← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃) - မဟာအကြီးအကဲ (၂)

~ဤအစေခံများ၏ တစ်ခုတည်းသော တာဝန်မှာ မိစ္ဆာဂိုဏ်းအတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ် အနည်းငယ်ကို အလုပ်အကျွေးပြုရန်သာ ဖြစ်လေ၏။

"ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံးနဲ့ သူတော်စင် မျိုးဆက်လောင်း နှစ်ဦးကို ဂါရဝပြုပါတယ်ရှင်"

နန်းတွင်းအဝတ်အစားများ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီး တစ်အုပ်သည် ကျက်သရေရှိစွာ ချဉ်းကပ်လာကြသည်။

နင်ချီသည် သူတို့ကို ဂရုမစိုက်ဘဲ အေးစက်စွာ မေးလိုက်သည်။

"မဟာအကြီးအကဲ ဘယ်မှာလဲ..."

ခေါင်းဆောင် အမျိုးသမီးသည် မြေပြင်ပေါ်တွင် ဝပ်တွားခယလိုက်သည်။

"မဟာအကြီးအကဲက မနေ့ကတည်းက 'သောကကင်းဝေး နန်းဆောင်'မှာ တရားထိုင်နေပါတယ်... မနက်ဖြန်မှ ထွက်လာပါလိမ့်မယ်ရှင်"

နင်ချီ၏ မျက်ဝန်းများ အရောင်လက် သွားသည်။

"ကောင်းပြီ... မဟာအကြီးအကဲ စောစော ထွက်လာရင် ငါ့ကို လာအကြောင်းကြားပါ..."

ထိုသို့ မှာကြားပြီးသည်နှင့် သူသည် သရဲမျက်နှာဖုံး ပိုင်ဆိုင်သော မြေအောက်နန်းတော် ဘက်သို့ လှည့်ထွက်သွားလိုက်သည်။

နင်ချီ၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက်၊ ကျန်းထျန်းလုံနှင့် ယဲ့ချင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြ၏။

ကျန်းထျန်းလုံက ရုတ်တရက် ပြောလိုက်သည်။

"မင်း သတိထားမိလား... ဒီနေ့ ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံးဆီမှာ ထူးဆန်းတာ တစ်ခုခု ရှိနေသလိုပဲ..."

ယဲ့ချင်လည်း ခေါင်းညိတ်လိုက်သည်။

"မင်းလည်း သတိထားမိတာလား... ကြည့်ရတာ သူ ငါတို့နဲ့ စကား သိပ်မပြောချင်ပုံပဲ..."

ယဲ့ချင် စိတ်ဝင်စားစွာ ရယ်မောလိုက်ရာ၊ သူ့ခေါင်းပြောင်ပေါ်မှ အနက်ရောင် အမှတ်အသားများသည် တွန့်လိမ်လှုပ်ရှားသွားကြသည်။

"မင်း ဘယ်လိုထင်လဲ... အဲ့တာဝန်မှာ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့တာများလား... ဒုဂိုဏ်းချုပ်က မဟာအကြီးအကဲကို တွေ့ချင်ဇော အရမ်းသန်နေပုံပဲ..."

ကျန်းထျန်းလုံက အေးစက်စွာ ပြောလိုက်သည်။

"မင်းတို့ ယဲ့မိသားစုက ဒီတာဝန်ကို လုယူသွားတာလေ... ဘာတွေ ဖြစ်နေလဲ မင်း မသိဘူးလို့ လာမပြောနဲ့..."

ထိုအခါ၊ ယဲ့ချင် ပခုံးတွန့်လိုက်သည်။

"ငါ တကယ် မသိတာပါကွာ... ဒုဂိုဏ်းချုပ်က တစ်ယောက်တည်း ကြိုပြန်လာတာတော့ သေချာနေပြီ... ဟွန်း... ချင်ယွင်ကများ နောက်တစ်ခါ သစ္စာ ထပ်ဖောက်ပြန်တာလား မသိဘူး..."

ထိုစဉ်၊ ကျန်းထျန်းလုံ၏ မျက်လုံးများ ဝင်းပသွားသည်။

"ငါတို့ ပူးပေါင်းကြမလား... ဒီတစ်ခါတော့ ချင်ယွင်ကို သူတော်စင် မျိုးဆက် စာရင်းထဲ လုံးဝ ပြန်မဝင်နိုင်အောင် လုပ်ရမယ်... ငါတို့ နှစ်ယောက်စလုံးက ဂိုဏ်းတော်ရဲ့ ပင်မသွေးမို့လေ... ဘာလို့ ဟို အပြင်လူက ငါတို့နဲ့ တန်းတူဖြစ်နေရမှာလဲ... ပြိုင်ဘက် သုံး ယောက် ရှိတာထက် နှစ်ယောက် ရှိတာ ပိုကောင်းတယ် မဟုတ်လား..."

ယဲ့ချင် ပြုံးလိုက်ရာ ချွန်ထက်သော သွားဖြူဖြူများ ပေါ်လာသည်။

"ငါလည်း အဲဒါပဲ တွေးနေတာ... မဟာအကြီးအကဲက ဘာတွေ တွေးပြီး ချင်ယွင်ကို ထောက်ခံနေလဲ မသိပါဘူး... ၊ ဒီတစ်ခါတော့.. ငါတို့ လက်တွဲပြီး ချင်ယွင်ကို အပြတ်ချေမှုန်းကြတာပေါ့..."

သူတို့နှစ်ဦး လူချင်းခွဲကာ ပေါ့ပါးစွာ ထွက်ခွာသွားကြသည်။

အဝေး တစ်နေရာမှ...

နင်ချီ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွား၏။

သူ့စွမ်းအားနှင့် ဆိုလျှင် သူတို့နှစ်ဦး လျှို့ဝှက်အသံလွှင့် နည်းစနစ်သုံးနေလျှင်တောင် သူက ကြားနိုင်ပေသည်။

‘ကြည့်ရတာ... မိစ္ဆာဂိုဏ်း အတွင်းပိုင်း ပဋိပက္ခက တော်တော်လေး ပြင်းထန်ပုံရတယ်…’

လမ်းတစ်လျှောက် မြင်ခဲ့ကြားခဲ့ရတာတွေက နင်ချီ့ကို အတွေးများစေသည်။

မိစ္ဆာဂိုဏ်း၏ ရှေ့ဆောင်သည် ယခင် မင်းဆက်ဟောင်း တစ်ခု၏ အကြွင်းအကျန်များ ဖြစ်ပြီး၊ မဟာယန်ကို အမြဲတမ်း ဖြုတ်ချချင်နေကြသည်ဟု ဆိုကြ၏။

သို့သော် နှစ်ပေါင်း နှစ်ထောင် ကြာပြီးနောက်၊ မူလ ရည်မှန်းချက်ကို ဆုပ်ကိုင်ထားသူ ဘယ်နှစ်ယောက် ကျန်ဦးမလဲ ဆိုတာ ပြောဖို့ ခက်လှ၏။

ထိုသို့ ဖြစ်စေကာမူ၊ ဒါက ကောင်းသော အချက်ပင် ဖြစ်ပါသည်။ ရည်မှန်းချက်တွေ ကွဲပြားနေမှ သူ့အတွက် အလုပ်လုပ်ရတာ ပိုလွယ်ကူမည်။

နင်ချီ ဒီကို လာရသော ရည်ရွယ်ချက်ကို မမေ့ပေ။

သရဲမျက်နှာဖုံး၏ နန်းတော်သို့ ပြန်ရောက်သောအခါ၊ နင်ချီသည် တစ်ယောက်တည်း နေချင်သဖြင့် အားလုံးကို ထွက်ခွာခိုင်းလိုက်သည်။

‘ဒီတစ်ခါ တာဝန်က မိစ္ဆာဂိုဏ်းကနေ သိုင်းသူတော်စင် ပေါ်ထွက်လာမှာကို တားဆီးဖို့ပဲ... မဟာအကြီးအကဲ တစ်ယောက်တည်းကသာ လျှို့ဝှက်ချက်တွေကို သိထားတာ... အကောင်းဆုံး အစီအစဉ်ကတော့ သူ့ကို တိတ်တဆိတ် ဖမ်းချုပ်ပြီး သတင်း အချက်အလက် ညှစ်ထုတ်ဖို့ပဲ... ဒါပေမဲ့ သူက… အခု တရားထိုင်နေတော့ အနားကပ်ဖို့ ခက်နေတယ်…’

‘ကံကောင်းတာက မနက်ဖြန် ထွက်လာမယ် ဆိုတာပဲ... ရက်အကြာကြီး ကြာသွားပြီး အစ်ကိုငါးဆီက သတင်းမပို့ရင် သေချာပေါက် သံသယ ဝင်လာလိမ့်မယ်…’

‘ညရောက်ရင်... သွားစူးစမ်းကြည့်ရင် ကောင်းမလား... ’

နင်ချီ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားလိုက်သည်။

အဆိုးဆုံးကတော့ ဖိအားပေး၍ ဝင်တိုက်ရုံပေါ့။

မဟာအကြီးအကဲ သည်နေရာမှာ ရှိမှန်း သေချာလျှင်၊ အရင်လို ရမ်းသမ်းရှာနေရတာထက် စာလျှင် တော်သေးသည်ပေါ့။ သို့သော်၊ အားအင်ချွေတာသည်က အကောင်းဆုံးပင် ဖြစ်၏။

နင်ချီ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး၊ စဉ်းစားဆင်ခြင်ကာ အားအင်ပြန်လည် ဖြည့်တင်းလိုက်လေ၏။

...

ညဉ့်နက်လေပြီ ဖြစ်၏။

မြေအောက်တွင် နေနှင့် လ မရှိသော်လည်း၊ ဤနေရာတွင် အထက်မှ ကျောက်တုံးများကို ထိန်းချုပ်ပြီး နေ့နှင့် ညကို ဖန်တီးထားကြသည်။

နင်ချီ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

သူသည် 'တိတ်ဆိတ်ခြင်း ပညာရပ်'အား အသက်သွင်းလိုက်ပြီး နန်းတော်ထဲမှ အသံမထွက်စေဘဲ ထွက်ခွာလာခဲ့သည်။

မြေအောက်နန်းတော်ကြီးသည် မှောင်မိုက်နေပြီး၊ မီးအိမ်များသာ ထွန်းညှိထားသည်။ နင်ချီသည် 'သောကကင်းဝေး နန်းဆောင်' ရှိရာ အရပ်ကို ခန့်မှန်းပြီး ကြောင်ပါးတစ်ကောင်လို ရွေ့လျားသွား၏။ ရံဖန်ရံခါ ကင်းလှည့်နေသူများသည် နင်ချီကို လုံးဝ သတိမထားမိကြပေ။

မြေအောက်နန်းတော်ကြီးသည် ကျယ်ဝန်းလှသော်လည်း၊ အမာခံ အဖွဲ့ဝင်များကို အလုပ်အကျွေးပြုနေသော ဒီအစေခံများ၏ ကျင့်ကြံခြင်း အဆင့်က မမြင့်မားလှပေ။

မကြာမီ...

နင်ချီသည် 'သောကကင်းဝေး နန်းဆောင်' ၏ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။

သူ အရိပ်ထဲတွင် ပုန်းအောင်းနေပြီး ဆက်မတိုးတော့ပေ

အစောင့်အရှောက်တွေက ဒုတိယ အချက်။ အဓိကက ဒီနန်းဆောင်ထဲမှာ 'ချီမင် အခင်းအကျင်း' တစ်ခု တိတ်တဆိတ် တပ်ဆင်ထားတာကို သူ အာရုံခံမိ၍ ဖြစ်သည်။ ဇွတ်ဝင်သွားလျှင် အတွင်းက လူကို သေချာပေါက် အချက်ပေးမိသလို ဖြစ်သွားလိမ့်မည် မဟုတ်ပါ‌လော။

ထိုသို့ ဖြစ်သွားလျှင် တိုက်ပွဲက ရှောင်လွှဲ၍ ရမှာ မဟုတ်တော့ပေ။

မဟာအကြီးအကဲအား တိတ်တဆိတ် ဖမ်းချုပ်မည့် အစီအစဉ် ချက်ချင်း ပျက်စီးသွားလေသည်။

‘ထင်တဲ့အတိုင်းပဲ... သိပ်မလွယ်ကူပါလား... မိစ္ဆာဂိုဏ်းက လူတွေက တကယ် သတိကြီးကြတာပဲ..’

နင်ချီ တွေးလိုက်မိသည်။

ဒါက တောင်ပိုင်းနယ်စပ် ချင် ပြည်နယ် စခန်းသိမ်းတုန်းကထက် အများကြီး ပိုခက်ခဲသည်။ နင်ချီလောက် စွမ်းရည်ရှိမှသာ မြေအောက်နန်းတော် တံခါးပေါက်ကို ရှာတွေ့နိုင်မည်။

တခြားလူဆို ရှာ၍ပင် တွေ့မှာ မဟုတ်ပေ။

သို့သော်ငြား၊ သူ စိတ်မပျက်ပါ။

ယခု မရလျှင် မနက်ဖြန် မဟာအကြီးအကဲနှင့် တွေ့သည့်အခါ အခွင့်အရေး ရှိမရှိ စောင့်ကြည့်ရမည်။

တခြား ပြင်ဆင်မှုတွေ ဦးစွာ လုပ်ထားတာ ပိုကောင်းမည်။

နင်ချီ၏ မျက်လုံးများ အရောင်လက်သွားပြီး မြေအောက်နန်းတော်၏ အခြားနေရာများသို့ တိတ်တဆိတ် ထွက်ခွာသွားလိုက်သည်။

သူ တိတ်ဆိတ်စွာ ရွေ့လျားရင်း၊ ပတ်ဝန်းကျင်မှ အရှိန်အဝါများကို သတိကြီးကြီးထားပြီး အာရုံခံနေ၏။

မကြာမီ...

နင်ချီ မြေအောက်နန်းတော် တစ်ပတ် ပတ်ပြီးသွားပြီ။

သူ ရပ်တန့်လိုက်ပြီး အနည်းငယ် အံ့သြသွားသည်။

‘ဒီ မြေအောက်နန်းတော် တစ်ခုတည်းမှာတင် ကောင်းကင်ဘုံလူသား အဆင့် အရှိန်အဝါ အယောက် ( ၃၀ ) ကျော် အာရုံခံမိတယ်... ငါ အာရုံမခံမိသေးတာတွေပါ ထည့်တွက်ရင် အယောက် ( ၄၀ ) ကျော်လောက် ရှိမလား... ပြီးတော့ ဒီအရှိန်အဝါတွေက အတော်လေး အားကောင်းတယ်... ကောင်းကင်ဘုံလူသား အစောပိုင်း အဆင့်လောက်ပဲ မဟုတ်ဘူး…’

အရေအတွက်က တကယ့်ကို အံ့မခန်းတည်း။

ဒါက မိစ္ဆာဂိုဏ်း၏ ဌာနချုပ် တစ်ခုသာ ရှိသေးသည်လေ။ တခြား ဌာနခွဲတွေက စခန်းတွေပါ ပေါင်းလိုက်လျှင် အရေအတွက်က နှစ်ဆလောက် ဖြစ်သွားနိုင်၏။

"မဟာယန် ( ၁၃ ) ပြည်နယ် တစ်ခုလုံးမှာ ရှိတဲ့ ကောင်းကင်ဘုံလူသား အဆင့်တွေ အကုန်ပေါင်းရင်တောင် ရာဂဏန်းလောက်ပဲ ရှိမှာ... တွက်ကြည့်ရရင် လူဦးရေ သန်းတစ်ထောင်မှာ တစ်ယောက်လောက်ပဲ ရှိတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေလေ... တော်ဝင်နန်းတော်က အနည်းဆုံး

( ၃၀ ) ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားပြီး၊ ကျန်တာတွေက တခြား သိုင်းဂိုဏ်းတွေမှာ ပြန့်ကျဲနေတာ..."

"မိစ္ဆာဂိုဏ်းက တော်ဝင်နန်းတော်ကို ဒီလောက်ကြာကြာ ယှဉ်ပြိုင်နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး... သူတို့မှာ တကယ်ပဲ ခိုင်မာတဲ့ အခြေခံ အုတ်မြစ် ရှိနေတာကိုး..."

နင်ချီ ပိုပြီး သတိထားလိုက်သည်။

ကောင်းကင်ဘုံလူသား အဆင့်တွေ သည်လောက် များနေမှတော့၊ ကောင်းကင်ဘုံလူသား အဆင့်စာရင်း ထိပ်ပိုင်း ဝင်နိုင်သူတွေ သေချာပေါက် ပါဝင်နေမည်ပင်။ သူ အထူး သတိထားမှ ဖြစ်မည်။ ဝိုင်းတိုက်ခံရလျှင် လွယ်လွယ်နှင့် ရှင်း၍ ရမည် မဟုတ်ပါ။

သူ ထွက်ပြေးချင်လျှင်တော့ အန္တရာယ် မရှိပါ။ သို့ရာတွင်၊ ဒီတစ်ခါသာ မအောင်မြင်ခဲ့လျှင် နောက်တစ်ခါ ဒီလို အခွင့်အရေးကောင်း ရဖို့ မလွယ်တော့ပေ။

သေချာ စဉ်းစားပြီးနောက်...

နင်ချီ အကြံတစ်ခု ရသွားတော့သည်။

သူသည် ကင်းလှည့်နေသူများကို ရှောင်ကွင်းပြီး မြေအောက်နန်းတော် နေရာအနှံ့သို့ တိတ်တဆိတ် သွားရောက်ကာ၊ 'ချီစွမ်းအင် ဓားမျိုးစေ့' တစ်ခုနှင့် အခင်းအကျင်း အချို့ကို ကြိုတင် တပ်ဆင်ထားလိုက်သည်။ ဘယ်သူမှ ထွက်မပြေးနိုင်အောင် ကာကွယ်ထားခြင်း ဖြစ်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ...

နင်ချီ သူ့နန်းတော်သို့ ပြန်လာခဲ့လိုက်၏။

ယခုတော့ မနက်ဖြန်ကို စောင့်ဖို့သာ ကျန်ပါတော့၏။

...

နောက်တစ်နေ့တွင်...

နင်ချီသည် အစေခံများ၏ ပြုစုမှုဖြင့် မနက်စာ စားသောက်ပြီးချိန်တွင်၊ မနေ့က ခေါင်းဆောင် အမျိုးသမီးက ကျက်သရေရှိစွာ ရောက်ရှိလာသည်။

"ဒုဂိုဏ်းချုပ်... မဟာအကြီးအကဲ 'သောကကင်းဝေး နန်းဆောင်' ကနေ ထွက်လာပါပြီ... ဒုဂိုဏ်းချုပ်ကို 'ကောင်းကင်မျှော် ခန်းမဆောင်' မှာ လာတွေ့ဖို့ မှာလိုက်ပါတယ်ရှင်"

‘ကောင်းကင်မျှော် ခန်းမဆောင်’

နင်ချီ အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"သိပြီ..."

ဒီ ကောင်းကင်မျှော် ခန်းမဆောင် ဆိုတာ မဟာအကြီးအကဲ၏ နေအိမ်ပင် ဖြစ်သည်။ အကယ်၍ တံခါးပိတ် ကျင့်ကြံမည် ဆိုလျှင် ထိုနေရာမှာပဲ နေတတ်၏။ ဒါက မဟာအကြီးအကဲ၏ ကိုယ်ပိုင် သီးသန့် နေရာ ဖြစ်ပြီး၊ ပုံမှန်အားဖြင့် တခြား မိစ္ဆာဂိုဏ်း အဆင့်မြင့် ခေါင်းဆောင်တွေကို ထိုနေရာမှာ ဆင့်ခေါ်လေ့ မရှိပါ။ အစည်းအဝေး လုပ်စရာ ရှိလျှင် တခြား နေရာတွေ ရှိလေ၏။

ဒါက ယုံကြည်မှုကို ပြသလိုက်ခြင်းပင်။

ဘေးနားက အစေခံတွေ၏ ပိုမို ရိုသေလာသော အမူအရာကို ကြည့်ရင် တစ်ခုခုတော့ ထူးခြားနေပြီ ဆိုတာ သိသာသည်။

နင်ချီ ရင်ထဲမှာတော့ စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

သူသည် သရဲမျက်နှာဖုံး၏ အကျင့်အတိုင်း ဝတ်ရုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး ပြောလိုက်သည်။

"ရှေ့က လမ်းပြ..."

အမျိုးသမီးက ရိုသေစွာ ဦးညွှတ်ပြီး လမ်းပြလေ၏။

မနေ့က တွေ့ခဲ့သည့် ကျန်းထျန်းလုံနှင့် ယဲ့ချင်တို့ နှစ်ယောက်စလုံး ရောက်နေကြပြီး၊ သူတို့ မျက်လုံးထဲတွင် မနာလိုမှု အရိပ်အယောင်များ ပေါ်နေ၏။

သူတို့ ပြိုင်တူ ချီးကျူးလိုက်ကြသည်။

"မဟာအကြီးအကဲရဲ့.. မျက်နှာသာပေးမှုကို ရရှိတဲ့အတွက် ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံးကို ဂုဏ်ပြုပါတယ်ဗျာ"

မိစ္ဆာဂိုဏ်း အတွင်းမှာ...

အရေးအပါဆုံး ပုဂ္ဂိုလ်များမှာ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သာ ဖြစ်ပေ၏။ ၎င်းတို့သည် အခြားသူများ ယှဉ်ပြိုင်နိုင်ခြင်း မရှိသော အာဏာနှင့် လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားကြလေသည်။ ဤအရာများကို နှုတ်တိုက် လက်ဆင့်ကမ်းခဲ့ကြခြင်း ဖြစ်၏။

သူတော်စင် မျိုးဆက်သည် ဂိုဏ်းချုပ် နေရာကို ဆက်ခံရပြီး၊ မဟာအကြီးအကဲကိုမူ ဒုဂိုဏ်းချုပ်များထဲမှ ရွေးချယ်ခြင်း ဖြစ်ပေသည်။

ယခုအခါ သရဲမျက်နှာဖုံးကို မဟာအကြီးအကဲက ကောင်းကင်မျှော် ခန်းမဆောင်အထိ ဆင့်ခေါ်လိုက်သည် ဖြစ်ရာ၊ ဤသဘောထားသည် သိသာထင်ရှားသော ဦးတည်ချက် တစ်ခုကို ပြသနေခြင်းပင် ဖြစ်ချေသည်။

နင်ချီ စဉ်းစားရင်း ရှေ့ဆက် လျှောက်လိုက်သည်။

ထိုစဉ်၊ ဟိုနှစ်ယောက် တိတ်တဆိတ် အသံလွှင့် ပြောနေကြတာကို သူ ကြားလိုက်ရ၏။

"ဒီ ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံးက တကယ် ကံကောင်းတာပဲ... ဟိုတုန်းက ချင်ယွင်လိုပဲ ပြင်ပကနေ မိစ္ဆာဂိုဏ်းကို ဝင်လာခဲ့တာ... မဟာအကြီးအကဲကများ..."

နှစ်ယောက်စလုံး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ဆက်မပြောကြတော့ပေ။

သို့သော်၊ နင်ချီ ရိပ်မိသလိုလို ရှိနေလေပြီ။

ခဏအကြာတွင်...

နင်ချီ ကောင်းကင်မျှော် ခန်းမဆောင် အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လိုက်ပြီး၊ အနည်းငယ် ရိုသေစွာ ပြောလိုက်သည်။

"သရဲမျက်နှာဖုံး... မဟာအကြီးအကဲကို ဂါရဝပြုပါတယ်"

ထိုအခါ ငွေရောင် ဆံပင်များနှင့် အဘိုးအို တစ်ဦး ဖြည်းဖြည်းချင်း လှည့်လာပြီး၊ မျက်နှာပေါ်တွင် အပြုံးရေးရေး တစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရလေ၏။

အခန်း (၂၈၄) -တစ်ယောက်တည်းက အယောက် (၄၀) ကို ရင်ဆိုင်ပြီး စခန်းပိတ်သတ်ခြင်း

~ကောင်းကင်မျှော် ခန်းမဆောင်

(ချောင်ထျန်း ခန်းမဆောင်)အတွင်း၌ …၊

ကျယ်ဝန်းလှသော ခန်းမဆောင်ကြီး အတွင်းတွင် လူနှစ်ဦးတည်းသာ ရှိနေသဖြင့် အနည်းငယ် ခြောက်ကပ်နေသယောင် ခံစားရ၏။

နင်ချီသည် သူ့ရှေ့မှ ငွေရောင်ဆံပင်များနှင့် အဘိုးအိုကို တိတ်ဆိတ်စွာ အကဲခတ်နေမိသည်။ ထိုအဘိုးအိုသည် အရပ်ရှည်ပြီး၊ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရေးရေးလေး တစ်ခု အမြဲ ချိတ်ဆွဲထားလေ့ရှိသည်။ ကြည့်လိုက်လျှင် သာမန် အိမ်နီးနားချင်း အဘိုးအိုကြီး တစ်ယောက်လို ရိုးရိုးရှင်းရှင်းနှင့် အန္တရာယ်ကင်းမဲ့ပုံ ရ၏။ သို့သော် ထိုအချက်ကြောင့်ပင် နင်ချီ သူ့ကို ပို၍ လျှော့မတွက်ရဲပေ။

‘ဒီလူက... ဓားမမိစ္ဆာ လောက် အစွမ်းထက်မယ့်ပုံပဲ…’

နင်ချီ စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။ သူ့အနေဖြင့် အနိုင်ရမည်မှာ သေချာသော်လည်း၊ အခွင့်အရေးကောင်း မရဘဲနှင့် အလွယ်တကူ ဖြုတ်ချနိုင်မည် မဟုတ်ပေ။

မဟာအကြီးအကဲ ပြုံးလိုက်ပြီး သူ့ဘေးနားမှ ခုံကို ညွှန်ပြလိုက်သည်။

"ထျန်းမင် ... ထိုင်ပါ... ဒီမှာ ငါတို့နှစ်ယောက်တည်း ရှိတာ... အရမ်းကြီး ရိုသေနေစရာ မလိုပါဘူး"

နင်ချီ အံ့သြမသွားပေ။

ချူထျန်းမင် .. ဒါက သရဲမျက်နှာဖုံးရဲ့ နာမည်အရင်းပင်။

သို့ရာတွင်၊ မိစ္ဆာဂိုဏ်းထဲမှာ လူနည်းစုလောက်သာ သိကြ၏။ အများစုကတော့ ကြေးဝါရောင် မျက်နှာဖုံး တပ်ထားလေ့ ရှိ၍ 'သရဲမျက်နှာဖုံး' ဟုသာ ခေါ်ကြလေသည်။

"ခရီးစဉ် အဆင်ပြေခဲ့လား"

မဟာအကြီးအကဲက လိုရင်းကို မေးလိုက်သည်။

နင်ချီ လက်နှစ်ဖက်ကို ယှက်ပြီး ပြန်ဖြေလိုက်၏။

"မဟာအကြီးအကဲ... မမျှော်လင့်ထားတာလေးတွေ နည်းနည်း ဖြစ်ခဲ့ပါတယ်"

မဟာ အကြီးအကဲ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး၊ မျက်ခုံးပင့်လိုက်သည်။

"ချင်ယွင်က... ကျန်းပိုင်ရှန်းကို ဝင်ကယ်လိုက်တာလား"

ထိုအခါ၊ နင်ချီ ပြန်ဖြေလိုက်၏။

"မဟာအကြီးအကဲက တကယ် အမြော်အမြင် ကြီးမားလှပါတယ်... ဒါပေမဲ့ ကျွန်တော် သူတို့ကို ဖမ်းမိထားပါပြီ... အခု တခြား ဌာနခွဲ တစ်ခုမှာ ဖမ်းချုပ်ထားပါတယ်... သူတို့ကို ဘယ်လို စီစဉ်ရမလဲ ဆိုတာ မဟာအကြီးအကဲရဲ့ အမိန့်ကို စောင့်နေပါတယ်"

ဤသည်မှာ နင်ချီ ကြိုတင် ပြင်ဆင်ထားခဲ့သည့် အကြောင်းပြချက်ပင် ဖြစ်ပေသည်။ မဟာအကြီးအကဲ ကိုယ်တိုင် မေးမြန်းလာသည် ဖြစ်ရာ၊ သူသည် အလိုက်သင့် ပြန်လည် ဖြေကြားလိုက်ရုံသာ ရှိတော့လေသည်။

ထိုအခိုက်အတန့်မှာ၊ မဟာအကြီးအကဲ မတ်တတ်ထရပ်လိုက်ပြီး သက်ပြင်းဖွဖွ ချလိုက်သည်။

"နှမြောစရာ ကောင်းလိုက်တာ..."

ပြောရင်းဆိုရင်း သူ ခန်းမဆောင် အပြင်ဘက်သို့ လှမ်းထွက်သွားသည်။ နင်ချီလည်း နောက်မှ လိုက်ပါသွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့သည် ပန်းမန်များ ဝေဆာနေသော နောက်ဖေးဥယျာဉ်တစ်ခုသို့ ရောက်ရှိသွားကြသည်။

မဟာအကြီးအကဲ ဆက်ပြောသည်။

"ချင်ယွင်က နောက်ဆုံးတော့ အတိတ်ကို မစွန့်လွှတ်နိုင်ခဲ့ဘူးပေါ့... နှမြောစရာပဲ... သူ့မှာ ထူးခြားတဲ့ ပါရမီနဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေတာ... တကယ်လို့သာ ငါတို့ ဂိုဏ်းတော်အတွက် အသုံးချခွင့်ရရင် အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာနိုင်မယ့် ကလေးပါ..."

သူ့မျက်လုံးထဲတွင် နောင်တရမှု အရိပ်အယောင်များ ထင်ဟပ်နေ၏။

သူက ချင်ယွင်ကို တကယ် တန်ဖိုးထား ခဲ့သည်ပင်။ ပြောရလျှင် သရဲမျက်နှာဖုံးက ချင်ယွင်အပေါ် သဘောကောင်းခဲ့သည်ကလည်း မဟာအကြီးအကဲကြောင့် ဆိုတာ သိသာနေ၏။

နင်ချီ၏ မျက်လုံးထဲတွင် နားမလည်နိုင်မှု အရိပ်အယောင် အနည်းငယ်ကို ပီပြင်စွာ ဖော်ပြလိုက်သည်။

မဟာအကြီးအကဲ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

သူတို့ ဥယျာဉ်၏ နောက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားကြသည်။

မထင်မှတ်ထားဘဲ... သူတို့ရှေ့တွင် ပေါ်လာသည်မှာ ခမ်းနားထည်ဝါသော နန်းဆောင် မဟုတ်ဘဲ၊ ဟောင်းနွမ်းနေသော မြေအိမ်လေး တစ်လုံးနှင့် ခြံဝင်းငယ်လေး တစ်ခု ဖြစ်နေ၏။ ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းများနှင့် လယ်ယာသုံး ကိရိယာများ ရှိနေပြီး၊ တောသူတောင်သား တစ်ယောက်၏ အိမ်နှင့် တူလှပေသည်။

ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့်...

မဟာအကြီးအကဲသည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး၊ ပေါက်ပြား တစ်လက်ကို ကိုင်ကာ မြေကြီးကို စတင် တူးဆွလေတော့၏။

သူ့အသံတွင် ခံစားချက်များ ပါဝင်နေ၏။

"လူဆိုတာ... ကိုယ့်ရဲ့ မူလအစကို ဘယ်တော့မှ မမေ့သင့်ဘူး..."

နင်ချီ သိချင်နေသော မေးခွန်းကို မေးလိုက်သည်။

"မဟာအကြီးအကဲက... ဘာလို့ ချင်ယွင်ကို ဒီလောက် သဘောကျနေရတာလဲဗျ..."

ဒါက သရဲမျက်နှာဖုံး ကိုယ်တိုင်လည်း နားမလည်ခဲ့သော မေးခွန်းဖြစ်သည်။

ယခု အခြေအနေနှင့်လည်း ကိုက်ညီနေတာမို့ နင်ချီ မေးလိုက်ခြင်း ဖြစ်သည်။

မဟာအကြီးအကဲက မေးခွန်းတစ်ခုနှင့် ပြန်တုံ့ပြန်လိုက်သည်။

"မင်း မထင်ဘူးလား... ဂိုဏ်းတော်က ပြောင်းလဲသွားပြီလို့... အကောက်ကြံတာတွေ၊ အာဏာလုတာတွေ များလာပြီး ပြင်လို့မရနိုင်လောက်အောင် ပျက်စီးနေပြီ... မူလရည်မှန်းချက်ကို မှတ်မိနေတဲ့သူ ဘယ်နှစ်ယောက် ကျန်သေးလဲ... မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတာ ကောင်းကျိုးရှိပေမယ့်၊ နှစ်တစ်ထောင် ကြာလာတော့ ဆိုးကျိုးတွေက ပိုများလာပြီ..."

"ချင်ယွင်ရဲ့ အကြီးမားဆုံး အားသာချက်က... သူက ဂိုဏ်းတော်ထဲမှာ ကြီးပြင်းလာတာ မဟုတ်ဘူး... သူ့မှာ ဝန်ထုပ်ဝန်ပိုး မရှိဘူး... တကယ်လို့ သူသာ ဓားကို ကိုင်နိုင်ခဲ့ရင်... အမြစ်တွယ်နေတဲ့ ရောဂါဆိုးတွေကို ခုတ်ထွင်ရှင်းလင်းပစ်နိုင်မှာ..."

နင်ချီ စိတ်ဝင်စားသွားပြီး အတွေးနက်သွားသည်။

ကြည့်ရတာ မိစ္ဆာဂိုဏ်းက ကိုယ့်အားနည်းချက်ကို ကိုယ် သိနေပြီး၊ ဖြေရှင်းဖို့ နည်းလမ်း ရှာနေပုံရ၏။

သို့ရာတွင်၊ အတွင်းပိုင်း အုပ်စုကွဲ ပြဿနာတွေ ရှုပ်ထွေးနေလွန်း

သောကြောင့် ရှင်း၍ မရနိုင် ဖြစ်နေရသည်ပင်။

"ဟိုတုန်းက မင်းကို ငါ ရှာတွေ့ပြီး ဒုဂိုဏ်းချုပ် နေရာ ပေးလိုက်တာ တော်တော် ထိရောက်မှု ရှိခဲ့တယ်... ဒီနှစ်တွေ အတွင်းမှာ မင်းက ရှန်ထျန်းရှင်းနဲ့ လင်ရွှယ်ရွှမ် တို့ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်... အခု လင်းရွှယ်ရွှမ် အုပ်စုရဲ့ သြဇာအာဏာ ကျဆင်းနေပြီ ဆိုတော့... မင်း မဟာအကြီးအကဲ နေရာကို ရောက်လာတဲ့အခါ ငါ့အလုပ်တွေကို ဆက်လုပ်နိုင်လိမ့်မယ်..."

"ပြီးတော့ ချင်ယွင်သာ သူတော်စင် မျိုးဆက် ဖြစ်လာပြီး နောင်တစ်ချိန် ဂိုဏ်းချုပ် နေရာကို ဆက်ခံနိုင်ခဲ့ရင်... မင်းတို့နှစ်ယောက် ပေါင်းပြီး ငါတို့ ဂိုဏ်းတော်ရဲ့ ဂုဏ်ရောင်ကို ပြန်လည် ထွန်းလင်းစေနိုင်မှာ သေချာတယ်"

သူ့အသံထဲတွင် မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုများ ပါဝင်နေ၏။

နင်ချီ အချိန်ကိုက် ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ထျန်းမင်... မဟာအကြီးအကဲရဲ့ အစီအစဉ်အတိုင်း လိုက်နာပါ့မယ်"

မဟာအကြီးအကဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

"နှမြောစရာပဲ... ချင်ယွင်လို အလားအလာရှိတဲ့ လူငယ်လေးက လမ်းမှန်ပေါ် မရောက်လာခဲ့ဘူး... ဒါပေမဲ့ တကယ်လို့ သူသာ ကျန်းပိုင်ရှန်းကို တကယ် သတ်ခဲ့ရင်... ငါ သူ့ကို အထင်သေးမိမှာ..."

နင်ချီ မေးလိုက်သည်။

"ဒါဆို... မဟာအကြီးအကဲ ဆိုလိုတာက... ချင်ယွင်ကို လောလောဆယ် အရေးမယူသေးဘူးလား..."

မဟာအကြီးအကဲ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။

"သူ့ကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးလိုက်ကြရအောင်... သူ့ကို ဖမ်းချုပ်ထားလိုက်... အစစ်အမှန်သိုင်းဂိုဏ်းကို ဖျက်ဆီးပြီးလို့ ဂိုဏ်းချုပ်ကြီး တံခါးပိတ်ရာက ထွက်လာတဲ့အခါကျမှ... သူ့ကို အသစ်တဖန် ပြန်လည် မွေးဖွားပေးလိုက်မယ်... အဲဒီအချိန်ကျရင် သူ့မှာ သံယောဇဉ်တွေ မရှိတော့ဘဲ... သူ့အလိုလို အာရုံစိုက်လာပါလိမ့်မယ်"

သူက ကြိုတင် တွက်ချက်ထားပုံ ရ၏။ ချင်ယွင်က ကျန်းပိုင်ရှန်းကို ကူညီလိမ့်မည် ဆိုတာ အံ့သြပုံ မရဘဲ၊ ကျေနပ်နေပုံတောင် ပေါက်နေသေးသည်။

နင်ချီ ရုတ်တရက် နားလည်သွားသည်။

ချင်ယွင်အတွက် စမ်းသပ်မှု ဆိုတာ အပေါ်ယံ ကြည့်သလို မဟုတ်ပါလား။

ချင်ယွင်က

အကယ်၍သာ၊ ကျန်းပိုင်ရှန်းကို တကယ် သတ်ခဲ့လျှင် မဟာအကြီးအကဲ၏ ငြိုငြင်မှုကို ခံရနိုင်တယ်။ သို့သော်၊... ချင်ယွင်က သရဲမျက်နှာဖုံးကို တားဆီးဖို့ သူ့သက်တမ်း အကုန် လောင်ကျွမ်းပစ်လိုက်သည် ဆိုတာကိုတော့ မဟာအကြီးအကဲ မသိရှာပေ။

"ထျန်းမင် နားလည်ပါပြီ..."

နင်ချီ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

သူ စကားပြောနေရင်း မဟာအကြီးအကဲ ဘေးနားကို ရောက်သွား၏ ။ လှုပ်ရှားဖို့ အခွင့်အရေး ချောင်းနေပေမယ့်၊ ဒီ သဘောကောင်းပုံ ရသည့် အဘိုးအိုကြီးက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်တယ် ဆိုတာ သူ သိနေ၏။ အခုက အချိန်ကောင်း မဟုတ်သေးပေ။

မဟာအကြီးအကဲက သူ့ခါးကို ပုတ်လိုက်ပြီး၊ လက်ထဲက ပေါက်ပြားကို နင်ချီ လက်ထဲ ထည့်ပေးလိုက်သည်။

"အသက်ကြီးလာတော့... တစ်ခါတလေ အတိတ်ကို လွမ်းမိတယ်... ဟိုးအရင်တုန်းက ငါ ဒီလိုနေရာမျိုးမှာ ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းခဲ့ဖူးတယ်... ဒီကို လာလိုက်ရင် စိတ်အေးချမ်းသွားသလိုပဲကွာ... ကိုယ့်လူရာ..."

နင်ချီ ပေါက်ပြားကို လွှဲရင်း၊ သူ့စိတ်အခြေအနေကို သေချာ အကဲခတ်နေ၏။ ဉာဏ်အလင်း တစ်စုံတစ်ရာ ရနေသလို ဟန်ဆောင်နေလိုက်သည်။

မဟာအကြီးအကဲ ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလိုက်သည်။

သူ့မျက်လုံးများ ဖြည်းဖြည်းချင်း မှိတ်သွားပြီး၊ တိုးညှင်းသော အသံလေး ထွက်ပေါ်လာသည်။

"ထျန်းမင်... အထဲဝင်ပြီး ကောက်ရိုးမိုးကာအင်္ကျီ လေး သွားယူပေးစမ်းပါကွာ..."

နင်ချီ၏ မျက်ဝန်းများ ဝင်းပသွားသည်။ သူ ပေါက်ပြားကို ချလိုက်ပြီး မြေအိမ်လေးထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားလိုက်၏။

ဒါ အခွင့်အရေးကောင်း ဖြစ်နိုင်သည်။ သူ့ရင်ထဲ လှုပ်ရှားသွားသော်လည်း ၊ အပေါ်ယံမှာတော့ တည်ငြိမ်နေဆဲပင်…။

အခန်း (၂၈၅) - တစ်ယောက်တည်းက အယောက်(၄၀) ကို ရင်ဆိုင်ပြီး စခန်းပိတ်

သတ်ခြင်း (၂)

~တစ်လှမ်း... နှစ်လှမ်း...

နင်ချီသည် မြေအိမ်လေး၏ တံခါးဝတွင် ရပ်တန့်လိုက်သည်။ အထဲသို့ ဆက်မဝင်တော့ဘဲ တွန့်ဆုတ်နေလေ၏။ သူ့ရှေ့မှ နိမ့်နိမ့်လေး ဖြစ်နေသော မြေအိမ်လေးသည် ရိုးရှင်းပုံရသော်လည်း၊ ကြောက်မက်ဖွယ် သားရဲကောင်ကြီး တစ်ကောင်ကို ဖုံးကွယ်ထားသကဲ့သို့ အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်နေ၏။

နောက်ကျောဘက်မှ မဟာအကြီးအကဲ၏ အသံ ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့ ဝင်မသွားတာလဲ..."

အသံသည် အနည်းငယ် အေးစက်နေ၏။

နင်ချီ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရိုသေမှုများ မရှိတော့။

"ခင်ဗျား... ဘယ်တုန်းက သိသွားတာလဲ..."

နင်ချီ ရိပ်မိလိုက်ပြီ။ သူ ပေါ်သွားခဲ့ပြီ ဖြစ်၏။

ဘယ်နေရာမှာ အမှားပါသွားလဲ ဆိုတာ မသေချာပေမယ့်၊ ဒီမြေအိမ်လေးက သာမန် မဟုတ်ဘူး ဆိုတာ သူ သိနေ၏။ ‘ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး’၏ အမြင်အာရုံအောက်တွင် ဟန်ဆောင်မှု အားလုံး ပျက်ပြယ်သွားခဲ့သည်။

ဒါက မြေအိမ်လေး မဟုတ်၊... 'လူသတ် အခင်းအကျင်း' တစ်ခုပင်။

မဟာအကြီးအကဲ မျက်လုံးများ ပွင့်လာသည်။ မျက်ဝန်းထဲတွင် နတ်ဘုရား အလင်းရောင်များ တောက်ပနေပြီး၊ ဖိနှိပ်မှု ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူသည် နင်ချီကို စူးစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"မင်းရဲ့ နည်းလမ်းတွေက တော်တော်လေး ကောင်းမွန်တာပဲ... ဒါပေမဲ့ ငါ့ကို လိမ်လို့ မရပါဘူး... ထျန်းမင် အစစ် ဘယ်မှာလဲ..."

စောစောက သူ ပြောခဲ့သမျှ အားလုံးက ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။

သူက ရိုးသားပွင့်လင်းသလို ဟန်ဆောင်ခဲ့၏။ မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်ချက် တချို့ကိုတောင် ထုတ်ပြောပြပြီး နင်ချီကို မြှူဆွယ်ခဲ့သည်။ သူ့ရည်ရွယ်ချက်က နင်ချီကို လူသတ် အခင်းအကျင်းထဲ ဝင်သွားအောင် မျှားခေါ်ဖို့ပင်။ သို့ဖြစ်စေကာမူ၊ မအောင်မြင်ခဲ့ပေ။ သူ့ရင်ထဲမှာ အံ့သြနေမိသည်။

ဒီလူက သာမန် မဟုတ်ပေ။ မိစ္ဆာဂိုဏ်း၏ မြေအောက်နန်းတော် ဌာနချုပ်ထဲအထိ တိတ်တဆိတ် ဝင်ရောက်လာနိုင်သူ၊ ဒုဂိုဏ်းချုပ် နေရာကိုတောင် အစားထိုး ဝင်ရောက်လာနိုင်သူ... ဒါက သာမန်ကိစ္စ မဟုတ်ပေ။ ဒီလူ၏ နောက်ခံကို မသိရမချင်း သူ စိတ်အေးနိုင်မှာ မဟုတ်ပေ။

နင်ချီက မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့် မေးခွန်းကို မဖြေရသေးဘူးနော်..."

မဟာအကြီးအကဲ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ သူ့ပတ်လည်တွင် လည်ပတ်နေ၏။

"မင်းရဲ့ လျှို့ဝှက်နည်းစနစ်က ပြိုင်ဘက်ကင်းတာ အမှန်ပဲ... တကယ်လို့ ထျန်းမင် အစစ်က မင်းဘေးနားမှာ လာရပ်နေရင်တောင် ငါ ခွဲခြားနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့... ငါတို့ ဂိုဏ်းတော်မှာ လျှို့ဝှက်ရတနာ တစ်ခု ရှိတယ်... အဲဒီ ရတနာက ထျန်းမင်ရဲ့ သွေးတစ်စက်နဲ့ ဆက်သွယ်ထားတာ... မင်း စဝင်လာကတည်းက ငါ သိနေပြီးသား..."

သူ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ နင်ချီ အနည်းငယ် အံ့သြသွားသည်။

"မင်းက တော်ဝင်နန်းတော်ကလား... ထျန်းမင်အကြောင်း ဒီလောက် သိနေပုံထောက်ရင် သူ မင်းတို့လက်ထဲ ရောက်သွားပြီနဲ့ တူတယ်... ဒါဆိုရင် ကျန်းပိုင်ရှန်းနဲ့ လင်ရူဟွာ ဆိုတာ မင်းတို့ ဆင်ထားတဲ့ ထောင်ချောက်တွေပဲပေါ့..." မဟာအကြီးအကဲက မိတ်ဆွေဟောင်း တစ်ယောက်လို လေသံဖြင့် ပြောလိုက်သည်။

နင်ချီ သူ့ရှေ့မှ အဘိုးအိုကို သေချာ အကဲခတ်လိုက်သည်။ အန္တရာယ် အငွေ့အသက်များ သဲ့သဲ့လေး ထွက်ပေါ်နေ၏။

‘သူ နားလည်လိုက်ပြီ။ စောစောက ရခဲ့တဲ့ အခွင့်အရေးကောင်းတွေ ဆိုတာ တကယ်တော့ အတုအယောင်တွေပဲ။ မဟာအကြီးအကဲက အမြဲတမ်း သတိရှိနေခဲ့တာ။ အခုလို အေးအေးဆေးဆေး စကားပြောနေတာကလည်း တမင် အချိန်ဆွဲနေတာပဲ။’

ကံကောင်းတာက...

နင်ချီလည်း ငနုံလေး မဟုတ်ပါ။

မနေ့ညက သူ တပ်ဆင်ခဲ့တဲ့ 'ဓားအခင်းအကျင်း’ တွေ အလုပ်လုပ်ဖို့ အချိန်လိုနေသေးသည်ကိုး။ သူ မနေ့က ကြိုတင်ပြင်ဆင်ခဲ့တာ တကယ် မှန်ကန်ခဲ့လေသည်။

နှစ်ဖက်စလုံးက ကိုယ့်အကြံနှင့် ကိုယ် ရှိနေကြပေမယ့်၊ အပြင်ပန်းမှာတော့ နားလည်မှု ရသွားသလိုလို ဖြစ်နေကြ၏။

နင်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်တယ်... သရဲမျက်နှာဖုံး ကျွန်တော်တို့ လက်ထဲမှာ ရှိတယ်..."

မဟာအကြီးအကဲ သက်ပြင်းချလိုက်သည်။

"အဲဒီလို ဖြစ်သွားတာကိုး... ဒါဆိုရင် ငါက မင်းကို ပြန်လွှတ်ပေးလိုက်မယ်... မင်းက ထျန်းမင်ကို ပြန်ပေးလိုက်... ဘယ်လိုလဲ..."

သူ့စကားအား နင်ချီ ရယ်မောလိုက်သည်။

"ကျွန်တော့်လို လူတစ်ယောက် ခင်ဗျားတို့ ဌာနချုပ်ထဲ ဝင်လာနိုင်မှတော့... ခင်ဗျား မစိုးရိမ်ဘူးလား... ကျွန်တော့်ကို ပြန်လွှတ်ပေးရဲလို့လား..."

မဟာအကြီးအကဲ တိတ်ဆိတ်သွားသည်။

ခဏကြာမှ သူ ရယ်မောလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင်တော့ မင်းကို ဧည့်သည်အဖြစ် ဒီမှာပဲ ဆက်နေခိုင်းရတော့မှာပေါ့..."

စကားဆုံးသည်နှင့်...

ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့မှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် ရေဝဲကြီးများအဖြစ် ပြောင်းလဲသွားပြီး၊ အရှိန်အဝါ ကြီးမားသော လူရိပ်များ ကောင်းကင်မျှော် ခန်းမဆောင် အတွင်းသို့ ရောက်ရှိလာကြတော့၏။ မဟာအကြီးအကဲက မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား အဆင့် အားလုံးကို အချက်ပေး ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

နင်ချီ မော့ကြည့်လိုက်သည်။

မနေ့ညက သူ အာရုံခံမိခဲ့သော ကောင်းကင်ဘုံလူသား အဆင့် အားလုံး ရောက်ရှိနေကြခြင်းပင်။ သူ သတိမထားမိခဲ့သော လူအချို့ပင် ပါဝင်နေသေးသည်။

သေချာ ရေတွက်ကြည့်လိုက်တော့... အယောက် ( ၄၀ ) ကျော် ရှိနေ၏။

ကောင်းကင်ဘုံလူသား အဆင့်

( ၄၀ ) ကျော်၏ အရှိန်အဝါများ ပေါင်းစပ်သွားသောအခါ... ကြောက်မက်ဖွယ် ကောင်းလှ၏။

မြေအောက်နန်းတော် တစ်ခုလုံး တုန်ခါသွားသည်။

လူတိုင်း စုရုံးရောက်ရှိလာပြီး နင်ချီနှင့် မဟာအကြီးအကဲ ထိပ်တိုက် တွေ့နေသည်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေကြသည်။

ဘာဖြစ်လို့ ဖြစ်မှန်း မသိကြပါ။ ဒီနေ့ မဟာအကြီးအကဲက ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံးကို ကိုယ်ပိုင်နန်းဆောင်ထဲ ခေါ်တွေ့တယ်လို့ ကြားထားသည်။ ယခု အခြေအနေ ကြည့်ရတာ ဒုဂိုဏ်းချုပ်က ပုန်ကန်နေတာများလား။

နောက်တစ်စက္ကန့်တွင်...

မဟာအကြီးအကဲ၏ စကားသံကြောင့် အားလုံး အံ့သြမှင်သက်သွားကြရ၏။

"ငါတို့ရှေ့က လူက သရဲမျက်နှာဖုံး အစစ် မဟုတ်ဘူး... သူ့ကို ဝိုင်းဖမ်းကြစမ်း"

မဟာအကြီးအကဲ၏ ငွေရောင် ဆံပင်များသည် ခြင်္သေ့တစ်ကောင်၏ လည်ဆံမွေးများကဲ့သို့ လေထဲတွင် လွင့်ပျံနေ၏။ မျက်လုံးများထဲတွင် နတ်ဘုရား အလင်းရောင်များ တောက်လောင်နေပြီး၊ သူ့အရှိန်အဝါများ အားလုံး ပေါက်ကွဲထွက်လာသည်။ သူသည်လည်း 'သိုင်းစိတ်ဆန္ဒ အထွတ်အထိပ် နယ်ပယ်' သို့ ရောက်ရှိနေသော ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေသည်။

ကျန်းထျန်းလုံနှင့် ယဲ့ချင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

မနေ့က သူတို့ ဒီလူယောင်ဆောင်ထားသည့် လူနှင့်အတူတူ ဌာနချုပ်ထဲ ဝင်လာခဲ့ကြ၏။ အကယ်၍သာ၊ ဒီကောင်က မကောင်းသည့် စိတ် ရှိခဲ့လျှင်... သူတို့ ငရဲတံခါးဝကို ခြေတစ်လှမ်း လှမ်းမိခဲ့သည်ပင်။

လူတိုင်း ဆူညံသွားကြသည်။

သတ်ဖြတ်လိုစိတ် ပြင်းထန်သော အကြည့်များ နင်ချီအပေါ် ကျရောက်လာ၏။ ပြင်ပလူတစ်ယောက် ဌာနချုပ်ထဲ ဝင်ရောက်လာခြင်းသည် သမိုင်းတစ်လျှောက် မကြုံဖူးသော ဖြစ်ရပ်ဆိုးကြီး ဖြစ်သည်။ အကြောင်းရင်းကို မရှာဖွေနိုင်လျှင် ဂိုဏ်းတော်၏ အုတ်မြစ်ကို လှုပ်ခါသွားစေနိုင်ပြီး၊ ဂိုဏ်းပျက်စီးသည်အထိ ဖြစ်သွားနိုင်လေ၏။

ထိုအတွေးကြောင့် မည်သူမျှ စိတ်မအေးနိုင်ကြတော့ပေ။

"သူခိုးကောင်... မင်းရဲ့ ရုပ်အစစ်ကို မြန်မြန် ထုတ်ပြစမ်း"

"အခုချက်ချင်း ဒူးထောက်လိုက်... မဟုတ်ရင် မင်းအလောင်းတောင် ရှာမရစေရဘူး"

မဟာအကြီးအကဲသည် နင်ချီကို စိုက်ကြည့်ရင်း အသက်ရှူ နည်းနည်း ချောင်သွားသည်။

သူ့ရှေ့က သရဲမျက်နှာဖုံးသည် အတုမှန်း သိလိုက်ရကတည်းက သူ့ရင်ထဲတွင် စိုးရိမ်နေခဲ့ရ၏။ ဒီလူကို သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။

အခုချိန်ထိလည်း သူ စိတ်မချရသေးပေ။

သူ့ရှေ့က လူက တည်ငြိမ်လွန်းနေ၏။

နင်ချီသည် သူ့ကို ဝိုင်းရံထားသော ရက်စက်ကြမ်းကြုတ်သည့် မျက်နှာများကို ကြည့်ပြီး ပြုံးလိုက်သည်။

"အချိန်ကိုက်ပါပဲ... တစ်ယောက်ချင်းစီ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့..."

နူးညံ့သည့် နည်းလမ်းနှင့် မရမှတော့... အကြမ်းဖက်ရုံသာ ရှိတော့သည်ပင်။

မဟာအကြီးအကဲနှင့် အချိန်ဖြုန်းနေသည့် ကာလအတွင်း၊ မနေ့ညက သူ မြှုပ်နှံထားခဲ့သော ဓားမျိုးစေ့တွေနှင့် ချိတ်ဆက်မှု အောင်မြင်သွားခဲ့လေ၏။ အချိန်ဖြုန်းနေစရာ မလိုတော့ပေ။

သူ ဖြည်းဖြည်းချင်း လေထဲသို့ ပျံတက်လိုက်သည်။

ရုတ်ချည်းပင်၊ ပြိုင်ဘက်ကင်း ဓားစိတ်ဆန္ဒ တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ဟင်းလင်းပြင် တစ်ခုလုံးတွင် အဆုံးမရှိသော ဓားစိတ်ဆန္ဒများ ပြည့်နှက်သွားစေသည်။

လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြရ၏။

မကြာသေးခင်ကမှ နင်ချီ၏ ဓားစိတ်ဆန္ဒသည် နောက်တစ်ဆင့် ထပ်မံ တိုးတက်ခဲ့သည်။

တစ်ယောက်မှ အရှင်မထားဘူးဟု ဆုံးဖြတ်ထားပြီးဖြစ်ရာ၊ သူ ဘယ်သူလဲ ဆိုတာ ပေါ်သွားမှာကို ဂရုမစိုက်တော့ပေ။

အစွမ်းထက်ဆုံး ဓားစိတ်ဆန္ဒကို ထုတ်ဖော်လိုက်တော့၏။

All Chapters