← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇)- အသက်စေ့

~"အစ်ကိုငါး... ဒီလူ့ကို သေချာ ကြည့်ထားပေးပါ..."

ထိုသို့ မှာကြားပြီး တပြိုင်နက်၊ နင်ချီသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီး စွမ်းအား အားလှိုင်းများ ထွက်ပေါ်လာလေ၏။

စောစောကမှ ပြုလုပ်ထားသော မြေပုံအသစ်လေးသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားပြီး၊ ချင်ယွင်၏ အလောင်းကို အားလုံးရှေ့တွင် ပေါ်လာစေခဲ့သည်။

မြင်ကွင်းက ရင်နင့်ဖွယ်ရာ ကောင်းလွန်းလှသဖြင့် သုံးယောက်သား တုန်လှုပ်သွားကြရ၏။

ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်၌ အကောင်းအတိုင်း ကျန်ရှိသော အသားဟူ၍ တစ်နေရာမျှ မရှိတော့။ နေရာတိုင်းတွင် စုတ်ပြဲပေါက်ကွဲနေပြီး၊ အရိုးဖြူများ ထိုးထွက်နေသည်ကို မြင်ရသည်မှာ အရုပ်ဆိုး အကျည်းတန်ပြီး သနားစဖွယ် ကောင်းလှ၏။ သို့သော်... အခံစားရ အခက်ဆုံးအရာမှာ တစ်ချိန်က ခန့်ညားချောမောခဲ့သော မျက်နှာလေးသည် ယခုအခါ အိုမင်းရင့်ရော်ကာ၊ ခြောက်သွေ့သော ဆံပင်ဖြူများနှင့်အတူ အသက်မဲ့နေခြင်းပင် ဖြစ်သည်။

"အား"

ကျန်းပိုင်ရှန်း ကောင်းကင်သို့ မော့ကြည့်ပြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။ ရင်ထဲတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။

မျက်ရည်များ တသွင်သွင် စီးကျလာပြီး အပြစ်ရှိစိတ်များက သူ့ကို လောင်ကျွမ်းနေ၏။ ကျန်းပိုင်ရှန်း မနေနိုင်တော့ဘဲ သရဲမျက်နှာဖုံး၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ရာ၊ ချိပ်ပိတ်ခံထားရသော သရဲမျက်နှာဖုံး ခမျာ နာကျင်စွာ အော်ဟစ်ပြီး သွေးများ အန်ထွက်လာရ၏။ နံရိုးများ ကျိုးပဲ့သံများ ထွက်ပေါ်လာ၏။

ကျန်းပိုင်ရှန်း၏ တောရိုင်းတိရစ္ဆာန် တစ်ကောင်လို ဖြစ်နေသော အမူအရာကို ကြည့်ပြီး သရဲမျက်နှာဖုံး၏ ရင်ထဲတွင် အေးစက်သွားသော်လည်း၊ အရှက်ရမှုများလည်း ဖြစ်ပေါ်လာသည်။

အရင်တုန်းက ကျန်းပိုင်ရှန်းဆိုတာ သူ့မျက်စိထဲမှာ ပုရွက်ဆိတ် တစ်ကောင်လောက်ပဲ ရှိခဲ့သည်။ ယခုတော့ ဒီပုရွက်ဆိတ်၏ နင်းချေမှုကို ခံနေရပြီး ဂုဏ်သိက္ခာတွေ ရိုက်ချိုးခံလိုက်ရလေ၏။

ကံကောင်းသည်မှာ ကျန်းပိုင်ရှန်းက ဒေါသထွက်နေရုံသာ ဖြစ်ပြီး၊ အသိစိတ် လုံးဝ လွတ်သွားခြင်း မရှိသေးပေ။ နင်ချီက သရဲမျက်နှာဖုံးကို အရှင်ထားထားသည်က တစ်ခုခု အကြောင်းရှိမည် ဆိုတာ သူ သိနေ၏။

နင်ချီ၏ ရင်ထဲတွင်လည်း ဒေါသနှင့် ခါးသက်မှုများ ပြည့်နှက်နေ၏။ သရဲမျက်နှာဖုံးကို အေးစက်စက် တစ်ချက် ကြည့်လိုက်သော်လည်း မျှော်လင့်ချက် မကုန်သေးပေ။

"အစ်ကိုငါး... ကျွန်တော့်ကို ကာကွယ်ပေးထား..."

ပြောပြီးသည်နှင့် သူသည် ချင်ယွင်၏ အလောင်းဘေးတွင် တင်ပျဉ်ခွေ ထိုင်လိုက်တော့၏။

အစွမ်းကုန် အားထုတ်လိုက်ရာ 'အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် ချီစွမ်းအင်' များ နိုးထလာပြီး၊ အသက်စွမ်းအင်များ ပြည့်ဝနေသော ချီစွမ်းအင် စီးကြောင်း တစ်ခု.. ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေ၏။

မျက်စိရှေ့မှာပင်...

စုတ်ပြတ်နေသော အသားစများ ပြန်လည် ဆက်စပ်သွားပြီး၊ အသားနုများ ပြန်တက်လာသည်။ ကျိုးပဲ့နေသော အရိုးများ ပြန်ဆက်သွားပြီး၊ ဖြူဖပ်ဖြူရော် ဖြစ်နေသော ချင်ယွင်၏ မျက်နှာပေါ်တွင် သွေးရောင် သဲ့သဲ့လေး ပြန်ပေါ်လာသည်။ ဤ အံ့ဖွယ် မြင်ကွင်းကြောင့် ဘေးမှ ကြည့်နေသော သုံးယောက်သား မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

‘သေလူကို ပြန်ရှင်စေပြီး အရိုးတွေကို အသားပြန်တက်စေတာ... ဒါ နတ်ဘုရား စွမ်းရည်ပဲ…။’

နင်ချီ ကျင့်ကြံထားသော 'အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် ချီစွမ်းအင်' သည် ဂုဏ်သတ္တိ အမျိုးမျိုးကို ပြောင်းလဲနိုင်စွမ်း ရှိသည်။ သူ နေ့စဉ် ကျမ်းစာများ လေ့လာခြင်းနှင့် ဉာဏ်အလင်းပွင့်ခြင်း တို့သည် ဤ လျှို့ဝှက်ချက်များကို ငှားရမ်းပြီး လမ်းကြောင်းသစ်များ ရှာဖွေခြင်းသာ ဖြစ်သည်။ ယခုအချိန်အထိ သူသည် ချီစွမ်းအင်၏ တိုက်ခိုက်ရေး ဘက်ခြမ်းကိုသာ ထုတ်ဖော်ပြသခဲ့ဖူးသည်။

ကျန်းပိုင်ရှန်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရလေပြီ။ နင်ချီကို အနှောင့်အယှက် မဖြစ်စေရန် စိတ်လှုပ်ရှားမှုကို အတင်း ထိန်းချုပ်ထားရ၏။

ခဏအကြာတွင်...

ချင်ယွင်၏ အလောင်းသည် ယခင်ကလောက် သနားစရာ မကောင်းတော့ပေ။

အနည်းငယ် စုတ်ပြဲနေသော အနက်ရောင် ဝတ်စုံမှလွဲလျှင် သာမန်လူ တစ်ယောက်နှင့် ဘာမျှ မခြားနားတော့။ သို့သော် ဒဏ်ရာများ ပျောက်ကင်းသွားသော်လည်း အိုမင်းရင့်ရော်နေသော မျက်နှာကတော့ မပြောင်းလဲသေး။ ထို့အပြင်... အရှိန်အဝါ တစ်စုံတစ်ရာ မရှိသေးပေ။ ပြန်ကောင်းလာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ပကတိအတိုင်း ပြန်ဖြစ်သွားသော အလောင်းတစ်ခုသာ ဖြစ်နေဆဲပင်။

နင်ချီ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ကျန်းပိုင်ရှန်းက မျှော်လင့်တကြီး မေးလိုက်သည်။

"ကိုးလေး... ဘယ်လိုလဲ... ညီလေးရှစ်အတွက် မျှော်လင့်ချက် ရှိလား"

ကျန်းပိုင်ရှန်း၏ နှိပ်စက်မှုကို ခံထားရသော သရဲမျက်နှာဖုံးသည် အရှက်ရစိတ်များဖြင့် ပြန်လည် လှောင်ပြောင်လိုက်သည်။

"အသက်စွမ်းအင် ပြတ်တောက်သွားမှတော့... နတ်ဘုရား ဆင်းလာရင်တောင် ကယ်လို့ မရတော့ဘူး မင်းတို့ လက်လျှော့လိုက်တာ ကောင်းမယ်"

ကျန်းပိုင်ရှန်း၏ မျက်လုံးများ သွေးရောင် လွှမ်းသွားသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ညီလေးရှစ်ကို ကယ်မရရင်...ခင်ဗျားကို ကျုပ် အသားစ တစ်စစီ လှီးပစ်မယ်"

သရဲမျက်နှာဖုံး ခဏတာ စကားဆွံ့အသွားသည်။

နင်ချီက သရဲမျက်နှာဖုံးကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ဘယ်သူပြောလဲ... အသက်စွမ်းအင် ပြတ်တောက်သွားရင် ကယ်မရဘူးလို့..."

သုံးယောက်စလုံး သူ့ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့က အံ့သြနေကြသော်လည်း၊ သရဲမျက်နှာဖုံးကမူ မယုံကြည်နိုင် ဖြစ်နေ၏။

နင်ချီ သူ့ကို ဂရုမစိုက်တော့ပေ။ စောစောက လုပ်လိုက်တာသည် ကြိုတင်ပြင်ဆင်မှု အဆင့်သာ ရှိသေးသည်။ ချင်ယွင်၏ ခန္ဓာကိုယ် အရမ်းကြီး ကြည့်ရဆိုး မနေအောင် ပြုပြင်ပေးလိုက်ပြီး အခြေအနေကို အကဲခတ်ခြင်းသာ ဖြစ်သည်။

သရဲမျက်နှာဖုံး ပြောသလိုပင်၊

ချင်ယွင်၏ အသက်စွမ်းအင်သည် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ သာမန်လူအတွက်ဆိုလျှင် ဒါက လုံးဝ သေဆုံးခြင်း ဖြစ်သော်လည်း... နင်ချီအတွက်မူ မသေချာသေးပေ။

သူ ကံကောင်းသည်ဟု ယူဆမိသည်။ တကယ်လို့ သူ နောက်ကျခဲ့လျှင်တော့ တကယ်ကို ပြင်ဆင်၍ မရတော့သည့် အခြေအနေ ဖြစ်သွားနိုင်သည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီး နင်ချီ၏ မျက်ဝန်းများသည် တဖြည်းဖြည်း လေးနက်လာသည်။ ရှေ့ဆက် လုပ်ရမည့် အရာကမှ တကယ့် စိန်ခေါ်မှု အစစ်အမှန် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး စွမ်းအား အမျှင်တန်းလေးများ စုဝေးလာပြီး၊ သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် အစိမ်းရောင် အဖြစ် ပြောင်းလဲသွားသည်။ စွမ်းအားနှစ်ခု ပဲ့တင်ရိုက်ခတ်လာပြီး၊ နင်ချီ၏ လက်ချောင်းများ လှုပ်ရှားမှုသည် ရှုပ်ထွေးနက်နဲသော လက်သင်္ကေတ များကို ဖန်တီးလိုက်လေ၏။

သုံးယောက်သား၏ အံ့သြမှင်သက်နေသော အကြည့်အောက်တွင်...

နင်ချီသည် လက်ဖဝါးဖြင့် စက်ဝိုင်းပုံ ဝဲလိုက်ရာ၊ လက်ဖဝါးနှစ်ခုကြားတွင် စိမ်းလန်းစိုပြည်သော 'ပျိုးပင်' လေး တစ်ခု ထွက်ပေါ်လာတော့၏။ တစ်ခဏအတွင်းမှာပင် သင်းပျံ့သော ရနံ့များ ပေါက်ကွဲထွက်လာပြီး၊ အားကောင်းသော အသက်စွမ်းအင်များ ထိုပျိုးပင်လေးမှ ဖြာထွက်လာလေ၏။

၎င်း၏ အနှစ်သာရ အစက်အပျောက်လေးများသည် ဘေးနားရှိ ခြောက်သွေ့နေသော သစ်ပင်အိုကြီးအပေါ်သို့ ကျရောက်သွားရာ၊ ချက်ချင်းပင် အဖူးအငုံများ ထွက်ပေါ်လာပြီး ပြန်လည် နုပျိုလန်းဆန်းလာတော့၏။

သရဲမျက်နှာဖုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ကျန်းပိုင်ရှန်း၏ ခေါင်းထဲတွင်မူ လျှပ်စီးလက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

... ဒီ ရင်းနှီးနေတဲ့ 'ပျိုးပင်' လေးက ဘယ်က ရလာလဲ ဆိုတာ သူ နောက်ဆုံးတော့ သဘောပေါက်သွားရ၏။

ဒါက... ဉာဏ်အလင်း လက်ဖက်ပင်အိုကြီး မြေကြီးထဲမှ စဖောက်ထွက်လာတုန်းက ပုံစံနှင့် တူနေသည်ပင်။

ထိုအချိန်တုန်းက အဖြစ်အပျက်ကို သူ ပြန်သတိရသွားသည်။ လက်ဖက်ပင်အိုကြီး မြေကြီးထဲက စထွက်လာတုန်းက အစ်ကိုကြီးတွေ အားလုံး စိတ်လှုပ်ရှားပြီး ဝိုင်းကြည့်နေကြ၏၊ တချို့ဆို မြေကြီးပေါ် ဝပ်ပြီး ကြည့်နေကြသည်လေ။ နင်ချီ တစ်ယောက်တည်းသာ ပြုံးပြီး ဉာဏ်အလင်းပွင့်နေခဲ့သည်။

ယနေ့မှ သူ နားလည်သွားပြီ... နင်ချီ၏ သိမြင်နားလည်မှုက သာမန် မဟုတ်ဘူး ဆိုသည်ကိုပင်။

ကျန်းပိုင်ရှန်း ထင်သည့် အတိုင်းပါပဲ။

ချီစွမ်းအင်မှ ပြောင်းလဲသွားသော အနှီပျိုးပင်လေးသည် 'အသက်လမ်းစဉ်' အပေါ် နင်ချီ၏ နားလည်သဘောပေါက်မှု အားလုံးကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

လက်ဖက်ပင်အိုကြီး မြေကြီးကို ဖောက်ထွက်လာသည်ကို မြင်တွေ့ခဲ့ရစဉ်က အသက်လမ်းစဉ်အတွက် အခွင့်အရေး ရရှိခဲ့သည်။ ထို့နောက် လက်ဖက်ပင် ကြီးထွားလာပုံကို ဆက်လက် လေ့လာပြီး ထိုးထွင်းသိမြင်မှုကို နက်ရှိုင်းစေခဲ့၏။

... နင်ချီသည်

ထိုမျှ မကသေး၊ အခြားသော အသက်ဆိုင်ရာ အံ့ဖွယ်များကိုလည်း လေ့လာခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှု အသေးစားလေး တစ်ခု ရရှိခဲ့ခြင်း ဖြစ်လေ၏။

ဒီပျိုးပင်လေးက... 'အသက်စေ့' ပဲ။

နင်ချီ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ တောက်ပနေ၏။

‘ယမမင်းရဲ့ ငရဲပြည် တကယ် ရှိရင်တောင်မှ... အစ်ကို ချင်ယွင်ရဲ့ အသက်ကို သူ ပြန်လုယူမယ်’

သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ညင်သာစွာ ဖိချလိုက်သည်။

အသက်စေ့လေးသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့၏။

တစ်ခဏအတွင်းမှာပင်...

ချင်ယွင်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး၊ အလွန် ကြွယ်ဝသော အသက်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့ ပျံ့နှံ့သွားလေ၏။

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ပင်လျှင် ထိုစွမ်းအင်၏ ရိုက်ခတ်မှုကြောင့် အားအင်များ ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရပြီး၊ ယခင်က မောပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားရလေတော့၏။

အခန်း (၂၇၈) - အသက်စေ့ (၂)

~အစိမ်းရောင် အလင်းတန်းသည် သရဲမျက်နှာဖုံးကို ဖြတ်သန်းသွားရာ၊ ကောင်းကင်ဓားပျံ ထိုးဖောက်ခံထားရသော သူ့ရင်ဘတ်ရှိ ဒဏ်ရာသည် ချက်ချင်းပင် တစ်ဝက်ကျော် ပြန်လည်သက်သာသွားလေ၏။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ သူ့ကို ဖိနှိပ်ထားသော စွမ်းအားသည် လျော့နည်းသွားခြင်း မရှိဘဲ၊ သူ့ကို လှုပ်ရှား၍ မရအောင် ဆက်လက် ချိပ်ပိတ်ထားဆဲ ဖြစ်ခြင်းပင်။ အားအင် ပြန်ပြည့်လာသော ကျန်းပိုင်ရှန်းသည် မကျေနပ်နိုင်သေးဘဲ သရဲမျက်နှာဖုံးကို နှစ်ချက်ခန့် ထပ်မံ ကန်ကျောက်လိုက်သေးသည်။

စောစောက တိုက်ပွဲကြောင့် ပျက်စီးသွားသော ပန်းမန်များ၊ မြက်ခင်းများနှင့် သစ်ပင်အိုကြီးများသည်လည်း ရူးသွပ်စွာ ကြီးထွားလာကြတော့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းတို့သည် အသစ်တဖန် ပြန်လည် စိမ်းလန်းစိုပြည်လာပြီး၊ ဆက်လက်၍ အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာကာ၊ တောအုပ်တစ်ခုလုံးကို သက်ရှိမြို့တော်ကြီး တစ်ခုအလား ပြောင်းလဲပစ်လိုက်လေ၏။

ဤမြင်ကွင်းသည် အံ့ဖွယ်အမှု တစ်ခုနှင့် တူလှပေသည်။

ကျန်းပိုင်ရှန်းတို့ သုံးယောက် မတွေးဘဲ မနေနိုင်ကြတော့ပေ။ ဘေးသို့ စီးထွက်လာသော အသက်စွမ်းအင် အကြွင်းအကျန်လေးကပင် ဤမျှလောက် အစွမ်းထက်နေလျှင်၊ ဗဟိုချက်မတွင် ရှိနေသော ချင်ယွင်၏ အခြေအနေမှာ မည်သို့ ရှိနေမည်နည်း။

ထိုအချိန်တွင်...

ချင်ယွင်၏ ခန္ဓာကိုယ်သည် လေထဲတွင် မျောလွင့်နေ၏။

သိပ်သည်းသော အသက်စွမ်းအားများ ပေါက်ကွဲထွက်နေ၏။

နင်ချီသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသော မမြင်နိုင်လုနီးပါး သေးငယ်သည့် အသက်စွမ်းအင် အစအနလေးကို ရှာဖွေနေခြင်း ဖြစ်သည်။ ဤ 'အသက်စေ့' သည် "ငါးစာ" အဖြစ် အလုပ်လုပ်ပေးလိမ့်မည်။

သူသည် 'နတ်ဘုရား အာရုံ' အား အစွမ်းကုန် ထုတ်သုံးထားသဖြင့်၊ မျောက်ဖြူ၏ သွေးမျိုးဆက်ကို စူးစမ်းတုန်းကလိုပင် မောပန်းနွမ်းနယ်လာရ၏။

ကံကောင်းထောက်မစွာဖြင့်...

ကောင်းကင်ဘုံသည် ကြိုးစားသူကို မျက်နှာသာ ပေးလေ့ ရှိပါသည်။

နင်ချီ မျက်ခုံးပင့်လိုက်ပြီး ဝမ်းသာသွား၏။

"တွေ့ပြီ"

သူသည် ထို မမြင်နိုင်လုနီးပါး အသက်စွမ်းအင် အစအနလေးကို ခြေရာခံလိုက်ပြီး၊ အသက်စေ့ကို အပြည့်အဝ ပေါက်ကွဲစေကာ ၎င်းနှင့် ပေါင်းစပ်ပေးလိုက်လေ၏။

သရဲမျက်နှာဖုံး၏ မယုံကြည်နိုင်သော မျက်လုံးများအောက်တွင်...

မူလက သစ်တုံး တစ်တုံးလို အသက်မဲ့နေသော ချင်ယွင်သည် ရုတ်တရက် လှုပ်ရှားလာသည်။ အသက်စွမ်းအား လှိုင်းလုံးကြီး တစ်ခုသည် သူ့ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားပြီး၊ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ချင်ယွင်၏ မျက်နှာပေါ်တွင် သွေးရောင်လွှမ်းလာလေ၏။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... "

သရဲမျက်နှာဖုံးသည် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်နေ၏။

အသက်စွမ်းအင် ပြတ်တောက်သွားပြီးသူ တစ်ယောက်ကို ပြန်လည် အသက်သွင်းခြင်း ဆိုသည်မှာ သိုင်းသူတော်စင်ပင်လျှင် လုပ်နိုင်သော ကိစ္စ မဟုတ်ပေ။

‘ ဒီ 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ဆိုတာ တကယ်တော့ ဘယ်သူလဲ။’

တစ်ဖက်တွင်မူ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့မှာ ဝမ်းသာပီတိ ဖြစ်နေကြသည်။

ချင်ယွင်၏ အသက် အငွေ့အသက် ပိုမို အားကောင်းလာသည်ကို ကြည့်ရင်း သူတို့ ခန္ဓာကိုယ်များ တုန်ယင်လာကြသည်။

သို့သော် ရုတ်တရက်...

နင်ချီ၏ မျက်နှာထား ပြောင်းလဲသွားသည်။

သူ့မျက်လုံးထဲတွင် စိုးရိမ်စိတ် အရိပ်အယောင်များ ပေါ်လာပြီး၊ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များသည် ချက်ချင်းပင် အလွန်အမင်း အေးစက်သော ရေခဲစွမ်းအင်အဖြစ် ပြောင်းလဲသွားလေ၏။

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ချင်ယွင်၏ ခန္ဓာကိုယ်သည် ရေခဲလွှာများဖြင့် ဖုံးအုပ်သွားပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် အေးစက်သော ရေခဲရုပ်တု တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။

အသက်စွမ်းအင်နှင့် အစွန်းရောက် အေးစက်မှု အခြေအနေနှစ်ခုသည် ရှုပ်ထွေးစွာ ယှက်နွယ်သွားကြသည်။

ဤ ရုတ်တရက် ပြောင်းလဲမှုကြောင့် ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့၏ မျက်နှာများ ပျက်သွားကြသည်။ နင်ချီ၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ ကျန်းပိုင်ရှန်း အမြန်မေးလိုက်သည်။

"ကိုးလေး... ညီလေးရှစ်က အသက်ပြန်ရှင်လာပြီ မဟုတ်ဘူးလား"

နင်ချီ မဖြေနိုင်ခင်မှာပင်၊ သရဲမျက်နှာဖုံးက ချက်ချင်း သဘောပေါက်သွားပြီး ဟားတိုက်ရယ်မောလိုက်လေ၏။

"ဟားဟားဟား..ငါ နားလည်ပြီ.. ငါ့ကို တားဆီးဖို့အတွက် ချင်ယွင်က သူ့သက်တမ်း အားလုံးကို လောင်ကျွမ်းပစ်လိုက်တာပဲ... မင်းက စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဖြစ်ပြီး ကောင်းကင်ဘုံ နည်းလမ်းတွေနဲ့ သူ့အသက်စွမ်းအင်ကို ပြန်ခေါ်ပေးနိုင်ရင်တောင် ဘာထူးမှာလဲ... သူ့မှာ နေစရာ သက်တမ်းမှ မကျန်တော့တာ... မင်း ကယ်လိုက်ရင်တောင် သူက ချက်ချင်း အိုမင်းပြီး သေသွားမှာပဲ 'ဝမ်းနည်း ဆံဖြူ လျှို့ဝှက်နည်းစနစ်' အကြောင်း ငါ့ထက် ပိုသိတဲ့သူ ဘယ်သူမှ မရှိဘူး"

"နောက်ဆုံးတော့... သဲထဲ ရေသွန်တာပါပဲကွာ... ဟားဟားဟား"

သူ ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ့ကံကြမ္မာ မကောင်းတော့မှန်း သိနေသဖြင့် စကားလုံးတွေနဲ့ ရန်သူကို စိတ်ဒုက္ခပေးရုံသာ တတ်နိုင်တော့၏။

ကျန်းပိုင်ရှန်း သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သို့သော်၊ နင်ချီ ငြင်းဆန်လိုက်ပါစေဟု သူ မျှော်လင့်နေမိသည်။

နင်ချီသည် ခဏတာ တိတ်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။

"သူ ပြောတာ မှန်တယ်... အစ်ကိုရှစ်ရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ... အခုသာ သူ့ကို နှိုးလိုက်ရင် ကျန်နေတဲ့ သက်တမ်း အနည်းငယ်လေးပါ ကုန်ခမ်းသွားပြီး... တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူး ဖြစ်သွားလိမ့်မယ်"

ထိုသို့ အဖြေစကားကို

ကြားလိုက်ရသောအခါ ကျန်းပိုင်ရှန်း၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

လင်ရူဟွာကမူ မျက်လုံးများ အရောင်တောက်လာပြီး မေးလိုက်သည်။

"ကိုးလေး... 'သက်တမ်းရှည် ဆေးဝါး' တွေ သုံးရင်ရော... အဆင်မပြေနိုင်ဘူးလား"

ကျန်းပိုင်ရှန်းလည်း မျှော်လင့်ချက် ပြန်တက်လာသည်။

သက်တမ်းရှည် ဆေးဝါးတွေက ရှားပါးပေမယ့်၊ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသေးသည်ပေါ့။

သရဲမျက်နှာဖုံး စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ နင်ချီက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သူသည် ပါးရိုက်ခံလိုက်ရသလို လွင့်စဉ်သွားတော့၏။ နားငြီးလွန်း၍ ဖြစ်သည်။

နင်ချီ ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။

"မရလောက်ဘူး မရီး... ဘယ်လို သက်တမ်းရှည် ဆေးဝါးမဆို အသုံးပြုမယ့်သူမှာ အခြေခံ သက်တမ်း တစ်ခုတော့ ရှိနေဖို့ လိုတယ်... သက်တမ်းကုန်ခါနီး လူတစ်ယောက် သက်တမ်းရှည်ဆေး သုံးပြီး ပြန်ရှင်လာတာ မြင်ဖူးလို့လား... အနည်းဆုံး ၁၀ နှစ်၊ ၂၀ လောက်တော့ ကျန်နေမှ ရတာပါ.."

နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။

"ဒါဆို... တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား..."

ကျန်းပိုင်ရှန်း၏ အသံက အက်ကွဲနေ၏။ ရေခဲရုပ်တု ဖြစ်နေသော ချင်ယွင်ကို သူ မကြည့်ရက်တော့ပေ။ အိုမင်းရင့်ရော်နေသော ရုပ်သွင်ပြင်မှလွဲလျှင် သာမန်လူနှင့် မခြား အသက်စွမ်းအင်များ ပြည့်ဝနေသော်လည်း၊ နှိုးလိုက်သည်နှင့် သေဆုံးသွားမည် ဆိုသော အဖြစ်မှန်က သူ့နှလုံးသားကို ဆွဲကိုင် လှုပ်ယမ်းနေ၏။

နင်ချီ သက်ပြင်းဖွဖွ ချလိုက်သည်။

"လောလောဆယ်တော့... အစ်ကိုရှစ်ကို ရေခဲရုပ်တု အဖြစ်နဲ့ပဲ ခဏ ထိန်းထားပြီး နည်းလမ်းရှာရမှာပဲ..."

သူ့အသံ တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။

"စိတ်ချပါ... ကျွန်တော် နည်းလမ်း ရှာတွေ့အောင် ရှာပါ့မယ်"

အခု မစွမ်းဆောင်နိုင်တာက ထာဝရ မစွမ်းဆောင်နိုင်တာ မဟုတ်ပါချေ။

သူ ဆက်လက် ကြီးထွားလာဦးမည်။ သူ၏ ထိုးထွင်းသိမြင်မှုနှင့် ဆိုလျှင် 'သက်တမ်းဆိုင်ရာ လျှို့ဝှက်နည်းစနစ်' တစ်ခုကို သေချာပေါက် ဖန်တီးနိုင်မည်ပင်။ ကောင်းကင်ဘုံလူသား အဆင့်မှာ မရလျှင် သိုင်းသူတော်စင် အဆင့်မှာ ရမည်။ သိုင်းသူတော်စင် အဆင့်မှာ မရလျှင်... ထိုထက် မြင့်သော အဆင့်မှာ ရအောင် ယူမည်။

နင်ချီ၏ မျက်လုံးထဲရှိ ပြတ်သားမှုကို မြင်သောအခါ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ အားတက်သွားကြသည်။

သူတို့ ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။

နင်ချီက ဒီစကားကို ပြောခွင့် ရှိသူ ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ၊ သူက ၁၁ နှစ်သာ ရှိသေးသည်လေ။ ယခု အသက်အရွယ်လေးနှင့် ဒီလောက် အောင်မြင်မှုတွေ ရထားသည်၊ ကြောက်မက်ဖွယ် စွမ်းအားတွေ ပိုင်ဆိုင်ထားသည်။

ချင်ယွင်ကို ကယ်တင်တုန်းက ပြသခဲ့သော နတ်ဘုရား စွမ်းရည်တွေ... အားလုံးက ယုံကြည်လောက်စရာပါပင်။

သာမန်အချိန်ဆိုလျှင် သူတို့ ပါးစပ်အဟောင်းသား ဖြစ်နေလောက်

လေပြီ။ ချင်ယွင်အတွက် စိတ်ပူနေရ၍သာ အံ့သြမှုကို ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်၏။

"တောင်ပေါ်ကို အရင် ပြန်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဆရာ့ကို တင်ပြရမယ်" ဟု နင်ချီ တိုးညှင်းစွာ ပြောလိုက်သည်။

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ ခေါင်းညိတ်လိုက်ကြသည်။

ဒီလို အဖြစ်ဆိုးကြီး ကြုံပြီးမှတော့ သူတို့ တွန့်ဆုတ်မနေတော့ပေ။ ပြင်ပလောကမှာ ခိုအောင်းနေစရာ အကြောင်း မရှိတော့ပါ။

"ကိုးလေး... ဟိုလူကို ဘယ်လို လုပ်မလဲ"

ကျန်းပိုင်ရှန်းက သရဲမျက်နှာဖုံးကို မုန်းတီးစွာ မေးလိုက်သည်။

သရဲမျက်နှာဖုံး၏ ခန္ဓာကိုယ် မသိမသာ တုန်သွားသည်။

နင်ချီ၏ အကြည့်က အေးစက်နေ၏။

"ကျွန်တော် တောင်အောက်ဆင်းလာတာက တောင်ပိုင်းနယ်စပ်ကို ပြဿနာရှာဖို့လေ... ခင်ဗျားတို့က ကိုယ့်သဘောနဲ့ကိုယ် လာအသေခံမယ်လို့ မထင်ထားဘူး... ကောင်းပြီလေ... ဒါဆိုရင်၊ ခင်ဗျားတို့ မိစ္ဆာဂိုဏ်းကနေပဲ စလိုက်ကြတာပေါ့…”

အခန်း (၂၇၉) - အသက်စေ့ (၃)

~သရဲမျက်နှာဖုံး၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားရလေ၏။

ထိုအခိုက်အတန့်တွင်... သူတို့ မိစ္ဆာဂိုဏ်းအနေဖြင့် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော ရန်သူတစ်ယောက်ကို ရန်စမိလိုက်ပြီလဲ ဆိုတာကို သူ သဘောပေါက်သွား

တော့၏။ စောစောက မြင်တွေ့ခဲ့ရသော ပြိုင်ဘက်ကင်း စွမ်းအားကြီးသည် သူ့ကို ယခုထိတိုင် ကြောက်ရွံ့တုန်လှုပ်နေစေဆဲ ဖြစ်သည်။ ၎င်းသည် သာမန် ကောင်းကင်ဘုံလူသား အဆင့်၏ စွမ်းအားနှင့် လုံးဝ မတူတော့ပေ။

သူ စကားတစ်ခွန်း ပြောရန် ပြင်လိုက်သော်လည်း၊ နင်ချီ လက်ဝှေ့ယမ်းလိုက်သည်နှင့် သူတို့ လေးယောက်သား လေထဲသို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားကြတော့၏။

...

ယခုအခါ၊ အစစ်အမှန်သိုင်းတောင်၊

တောက်ပအလင်း သိုင်းခန်းမဆောင်၌… ၊

တာအိုဆရာလုံရှန်းနှင့် လော့ဝမ်ထျန်းတို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် နင်ချီ တောင်အောက် ဆင်းသွားသော ကိစ္စကို ဆွေးနွေးနေကြသည်။ တစ်လကျော် ကြာမြင့်သွားပြီ ဖြစ်သော်လည်း ဘာသတင်းမှ မကြားရသေးပေ။ နင်ချီကို ပြန်ခေါ်ရန် စဉ်းစားနေကြသည်။ အချိန်ဖြုန်းနေသလို ဖြစ်မည် စိုးသောကြောင့် ဖြစ်ပါ၏။

"ကိုးလေးက စိတ်ဓာတ်ခိုင်မာတဲ့ ကလေးပါ... သူက နှစ်လလို့ ပြောရင် နှစ်လပဲ နေမှာပါ..."

တာအိုဆရာလုံရှန်း ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ သူ့တပည့် အကြောင်း သူ အသိဆုံး ဖြစ်သည်။

လော့ဝမ်ထျန်းလည်း ခါးသက်သက် ပြုံးလိုက်သည်။

ရုတ်တရက်...

တာအိုဆရာလုံရှန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ တစ်စက္ကန့်အကြာတွင် လော့ဝမ်ထျန်းလည်း အာရုံခံမိလိုက်ပြီး၊ နောက်တစ်စက္ကန့်တွင် သူတို့၏ အကြည့်များသည် နန်းဆောင်အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

"ဆရာ... စီနီယာ အစ်ကိုကြီး"

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် နှစ်ယောက်စလုံး ပြုံးလိုက်မိသည်။ သူတို့ ပြောနေတုန်းမှာပဲ နင်ချီ ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

"ကိုးလေး... မြန်မြန် ဝင်ခဲ့..."

လော့ဝမ်ထျန်း စကားမဆုံးခင်မှာပင် နေရာတွင် ကျောက်ရုပ်ကြီးပမာ တောင့်ခဲသွားတော့၏။

ဝင်လာသူက နင်ချီ တစ်ယောက်တည်း မဟုတ်ပေ။

စုစုပေါင်း လူ ( ၅ ) ယောက် ဖြစ်နေ၏။

"တပည့်မိုက် ကျန်းပိုင်ရှန်း... ဆရာ့ကို ဂါရဝပြုပါတယ်"

ကျန်းပိုင်ရှန်း မျက်လုံးများ နီရဲနေပြီး၊ လင်ရူဟွာကိုပါ ဆွဲခေါ်ကာ ဒူးထောက်လိုက်သည်။

တာအိုဆရာလုံရှန်းသည် သူ့တပည့် ကျန်းပိုင်ရှန်းကို ပြန်တွေ့ရသဖြင့် ဝမ်းသာအံ့သြသွားသော်လည်း၊ အခြေအနေ မဟန်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ကျန်ရှိနေသော လူနှစ်ယောက်ကို ကြည့်လိုက်ရာ၊ တစ်ယောက်က ချိပ်ပိတ်ခံထားရသူ ဖြစ်ပြီး၊ နောက်တစ်ယောက်က... ရေခဲရုပ်တု ဖြစ်နေသည် မဟုတ်ပါလော။

သူ့အကြည့်သည် ရေခဲရုပ်တုဆီသို့ အလိုလို ရောက်သွားသည်။ ရင်ထဲတွင် လှိုက်တက်သွားပြီး၊ ရင်းနှီးသော ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်။ သို့သော် သူ မယုံရဲပေ။ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျှော်လင့်ချက် ရောင်ခြည်သန်းနေသော မျက်လုံးများဖြင့် နင်ချီကို ကြည့်လိုက်သည်။

"ကိုးလေး... ဒါ ဘယ်သူလဲ..."

နင်ချီ ဆရာ့မျက်လုံးများကို မကြည့်ရက်တော့ပေ။ ခေါင်းငုံ့လိုက်ပြီး တိုးညှင်းစွာ ဖြေလိုက်သည်။

"ဆရာ... ဒါ... အစ်ကိုရှစ်ပါ..."

တစ်ခဏအတွင်းမှာပင်...

မိုးကြိုး ပစ်ချလိုက်သကဲ့သို့ တာအိုဆရာ လုံရှန်း၏ ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားသည်။ သူသည် နေရာတွင်ပင် မိန်းမောတွေဝေစွာ ရပ်နေမိ၏။ ကောင်းကင်ဘုံလူသား အဆင့် ခန္ဓာကိုယ်သည်ပင် ယိုင်နဲ့သွားရရှာသည်။ တပည့်အချို့က ဝင်ထိန်းပေးရန် ပြင်လိုက်သော်လည်း တာအိုဆရာ လုံရှန်း လက်ကာပြလိုက်သည်။

သူ ကျောခိုင်းလိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ မျက်လုံးထဲက နာကျင်မှုတွေကို တပည့်တွေ မမြင်စေချင်၍ ဖြစ်သည်။

သို့သော် သူ့အသံကတော့ သူ့ရင်ထဲက ဝမ်းနည်းမှုကို ဖုံးဖိထားနိုင်ခြင်း မရှိပေ။

"ကိုးလေး... တကယ်ပဲ.. ဘာတွေ ဖြစ်ခဲ့တာလဲ..."

တာအိုဆရာ လုံရှန်း၏ အသံသည် တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားသော်လည်း တုန်ယင်နေဆဲပင်။

"အစ်ကိုငါး... ခင်ဗျားပဲ ပြောပြလိုက်ပါ..."

နင်ချီ ဝမ်းနည်းစွာ ပြောလိုက်သည်။ သူက နောက်မှ ရောက်သွားတာမို့ အသေးစိတ် မသိရပေ။

ကျန်းပိုင်ရှန်း မျက်လုံးများ နီရဲလာသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ မြေကြီးပေါ်တွင် ခေါင်းနှင့် ထိအောင် ဦးညွှတ်ကာ ငိုကြွေးလိုက်သည်။ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်လည် ပြောပြလိုက်သည်။

"အီးဟီး…ကျွန်တော့် အမှားတွေပါ... ကျွန်တော့်ကို ကယ်ဖို့သာ မဟုတ်ရင်... ညီလေးရှစ် ဒီလိုအဖြစ်မျိုး ရောက်မှာ မဟုတ်ဘူး"

သူ့ရင်ထဲတွင် ပြောမပြတတ်အောင် နာကျင်ခံစားနေရ၏။

လော့ဝမ်ထျန်း၏ လက်သီးများ အလိုလို ဆုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။

သရဲမျက်နှာဖုံးကို ကြည့်သော သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

တစ်ဖက်တွင်မူ... တာအိုဆရာလုံရှန်းသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်...

နောက်ဆုံးတွင် သူ သက်ပြင်းဖွဖွ ချလိုက်သည်။

"ငါး... ဒီကိစ္စက မင်းအမှား မဟုတ်ပါဘူး... မင်းကို အပြစ်တင်စရာ မရှိပါဘူး... ရှစ်လေးကို တောက်ပအလင်း သိုင်းခန်းမဆောင် ထဲမှာ ခဏ ထားလိုက်ပါ... ငါ သူ့ကို မတွေ့ရတာ ကြာပြီ... ကျန်တဲ့ ကိစ္စတွေကိုတော့ မင်းတို့ ညီအစ်ကိုတွေပဲ စီစဉ်လိုက်ကြပါ..."

တာအိုဆရာ လုံရှန်း လက်ဝှေ့ယမ်းလိုက်သည်။ ပင်ပန်းနွမ်းနယ်နေပုံ ရ၏။

အားလုံး တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

တာအိုဆရာလုံရှန်းသည် ချင်ယွင်၏ ရေခဲရုပ်တုလေးကို ညင်သာစွာ ချထားလိုက်သည်။ ရေခဲလွှာများကို ဖြတ်ကျော်ပြီး ချင်ယွင်၏ မျက်နှာကို ပွတ်သပ်လိုက်ရင်း သက်ပြင်းချလိုက်သည်။

"ရှစ်လေး…( ၅ ) နှစ်လောက် မတွေ့ရတာနဲ့... မင်းက ဆရာ့ထက်တောင် ရုပ်ရင့်သွားပါရောလား..."

မသိလိုက်၊ မသိဘာသာဖြင့်ပင်... သူ့မျက်လုံးများ နီရဲလာခဲ့လေပြီ ဖြစ်၏။

...

နန်းဆောင်ထဲမှ ထွက်လာကြပြီးနောက် လော့ဝမ်ထျန်းက မေးလိုက်သည်။

"ကိုးလေး... ရှစ်လေးအတွက် မျှော်လင့်ချက် ရှိသေးလား"

နင်ချီ တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

"လောလောဆယ်တော့ 'ရေခဲချိပ်ပိတ်ခြင်း နည်းစနစ်'နဲ့ အစ်ကိုရှစ်ရဲ့ အခြေအနေကို ထိန်းထားရုံပဲ တတ်နိုင်သေးတယ်... ကျွန်တော် 'သက်တမ်းဆိုင်ရာ လျှို့ဝှက်နည်းစနစ်' ကို ဖန်တီးနိုင်မှ သူ့အသက်ကို ဆက်ပေးနိုင်မှာ..."

လော့ဝမ်ထျန်း ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

"ငါတို့ အစွမ်းကုန် ကြိုးစားရမယ်... မဟုတ်ရင် ဆရာ..."

သူ စကားဆက်မပြောနိုင်တော့။

တာအိုဆရာလုံရှန်းနှင့် အကြာဆုံး နေခဲ့ရသူမို့၊ ချင်ယွင်ကို ဒီလိုမြင်ရတာ ဆရာ ဘယ်လောက် ခံစားနေရမလဲ ဆိုတာ သူ အသိဆုံးပင်။ တွေးမိတိုင်း မျက်ရည်ဝဲလာရ၏။

နင်ချီ ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့... ကျွန်တော်.. အစ်ကိုရှစ်ကို သေချာပေါက် ကယ်တင်မှာပါ"

လော့ဝမ်ထျန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သရဲမျက်နှာဖုံးကို ကြည့်လိုက်သည်။

"ဒီ မိစ္ဆာဂိုဏ်း ဒုဂိုဏ်းချုပ်ကို ဘယ်လို စီစဉ်မလဲ"

နင်ချီ၏ အကြည့်က အေးစက်နေ၏။

"ကျွန်တော် သူ့ကို 'နှလုံးသား စစ်မေးခြင်း စင်မြင့်' ကို ခေါ်သွားပြီး သတင်းအချက်အလက်တွေ ရမလား စစ်ဆေးကြည့်လိုက်ဦးမယ်"

ကျန်းပိုင်ရှန်း၏ ရင်ထဲတွင် သရဲမျက်နှာဖုံးအပေါ် အမုန်းတရားများ ပြည့်နှက်နေလေ၏။ သူ တိုးတိုးလေး ပြောလိုက်သည်။

"ကိုးလေး... မေးလို့ ပြီးရင် သူ့ကို အစ်ကို့လက်ထဲ အပ်လိုက်ပါ..."

ထိုအခိုက်အတန့်မှာ၊ နင်ချီ ခဏ ရပ်တန့်သွားပြီး... ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။

All Chapters