← Chapters

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀) - မီးတောက် တစ်သောင်း လိုဏ်ဂူ

~'နှလုံးသား စစ်မေးခြင်း စင်မြင့်'ကို နင်ချီက 'ဝိညာဉ်ဖမ်း မျက်လုံး’ ပညာရပ်၏ သဘောတရားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရာ၊ ဤပညာရပ်ကို အသုံးပြုရန် အသင့်လျော်ဆုံး နေရာ တစ်ခု ဖြစ်ပေသည်။

သရဲမျက်နှာဖုံးသည် သာမန်လူ မဟုတ်ပေ။ သူ့စွမ်းအားသည် ကောင်းကင်ဘုံလူသား အဆင့်စာရင်း၏ ထိပ်ပိုင်းတွင် ပါဝင်သူဖြစ်သည်။ သူ့ နတ်ဘုရားအာရုံသည် သန်မာပြီး ခုခံအားကောင်းလှသဖြင့်၊ နင်ချီအနေဖြင့် သူ့ထံမှ အသုံးဝင်သော သတင်းအချက်အလက်များကို ရနိုင်သမျှ ညှစ်ထုတ်ရန် လိုအပ်လေ၏။

သူတို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။

စင်မြင့် အနီးနားရှိ တပည့်များ အားလုံးကို ကြိုတင် ရှင်းလင်းထားပြီး ဖြစ်သည်။

နင်ချီသည် သရဲမျက်နှာဖုံးကို ဆွဲခေါ်ကာ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။ သရဲမျက်နှာဖုံးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားရ၏။

သူသည် ဤစင်မြင့်၏ နာမည်ကျော်ကြားမှုကို ကောင်းစွာ သိရှိထားသည်။ အစစ်အမှန်သိုင်းဂိုဏ်း စတင်တည်ထောင်ပြီး တပည့်လက်ခံသည့်နေ့တွင် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်မှ သူလျှိုအချို့သည် ဤစင်မြင့်ပေါ်တွင် သူတို့၏ နောက်ခံအစစ်အမှန်ကို ဖော်ထုတ်ဝန်ခံခဲ့ကြရ၏။ သူ့အပေါ်တွင် သက်ရောက်မှု ရှိမရှိ သူ မသေချာသော်လည်း၊ ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များကို ကြည့်လိုက်သောအခါ စိတ်မသက်မသာ ဖြစ်သွားရ၏။

ရုတ်တရက်... သူ စကားပြောနိုင်ပြီ ဖြစ်ကြောင်း သတိထားမိလိုက်ပြီး၊ သတ္တိမွေးကာ ပြောလိုက်သည်။

"ဒီနေရာက ချီစွမ်းအင် အဆင့်လောက်ကိုပဲ အလုပ်ဖြစ်မှာပါကွာ... ငါတို့လို ကောင်းကင်ဘုံလူသား အဆင့်တွေရဲ့ သန်မာတဲ့ အာရုံခံစားမှုနဲ့ ဆိုရင်... မင်း ငါ့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုလေးတောင် ရဖို့ စိတ်ကူးမယဉ်နဲ့"

နင်ချီ ပြန်မဖြေပေ။

လော့ဝမ်ထျန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"ရေတွင်းထဲက ဖားသူငယ်... ဒီ စင်မြင့်ကို ဘယ်သူ ဖန်တီးခဲ့လဲဆိုတာ မင်းသိလား... ငါတို့ ညီလေးကိုးရဲ့ စွမ်းရည်က မင်း ထင်ထားတာထက် အများကြီး ပိုပါတယ်ကွ... ဒီစင်မြင့်က မင်းရဲ့ အာရုံခံစားမှုကို မလွှမ်းမိုးနိုင်ရင်တောင်... သူကတော့ လုပ်နိုင်တယ်"

ရိုးရှင်းသော စကားလုံး အနည်းငယ်ဖြင့်ပင် သရဲမျက်နှာဖုံး ထိတ်လန့်သွားရ၏။

ကမ္ဘာလောကက ထင်မြင်ထားကြသည်မှာ ဤစင်မြင့်နှင့် 'ကောင်းကင်သို့ တက်လှမ်းသော လှေကား' အမွေအနှစ်များသည် ရှေးဟောင်းဂိုဏ်းများမှ တူးဖော်ရရှိထားသော ရှေးဟောင်းပစ္စည်းများဟု ထင်မှတ်ထားကြသည်။ သို့သော် အခုတော့ မဟုတ်တော့ကြောင်း ထင်ရှားနေပြီ။ ၎င်းတို့သည် သူ့ရှေ့မှ 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ၏ ဖန်တီးမှုများ ဖြစ်နေသည်မှာ သေချာသွားပြီ ဖြစ်သည်။

သရဲမျက်နှာဖုံး၏ အကြည့်သည် နင်ချီအပေါ်သို့ ကျရောက်နေပြီး၊ ရင်ထဲတွင် တထိတ်ထိတ် ခုန်နေရ၏။

ဖမ်းဆီးခံရပြီး လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသမျှ အရာများကြောင့် ဓားသခင်၏ အစစ်အမှန် နောက်ခံကို သူ သိရှိသွားခဲ့ရပြီ ဖြစ်၏။ ပြင်ပလောက ကောလာဟလများ ပြောသလို သက်တမ်းကုန်ခါနီး အဘိုးအိုကြီး မဟုတ်သလို၊ တာအိုဆရာလုံရှန်း ပြောသလို မတော်တဆ တွေ့ဆုံခဲ့ရသော စီနီယာ တစ်ဦးလည်း မဟုတ်ပေ။

ဒီ ဓားသခင် ဆိုတာ... တာအိုဆရာလုံရှန်း၏ နဝမမြောက် တပည့်ရင်း ဖြစ်နေသည်ပင်။

ဒါက သူ့ကို အလွန်အမင်း ကြောက်ရွံ့သွားစေသည်။ တာအိုဆရာလုံရှန်း၏ တပည့် (၁၁)ယောက်ထဲတွင် ဤ ကိုးယောက်မြောက် တပည့်သည် အလျှို့ဝှက်ဆုံးနှင့် အသိုသိပ်ဆုံး ဖြစ်သည်။ မိစ္ဆာဂိုဏ်းက ယခင်က စုံစမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း ဘာမှ မတွေ့ခဲ့ရပေ။ ဆယ်ကျော်သက် အရွယ်လေးသာ ရှိသေးကြောင်းလောက်သာ သိခဲ့ရ၏။

သာမန်အားဖြင့် ဆိုလျှင် ဒါက ဘာမှ ထူးဆန်းသည် မဟုတ်။ သို့သော်... ထို ဆယ်ကျော်သက် အရွယ်လေးနှင့် 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ဆိုတာကို ညီမျှခြင်း ချလိုက်သောအခါ အရာအားလုံး ပြောင်းလဲသွားတော့၏။

"ဓားသခင်... မင်းက လူလား... သရဲလား..."

သရဲမျက်နှာဖုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။ တွေးလေ၊ ကြောက်လေ ဖြစ်နေရ၏။

ဤကဲ့သို့သော လူစားမျိုးအား ပါရမီရှင်၊ ထူးချွန်သူဟူသည့် ဝေါဟာရများဖြင့် ဖော်ပြ၍ မရနိုင်တော့ချေ။ သမိုင်းတစ်လျှောက်လုံးတွင် ဤမျှ ယုတ္တိမရှိသော အရာမျိုး မရှိခဲ့ဖူးပေ။

ရှေးယခင်က သိုင်းသူတော်စင်ကြီးများပင်လျှင် ဤမျှ မူမမှန်ခဲ့ကြချေ။

အကယ်၍များ မိစ္ဆာဂိုဏ်း၌ ဤသို့သော လူတစ်ယောက် ရှိခဲ့ပါက... 'မြင့်မြတ်သော ဆေးလုံး နည်းစနစ်' ဟူသည်တို့ပင် လိုအပ်တော့မည် မဟုတ်ပေ။ သူ ကြီးပြင်းလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်လျှင် လုံလောက်ပေတော့သည်။

နင်ချီသည် သရဲမျက်နှာဖုံးကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုသူ၏ အကြောက်တရားကို ဂရုမစိုက်ပေ။

သူ တိတ်ဆိတ်နေလိုက်သည်။

စင်မြင့်မှ အမည်မသိ စွမ်းအားလှိုင်းများ ထွက်ပေါ်လာရာ သရဲမျက်နှာဖုံး၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူ အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း၊ ရင်ထဲတွင် ပရမ်းပတာ ဖြစ်မှုများ ပိုမို ပြင်းထန်လာပြီး၊ နက်ရှိုင်းသော ရေဝဲကြီး တစ်ခုက သူ့ကို ဖြည်းဖြည်းချင်း ဝါးမြိုလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

နောက်ဆုံးတွင်...

သူသည် နက်ရှိုင်းသော အမှောင်ထုထဲသို့ နစ်မြုပ်သွားပြီး၊ ရွှေရောင်သမ်းနေသော အနက်ရောင် မျက်ဝန်း တစ်စုံနှင့် ရင်ဆိုင်လိုက်ရတော့၏။

'ထင်ယောင်ထင်မှား ချိုးဖျက်သော ရွှေရောင်မျက်လုံး' နည်းစနစ်ကို ဖန်တီးပြီးနောက်၊ နင်ချီသည် ၎င်း၏ အစိတ်အပိုင်း အချို့ကို ထုတ်နှုတ်ပြီး 'ဝိညာဉ်ဖမ်းစား မျက်လုံး' နည်းစနစ်ကို ပိုမို အားကောင်းအောင် မွမ်းမံထားခဲ့ခြင်း ဖြစ်သည်။

"ဝမ်းနည်း ဆံဖြူ လျှို့ဝှက်နည်းစနစ် ဆိုတာ ဘာလဲ..."

နင်ချီ၏ ကြီးမားကျယ်ပြန့်သော အသံ ဟိန်းထွက်လာသည်။

ပုံမှန်ဆိုရင် သူ ဒီလို လျှို့ဝှက်နည်းစနစ် အကြောင်းကို မေးစရာ မလိုပေ။ သို့သော် ချင်ယွင်က ဒီနည်းစနစ်ကို သုံးပြီး သူ့သက်တမ်းကို လောင်ကျွမ်းပစ်လိုက်သောကြောင့်၊ နည်းစနစ်၏ သဘောတရားကို သိရှိထားပါက ကုသရန် နည်းလမ်း ရှာဖွေရာတွင် အထောက်အကူ ဖြစ်နိုင်ပေသည်။ ထို့အပြင်... သရဲမျက်နှာဖုံး လုံးဝ ဝိညာဉ်ဖမ်းစား ခံရခြင်း ရှိမရှိကိုလည်း စမ်းသပ်ရာ ရောက်ပေသည်။

သရဲမျက်နှာဖုံးသည် တောင့်တောင့်ကြီး ပါးစပ်ဟလိုက်သည်။

"ဝမ်းနည်း ဆံဖြူ နည်းစနစ် ဆိုတာ... အသက်ကို ယူပြီး၊ အနှစ်သာရကို လောင်ကျွမ်းစေတာ..."

သူသည် အသေးစိတ် ပြန်လည် ပြောပြနေလေ၏။

လော့ဝမ်ထျန်းနှင့် အခြားနှစ်ဦးတို့သည် ဤ ထူးဆန်းအံ့ဖွယ် မြင်ကွင်းကို ကြည့်ရင်း ကျောထဲ စိမ့်သွားကြသည်။ ဒီလို လျှို့ဝှက်နည်းစနစ်မျိုး သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။ နှလုံးသား စစ်မေးခြင်း စင်မြင့်နှင့် ယှဉ်လျှင်ပင် အများကြီး သာလွန်နေ၏။

လူတစ်ယောက်၏ လျှို့ဝှက်ချက် အားလုံးကို ဘာမှ ဖုံးကွယ်မထားနိုင်အောင် ဖွင့်ဟ ဝန်ခံခိုင်းစေနိုင်တာက ကြောက်စရာ ကောင်းလှ၏။

သူတို့ လေးစားအားကျစွာ သက်ပြင်းချလိုက်မိကြသည်။

နင်ချီ တိတ်ဆိတ်စွာ နားထောင်ရင်း စဉ်းစားဆင်ခြင်နေ၏။ သူ့လက်ရှိ အမြင်အာရုံနှင့် ဆိုလျှင် ရိုးရှင်းသော တွက်ချက်မှု ပြုလုပ်ရုံဖြင့် နည်းစနစ်၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။

"တကယ့်ကို အထင်ကြီးစရာ ကောင်းတဲ့ နည်းစနစ်ပဲ... သရဲမျက်နှာဖုံးက ဒါကို ဘယ်က ရလာပါလိမ့်..."

အတွေးတစ်ချက် ဝင်လာပြီး ချင်ယွင်၏ လက်ရှိအခြေအနေကို ပိုမို နားလည်လာစေသည်။ သူ ထင်ထားတာထက် ပိုဆိုးရွားနေနိုင်သည်။

ဤနည်းစနစ်သည် အသက်အနှစ်သာရကို စွမ်းရည်မြင့်မားစွာဖြင့် စားသုံးပစ်လိုက်ခြင်း ဖြစ်ပေသည်။ ချင်ယွင်၏ သေလိုစိတ်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ ကျန်ရှိနေသော သက်တမ်းအားလုံးကို တစ်ကြိမ်တည်းနှင့် လောင်ကျွမ်းပစ်လိုက်ခြင်း ဖြစ်သွားခဲ့လေသည်။

ထို့ကြောင့် ချင်ယွင်သည် သေမင်းနှင့် အသက်ရှင်ခြင်း ကြားရှိ မျဉ်းပါးပါးလေးပေါ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍သာ နင်ချီ အချိန်မီ ရောက်မလာဘဲ 'ရေခဲချိပ်ပိတ်ခြင်း နည်းစနစ်' ဖြင့် ချက်ချင်း မထိန်းထားနိုင်ခဲ့ပါက... မျှော်လင့်ချက် လုံးဝ မရှိတော့သည့် အခြေအနေမျိုး ဖြစ်သွားနိုင်ပေသည်။

‘ဒါတောင်မှ အခြေအနေက ဆိုးရွားနေတုန်းပဲ... အစ်ကိုရှစ်မှာ ကျန်တဲ့ သက်တမ်း နည်းလေလေ၊ ကယ်တင်မယ့် နည်းစနစ်အတွက် လိုအပ်ချက်တွေ မြင့်မားလေလေပဲ…’နင်ချီ တွေးလိုက်မိသည်။

သူ သရဲမျက်နှာဖုံးကို ပိုမို အေးစက်စွာ ကြည့်လိုက်သည်။

နည်းစနစ်အကြောင်း မေးမြန်းပြီးနောက် သရဲမျက်နှာဖုံး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး၊ မျက်လုံးအိမ်များ အနည်းငယ် ပြူးကျယ်လာသည်။

နင်ချီ အချိန်မဖြုန်းတော့ဘဲ အခြား သတင်းအချက်အလက်များကို ဆက်လက် မေးမြန်းလိုက်သည်။

ဝိညာဉ်ဖမ်းစား မျက်လုံး နည်းစနစ်အောက်တွင် လူတစ်ယောက် ခံနိုင်ရည် အကန့်အသတ် ရှိသည်။ အလွန်အကျွံ ဖြစ်သွားပါက ဦးနှောက်ပျက်စီးပြီး အရူးဖြစ်သွားနိုင်သည်။ နင်ချီကတော့ သရဲမျက်နှာဖုံး သေချင်သေပါစေ ဂရုမစိုက်ပေ။ အသုံးဝင်သည့် သတင်းတွေ ရနိုင်သမျှ ရဖို့သာ အဓိက ဖြစ်သည်။

"မိစ္ဆာဂိုဏ်းရဲ့ ဌာနချုပ် ဘယ်မှာလဲ..."

"မီးတောက် တစ်သောင်း လိုဏ်ဂူမှာပါ..."

နင်ချီ မျက်ခုံးပင့်လိုက်သည်။

မီးတောက် တစ်သောင်း လိုဏ်ဂူ ဆိုတာ မဟာယန် နယ်နိမိတ်ထဲမှာ မရှိဘဲ၊ အနောက်ဘက် သဲကန္တာရ အနီးနားမှာ ရှိ လေ၏။

ကောလာဟလတွေ အရ ထိုလိုဏ်ဂူထဲမှာ ထူးဆန်းသော မီးတောက်များ ရှိပြီး၊ တချို့မီးတောက်များက ကောင်းကင်ဘုံ လူသား အဆင့်ကိုတောင် ခြိမ်းခြောက်နိုင်သည်ဟု ဆို၏။

မိစ္ဆာဂိုဏ်းက ထိုနေရာမှာ ဌာနချုပ် တည်ထားမည်ဟု သူ ထင်မထားခဲ့ပါ။

အခန်း (၂၈၁) - မီးတောက် တစ်သောင်း လိုဏ်ဂူ (၂)

~သို့သော်... နင်ချီ ခံစားနေရသည်မှာ ဒီလောက် ရိုးရှင်းမည် မထင်ပေ။

"ဒါ တစ်ခုတည်းသော ဌာနချုပ်လား"

"ဌာနချုပ် နှစ်ခု ရှိတယ်... ဒါပေမဲ့ ငါတို့က ဒီတစ်ခုကိုပဲ သိတာ... ပုံမှန်အားဖြင့် အရေးကြီးတဲ့ ကိစ္စတွေ ရှိရင် အဆင့်မြင့် အစည်းအဝေးတွေကို ဒီမှာပဲ ကျင်းပကြတယ်..."

"နောက်တစ်ခုကို ဘယ်သူတွေ သိလဲ"

"မဟာအကြီးအကဲ ကလွဲရင် ဘယ်သူမှ မသိဘူး..."

နင်ချီ အသေးစိတ် အချက်အလက်များနှင့် တိကျသော တည်နေရာများကို ဆက်လက် မေးမြန်းလိုက်သည်။ သူ့စိတ်ထဲတွင် အကြံ တစ်ခု ရနေပြီ ဖြစ်သည်။ သရဲမျက်နှာဖုံး၏ မျက်နှာထား ပိုမို ကြမ်းတမ်းလာပြီး မျက်လုံးများ အာရုံစူးစိုက်မှု လျော့နည်းလာသည်။ နင်ချီ ထပ်မေးလိုက်သည်။

"ခင်ဗျားတို့ မိစ္ဆာဂိုဏ်းက 'မြင့်မြတ်သော ဆေးလုံး' တွေကို ဘယ်မှာ ဖော်စပ်သလဲ... ပြီးတော့ ဘယ်လို အသုံးပြုသလဲ... ခင်ဗျား သိသမျှ အကုန်ပြောပြ..."

လော့ဝမ်ထျန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး သရဲမျက်နှာဖုံးကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

သရဲမျက်နှာဖုံး ရုန်းကန်လာသည်။

နင်ချီ၏ 'နတ်ဘုရား အာရုံခံစားမှု' က သူ့ကို ဖိနှိပ်လိုက်ပြီး၊ နှလုံးသား စစ်မေးခြင်း စင်မြင့်၏ အားလှိုင်းများက သူ့ကို ဝိုင်းရံလိုက်သောအခါ... သရဲမျက်နှာဖုံး ခက်ခက်ခဲခဲ ဖြေလိုက်ရ၏။

"ငါ မသိဘူး... မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်ပဲ… 'မြင့်မြတ်သော ဆေးလုံး နည်းစနစ်' ကို သိကြတာ... ဒါက ဂိုဏ်းတော်ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ... ဆန်းပြား သားရဲတွေရဲ့ အတွင်းအား အမြုတေတိုင်းကို မဟာအကြီးအကဲ လက်ထဲ ကိုယ်တိုင် အပ်ရတာ... အဲ့ဒီ အမြုတေတွေ ဘယ်ရောက်သွားလဲ ဘယ်သူမှ မသိဘူး... တခြား ဌာနချုပ်ကို ပို့လိုက်တာ ဖြစ်မယ်..."

"မင်းတို့ ဂိုဏ်းချုပ်ရဲ့ နောက်ခံက ဘာလဲ"

သရဲမျက်နှာဖုံး၏ အသံတွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပါဝင်လာသည်။

"ဂိုဏ်းချုပ်က ငါတို့ ဂိုဏ်းတော်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ... လွန်ခဲ့တဲ့ နှစ် ( ၆၀ )ကတည်းက 'သိုင်းစိတ်ဆန္ဒ အထွတ်အထိပ် နယ်ပယ်' ကို ရောက်ခဲ့တာ... အခု ဘယ်အဆင့် ရောက်နေပြီလဲ ဘယ်သူမှ မသိဘူး... အနာဂတ်ကျရင် သူက သိုင်းသူတော်စင် အဆင့်ကို တက်လှမ်းပြီး ငါတို့ ဂိုဏ်းတော်ကို ပြိုင်ဘက်ကင်း အောင်မြင်မှုတွေ ဆီသို့ ဦးဆောင်သွားလိမ့်မယ်"

ဝိညာဉ်ဖမ်းစား ခံထားရသည့် အခြေအနေတွင်ပင် သရဲမျက်နှာဖုံးက အတော်လေး ရူးသွပ်နေသေးသည်။

လင်ရူဟွာက ကျန်းပိုင်ရှန်း ကြည့်နေသည်ကို မြင်သောအခါ ခေါင်းကို အသာအယာ ခါပြလိုက်သည်။

"ကျွန်မ မမွေးခင်ကတည်းက ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ကြံနေခဲ့တာ... ဂိုဏ်းချုပ်အကြောင်း ဘာမဆို မိစ္ဆာဂိုဏ်းမှာ လုံးဝ လျှို့ဝှက်ချက်ပဲ... ဘယ်သူမှ ထုတ်ပြောခွင့် မရှိဘူး"

လူတိုင်း ရင်ထဲ စိမ့်သွားကြသည်။

သည်ဂိုဏ်းချုပ်က သာမန် မဟုတ်ဘူး ဆိုတာ သိလိုက်ကြသည်။

သို့သော်လည်း၊ နင်ချီကတော့ တည်ငြိမ်နေဆဲပင်။

သိုင်းသူတော်စင် အစစ် မဟုတ်သရွေ့ သူ မကြောက်ပေ။

မေးခွန်းများ ဆက်တိုက် မေးမြန်းပြီးနောက်၊ မိစ္ဆာဂိုဏ်း၏ မြင့်မြတ်သော ဆေးလုံး နည်းစနစ်သည် မဟာအကြီးအကဲ လက်ထဲတွင်သာ ရှိနိုင်ကြောင်း သူ နားလည်လိုက်သည်။ မဟာအကြီးအကဲ၏ စွမ်းအားမှာလည်း အတော်လေး ထူးခြားသည်။ သရဲမျက်နှာဖုံး ပြောပြချက်အရ ဆိုလျှင် ကောင်းကင်ဘုံလူသား အဆင့်စာရင်း၏ ထိပ်ဆုံး ( ၅ ) ယောက်လောက်မှာ ရှိနိုင် လေသည်။

ခဏအကြာတွင်...

သရဲမျက်နှာဖုံး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်ကို မြင်တော့ နင်ချီ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းပင်၊ သရဲမျက်နှာဖုံး ဝိညာဉ်ဖမ်းစားမှု အခြေအနေမှ လွတ်မြောက်လာသည်။ သိချင်တာတွေ သိရပြီ ဖြစ်သော်လည်း၊ သရဲမျက်နှာဖုံးကို ချက်ချင်း သတ်လိုက်၍ မရသေးပေ။

မိစ္ဆာဂိုဏ်းတွင် လူတစ်ယောက်၏ အသက်ရှင်သန်မှုကို အာရုံခံနိုင်သော လျှို့ဝှက်နည်းစနစ် ရှိမရှိ၊ သူ မသိသောကြောင့် ဖြစ်သည်။

တကယ်လို့ သရဲမျက်နှာဖုံး သေသွားတာကို သူတို့ သိသွားလျှင်၊ သူ၏ ရှေ့ဆက်မည့် အစီအစဉ်တွေ ထိခိုက်နိုင်သည်။ ထို့ပြင်၊ မေးမြန်းပြီးလျှင် ကျန်းပိုင်ရှန်း လက်ထဲ အပ်မည်ဟု ကတိပေးထား

သေးသည်လေ။

ဒီအချိန်မှာ သရဲမျက်နှာဖုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး၊ နင်ချီကို သရဲတစ္ဆေ မြင်လိုက်ရသလို ကြည့်နေမိသည်။

လောကကြီးမှာ ဒီလို ထူးဆန်းကြယ်သည့် ပညာရပ်မျိုး ရှိမည်ဟု သူ မထင်ထားခဲ့မိပါ။ သူက အဝတ်အစားချွတ်ခံထားရသည့် သိုးလေး တစ်ကောင်လို လျှို့ဝှက်ချက် ဘာမှ မကျန်တော့သလို ခံစားနေရ၏။

ခေါင်းထဲတွင် ဆူးတွေအပြည့် ပါသော ကျောက်တုံး တစ်တုံး ထိုးထည့်ပြီး မွှေနှောက်ခံနေရသလို ခေါင်းကိုက်နေ၏။ နှပ်ချေး၊ မျက်ရည်များ ထိန်းမရအောင် စီးကျနေပြီး၊ တစ်ကိုယ်လုံး တုန်ယင်နေ၏။

မျက်လုံးပညာရပ်၏ နောက်ဆက်တွဲ ဆိုးကျိုးများ စတင် ပြသနေပြီ ဖြစ်သည်။ အသက်ရှင်လျှင်တောင်မှ မသန်မစွမ်း ဘဝနှင့် နေသွားရတော့မည်။

နင်ချီ လက်ညှိုး တစ်ချက် တောက်လိုက်သည်။

သရဲမျက်နှာဖုံးသည် အဝတ်စုတ်တစ်စလို ကျန်းပိုင်ရှန်း ရှေ့သို့ ကျသွားသည်။

သိသင့်တာတွေ အကုန် သိရပြီ ဖြစ်၏။

"အစ်ကိုငါး... သူက ခင်ဗျားအတွက်ပါ... လောလောဆယ်တော့ သူ့ကို သေခွင့်ပေးလို့ မရသေးဘူး... ကျွန်တော် ပြန်လာတဲ့အထိ စောင့်ပါဦး... ပြီးမှ ဆုံးဖြတ်ကြတာပေါ့"

နင်ချီ တိုးညှင်းစွာ ပြောလိုက်သည်။

ကျန်းပိုင်ရှန်း နာကျည်းစွာ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့ ကိုးလေး... ငါ သူ့ကို ဒီလောက် လွယ်လွယ်နဲ့ သေခွင့်ပေးမှာ မဟုတ်ဘူး... ရှစ်လေး ပြန်မနိုးလာသရွေ့... သူ သေဖို့ စိတ်ကူးတောင် မယဉ်နဲ့"

လော့ဝမ်ထျန်း သက်ပြင်းဖွဖွ ချလိုက်ပြီး ကျန်းပိုင်ရှန်း ပခုံးကို ပုတ်ပေးလိုက်သည်။

စကားအများကြီး မပြောတော့ပေ။ ချင်ယွင်၏ လက်ရှိအခြေအနေကြောင့် အပြစ်အရှိဆုံး ခံစားနေရသူမှာ ကျန်းပိုင်ရှန်း ဖြစ်သည်။ ဒီနည်းလမ်းက သူ့ခံစားချက်တွေကို နည်းနည်းလောက် ထွက်ပေါက်ပေးနိုင်ပါလိမ့်မယ်။

သူ နှစ်သိမ့်စကား အနည်းငယ် ပြောပြီးနောက်၊ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ကို သွားရောက် အနားယူခိုင်းလိုက်သည်။ လင်ရူဟွာ ကိုယ်ဝန်ရှိနေကြောင်း သူ သိလိုက်ရပြီ။ နင်ချီက ကုသပေးထားပေမယ့် ခရီးပန်းတာတွေကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေရှာသည်။

နင်ချီနှင့် လော့ဝမ်ထျန်း နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

လော့ဝမ်ထျန်း မေးလိုက်သည်။

"ကိုးလေး... မင်း ဘာဆက်လုပ်မလဲ"

နင်ချီသည် လက်ကို နောက်ပစ်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

"ဒီတစ်ခေါက် တောင်အောက်ဆင်းတာ တောင်ပိုင်းနယ်စပ်က 'သွေးဧကရာဇ်ကူ' အကြောင်း ဘာမှ မရခဲ့ဘူး... အခု မိစ္ဆာဂိုဏ်းရဲ့ 'မြင့်မြတ်သော ဆေးလုံး နည်းစနစ်' သဲလွန်စ ရပြီဆိုတော့... ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး... မီးတောက် တစ်သောင်း လိုဏ်ဂူကို သွားပြီး အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ စီစဉ်ထားတယ်..."

သူ့အသံက တည်ငြိမ်သော်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

ချင်ယွင်၏ ဖြစ်ရပ်က သူ့ရင်ထဲတွင် မိစ္ဆာဂိုဏ်းကို သေဒဏ်ပေးလိုက်ပြီ ဖြစ်သည်။

လော့ဝမ်ထျန်း တားဆီးခြင်း မပြုဘဲ လေးနက်စွာ ပြောလိုက်သည်။

"ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံရပါစေ... ကိုယ့်ကိုယ်ကိုယ် အရင် ဦးစားပေးပါ... ဆရာ့ကို အမြဲ သတိရပါ... မင်း တစ်ခုခု ဖြစ်သွားရင် ဆရာ..."

သူ စကားမဆက်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

နင်ချီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့... ကျွန်တော် သတိထားပါ့မယ်... အချိန်က အရေးကြီးတယ်... အခုပဲ သွားတော့မယ်... မဟုတ်ရင် မိစ္ဆာဂိုဏ်းက တစ်ခုခု ရိပ်မိသွားလိမ့်မယ်"

သရဲမျက်နှာဖုံး၊ ချင်ယွင်နဲ့ အကြီးအကဲ ယဲ့ တို့က ကျန်းပိုင်ရှန်းတို့ကို ဖမ်းဖို့ ထွက်လာကြတာ။ ကြာနေရင် မိစ္ဆာဂိုဏ်းက သေချာပေါက် သံသယ ဝင်လာလိမ့်မယ်။

လော့ဝမ်ထျန်း သူ့ပခုံးကို ပုတ်လိုက်သည်။

"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့... ဂိုဏ်းထဲက ကိစ္စတွေ အားလုံး အစ်ကိုကြီး လက်ထဲ ထားလိုက်... စိတ်မပူပါနဲ့"

ထိုအခါ၊ နင်ချီက အနည်းငယ် ခေါင်းညိတ်ပြပြီး တိတ်ဆိတ်စွာ လေထုထဲသို့ ပျံတက်သွားတော့၏။

...

အနောက်ဘက်သို့ ဦးတည်ပြီး...

နင်ချီ၏ အမြန်နှုန်းက လွန်စွာ မြန်ဆန်လှသော်လည်း၊ သူ့အရှိန်အဝါကို ထိန်းချုပ်ထားသဖြင့် မည်သူမျှ သတိမထားမိကြပေ။

သူ့ခေါင်းထဲတွင် ယခင်က ရရှိထားသော သတင်းအချက်အလက်များကို ပြန်လည် သုံးသပ်နေ၏။

သရဲမျက်နှာဖုံး၏ အမူအရာ၊ သတိထားရခက်သော အကျင့်စရိုက် အသေးစိတ်လေးများ၊ ဆက်သွယ်ရေး သက်ေတများ၊ မီးတောက် တစ်သောင်း လိုဏ်ဂူ အကြောင်း အသေးစိတ် အချက်အလက်များ၊ နှင့် မိစ္ဆာဂိုဏ်း ကျွမ်းကျင်သူများ အကြောင်း...စသည်ဖြင့်။

"မီးတောက် တစ်သောင်း လိုဏ်ဂူက အနောက်ဘက် အစွန်ဆုံး လျန်ပြည်နယ်နဲ့ သဲကန္တာရ ကြားက နယ်စပ်မှာ ရှိတာ... အဲဒီမှာ အန္တရာယ်များတဲ့ နေရာတွေ အများကြီး ရှိတယ်... မီးတောက် တစ်သောင်း လိုဏ်ဂူက တစ်ခု အပါအဝင်ပဲ... မိစ္ဆာဂိုဏ်းက ဌာနချုပ် လုပ်ထားပေမယ့် တကယ်တမ်းကျတော့ အကုန်လုံးကို စူးစမ်းထားတာ မဟုတ်ဘူး... ရှေးလူကြီးတွေရဲ့ အတွေ့အကြုံအရ အစိတ်အပိုင်း တစ်ခုလောက်ကိုပဲ နေရာယူထားတာ..."

"သရဲမျက်နှာဖုံး ပြောပုံအရ ဆိုရင်... မီးတောက် တစ်သောင်း လိုဏ်ဂူ ဌာနချုပ် အကြောင်း သိခွင့်ရှိတဲ့သူက ကောင်းကင်ဘုံလူသား အဆင့် အထက် ရှိရမယ်... ပြီးတော့ မိစ္ဆာဂိုဏ်းကို လုံးဝ သစ္စာရှိရမယ်... ခြွင်းချက်ကလွဲရင် တစ်သက်လုံး မိစ္ဆာဂိုဏ်းသား ဖြစ်နေမှ သိခွင့်ရတာ... ဒါကြောင့် ညီလေးရှစ်တောင် မသိခဲ့တာ... မရီး ငါးကျတော့ ကောင်းကင်ဘုံလူသား အဆင့် ရောက်ပြီး စစ်ဆေးမှုတွေ အောင်မြင်ရင် သိခွင့်ရနိုင်တယ်..."

မိစ္ဆာဂိုဏ်းက အဘယ်ကြောင့် သည်လောက် ရှာရခက်ကြောင်း နင်ချီ တဖြည်းဖြည်း နားလည်လာသည်။

ကောင်းကင်ဘုံလူသား အဆင့်က အဓိက ဗဟိုချက်မပင်။

မဟာယန်အနေဖြင့် မိစ္ဆာဂိုဏ်း၏ အခြားသော ဌာနခွဲများကို အလုံးစုံ ရှင်းလင်းပစ်လိုက်လျှင်ပင်၊ ဆယ်စုနှစ် အနည်းငယ် ကြာမြင့်သောအခါ ကောင်းကင်ဘုံလူသား အဆင့်များကို စေလွှတ်၍ ပြန်လည် ထူထောင်စေလိုက်ပါက ဂိုဏ်းသည် ပြန်လည် ရှင်သန်လာမည်သာ ဖြစ်ပေသည်။

ထိုမျှမကသေးချေ... မီးတောက် တစ်သောင်း လိုဏ်ဂူဟူသည်မှာ ဌာနချုပ် တစ်ခုသာ ရှိသေးခြင်း ဖြစ်ပေ၏။

"ဒီ မိစ္ဆာဂိုဏ်းက တကယ်ပဲ အသိုက်တွေ အများကြီး ရှိတာပဲ... ငါ့ရဲ့ 'ဝိညာဉ်ဖမ်းစား မျက်လုံး' သာ မရှိရင် ဒီ မီးတောက် တစ်သောင်း လိုဏ်ဂူ အကြောင်းတောင် သိရမှာ မဟုတ်ဘူး..."

ဒီခရီးစဉ်က မလွယ်ကူမှန်း နင်ချီ သိနေ၏။

မီးတောက် တစ်သောင်း လိုဏ်ဂူထဲမှာ နှစ်ပေါင်းများစွာ စုဆောင်းထားသော ကောင်းကင်ဘုံလူသား အဆင့်များ ဘယ်လောက်တောင် ရှိနေမလဲ မသိနိုင်ပေ။

စဉ်းစားနေရင်း...

နင်ချီ၏ မျက်နှာနှင့် ခန္ဓာကိုယ် စတင် ပြောင်းလဲလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် 'သရဲမျက်နှာဖုံး' ၏ ပုံစံသို့ ပြောင်းလဲသွားတော့၏။

"တစ်ခုခု လိုနေသေးတယ်..."

နင်ချီ နဖူးကို ပုတ်လိုက်ပြီး သတိရသွားသည်။

မြို့လေးတစ်မြို့ကို ဖြတ်သန်းသွားစဉ် သာမန်လူ တစ်ယောက် အသွင်ပြောင်းပြီး ကြေးဝါ အပိုင်းအစ အချို့ ဝယ်လိုက်သည်။ ထို့နောက် ချီစွမ်းအင်ကို မီးတောက်အဖြစ် ပြောင်းလဲပြီး အရည်ကျိုလိုက်သည်။ မကြာခင်မှာပင် သရဲမျက်နှာဖုံး ဝတ်ဆင်လေ့ရှိသော ကြေးဝါရောင် မျက်နှာဖုံးနှင့် ထပ်တူညီသော မျက်နှာဖုံး တစ်ခု နင်ချီ လက်ထဲ ရောက်လာသည်။

တစ်ခါ မြင်ဖူးရုံနှင့် အသေးစိတ် အချက်အလက် အားလုံးကို မှတ်မိနေသူ မဟုတ်ပါလော။

နင်ချီ ကောင်းကင်ပေါ်တွင် ပျံသန်းရင်း သရဲမျက်နှာဖုံး၏ သိုင်းကွက်များကိုပါ လေ့ကျင့်လိုက်သေးသည်။

အချိန်က.. ကုန်ဆုံးသွားလေ၏။

လျန်ပြည်နယ်ကို ကျော်ဖြတ်ပြီးနောက်... သူသည် အစစ်အမှန် 'သရဲမျက်နှာဖုံး' ဖြစ်လာခဲ့ပြီ။ ရုပ်ရည်၊ ခန္ဓာကိုယ်၊ ဝတ်စားဆင်ယင်မှု နှင့် သိုင်းပညာ သွင်ပြင်လက္ခဏာများ အားလုံး ခွဲခြားမရအောင် တူညီနေပြီ ဖြစ်သည်။

သူ မဲ့ပြုံး ပြုံးလိုက်သည်။

‘အခုတော့ ဟာကွက် မရှိတော့ဘူး။ ဒါပေမဲ့ သတိထားရမယ်။ ဝိညာဉ်ဖမ်း မျက်လုံးသိုင်းက ရတဲ့ သတင်းတွေက ပြည့်စုံတာ မဟုတ်ဘူး။ တကယ်လို့ ပေါ်သွားရင် တိုက်ရိုက် ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။

ဒါပေမဲ့... အားမစိုက်ဘဲ ကိစ္စပြီးရင်တော့ ပိုကောင်းတာပေါ့။’

သူ့အရှိန်အဝါ တဖြည်းဖြည်း ပြောင်းလဲသွားပြီး၊ မျက်နှာဖုံးအောက်က မျက်လုံးများ အေးစက်ကာ တွက်ချက်မှုများ ပြည့်နှက်လာသည်။

ရှေ့နားတွင်...

မီးတောက် တစ်သောင်း လိုဏ်ဂူ ရှိနေ လေ၏။

လိုဏ်ဂူတွင် ဝင်ပေါက်၊ ထွက်ပေါက် ပေါင်းများစွာ ရှိသည်။ ကောင်းကင်မှ ကြည့်လျှင် မြေကြီးက ပါးစပ်ပေါက်ကြီးများ ဖွင့်ထားသကဲ့သို့ ရှိပြီး၊ အချို့အပေါက်များမှ အရောင်စုံ မီးတောက်များ မှုတ်ထုတ်နေသည်မှာ ကြည့်ကောင်းလှ၏။ အချို့ မီးတောက်များ၏ စွမ်းအားသည် နင်ချီကိုပင် အံ့သြစေသည်။

သို့သော်...

မိစ္ဆာဂိုဏ်းက နှစ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့ပြီး ပုံသေနည်းအချို့ကို သိရှိထားကြ၏။

နင်ချီ ဝင်ပေါက်တစ်ခု ရှေ့တွင် ရပ်တန့်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

နှစ်နာရီခန့် ကြာပြီးနောက်... ရှေ့မှ အပြာရောင် မီးတောက်များ ငြိမ်သက်သွားရာ သူ ခြေလှမ်းစလိုက်၏။

သို့သော် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်...

အဝေးမှ စွမ်းအင်လှိုင်း တစ်ခု သူ့ဘက်သို့ ဦးတည်လာနေ၏။ နင်ချီ ခြေလှမ်းကို ပြန်ရုတ်လိုက်ပြီး အေးစက်စွာ ကြည့်လိုက်ရာ၊ ခရမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ရောက်ရှိလာပြီး ဟားတိုက်ရယ်မောလိုက်သည်ကို တွေ့လိုက်ရ၏။

"ဒုဂိုဏ်းချုပ်နဲ့ ဒီမှာ လာတွေ့ရတာ တိုက်ဆိုင်လိုက်တာဗျာ"

နင်ချီ မှတ်မိလိုက်သည်။

ဒီလူက... မိစ္ဆာဂိုဏ်း၏ သူတော်စင် မျိုးဆက်လောင်များထဲမှ

တစ်ယောက်ဖြစ်သော 'ကျန်းထျန်းလုံ' ပင်။

သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

‘လခွမ်း..ကံဆိုးလိုက်တာ... အစကတည်းက အခက်အခဲနဲ့ ကြုံနေရပြီ။’

အခန်း (၂၈၂) -မဟာအကြီးအကဲ

~ဤအကြိမ်သည် ယခင်က တောင်ပိုင်းနယ်စပ်၏ ချင် ပြည်နယ် အခြေစိုက်စခန်းကို ဖျက်ဆီးခဲ့စဉ်ကနှင့် လုံးဝ ကွာခြားပေသည်။ ထိုစဉ်က ရုပ်ဖျက်ထားသော မိုးကြိုး အကြီးအကဲ ဖြစ်စေ၊ အကြီးအကဲ ဝတုတ် ဖြစ်စေ အားလုံးသည် ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ကြသည့်အတွက် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရန် မလိုအပ်ခဲ့ပေ။ ခေါင်းဆောင် တစ်ယောက်၏ အရှိန်အဝါကို ထုတ်ဖော် ပြသထားရုံဖြင့် ပြဿနာ အများစုကို ရှောင်ရှားနိုင်ခဲ့၏။

သို့သော် ဤတစ်ကြိမ်တွင်မူ... မိစ္ဆာဂိုဏ်း ဌာနချုပ် အတွင်း၌ သရဲမျက်နှာဖုံးနှင့် စကား ပြောဆိုနိုင်သော အဆင့်ရှိသူ အတော်များများ ရှိနေပေသည်။

နင်ချီသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သလို၊ သရဲမျက်နှာဖုံးကိုလည်း အသေးစိတ် မေးမြန်းထားပြီး ဖြစ်၏။ သို့သော်လည်း စကားများများ ပြောလေ အမှားပါဖို့ ပိုများလေ ဖြစ်တတ်သည် မဟုတ်ပါလော။ မမျှော်လင့်ဘဲ မီးတောက် တစ်သောင်း လိုဏ်ဂူထဲသို့ ခြေမချနိုင်ခင်မှာပင် လူတစ်ယောက်နှင့် ဆုံတွေ့လိုက်ရလေ၏။

ထိုသူသည် သာမန်လူ မဟုတ်ဘဲ၊ အဆင့်အတန်း မြင့်မားသော သူတော်စင် ဆက်ခံသူလောင်း တစ်ဦး ဖြစ်နေ၏။

နင်ချီ ရပ်တန့်လိုက်ရ၏။ ရှောင်ထွက်သွားပါက တမင်သက်သက် ရှောင်နေသည်ဟု ထင်မြင်သွားနိုင်

သောကြောင့် ဖြစ်သည်။

မျက်နှာဖုံးအောက်ရှိ နင်ချီ၏ မျက်ဝန်းများသည် အနည်းငယ် အေးစက်နေပြီး စကားတစ်ခွန်းမျှ မပြောပေ။

ကျန်းထျန်းလုံ သည် သူ့အနားသို့ ရောက်ရှိလာပြီး၊ လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်ရင်း လေးစားစွာ ပြုံးပြလိုက်သည်။

"ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံး... ဘာလို့ ဒီလောက် အေးစက်နေရတာလဲဗျာ... ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ကိစ္စကို ဘယ်လို သဘောရလဲ မသိဘူး"

နင်ချီ အံ့သြသွား၏။

‘သရဲမျက်နှာဖုံးနဲ့ မင်းနဲ့ ဘာတွေ ဆွေးနွေးခဲ့လဲ ဆိုတာ.. ငါက ဘယ်လိုလုပ် သိမှာလဲ။’

သို့သော် သူ ချက်ချင်း သဘောပေါက်လိုက်သည်။ အရင်တုန်းက ချင်ယွင် ပါဝင်စဉ်က သူတော်စင် မျိုးဆက်လောင်း သုံး ယောက် ရှိခဲ့သည်။

ယခု ချင်ယွင် ပြုတ်ကျသွားပြီ ဆိုတော့

ယဲ့ချင်နှင့် ကျန်းထျန်းလုံ နှစ်ယောက်တည်း အကြိတ်အနယ် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ မူလက ချင်ယွင်ကို ထောက်ခံခဲ့သော သရဲမျက်နှာဖုံးသည် ယခုအခါ နှစ်ဖက်စလုံး လိုချင်နေသော ပစ်မှတ် ဖြစ်လာခဲ့၏။

သူ စကားမပြောသေးဘဲ သူ့အကြည့်ကို အနည်းငယ် ပြောင်းလဲလိုက်သည်။ ယခင်ကလောက် မအေးစက်တော့ပေ။

ထင်ထားသည့်အတိုင်းပင်...

ကျန်းထျန်းလုံသည် ထိုအခွင့်အရေးကို ချက်ချင်း အမိအရ ဆုပ်ကိုင်လိုက်သည်။

"ဘာပဲပြောပြော... ချင်ယွင်က ပြင်ပလူပဲလေ... ဒုဂိုဏ်းချုပ်က ဘာလို့ သူ့ကိုပဲ ဇွတ်အတင်း ထောက်ခံနေရတာလဲ... တကယ်လို့သာ ကျွန်တော့်ကို သူတော်စင် မျိုးဆက် ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင်... နောင်တစ်ချိန် ကျွန်တော် ဂိုဏ်းချုပ် ဖြစ်လာတဲ့အခါ မဟာအကြီးအကဲ နေရာက ခင်ဗျားအတွက်ပါပဲ"

သူက ပြုံးရွှင်စွာဖြင့် မက်လုံးပေးလိုက်လေ၏။

ထိုအခါ၊ နင်ချီ အေးစက်စွာ ရယ်မောလိုက်သည်။

"ဟက်..ချင်ယွင်က... မဟာအကြီးအကဲ ကိုယ်တိုင် တန်ဖိုးထားတဲ့လူလေ..."

သူ့စကားက ရိုးရှင်းသော်လည်း ကျန်းထျန်းလုံ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားစေသည်။

နင်ချီ ရှေ့ဆက် လျှောက်လိုက်ပြီး အောက်သို့ ဆင်းသက်သွားသည်။

ချက်ချင်းပင် ပူပြင်းသော လေလှိုင်းကြီးတစ်ခု ရိုက်ခတ်လာသည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ထိုအပူရှိန်ကို အပြည့်အဝ ကာကွယ်လိုက်သည်။ လိုဏ်ဂူအတွင်းတွင် မီးဓာတ်အပင်များနှင့် ဆေးမြစ်များ တောက်ပနေပြီး၊ အလင်းရောင် ပေးရုံသာမက သည်းမခံနိုင်

လောက်အောင် ပူပြင်းမှုကိုပါ ထုတ်လွှတ်နေကြသည်။

ရှေ့ကို ကြည့်လိုက်သောအခါ လိုဏ်ဂူသည် ကျယ်ဝန်းပြီး မြင့်မားလှ၏။ ဝင်္ကပါသဖွယ် ရှုပ်ထွေးသော လမ်းကြောင်းများစွာ ယှက်နွယ်နေပြီး၊ ဉာဏ်ပညာပါပါ ဖန်တီးထားကြောင်း သိသာလှ၏။

နင်ချီ စိတ်ထဲတွင် အံ့သြသွားမိသည်။ သူသည် မိစ္ဆာဂိုဏ်း၏ အမှတ်အသားများကို ကြည့်ရှုပြီး လမ်းကြောင်းများကို ခွဲခြားနေ၏။ ရံဖန်ရံခါ ရပ်တန့်ပြီး မီးတောက်များ ပေါက်ကွဲထွက်လာသည်ကို ရှောင်တိမ်းနေရ၏။ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်သော်လည်း၊ လမ်းကြောင်းများကို ကျွမ်းကျင်နေသယောင် ရှိသည်။

ကျန်းထျန်းလုံက သူ့ဘေးမှ လိုက်ပါလာသည်။ ခဏကြာတော့ နင်ချီက ရှေ့ကနေ ဦးဆောင် လမ်းပြပေးလိုက်သည်။

ဒါက မိစ္ဆာဂိုဏ်း၏ ထုံးစံဖြစ်သည်။ အတူတူ ဝင်လာပါက ရာထူးအဆင့်အတန်း မခွဲခြားဘဲ အမှတ်အသားများကို ခွဲခြားနိုင်စွမ်း ရှိကြောင်း ပြသရ၏။ ဒါက ပြင်ပလူများ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ထားသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ကျန်းထျန်းလုံက တိုးတိုးလေး ပြောလိုက်သည်။

"ဒုဂိုဏ်းချုပ်... ခင်ဗျား ဒီတစ်ခါ ထွက်သွားတာ လင်ရူဟွာ ကိစ္စအတွက် ဆိုတာ ကျွန်တော် သိပါတယ်... တစ်ယောက်တည်း ပြန်ရောက်လာပုံထောက်ရင် အဆင်မပြေခဲ့ဘူး ထင်တယ်... ကျွန်တော့်ကို ယဲ့ချင်ကို နှိမ်နင်းဖို့ ကူညီပေးပါလား... ခင်ဗျား လိုချင်တာ တောင်းဆိုနိုင်ပါတယ်"

သူသည် သူ့သတင်းကွန်ရက် ဘယ်လောက် ကျယ်ပြန့်လဲ ဆိုတာကိုပါ မသိမသာ ကြွားဝါလိုက်သေးသည်။ ဒီကိစ္စက လျှို့ဝှက်ထားတာ မဟုတ်ပါလော။

နင်ချီ မျက်ခုံးပင့်လိုက်သည်။

ဒီလူက သူ့ကို မတော်တဆ တွေ့ခြင်း မဟုတ်ဘဲ၊ တမင် စောင့်နေသည်ပဲ။

နင်ချီ စကားပြောရန် ပြင်လိုက်စဉ်...

ရှေ့မှ နောက်ထပ် စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာသည်။ ကျန်းထျန်းလုံ၏ မျက်နှာ ပျက်သွားသည်။ ဆံပင်ကတုံးနှင့် လူငယ် တစ်ယောက် အခြား လမ်းကြောင်း တစ်ခုမှ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။ သူ့ခေါင်းပေါ်တွင် အနက်ရောင် မြူအချို့ ရှိနေပြီး၊ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေ၏။

သူကတော့ နောက်ထပ် သူတော်စင် မျိုးဆက်လောင်း 'ယဲ့ချင်' ပင် ဖြစ်သည်။

ယဲ့ချင်က ဩရှသော အသံဖြင့် ရယ်မောလိုက်သည်။

"တိုက်ဆိုင်လိုက်တာဗျာ... ညီလေးကျန်းက ဒုဂိုဏ်းချုပ် သရဲမျက်နှာဖုံးနဲ့ အတူတူ ပြန်လာမယ်လို့ မထင်ထားဘူး... ကြည့်ရတာ ကျွန်တော့်ရဲ့ ရိုးသားမှုက လိုအပ်နေသေးပုံပဲ"

သူ့စကားထဲတွင် အဓိပ္ပာယ် ပါနေ၏။ ကျန်းထျန်းလုံက နှာခေါင်းရှုံ့လိုက်ရုံသာ တတ်နိုင်တော့၏။

သုံးယောက်သား ရှေ့ဆက် လျှောက်လှမ်းလာကြသည်။

ယဲ့ချင်က နင်ချီကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"ဒုဂိုဏ်းချုပ်ရဲ့ ခရီးစဉ် ချောမွေ့ခဲ့ရဲ့လား... ကျွန်တော့်ရဲ့ ယဲ့မိသားစုက အကြီးအကဲနဲ့ရော တွေ့ခဲ့ရဲ့လား"

ယဲ့ချင်က ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း၊ တကယ်တမ်းကျတော့ သူ့အင်အားကို ပြသလိုက်ခြင်း ဖြစ်သည်။ အကြီးအကဲ ယဲ့ ဦးဆောင်ပြီး လင်ရူဟွာတို့ကို ဖမ်းဆီးမယ့် အစီအစဉ်၊ ချင်ယွင် ပါဝင်ကူညီမည့် အစီအစဉ်၊ သရဲမျက်နှာဖုံးက နောက်ကွယ်က ကြပ်မတ်မည့် အစီအစဉ်... အားလုံးကို သူ သိနေကြောင်း သွယ်ဝိုက် ပြောပြလိုက်ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက် ဒီမှာ ရောက်နေတာက ကိစ္စ ပြီးမပြီး..သိချင်လို့သာ ဖြစ်မည်။ တကယ်လို့ ချင်ယွင် ပြန်ပါလာလျှင် သူတို့ သုံးယောက် ပြိုင်ဆိုင်မှုက ဆက်ရှိနေဦးမည်ကိုး။

သူတို့ မသိတာ တစ်ခုကတော့... သရဲမျက်နှာဖုံး နေရာမှာ နင်ချီ အစားထိုး ဝင်ရောက်နေပြီ ဆိုသည့် ကိစ္စပါပင်။

နင်ချီသည် ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် သူတို့နှစ်ဦးကို ကြည့်လိုက်သည်။

"သူတော်စင် မျိုးဆက်လောင်း နှစ်ယောက်က...ငါ့ကို သတင်းပို့ခိုင်းနေတာလား... အဲ့ဒီလောက် သိချင်ရင် ငါနဲ့အတူ မဟာအကြီးအကဲဆီ လိုက်ခဲ့ကြပါလား"

သူ့စကားထဲတွင် ပါဝင်နေသော အေးစက်သည့် ဒေါသကို ကြားလိုက်ရသောအခါ နှစ်ယောက်သား ပျာပျာသလဲ ဦးညွှတ်လိုက်ကြရ၏။

"မလုပ်ရဲပါဘူးခင်ဗျာ"

ဘာပဲပြောပြော သရဲမျက်နှာဖုံးက ဒုဂိုဏ်းချုပ် ဖြစ်သည်လေ။ လူနည်းစုကလွဲလျှင် ကျန်သည့် သူတွေက သူ့ကို လေးစားရမည်ပင်။

နင်ချီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့ဆက် လျှောက်သွားလိုက်၏။

ယခုချိန်ထိ လျှောက်လာတာ မြေအောက် မိုင်ပေါင်းများစွာ ရောက်နေလောက်ပြီ ဖြစ်၏။ ရံဖန်ရံခါ မီးတောက်ပြင်းကြီးတွေ ထွက်ပေါ်လာသော်လည်း၊ သတ်မှတ်ထားသော လမ်းကြောင်းကို ဖြတ်ကျော်လိုက်သည်နှင့် ဘေးကင်းသွားတတ်သည်။ ဒါတွေက မိစ္ဆာဂိုဏ်း ဘိုးဘေးတွေ မျိုးဆက်အလိုက် တူးဖော်ခဲ့သော လမ်းကြောင်းတွေ ဖြစ်သည်။

ရုတ်တရက်...

နင်ချီ၏ မျက်စိရှေ့တွင် တောက်ပသော အလင်းရောင် တစ်ခု ပေါ်လာသည်။

မျက်နှာကြက်ထက်တွင် တွဲလောင်းကျနေသော ကြည်လင်တောက်ပသည့် ကျောက်တုံးများသည် ကြယ်တာရာများသဖွယ် ထွန်းလင်းနေကြသည်။

ကျယ်ပြန့်သော မြေအောက် ကမ္ဘာကြီးတစ်ခု သူ့ရှေ့တွင် ပေါ်ထွန်းလာပြီး၊ စနစ်တကျ တည်ဆောက်ထားသော မြေအောက် နန်းတော်ကြီးများသည် ခမ်းနားထည်ဝါစွာ တည်ရှိနေကြသည်။

ဗဟိုချက်မသို့ ရောက်လေ ပိုမို ခမ်းနားလေ ဖြစ်လေ၏။

သရဲမျက်နှာဖုံး ပြောပြထား၍ သိပြီးသား ဖြစ်သော်လည်း၊ ကိုယ်တိုင် မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားရ၏။

သူ့ရှေ့က မြင်ကွင်းက မြေအောက် အင်ပါယာ မြို့တော်ကြီး တစ်ခုနှင့် တူလှပေသည်။

လူဦးရေကလည်း နည်းနည်းနောနော မဟုတ်။

နင်ချီနှင့် အခြားသူများ ရောက်လာသည်ကို မြင်သောအခါ လူအများအပြား ခရီးဦးကြို ပြုရန် ရောက်ရှိလာကြသည်။ သူတို့က မိစ္ဆာဂိုဏ်း၏ အမာခံ အဖွဲ့ဝင်များ မဟုတ်ဘဲ အစေခံများသာ ဖြစ်ကြသည်။

သူတို့၏ ဘိုးဘေးများသည် ဤနေရာသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရပြီး၊ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသူများ ဖြစ်သည်။ မျိုးဆက်များစွာ ကြာလာသောအခါ အများစုသည် ပြင်ပကမ္ဘာ မည်သို့ ရှိသည်ကို မသိကြတော့သလို၊ ပြင်ပကမ္ဘာ ရှိသည် ဆိုတာကိုပင် မသိကြတော့ပေ။

All Chapters