းတို့အားလုံးသည် ရှုကျိုးက သူ၏ ဝေဟင်အားသာချက်ကို သုံးကာ သူတို့ကို ကစားနေမှန်း နားလည်နေကြသည်။
သို့သော် စိတ်ညစ်ဖွယ်အကောင်းဆုံးအရာမှာ သူတို့က မပျံသန်းနိုင်ကြသောကြောင့် ကောင်းကင်ယံရှိ ရှုကျိုးကို မတိုက်ခိုက်နိုင်ခြင်းပင် ဖြစ်သည်။
၎င်းတို့သည် ၎င်းတို့၏ စွမ်းရည်များကို ထုတ်သုံးနိုင်ကြသည်၊ သို့သော် ၎င်းတို့မှာ အလိုရှိသလို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်သည့် အရာများ မဟုတ်ပေ။
ပထမအဆင့် အဆင့်၇က ကောင်လေးတစ်ကောင်ကို ကိုင်တွယ်ဖို့အတွက် ငါတို့ရဲ့ မွေးရာပါ စွမ်းရည်တွေကို သုံးရမှာလား? အဲ့တာဆိုရင် တော်တော်လေး ရယ်စရာကောင်းသွားလိမ့်မယ်။
“ ဝှစ် !! “
ရွှေတောင်ပံ T-Rexကြီးသည် အောက်သို့ တစ်ဖန်ပြန်၍ ထိုးဆင်းလာခဲ့ပြီဖြစ်ပြီး၊ နောက်ထပ် နွားဦးခေါင်း သားရဲတစ်ကောင်၏ ချိုကို ဖျက်စီးပစ်လိုက်သည်။
“ ဝရောာာ “
ထိုအချိန်၌ နွားဦးခေါင်းသားရဲသည် ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ ၎င်း၏ စွမ်းရည်ကို အသုံးပြုကာ ရှုကျိုးကို စတင်၍ တိုက်ခိုက်လာခဲ့သည်။
မကြာခင်မှာပင် တစ်ခြားသော အကောင်များမှာလည်း ၎င်းတို့၏ စွမ်းရည်များကို အသက်သွင်းကာ ဝိုင်းဖွဲ့၍ တိုက်ခိုက်လာကြသည်။
လေတိုးသံများ အော်မြည်နေလျက်ရှိသည်။
ချက်ချင်းဆိုသလိုပင် ရောင်ခြည်တန်းများစွာသည် ရှုကျိုးထံသို့ တိုးဝင်လာခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးသည် ၎င်းတို့ကို လျင်မြန်စွာ ရှောင်တိမ်းနေတော့သည်။
သို့ရာ၌ ရောင်ခြည်တန်း အနည်းငယ်က ၎င်းကို ထိမှန်နေစဲပင် ဖြစ်သည်၊ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် ဒဏ်ရာတစ်ချို့ ဖြစ်ပေါ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့အားလုံးသည် သေးငယ်သော ဒဏ်ရာလေးများသာ ဖြစ်နေခဲ့သည်။
ရွှေတောင်ပံ T-Rexကြီး၏ ယခုလက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုသည် အတော်လေး မြင့်မားနေခဲ့ပြီး၊ တစ်ချို့သော ဒုတိယအဆင့် ဗီဇပြောင်းသားရဲများဖြင့်ပင် ယှဥ်နေနိုင်ပြီဖြစ်သည်။
အဆိုပါ နွားခေါင်းသားရဲတို့၏ စွမ်းရည်များသည် ရှုကျိုးကို ဒဏ်ရာရသွားစေခဲ့သော်လည်း နာကျင်အောင် မပြုလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် ရှုကျိုးသည် ဆက်လက်၍ ရှောင်ရှားနေခဲ့သည်။
အဆိုပါ နွားခေါင်းသားရဲများ ခြေကုန်လက်ပန်းကျသွားသည်နှင့်တစ်ပြိုင်နက် သူ၏တန်ပြန်ထိုးစစ် စတင်မည် ဖြစ်သည်။
၅မိနစ်ကြာခဲ့ပြီးသည့်နောက်၌
နွားဦးခေါင်း သားရဲအားလုံးသည် ကြောက်ရွံ့မှုများကို စတင်၍ ပြသလာခဲ့ပြီဖြစ်သည်။
သူတို့သည် သူတို့၏ စွမ်းရည်များကို အသုံးပြုနေရသဖြင့် မောပန်းသွားကြပြီ ဖြစ်သည်၊ သို့သော် T-Rexကြီးကို အမှောက်မသိပ်နိုင်သေးပေ။
“ မူးးး “
နွားဦးခေါင်း သားရဲခေါင်းဆောင်ကြီးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဆိုသည်ကို သတိပြုမိသွားကာ အရင်ဦးဆုံး ဟိန်းဟောက်လာခဲ့ပြီး၊ ထို့နောက်တွင် အဝေးတစ်နေရာသို့ ပျံထွက်သွားတော့သည်။
တစ်ခြားသော နွားခေါင်းသားရဲတို့မှာလည်း ထိတ်လန့်တကြားဖြင့် စတင်၍ ပြေးလွှားနေကြတော့သည်။
သို့သော် ရှုကျိုးကား ၎င်းတို့ကို လွတ်မြောက်သွားခွင့်မပေးချေ။
“ ဝေါင်းးး ~~ “
ကျယ်လောင်ကာ ကြီးစိုးသည့် ဟိန်းဟောက်သံတစ်ခုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုပင် လှုပ်ခါသွားစေခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ရွှေနက်ရောင် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့သည်၊ ထို့နောက်တွင် ကြယ်ကြွေသကဲ့သို့ ဆင်းသက်လာခဲ့သည်။
ကြီးမားကျယ်ပြန့်သော တောင်ပံကြီးများသည် နွားဦးခေါင်းကို ရိုက်ချ ချေမွလာခဲ့သည်။
ဝုန်းးးး !!!
ပြေးလွှားသည့် နွားဦးခေါင်းသားရဲသည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ၊ တိုက်ရိုက်ချေမွခံလိုက်ရကာ၊ နေရာမှာပင် ကိုယ်တစ်ခြမ်း ကွဲအက်သွားခဲ့သည်။
“ မူးးး !!! “
အရှေ့ဘက်ရှိ နွားဦးခေါင်းသားရဲ ခေါင်းဆောင်ကြီးသည် ရွှေတောင်ပံ T-Rexကြီးကို လှည့်ကြည့်ကာ တောင်းပန်နေသကဲ့သို့ ဟိန်းဟောက်လာခဲ့သည်။
ထိုအချိန်၌ ၎င်းသည် ဤနယ်မြေထဲသို့ ဝင်လာခဲ့ပြီး၊ ပြိုင်ဘက်ကို စော်ကားခဲ့မိသည့်အတွက် အတော်လေး နောင်တရနေခဲ့ပြီဖြစ်သည်။
ရွှေတောင်ပံ T-Rexကြီးကမူ ၎င်းကို လျစ်လျူရှုထားပြီး၊ ရှေ့သို့တက်လာကာ နွားဦးခေါင်း သားရဲခေါင်းဆောင်ကြီးကို တိုက်ခိုက်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် နွားဦးခေါင်းသားရဲ ခေါင်းဆောင်ကြီးသည် ထပ်မံ၍ ပြေးလွှားမနေတော့ဘဲ၊ အံကြိတ်၍ နောက်ပြန်လှည့်လာခဲ့ကာ T-Rexကြီးကို ပြန်လည်တိုက်ခိုက်လာခဲ့သည်။
၎င်းသည် ၎င်း၏ ချိုများကို မြှောက်ကာ T-Rexကြီးကို ချိန်ရွယ်၍ အကြမ်းပတမ်း ဝှေ့လာခဲ့သည်။
ခရက် !!
တစ်ခုခု ကျိုးပဲ့ပျက်စီးသွားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နွားဦးခေါင်းသားရဲခေါင်းဆောင်ကြီး၏ ဦးချိုများ အကိုက်ခံလိုက်ရသည်။
“ မူးး? “ ၎င်းသည် အလွန် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ဘယ်လိုကောင်ကြီးလဲ၊ ငါ့ရဲ့ ချိုတွေကိုတောင် ကိုက်ဖြတ်နိုင်တယ်ပေါ့?
ရွှေတောင်ပံ T-Rexကြီးသည် ၎င်းကို လျစ်လျူရှုထားပြီး၊ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ရွှေနက်ရောင် တောင်ပံများကို အားပါပြင်းထန်စွာ လွှဲရမ်းလိုက်ပြီး၊ နွားဦးခေါင်းသားရဲကြီး၏ ဦးခေါင်းကို လှီးချလိုက်သည်။
“ ဖောက် !! “
ချက်ချင်းဆိုသလိုပင် ဦးခေါင်းတစ်လုံး ပေါက်ကွဲသွားခဲ့သည်။
နွားဦးခေါင်းသားရဲခေါင်းဆောင်ကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်၌ တစ်ခြားသော နွားဦးခေါင်းသားရဲများ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြစ်တည်လာခဲ့သည်။
ခေါင်းဆောင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သောကြောင့် ၎င်းတို့သည် ရှုကျိုး၏ ပြိုင်ဘက်ဖြစ်နေလိမ့်မည် မဟုတ်ပေ။
ရှေ့ဆက်ဖြစ်ပေါ်လာသည့် အရာကား တစ်ဖက်သတ် သတ်ဖြတ်ပွဲပင် ဖြစ်သည် !!
…
မိနစ် ၂၀ကြာခဲ့ပြီးသည့်နောက်၌
ရွှေတောင်ပံ T-Rexကြီးသည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ စိတ်ကျေနပ်သွားခဲ့သည်။
တိုက်ပွဲသည် အတော်လေး ကြမ်းတမ်းလွန်းခဲ့သည်။
နွားဦးခေါင်း သားရဲအကုန်လုံးကို သတ်ဖြတ်နိုင်ရန်အတွက် နာရီဝက်တိတိ အချိန်ယူခဲ့ရလေသည်။
အကယ်၍ ၎င်းတို့ကသာ တစ်ခြားသော သားရဲမျိုးစိတ် တစ်ခုခု ဖြစ်နေမည်ဆိုပါက ရှုကျိုးက ၎င်းတို့ကို အနိုင်ရခဲ့သည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
“ ဒီလိုသောက်ရမ်းကြမ်းတဲ့ သားရဲမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ခဲ့ဖူးတာပဲ “
ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ အဲ့တာက နတ်သားရဲ သွေးမျိုးဆက် ဖြစ်သင့်တယ်လေ၊ ဟုတ်တယ်မလား? တကယ်လို့ အဲ့လိုသာဖြစ်နေမယ်ဆိုရင် ဒီအလောင်းတွေမှာ အာဟာရဓာတ်တွေ အများကြီး ပါနေမှာပဲ “
ရွှေတောင်ပံ T-Rexကြီးသည် ရှေ့သို့တိုးသွားကာ ၎င်း၏ ခြေသည်းများကို ဆန့်တန်းလိုက်ပြီး၊ နွားဦးခေါင်းသားရဲ၏ နှလုံးကို ထုတ်ယူလိုက်သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ ၎င်းသည် ကြည်လင်နေသည့် အူတိုင်တစ်ခုကို ဆွဲဆုပ်မိသွားခဲ့သည်။
“ သားရဲအူတိုင်လား? “ ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သို့သော် သူ အံ့ဩမသွားခဲ့ပေ။
သားရဲအူတိုင်မှာ ရှားပါးလွန်းလှသည်၊ သို့သော် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် အချိန်အတော်ကြာ နေနေခဲ့ရသောကြောင့် ရှုကျိုးသည် အတော်အတန် စုဆောင်းမိနေခဲ့ပြီဖြစ်သည်။
ရွှေတောင်ပံ T-Rexကြီးသည် အလောင်းများခွဲခြမ်းကာ ဆက်လက်၍ ရှာဖွေစစ်ဆေးနေတော့သည်။
မကြာခင်မှာပင် ၎င်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
ဗြုတ် !!! ဗြုတ် !! ဗြုတ် !
သားရဲအူတိုင်များ တစ်ခုပြီးတစ်ခု ဆွဲထုတ်ခံနေခဲ့ရသည်။
နွားဦးခေါင်းသားရဲတိုင်းလိုလိုတွင် သားရဲအူတိုင်များ ပါရှိနေခဲ့သည်။
၅မိနစ်ကြာခဲ့ပြီးသည့်နောက်၌
ရွှေတောင်ပံ T-Rexကြီးသည် မြေပြင်ပေါ်ရှိ သားရဲအူတိုင်ပုံကြီးကို မိန်းမောစွာ စိုက်ကြည့်နေခဲ့သည်။
၎င်းသည် ဤမျှ ကြွယ်ဝသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ချေ။
ဒါဇင်နှင့်ချီသည် နွားဦးခေါင်းသားရဲအုပ်ထဲတွင် နှစ်ကောင်၊ သုံးကောင်ခန့်ကသာ သားရဲအူတိုင် မပါရှိခြင်းဖြစ်သည်။
ကျန်ရှိနေသည့် အကောင်းများထံတွင် သားရဲအူတိုင်များပါရှိနေခဲ့သည်။ အရေးအကြီးအဆုံးကား ၎င်းတို့မှာ သာမန်သားရဲအူတိုင်များ မဟုတ်ဘဲ နတ်သားရဲ သွေးမျိုးဆက် ပါရှိသည့် ပထမအဆင့် အဆင့်၉ သားရဲအူတိုင်များဖြစ်သည်။
“ ဒါတွေက ….. “ ရှုကျိုး၏ မျက်လုံးများ တဖျတ်ဖျတ် ခတ်သွားရတော့သည် “ ငါ့ရဲ့ စွမ်းအားကို သိသိသာသာ တိုးတက်သွားစေနိုင်တယ် “
သို့ရာ၌ သူ၏အတွေးထဲတွင် မေးခွန်းတစ်ခုကသာ လွှမ်းမိုးကြီးစိုးနေလျက်ရှိသည်။
“ ဒါဆိုရင် နတ်သားရဲသွေးမျိုးဆက်ရှိတဲ့ ဗီဇပြောင်းသားရဲတိုင်းမှာ သားရဲအူတိုင်တွေ ရှိနေတာများလား? “
“ အဲ့တာဆိုရင် တကယ့် နတ်သားရဲသွေးမျိုးဆက်တွေဆီမှာက သားရဲအူတိုင်တွေထပ် ပိုပြီးတော့ တန်ဖိုးကြီးတဲ့ ဟာတွေတောင် ရှိနေမှာပဲ “
ထိုအချိန်၌ ရှုကျိုးသည် အနည်းငယ် မျှော်လင့်မိနေတော့သည်။
သို့သော် နတ်သားရဲဆိုသည်မှာ သူ့အတွက် အတော်လှမ်းနေသေးစဲဖြစ်သည်။
“ အရင်ပြန်တာပေါ့ကွာ “
ရွှေတောင်ပံ T-Rexကြီးသည် ရိက္ခာအပြည့်ဖြင့် ၎င်း၏ ပိုင်နက်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
အဆိုပါ သားရဲအူတိုင်များသည် ကြီးမားသော တိုးတက်ပြောင်းလဲမှုများကို ယူဆောင်ပေးမည် ဖြစ်သည်၊ ဤပွဲတော်ကြီးကို အမြန်ဆုံး စားသုံးခြင်းကသာလျှင် ပိုကောင်းမည် ဖြစ်သည်။
ထိုအချိန်၌ ရှုကျိုးနှင့် သူ၏ကိုယ်ပွားတို့သည် တစ်ပြိုင်နက် ကျင့်ကြံနေကြပြီ ဖြစ်သည်။
သူတို့လေ့ကျင့်နေသည့် အချိန်တွင် ကျန်းချွမ်မှာ တဖြည်းဖြည်း သတိပြန်ရလာခဲ့ပြီဖြစ်သည်။
သူ၏ ပထမဦးဆုံးသော လှုပ်ရှားမှုကား “ ရှုကျိုး ဘယ်မှာလဲ? “
“ ရှုကျိုးက ပြန်သွားပြီလေ “ ဟုလျူယောင်တုန်မှ ပြန်ဖြေလိုက်သည်။
ကျန်းချွမ်သည် သူ၏ခေါင်းကို ပွတ်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည် “ သူက သတိမမေ့သွားဘူးလား? “
“ မမေ့ဘူး “ လျူယောင်တုန်မှ ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် “ မင်းက သဘောတူညီချက်ကိစ္စကို စိုးရိမ်သင့်တာ မဟုတ်ဘူးလား? “
“ အို့၊ အရောင်းအဝယ်ကိစ္စက ဘယ်လိုဖြစ်သွားလဲ? “
“ ငါတို့က အဲ့တာကို အကျိုးပြုအမှတ် ၂သောင်းနဲ့ ရောင်းနိုင်ခဲ့တယ် “ လျူယောင်တုန်မှ စိတ်လှုပ်ရှားမှုများဖြင့် ပြောလာခဲ့သည်။
“ နှစ်သောင်းလား? “ ကျန်းချွမ်မှာလည်း အံ့အားသင့်သွားခဲ့သည်။
အကျိုးပြုအမှတ်များနှင့် ယှဥ်လိုက်မည်ဆိုပါက သူသည် တိုက်ပွဲကို ပို၍စိုးရိမ်ပူပန်လေသည်။
“ အရင်တိုက်ပွဲတုန်းက ငါနိုင်သွားခဲ့ပင်မဲ့၊ အဲ့တာက နိုင်ပွဲနဲ့ မတူတဲ့ အောင်ပွဲတစ်ခုပဲ “
ကျန်းချွမ်မှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ငါပြန်ကောင်းသွားတာနဲ့ ရှုကျိုးနဲ့ ပြန်တိုက်ရမယ်၊ ဒီတစ်ကြိမ်မှာ ငါက သူ့ကို မျှမျှတတ အနိုင်ယူရမယ် “
လျူယောင်တုန်သည် ကူရာကယ်ရာမဲ့နေသော အကြည့်မျိုးဖြင့် သူ့ကို ကြည့်လိုက်သည်။
တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့ပြီးသည့်နောက်၌ သူသည် ရုတ်တရက် ပြောပြလိုက်သည် “ အစ်ကို၊ ရှုကျိုးက နတ်သိုင်းဌာနက သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားတဲ့ ပါရမီရှင်တိုင်းကို စိန်ခေါ်ထားတယ်။ အခုကစ နောက်ဆယ်ရက်အကြာမှာ တိုက်ခိုက်ကြမှ၊ တကယ်လို့ မင်းက သူနဲ့ ပြန်တိုက်ချင်တယ်ဆိုရင်၊ အချိန်မှီသေးတယ် “
“ ဘာကြီး? “
ကျန်းချွမ် မှင်သက်သွားတော့သည် “ ဆယ်ရက်အတွင်းမှာ သူက လူတိုင်းကို စိန်ခေါ်လိုက်တာလား? “
“ သူရူးသွားတာလား? သူရဲ့ ဒဏ်ရာတွေကက ဆယ်ရက်အတွင်းမှာ အပြည့်အဝ ပြန်မကောင်းသွားနိုင်ဘူးလေ၊ ဟုတ်တယ်မလား? “
လျူယောင်တုန်မှ ခေါင်းခါပြလိုက်သည် “ ရှုကျိုးက အဲ့လောက်ထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ငါမထင်ဘူး “
“ မဖြစ်နိုင်တာ “
ကျန်းချွမ်မှ တလေးတနက် ပြောလာခဲ့သည် “ ငါက အရိုး ဒါဇင်နဲ့ချီကျိုးသွားပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာလေ၊ ရှုကျိုးရဲ့ အရိုးတွေကလည်း ကျိုးနေသင့်တယ်လေ၊ ဟုတ်တယ်မလား? “
လျူယောင်တုန်မှ ခေါင်းခါပြလိုက်သည် “ အဲ့လို မဟုတ်လောက်ဘူး၊ သူထွက်သွားခဲ့တဲ့ အချိန်တုန်းက သူက တက်တက်ကြွကြွနဲ့ အလတ်ကြီး ရှိနေသေးတယ်၊ အရိုးကျိုးနေပုံမရဘူး “
ကျန်းချွမ် မှင်သက်သွားတော့သည်။
ရှုကျိုးက အရိုးတစ်ချောင်းတောင် မကျိုးသွားဘူးလားဟ?
ဒုတိယအဆင့် ပညာရှင်တစ်ယောက်ရဲ့ အစွမ်းကို ပိုင်ထားခဲ့တဲ့ ငါကတောင် အရိုးပေါင်းများစွာ ကျိုးသွားခဲ့တယ်လေ၊ ရှုကျိုးက လုံးဝ အဆင်ပြေနေခဲ့တာလား?
မဖြစ်နိုင်ဘူး !!
“ သူက ဟန်ဆောင်နေတာပဲ ဖြစ်ရမယ် “ ကျန်းချွမ်မှ အံကြိတ်၍ ပြောလာခဲ့သည်။
လျူယောင်တုန်သည် သူ့ကို ကြည့်ကာ သက်ပြင်းတချချဖြစ်သွားတော့သည် “ အစ်ကို၊ ငါတို့က သူနဲ့ ထပ်မပြိုင်သင့်တော့ဘူး။ မင်းက သူ့ကို အနိုင်မယူနိုင်လောက်ဘူး “
“ တိတ်စမ်း!! “ ကျန်းချွမ်မှ အော်ငေါက်လာခဲ့သည် ” မင်းက ဘာနားလည်လို့လဲ? သူက ငါ့လက်ထဲမှာ ကျရှုံးသွားပြီးတော့ စိတ်လိုလက်ရ အရှုံးပေးခဲ့တာ။ စောင့်ကြည့်နေလိုက်၊ နောက်ဆယ်ရက်အကြာမှာ ငါသူနဲ့ ပြန်တိုက်မယ် “
လျူယောင်တုန်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
နောက်ဆယ်ရက် အကြာမှာ ……
သူသည်လည်း အဆိုပါ တိုက်ပွဲကို မျှော်လင့်မိနေခဲ့သည်။
ရှုကျိုးက နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၅၀ကျော်သည့် ပါရမီရှင်များကို စိန်ခေါ်ထားသည့် သတင်းသည် တစ်ကျောင်းလုံးတွင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
လူတော်တော်များများသည် ထိုကိစ္စအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။
ရှုကျိုးမှ ကြွားဝါနေခြင်းလား(သို့) အမှန်တကယ် အစွမ်းအစ ရှိနေသည်လားဆိုသည်ကို နောက်ဆယ်ရက်အကြာတွင် သိရှိရမည် ဖြစ်သည်။