← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁) - နှစ် ၄၀၀ သက်တမ်းနဲ့ ရင်းပြီး ခင်ဗျားဆီက ပညာသင်ပါရစေ

~ကျန်းပိုင်ရှန်းက ပြုံး၍ ခေါင်းခါလိုက်၏။

"မင်း ငါ့ကို အစ်ကိုငါးလို့ ခေါ်နေသရွေ့ ငါ့ကို လွှတ်ပေးဖို့ မတောင်းဆိုပါဘူး... ဒါပေမဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ်"

"ပြောပါ..."

"ရူဟွာမှာ ကိုယ်ဝန် ရှိနေပြီ... ပြီးတော့ သူက မင်းတို့ မိစ္ဆာဂိုဏ်းက ဒုဂိုဏ်းချုပ်ရဲ့ သမီးပဲ... မင်းတို့ အားလုံး ဝိုင်းကူညီကြမယ်ဆိုရင် သူတို့ သားအမိ နှစ်ယောက်ကို ကာကွယ်ပေးနိုင်မှာပါ... ငါ့ခေါင်းကိုတော့ ယူသွားပြီး မင်းရဲ့ ကြိုးပန်းဆောင်ရွက်မှု အမှတ်နဲ့ လဲလှယ်လိုက်ပါ"

ကျန်းပိုင်ရှန်း၏ မျက်နှာမှာ ခါးသက်မှုများ ပြည့်နှက်နေသော်လည်း လင်ရူဟွာ စကားဝင်မပြောနိုင်အောင် သူမ၏ ညာလက်ကို တင်းတင်း ဆုပ်ကိုင်ထားလေ၏။

ချင်ယွင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ...

"ကောင်းပြီလေ"

ကျန်းပိုင်ရှန်း စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။

သူက ချင်ယွင်၏ ကျောပြင်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

"လာ... လုပ်လိုက်တော့"

တခဏအတွင်းမှာပင် အတိတ်က ပုံရိပ်တွေ ကျန်းပိုင်ရှန်း၏ ခေါင်းထဲ ဖြတ်သန်းသွားသည်။

…အစစ်အမှန်သိုင်းတောင်ပေါ်မှာ အတူတူ ဆော့ကစားခဲ့ကြတာတွေ၊ ဆရာ့ဆီမှာ အတူတူ..

သိုင်းသင်ခဲ့ကြတာတွေ၊ ချင်ယွင်ကို ဝိုင်းစကြတာတွေ...

နင်ချီ မရောက်ခင်တုန်းက ချင်ယွင်က အငယ်ဆုံးလေး ဖြစ်ပြီး လူချစ်လူခင် အများဆုံး ဖြစ်ခဲ့ဖူးသည်။

နောက်ဆုံးတော့... ထိုပုံရိပ်တွေက သူ့ရှေ့က ဆံပင်ဖြူနှင့် ကျောပြင်ဆီမှာ ရပ်တန့်သွားရသည်။ သူ သက်ပြင်းဖွဖွ ချလိုက်မိ၏။ သူစိမ်းတစ်ယောက် လက်ချက်နှင့် သေရတာထက်စာလျှင် ကိုယ့်ညီငယ် လက်ချက်နှင့် သေရတာက ပိုကောင်းပါသည်လေ။

ယခု အခိုက်အတန့်၌၊ ကျန်းပိုင်ရှန်း မျက်လုံးတွေကို မှိတ်ထားလိုက်ပြီ ဖြစ်၏။

"ရူဟွာ... နောက်ဘဝကျမှ ကိုယ်တို့တွေ..ဇနီးမောင်နှံ ပြန်တော်ကြတာပေါ့"

လင်ရူဟွာ၏ မျက်ရည်များက အဝတ်အစားကို စိုရွှဲစေပြီး၊ လှပသော မျက်နှာလေး ရှုံ့မဲ့နေကာ ခေါင်းကို တသွင်သွင် ခါယမ်းနေရှာသည်။

"ကိုယ်တို့ ကလေးလေးအကြောင်း ပိုတွေးပေးပါ... ပြီးတော့ သူ့ကို ကောင်းကောင်း ပျိုးထောင်ပေးပါ"

စကားဆုံးသည်နှင့်...

ကျန်းပိုင်ရှန်းသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးဝင်သွားကာ သေမင်းကို ရင်ဆိုင်ရန် ပြင်လိုက်တော့၏။

ထိုအခိုက်အတန့်၌...

အကြီးအကဲ ယဲ့၏ မုန်းတီးနာကျည်းဖွယ်ရာ အသံက ဟိန်းထွက်လာသည်။

"သူက သဘောတူပေမယ့်... ငါက သဘောမတူဘူးကွ... "

လေထဲတွင် ပျံဝဲနေသော အကြီးအကဲ ယဲ့၏ မသန်မစွမ်း ခန္ဓာကိုယ်မှ အမုန်းတရား အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူသည် ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာကို အရူးအမူး မုန်းတီးနေပြီ ဖြစ်သည်။

‘သူတို့ကို ဒီလောက် လွယ်လွယ်နဲ့ ဘယ်သေခွင့်ပေးမလဲ။ ကျန်းပိုင်ရှန်းကို နှိပ်စက်မယ်၊ သေတာထက် ဆိုးတဲ့ ဘဝရောက်အောင် လုပ်မယ်၊ သူ့ကလေး သေတာကို မျက်စိရှေ့မှာ ပြမယ်၊ သူ့မိန်းမ တခြားလူရဲ့ ကစားစရာ ဖြစ်သွားတာကို ထိုင်ကြည့်ခိုင်းမယ်...။’

ကျန်းပိုင်ရှန်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ချင်ယွင်ကို လှမ်းကြည့်လိုက်၏။

ထိုအခါ၊ ချင်ယွင်က တည်ငြိမ်စွာ ပြောလိုက်၏။

"အကြီးအကဲ ယဲ့... ကျွန်တော့် မျက်နှာကို ထောက်ထားပြီး ခွင့်လွှတ်ပေးလို့ မရဘူးလား... ဘာပဲပြောပြော သူက တစ်ချိန်တုန်းက ကျွန်တော့် အစ်ကို ဖြစ်ခဲ့ဖူးတာ... အစ်မလင်ကလည်း ဒုဂိုဏ်းချုပ် လင်ရဲ့ သမီးပဲလေ... လွန်လွန်းတာ မကောင်းပါဘူး"

သူ့မျက်နှာက အေးစက်နေပြီး အကြီးအကဲ ယဲ့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။

အကြီးအကဲ ယဲ့က သူ့ကို လုံးဝ ဂရုမစိုက်ပေ။

ကိုယ်တစ်ပိုင်း ပြတ်လုနီးပါး ဖြစ်ပြီး လက်တစ်ဖက် ဆုံးရှုံးလိုက်ရတာက လင်ရူဟွာနှင့် ကျန်းပိုင်ရှန်းကြောင့်ပဲ။ ပြန်ကောင်းလာလျှင်တောင် မသန်မစွမ်း ဖြစ်နေတော့မည်။ ဒီကိစ္စကို သူ ဘယ်လို လက်ခံနိုင်မည်လဲ။

"ဖယ်စမ်း"

အကြီးအကဲ ယဲ့ ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းက ဘာမို့လို့ ငါက မျက်နှာသာ ပေးရမှာလဲ"

သူ့စိတ်ထဲမှာ ဒေါသတွေသာ ရှိတော့၏။ တကယ်လို့သာ အရင်တုန်းက သူတော်စင် မျိုးဆက်လောင်း ချင်ယွင် ဆိုလျှင်တော့ လေးစားကောင်း လေးစားလိမ့်မယ်။ အခုတော့... ဂုဏ်သိက္ခာကျနေသော ထွက်ပြေးနေသည့် ကောင်ကို သူ ဂရုစိုက်စရာ မလိုပေ။

ချင်ယွင်၏ မျက်နှာထား တောင့်တင်းသွားသည်။

"ခင်ဗျား... တကယ်ပဲ မျက်နှာသာ မပေးနိုင်ဘူးပေါ့... "

အကြီးအကဲ ယဲ့ အရိုင်းဆန်ဆန် အော်ဟစ်လိုက်၏။

"လစ်စမ်း"

ချင်ယွင်၏ မျက်နှာထား ပြန်လည် တည်ငြိမ်သွားသည်။

"ကောင်းပြီလေ"

သူ ဖြည်းဖြည်းချင်း လှည့်ထွက်လိုက်ပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် ယုံနိုင်စရာ မရှိလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်၏။ သူ့မျက်လုံးထဲတွင် အမှောင်စွမ်းအင်များ ဖျတ်ခနဲ လက်သွားပြီး အကြီးအကဲ ယဲ့ဆီသို့ တိုးဝင်သွားတော့၏။

"မင်း... ဘာလုပ်..."

အကြီးအကဲ ယဲ့ စကားမဆုံးလိုက်ပါ။ ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ အောက်ကို ငုံ့ကြည့်လိုက်မိသည်။

ချင်ယွင်၏ မျက်ဝန်းများသည် အေးစက်ပြီး သနားညှာတာမှု ကင်းမဲ့နေ၏။ လက်တစ်ဖက်က အကြီးအကဲ ယဲ့၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး၊ ခုန်နေဆဲ နှလုံးသားကို ဆုပ်ကိုင်ထားလိုက်ပြီ ဖြစ်သည်။

သူ လက်ကို ညှစ်လိုက်ရာ... နှလုံးသားသည် သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားတော့၏။

အကြီးအကဲ ယဲ့၏ အသိစိတ် အမှောင်ကျသွားချိန်တွင် ချင်ယွင်၏ တီးတိုးရေရွတ်သံကို ဝေဝါးဝါး ကြားလိုက်ရ၏။

"မျက်နှာသာ မပေးရင်လည်း... သေလိုက်တော့... "

ချင်ယွင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အကြီးအကဲ ယဲ့၏ အလောင်းကို တောအုပ်ထဲသို့ လွှင့်ပစ်လိုက်၏။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများက ထိုအလောင်းကို သွေးမိုးအဖြစ် ဖန်တီးလိုက်ကြသည်။

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ နှစ်ယောက်သား ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ညီလေးရှစ်... မင်း..."

ကျန်းပိုင်ရှန်း စကားမဆုံးခင် ချင်ယွင်က လက်ကာပြလိုက်၏။

"သွားကြတော့... ဒီနေ့ ခင်ဗျားတို့ကို ကျွန်တော် မတွေ့ခဲ့ဘူး"

ချင်ယွင်သည် သူတို့ကို ကျောပေးထားပြီး အဝေးတစ်နေရာကို ငေးကြည့်နေ၏။

အစကတည်းက သူ့အစ်ကိုကို ဖမ်းပြီး အမည်ကောင်း ယူဖို့ စိတ်ကူး မရှိခဲ့ပါ။

အမှားတစ်ခု လုပ်ခဲ့ဖူးပြီးပြီ၊ ဒုတိယ အမှားကို ထပ်မလုပ်နိုင်တော့ပါ။ ဘာကြောင့်မှန်း မသိသော်လည်း... အကြီးအကဲ ယဲ့ကို သတ်လိုက်ပြီးနောက် လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ခံစားခဲ့ရတဲ့ ဖိစီးမှုတွေ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။

ကျန်းပိုင်ရှန်းက ချင်ယွင်၏ ကျောပြင်ကို ကြည့်ပြီး မျက်ရည်များ ဝဲလာသည်။

"ကျေးဇူးပါပဲ... ညီလေးရှစ်"

ချင်ယွင် လက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။

ကျန်းပိုင်ရှန်း ခဏ ရပ်သွားပြီး ဆက်ပြောလိုက်၏။

"ငါနဲ့အတူ အစစ်အမှန်သိုင်းတောင်ကို ပြန်လိုက်ခဲ့ပါကွာ... ဆရာက... မင်းကို အမြဲ သတိရနေတာ မင်းသိလား... မင်းနောက်မှာ ဆယ်လေးနဲ့ ဆယ့်တစ်လေး ဆိုပြီး တပည့်သစ် နှစ်ယောက် လက်ခံထားပေမယ့်..."

သူ စကားမဆုံးနိုင်တော့။

ချင်ယွင် မျက်ရည်ကျနေပြီ ဖြစ်သည်။

ဆရာ့ ရင်ထဲမှာ သူက အမြဲတမ်း 'ရှစ်လေး' ဖြစ်နေတုန်းပါပဲလား။

"ကျွန်တော် ပြန်လို့ မရတော့ဘူး... အခွင့်အရေး မရှိတော့ဘူး..."

ချင်ယွင် နာကျင်စွာ ခေါင်းခါလိုက်၏။ သူ့အသံတွေ တုန်ယင်နေ၏။

ကျန်းပိုင်ရှန်းက ထပ်ပြောသည်။

"အရာရာတိုင်း ဖြစ်နိုင်ပါသေးတယ်ကွ... မင်း အမှားကို သိပြီး ဆရာ့ကို ရိုးရိုးသားသား ဝန်ခံမယ်ဆိုရင် ဆရာက သေချာပေါက် ခွင့်လွှတ်မှာပါ... အခု မင်းက မိစ္ဆာဂိုဏ်း အကြီးအကဲကို သတ်လိုက်ပြီ... တာဝန်လည်း မထမ်းဆောင်နိုင်တော့ဘူး... မိစ္ဆာဂိုဏ်းက မင်းကို ခွင့်လွှတ်မှာ မဟုတ်တော့ဘူး"

ချင်ယွင် သက်ပြင်းချလိုက်၏။

သူ အဝေးကို လှမ်းကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ စုဝေးလာသည်ကို မြင်လိုက်ရ၏။

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့က ချင်ယွင် ဘာလို့ ရုတ်တရက် တိုက်ခိုက်ရေး အနေအထား ပြင်လိုက်တာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေကြသည်။

သို့ရာတွင်၊ နောက်တစ်စက္ကန့်မှာ...

အဝေးတစ်နေရာမှ အေးစက်ပြီး ဂရုမစိုက်သော သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသဖြင့် သူတို့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရ၏။

"ညီအစ်ကို သံယောဇဉ်တွေက နက်ရှိုင်းလိုက်တာ... ချင်ယွင်... မင်း ငါ့ကို စိတ်ပျက်စေခဲ့ပြီ... "

လက်ကို နောက်ပစ်ပြီး လမ်းလျှောက်လာသော လူတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။ သူ့ဝတ်ရုံများ လေတိုက်၍ လွင့်ပျံနေပြီး၊ လွှမ်းမိုးထားသော ဖိအားကြီး တစ်ခု ထွက်ပေါ်နေ၏။

လင်ရူဟွာသည် ထိုလူ၏ မျက်နှာပေါ်မှ နာမည်ကျော် 'သရဲမျက်နှာဖုံး' ကို မြင်လိုက်သည်နှင့် မျက်နှာလေး

သွေးဆုတ်သွားတော့၏။

"ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံး... "

သူမ၏ မိခင်နှင့် ရာထူး တူသော ဤ ဒုဂိုဏ်းချုပ်သည် စောစောက အကြီးအကဲ ယဲ့နှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။

အကြီးအကဲ ယဲ့ကို ခုခံဖို့ သတ္တိမွေး၍ ရနိုင်သေးသော်လည်း၊ သရဲမျက်နှာဖုံး ကိုယ်တိုင် ရောက်လာခြင်းကတော့... လုံးဝ မျှော်လင့်ချက်မဲ့ခြင်းကို ပေးစွမ်းလိုက်ခြင်းပါပင်။

အခန်း (၂၇၂) - နှစ် ၄၀၀ သက်တမ်းနဲ့ ရင်းပြီး ခင်ဗျားဆီက ပညာသင်ပါရစေ(၂)

~ချင်ယွင် မျက်လုံးများ လှုပ်ရှားသွားပြီး သက်ပြင်းတစ်ချက် ညင်သာစွာ မှုတ်ထုတ်လိုက်လေ၏။

"ဒုဂိုဏ်းချုပ်..ခင်ဗျား ကျွန်တော့်ကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်မချနိုင်မှန်း သိပေမဲ့... ကိုယ်တိုင်ကိုယ်ကျ လိုက်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး... ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ အထင်ကြီးတာပဲ"

အကြီးအကဲယဲ့ကို သူ သတ်ဖြတ်လိုက်စဉ်က ဒုဂိုဏ်းချုပ် စောင့်ကြည့်နေခဲ့ကြောင်း သူ သိသည်။ ဒုဂိုဏ်းချုပ်က ဝင်မတားခဲ့ခြင်းမှာ သူ့ကို အသုံးချပြီး အခြား ဂိုဏ်းခွဲမှ အကြီးအကဲ တစ်ယောက်ကို ရှင်းပစ်ချင်၍သာ ဖြစ်ပေသည်။

ချင်ယွင်၏ မျက်နှာပေါ်တွင် မိမိကိုယ်ကို သရော်သော အပြုံး တစ်ခု ဖြစ်ပေါ်လာသည်။

အစကတည်းက ဒါသည် ရွေးချယ်မှု တစ်ခု ဆိုတာ သူ သိခဲ့သည်။

ကျန်းပိုင်ရှန်း၏ အလောင်းကို နင်းပြီး မိမိ အောင်မြင်မှု ရယူမလား၊ ဒါမှမဟုတ် မိမိ အသက်နှင့် လဲလှယ်ပြီး ကျန်းပိုင်ရှန်း အသက်ရှင်ခွင့်ကို ရယူမလား။

ရှင်းလင်းပြတ်သားစွာပင် သူက ဒုတိယလမ်းကို ရွေးချယ်လိုက်လေ၏။

"အစ်ကိုငါး... သွားပါတော့"

ချင်ယွင်က အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သည်။

ကျန်းပိုင်ရှန်း၏ မျက်နှာတွင် ခံစားချက်ပေါင်းစုံ ပြောင်းလဲနေပြီး လင်ရူဟွာက သူ့လက်မောင်းကို အတင်းဆွဲကာ သတိပေးလိုက်သည်။ သူ ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာနိုင်ခဲ့ပါ။ ရင်ထဲတွင် ကူကယ်ရာမဲ့သော ခံစားချက်များ လှိမ့်ဝင်လာရသည်။

နေခဲ့ပြီး အတူတူ တိုက်ခိုက်မလား။

သို့ဆိုလျှင် အဓိပ္ပာယ်မဲ့သော သေဆုံးမှု နှစ်ခု ထပ်တိုးလာရုံသာ ရှိပေလိမ့်မည်။ ဤမျှ အစွမ်းထက်သော ပညာရှင်များရှေ့တွင် သူတို့က ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်နေလိမ့်မည်။

သူက သရဲမျက်နှာဖုံးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ထိုပုံရိပ်ကို မှတ်ဉာဏ်ထဲတွင် ထွင်းထုထားလိုက်သလိုပင်။

'ဒီနေ့သာ အသက်ရှင်ခဲ့ရင်... နောင်တစ်ချိန်ကျရင် ဒီသွေးကြွေးကို ပြန်ဆပ်မယ်' ဟု ကျန်းပိုင်ရှန်း စိတ်ထဲတွင် ကျိန်ဆိုလိုက်မိသည်။

သူက တွေဝေမနေတော့ဘဲ လင်ရူဟွာကို ဆွဲကာ တောအုပ်ထဲသို့ ပြေးဝင်သွားလိုက်တော့သည်။ ထွက်မသွားခင် အော်ဟစ်သံ တစ်ခုသာ ချန်ထားခဲ့သည်။

"ညီလေးရှစ်... အသက်ရှင်လျက် အစစ်အမှန်သိုင်းတောင်ကို ပြန်လာခဲ့နော်"

ချင်ယွင်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအပြုံးသည် တဖြည်းဖြည်း ပိုမို ပီပြင်လာပြီး နောက်ဆုံးတွင် တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ရယ်မောလိုက်တော့သည်။ သူ့ရင်ထဲတွင် တစ်ခါမှ မခံစားဖူးသော ပေါ့ပါးလန်းဆန်းမှုကို ရရှိလိုက်သလိုပင်။

သရဲမျက်နှာဖုံးသည် ထွက်ပြေးသွားသော ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း လိုက်ဖမ်းခြင်း မပြုပေ။ သူ့အမြင်တွင် ချင်ယွင်ကို ရှင်းပြီးမှ ထိုနှစ်ယောက်ကို လိုက်ဖမ်းလည်း မလွတ်နိုင်ဟု ယူဆထားပုံ ရသည်။ လောလောဆယ်တော့ သူတို့ကို ခဏ ပျော်ခွင့် ပေးထားလိုက်ခြင်း ဖြစ်သည်။

သူက ချင်ယွင်ကိုသာ စူးစိုက်ကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။

"တန်လို့လား... သူ့ကို သတ်ပြီး တခြားသူတွေရဲ့ သံသယကို ဖြေရှင်းလိုက်ရင်... မင်းက သူတော်စင် မျိုးဆက်လောင်း နေရာအတွက် အလားအလာ အရှိဆုံး သူတစ်ယောက် ဖြစ်နေဦးမှာ... နောင်တစ်ချိန်ကျရင် ဒီလောကကြီးကိုတောင် အုပ်စိုးနိုင်မယ့် အခွင့်အရေး ရှိနေတာကို"

ချင်ယွင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော့် မိတ်ဆွေတစ်ယောက် ပြောဖူးသလိုပေါ့... 'တချို့အမှားတွေက နှစ်ခါ မှားစရာ မလိုဘူး... တစ်ခါ မှားရင် လုံလောက်ပြီ... နှစ်ခါ မှားရင်တော့ အဲ့ဒါ မိုက်မဲတာပဲ' တဲ့"

သရဲမျက်နှာဖုံးက စိတ်ပျက်စွာ ခေါင်းခါလိုက်လေ၏။

"မင်းက တကယ်ကို မိုက်မဲတဲ့ ကောင်လေးပဲ... ငါ မင်းကို အထင်ကြီးလွန်ခဲ့မိတာကိုး... မင်းရဲ့ အင်အားလောက်နဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေလား... မင်းကို သတ်ပြီးရင် ဟိုနှစ်ကောင်လည်း လွတ်မှာ မဟုတ်ဘူး... မင်းက အဆိုးရွားဆုံး ရွေးချယ်မှုကို လုပ်လိုက်တာပဲ"

ချင်ယွင် အသက်ပြင်းပြင်း ရှူလိုက်သည်။

"အစွမ်းကုန် ကြိုးစားကြည့်ရတာပေါ့... သင်ပြပေးပါဦး"

နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ မမြင်ရသော အရှိန်အဝါများ ရိုက်ခတ်နေပြီး လေတိုက်ခတ်မှုပင် ရပ်တန့်သွားသလို ဖြစ်နေလေသည်။

သရဲမျက်နှာဖုံး၏ မျက်လုံးများထဲတွင် အေးစက်မှုများ နေရာယူလာပြီး ကြေးညိုရောင် သရဲမျက်နှာဖုံးနှင့် လိုက်ဖက်စွာပင် ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်အလား ဖြစ်နေတော့သည်။ သူက သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ချင်ယွင်ကို လူသေတစ်ယောက် ကြည့်သလို ကြည့်လိုက်လေ၏။

ရုတ်တရက်...။

သရဲမျက်နှာဖုံး လှုပ်ရှားလိုက်သည်။

သူက လက်ညှိုးကို ညင်သာစွာ မြှောက်လိုက်ပြီး ဖိချလိုက်ရာ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ စုစည်းသွားပြီး အနက်ရောင် လက်ဗွေရာကြီး တစ်ခုအဖြစ် ဖွဲ့တည်သွားတော့သည်။ ဧရာမ တိုင်လုံးကြီး တစ်တိုင် ပြိုကျလာသကဲ့သို့ အသက်ရှူကျပ်ဖွယ်ရာ ဖိအားများဖြင့် ဖိနှိပ်ဆင်းသက်လာခြင်း ဖြစ်သည်။

ချင်ယွင်က ရှောင်တိမ်းခြင်း မပြုပေ။

သူက တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။

သူ့ဘေးပတ်လည်တွင် ကောင်းကင်နှင့် မြေကြီး စွမ်းအားများ စုစည်းလာပြီး အကာအကွယ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင် အရှိန်အဝါများလည်း ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ထိုတိုက်ခိုက်မှုကို အပြင်းအထန် ခုခံလိုက်လေ၏။

"ဘုန်း"

နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်သည် သစ်တောထဲသို့ လွင့်စင်သွားတော့သည်။ မြေကြီးပေါ်တွင် ကြောက်မက်ဖွယ်ရာ လမ်းကြောင်းကြီး တစ်ခု ထင်ကျန်ရစ်ခဲ့သည်။

သွေးများ အဆက်မပြတ် အန်ထုတ်လိုက်ပြီး အရိုးများစွာ ကျိုးကြေသွားရသည်။

တစ်ချက်တည်းသော တိုက်ခိုက်မှု၏ စွမ်းအားက အလွန် ကြောက်စရာကောင်းလှပြီး ချင်ယွင်ကို မသေရုံတမယ် ဖြစ်သွားစေသည်။ သေချာသည်မှာ ဒါသည် သရဲမျက်နှာဖုံး၏ အစွမ်းကုန် အင်အား မဟုတ်သေးပေ။

သရဲမျက်နှာဖုံးက ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူ့အသံက ခံစားချက် ကင်းမဲ့ပြီး အေးစက်နေလေ၏။

"ဘာလို့ မရှောင်တာလဲ"

ချင်ယွင်က ခေါင်းငုံ့ထားရာမှ ဖြည်းဖြည်းချင်း ပြန်ထလာသည်။ ကျိုးပဲ့နေသော အရိုးစများနှင့် အတွင်းကလီစာ အပိုင်းအစများကို အန်ထုတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော် မိစ္ဆာဂိုဏ်းထဲ ရောက်ကတည်းက... ဒုဂိုဏ်းချုပ်ရဲ့ စောင့်ရှောက်မှုကို အများကြီး ရခဲ့ပါတယ်... အကယ်၍သာ ခင်ဗျား 'ဝမ်းနည်း ဆံဖြူ လျှို့ဝှက်နည်းစနစ်' ကို မသင်ပေးခဲ့ရင် သွေးမိစ္ဆာကန်ထဲမှာတင် ကျွန်တော် သေနေလောက်ပါပြီ... ဒုဂိုဏ်းချုပ်ရဲ့ လက်ညှိုး တစ်ချောင်းကို ခံယူလိုက်တာက ကျေးဇူးကြွေး တစ်စိတ်တစ်ပိုင်းကို ဆပ်လိုက်တာလို့ သဘောထားပါတယ်"

သရဲမျက်နှာဖုံး၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားပြီး မျက်လုံးများ လှုပ်ရှားသွားသည်။

"ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်... ကျန်းပိုင်ရှန်းကို သွားဖမ်းပြီး ပြန်ခေါ်လာခဲ့... ဒါဆိုရင် ဒီကိစ္စ ဘာမှ မဖြစ်ခဲ့ဘူးလို့ သဘောထားပေးမယ်"

သူ့စိတ်ထဲတွင် ချင်ယွင်ကို ပြန်လည် အကဲခတ်မိလိုက်သည်။ စောစောက တိုက်ခိုက်မှုသည် အစွမ်းကုန် မဟုတ်သော်လည်း လက်နှေးထားခြင်းတော့ မဟုတ်ပေ။ သာမန် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တစ်ယောက် အနေဖြင့် ခံနိုင်ရည်ရှိမည့် အနေအထား မဟုတ်။

သို့သော် ချင်ယွင်က ခံနိုင်ရုံသာမက အခြေအနေ ကောင်းမွန်နေသေးသည်ကို တွေ့ရသဖြင့် အံ့သြမိသွားခြင်း ဖြစ်သည်။

ချင်ယွင်၏ အနက်ရောင် ဝတ်ရုံ လေထဲတွင် လွင့်ပျံနေပြီး သူက ပြတ်သားစွာ ခေါင်းခါလိုက်သည်။

"ဒုဂိုဏ်းချုပ်... ပညာ ဆက်သင်ပေးပါဦး"

ထူးဆန်းသော စွမ်းအားတစ်ခု သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေ၏။

ဤသည်မှာ ချင်ယွင် မတော်တဆ ရရှိခဲ့သော အမည်မဲ့ လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်ပြီး၊ ၎င်းကြောင့်ပင် သူ့စိတ်ထဲတွင် ‘’နှလုံးသား မိစ္ဆာ’ မွေးဖွားလာခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူ မိစ္ဆာလမ်းစဉ်သို့ လိုက်ခဲ့ပြီး ဤနည်းစနစ်ကို ပိုမို နက်ရှိုင်းစွာ လေ့လာခဲ့သည်။

နောက်ဆုံး သွေးမိစ္ဆာကန်ထဲတွင် အခွင့်အလမ်း အမျိုးမျိုးကို အသုံးပြုကာ ဤနည်းစနစ်ကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် အစွမ်းကုန် ထုတ်သုံးလိုက်သောအခါ သရဲမျက်နှာဖုံးပင် အံ့သြသွားရသည်။

သို့သော် ချက်ချင်းပင် ခေါင်းခါလိုက်ပြန်၏။

"မဆိုးဘူး... ဒါပေမဲ့ ဒီလောက်ပါပဲ"

အင်အားချင်း ကွာခြားချက် ကြီးမားလွန်းနေသဖြင့် လျှို့ဝှက်နည်းစနစ် ဘယ်လောက် ကောင်းကောင်း အချည်းနှီးသာ ဖြစ်ပေမည်။ သူ့အင်အားသည် ကောင်းကင်ဘုံလူသား အဆင့် စာရင်းတွင် ထိပ်တန်း အဆင့်ရှိသူများနှင့် ယှဉ်နိုင်ပြီး ချင်ယွင်နှင့် လုံးဝ မတူညီသော အဆင့်အတန်း တစ်ခုတွင် ရှိနေသူ ဖြစ်သည်။

ချင်ယွင်လည်း ဒါကို ကောင်းကောင်း နားလည်သည်။

သူက ကောင်းကင်ကို မော့ကြည့်ပြီး ရူးသွပ်စွာ ရယ်မောလိုက်လေ၏။

သူ့တစ်ကိုယ်လုံးကို အနက်ရောင် အရှိန်အဝါများက ပိုမို သိပ်သည်းစွာ လွှမ်းခြုံလာပြီး၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သိသိသာသာပင် သူ့၏ ဆံပင်ဖြူများ အရောင်မှိန်သွားပြီး၊ ယခင်က ငွေရောင်သမ်းနေသော ဆံပင်များသည် ယခုအခါ ဖြူဖွေးသွားတော့သည်။

ထို့အပြင် သူ့လက်များ၊ ခြေထောက်များ၊ အရေပြားများနှင့် မျက်နှာများသည် မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ခြောက်သွေ့သွားပြီး အရေးအကြောင်းများ ပြည့်နှက်လာသည်။ စူးရှတောက်ပခဲ့သော မျက်လုံးများပင် တဖြည်းဖြည်း နောက်ကျိသွားလေ၏။

ချင်ယွင်၏ ရယ်သံသည် ဖန်ကို သံချောင်းနှင့် ခြစ်သလို စူးရှအက်ကွဲလာတော့သည်။

"ဒုဂိုဏ်းချုပ်... ဟိုတုန်းက ကျွန်တော် နှစ် ၄၀၀ သက်တမ်းကို လောင်ကျွမ်းပြီး 'ဝမ်းနည်း ဆံဖြူ လျှို့ဝှက်နည်းစနစ်' နဲ့ ကောင်းကင်ဘုံလူသား အဆင့်ကို တက်လှမ်းခဲ့တယ်... ဒီနေ့... နောက်ထပ် နှစ် ၄၀၀ သက်တမ်းကို ထပ်ပြီး လောင်ကျွမ်းလိုက်ပါပြီ... ခင်ဗျားဆီက ပညာသင်ပါရစေ”

အခန်း (၂၇၃) - နှစ် ၄၀၀ သက်တမ်းနဲ့ ရင်းပြီး ခင်ဗျားဆီက ပညာသင်ပါရစေ(၃)

~အသက်အနှစ်သာရကို လောင်ကျွမ်းစေလိုက်သည့်အတွက် သူ၏ စွမ်းအားများသည် အတိုင်းအဆမဲ့ ဖောင်းပွလာပြီး၊ မျက်စိတစ်မှိတ်အတွင်း ဆယ်ဆမက တိုးတက်လာခဲ့လေ၏။

ချင်ယွင် လှုပ်ရှားလိုက်လေ၏။

မည်းနက်သော မိစ္ဆာစွမ်းအားများကို သယ်ဆောင်လျက်၊ ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ကောင်အလား သရဲမျက်နှာဖုံးကို သနားညှာတာမှု ကင်းမဲ့စွာ ဝင်ရောက်တိုက်ခိုက်လေသည်။

သူ ပြောခဲ့သည့်အတိုင်းပင်... ပထမတစ်ချက် ခံယူခြင်းသည် ကျေးဇူးကြွေး ဆပ်ခြင်း ဖြစ်ပြီး၊ ယခုမူ သေခြင်း ရှင်ခြင်း တိုက်ပွဲ စတင်ပြီ ဖြစ်သည်။

သရဲမျက်နှာဖုံးသည် ထိတ်လန့်သလို၊ ဒေါသလည်း ထွက်သွားရ၏။

"ကောင်းပြီလေ... ငါ မင်းကို လျှော့တွက်မိတာ အမှန်ပဲ... ကျောက်တုံးကို မပြီး ကိုယ့်ခြေထောက်ပေါ် ပြန်ချမိသလို ဖြစ်သွားပြီ..."

သူ၏ မျက်နှာထားသည် ယခင်ကထက် ပိုမို လေးနက်သွားသည်။ ချင်ယွင်၏ လက်ရှိစွမ်းအားသည် သူ့အား လေးစားမှု ပေးရန် လုံလောက်နေပေသည်။

ဝုန်း...

ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ထိပ်တိုက်တွေ့ဆုံသံသည် ယန်တောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ စွမ်းအင်လှိုင်းများသည် တောအုပ်များကို ဖြတ်ကျော် ရိုက်ခတ်သွားရာ သစ်ပင်ကြီးများ အပိုင်းပိုင်းအစစ ဖြစ်ကုန်ပြီး၊ တောင်ကြီးများ တုန်ခါကာ သားရဲကောင်ပေါင်း သောင်းချီ၍ နာကျင်စွာ အော်ဟစ်လိုက်ကြရ၏။

အသက်လု၍ ပြေးလွှားနေသော ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့သည် ခြေခေါက်လဲမတတ် ဖြစ်သွားကြသည်။ သူတို့ ကြောက်လန့်တကြား မော့ကြည့်လိုက်ရာ လူရိပ်နှစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီးနောက် တောင်တန်းထဲသို့ ပြန်လည် ထိုးဆင်းသွားကြသည်ကို ဝေဝါးဝါး မြင်တွေ့လိုက်ရ၏။ မြေကြီးတစ်ခုလုံး တုန်ခါနေပြီး၊ တိုက်ပွဲ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများက သူတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လုနီးပါး ဖြစ်နေ၏။

ကျန်းပိုင်ရှန်း၏ မျက်နှာသည် နာကျင်ကြေကွဲမှုများဖြင့် ပြည့်နှက်နေပြီး၊ လက်သည်းများက အသားထဲသို့ စိုက်ဝင်နေလေ၏။

"ညီလေးရှစ်..."

ယခုအချိန်တွင် သူ၏ အသုံးမကျမှုကို သူ အမုန်းတီးဆုံး ဖြစ်နေမိသည်။ စွမ်းအားကို သူ မည်မျှ တောင့်တနေသည်ကို ပြောမပြတတ်အောင်ပင်။ မဟုတ်လျှင် သူ့ညီငယ်လေးကို ထားခဲ့စရာ အကြောင်းမရှိပေ။

"ဒါ... 'ဝမ်းနည်း ဆံဖြူ လျှို့ဝှက်နည်းစနစ်' ပဲ... ညီလေးရှစ်က သူ့အသက်ကို လောင်ကျွမ်းပြီး တိုက်ခိုက်နေတာ... မဟုတ်ရင် သရဲမျက်နှာဖုံးကို သူ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

လင်ရူဟွာ၏ မျက်နှာသည်လည်း ကျေးဇူးတင်စိတ်၊ အပြစ်ရှိစိတ်များ ရောပြွမ်းကာ ရှုပ်ထွေးနေရှာသည်။

ချင်ယွင်အကြောင်း သူမ စသိခဲ့သည်မှာ သူမအမေက သူတို့နှစ်ယောက်ကို နေရာချပေးရန် ကြိုးစားစဉ်က ဖြစ်သည်။ သို့သော် ထိုစဉ်က သူမသည် ကျန်းပိုင်ရှန်းကို စိတ်ဝင်စားနေပြီး ဖြစ်သည်။ ချင်ယွင်သည် အစစ်အမှန်သိုင်းဂိုဏ်း၏ သစ္စာဖောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ သူ့ကို ဘယ်တော့မှ မျက်နှာကောင်း မပြခဲ့ပေ။

နောက်ပိုင်းကျမှ ချင်ယွင်သည် အစစ်အမှန်သိုင်းဂိုဏ်းအတွက် တိတ်တဆိတ် လုပ်ဆောင်ပေးနေကြောင်း သူမ သိလိုက်ရ၏။ ယခုမူ သူမနှင့် သူမ၏ ခင်ပွန်း အသက်အန္တရာယ် ကြုံနေရချိန်တွင် သူသည် ကိုယ့်အသက်ကို ပဓာနမထားဘဲ ကာကွယ်ပေးနေသည် မဟုတ်ပါလော။ ဤကျေးဇူးကြွေးသည် ဆပ်၍ ကုန်နိုင်မည် မဟုတ်ပေ။

ကျန်းပိုင်ရှန်း၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များကို အတင်း ထိန်းချုပ်ထားရ၏။ သူ ပြန်လှည့်ပြီး အတူတူ ဝင်တိုက်ချင်သော်လည်း ထိုသို့လုပ်ခြင်းသည် ချင်ယွင်၏ စေတနာကို စော်ကားရာ ရောက်ပေလိမ့်မည်။

လင်ရူဟွာက နှစ်သိမ့်လိုက်၏။

"ငါတို့ အသက်ရှင်မယ်ဆိုရင်... နောင်တစ်ချိန်ကျရင် မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပြီး ညီလေးရှစ်အတွက် လက်စားချေကြတာပေါ့..."

သူမ၏ မျက်ဝန်းများ အေးစက်သွားသည်။ ယနေ့ ဖြစ်ရပ်ကို တစ်သက်လုံး မေ့တော့မည် မဟုတ်ပေ။ ထို့အပြင် အကြီးအကဲ ယဲ့၏ ပြောစကားအရ သူမ၏ မိခင် အခြေအနေမှာလည်း မကောင်းလှကြောင်း ခန့်မှန်းရ ခက်ခဲလှသည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူမ ဂရုစိုက်စရာ ဘာမျှ မကျန်တော့။

လက်စားချေခြင်း

ဤအရာသည် သူတို့နှစ်ဦးလုံး၏ ရင်ထဲတွင် စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သို့သော်... လက်စားချေနိုင်ရန်အတွက် အသက်ရှင်နေဖို့ လိုအပ်ပေသည်။

သူတို့ နောက်ပြန်မကြည့်တော့ဘဲ လေ့ ပြည်နယ်မြို့တော် ဆီသို့ အသက်လုပြီး ဆက်လက် ပြေးလွှားကြလေတော့၏။ ထိုနေရာသည် လေ့ ပြည်နယ်၏ ဗဟိုချက်မဖြစ်ပြီး၊ တော်ဝင်နန်းတော်၏ စစ်တပ်နှင့် ကျွမ်းကျင်သူများစွာ တပ်စွဲထားရာ နေရာဖြစ်သည်။

သရဲမျက်နှာဖုံးပင်လျှင် ထိုနေရာတွင် အလွယ်တကူ စွန့်စားရဲမည် မဟုတ်ပေ။ ဤသည်မှာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

ခရီးအကွာအဝေး ဝေးကွာသော်လည်း သူတို့ လက်မလျှော့ကြပေ။

‘ပြေးရမည်။

အသက်လုပြီး ပြေးရမည်။’

မသိလိုက်မသိဘာသာဖြင့်ပင် သူတို့သည် ယန်တောင်တန်းကို ကျော်လွန်လာပြီး မြို့ငယ်လေး အချို့ကို ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်သည်။

ကျန်းပိုင်ရှန်းသည် လည်ချောင်းများ ခြောက်သွေ့နေပြီး တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော်လည်း၊ ဒဏ်ရာကို ကုသရန် ရပ်တန့်ရဲခြင်း မရှိပေ။ ဆေးလုံးအချို့ကို ဝါးတောင် မဝါးဘဲ မျိုချလိုက်ရုံသာ တတ်နိုင်ရှာသည်။ ဆေးအာနိသင်ကြောင့် ဒဏ်ရာများ ကျက်သွားလိုက်၊ ပြန်ကွဲသွားလိုက် ဖြစ်နေပြီး၊ သူ့ခန္ဓာကိုယ်မှ သွေးအနှစ်သာရများ တဖြည်းဖြည်း ကုန်ခမ်းလာနေ၏။

လင်ရူဟွာ၏ အခြေအနေသည်လည်း သိပ်မကောင်းလှပေ။ သူမသည် ကိုယ်ဝန်ဆောင်ထားရသည့်အပြင်၊ တိုက်ပွဲများနှင့် ထွက်ပြေးမှုများကြောင့် စွမ်းအင်များစွာ ကုန်ခမ်းနေပြီ ဖြစ်သည်။ ယခု ဒီလောက်ထိ ပြေးလွှားခဲ့ရသဖြင့် သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။

သူတို့နှစ်ဦးလုံး၏ ခံနိုင်ရည်သည် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"အ..."

လင်ရူဟွာ ခြေခေါက်ပြီး လဲကျလုနီးပါး ဖြစ်သွားရာ ကျန်းပိုင်ရှန်း အမြန်လှမ်းထိန်းလိုက်ရ၏။

"ပိုင်ရှန်း... ငါတို့ လွတ်တော့မယ် မထင်ဘူး..."

လင်ရူဟွာ ခါးသက်သက် ပြုံးလိုက်၏။ သူတို့အခြေအနေက အလွန်ဆိုးရွားနေ၏။ ဝေးဝေးရောက်လာပြီ ထင်ရသော်လည်း ကောင်းကင်ဘုံလူသား အဆင့် ကျွမ်းကျင်သူ တစ်ယောက်အတွက် လိုက်မီဖို့ဆိုတာ သိပ်မခက်ခဲလှပေ။

သရဲတစ်ကောင် လိုက်လာနေသကဲ့သို့ ခံစားနေရ၏။ ချင်ယွင်သည် သရဲမျက်နှာဖုံးကို အကြာကြီး တားထားနိုင်မည် မဟုတ်ကြောင်း သူတို့ ဝန်မခံချင်သော်လည်း သိနေကြသည်။

ကျန်းပိုင်ရှန်း ခေါင်းကို ပြတ်သားစွာ ခါယမ်းလိုက်ပြီး သူမကို ပွေ့ချီလိုက်၏။

"မဖြစ်ဘူး... လေ့ ပြည်နယ်မြို့တော် ရောက်ဖို့ နီးနေပြီ... ငါတို့ လက်လျှော့လို့ မဖြစ်ဘူး... ညီလေးရှစ်ရဲ့ စေတနာကို အလဟဿ မဖြစ်စေရဘူး"

သူ နောက်ထပ် 'သွေးလောင်ကျွမ်းခြင်း ဆေးလုံး' တစ်လုံးကို မျိုချလိုက်ပြီး၊ အသက်ကို ပဓာနမထားဘဲ ဆက်လက် ရုန်းကန်လေတော့၏။

သို့သော်... ခြေတစ်လှမ်း လှမ်းလိုက်ပြီးချိန်တွင်...

ကျန်းပိုင်ရှန်း နေရာတွင်ပင် ကျောက်ရုပ်ပမာ တောင့်ခဲသွားတော့၏။

အဝေး ကောင်းကင်ယံတွင်... သူ အလွန် ရင်းနှီးသော ပုံရိပ် တစ်ခု ထွက်ပေါ်လာသည် မဟုတ်ပါလော။

အစကတော့ သူ အမြင်မှားနေသည်ဟု ထင်လိုက်မိသေးသည်။ သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် ထို တာအို လူငယ်လေးသည် ကောင်းကင်မှ သက်ဆင်းလာပြီး သူတို့ ရှေ့တည့်တည့်သို့ ရောက်ရှိလာလေတော့၏။

နင်ချီသည် ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့၏ စုတ်ပြတ်သတ်နေသော ပုံစံကို ကြည့်ပြီး ရင်ထဲတွင် ဒေါသများ ပြည့်နှက်သွားရ၏။ သို့သော် တချိန်တည်းမှာပင် သက်ပြင်းချနိုင်လိုက်၏။

...တော်သေးတာပေါ့... ငါ အချိန်မီ ရောက်လာခဲ့လို့...

All Chapters