← Chapters

ဆောင်းညအိပ်မက်

Vol. 4 Ch. 187

ဆောင်းညအိပ်မက်

Vol. 4 Ch. 187

ဝေါ....

ရေတံခွန်ကနေ ရေတွေစီးကျနေတဲ့အသံကို အယ်မာ ကြားနေရပါတယ်။ သူ့မျက်လုံးတွေကိုဖွင့်လိုက်တော့ မြေပြင်နဲ့မျက်နှာအပ်မိလျက်သား။ သတိရလာတာနဲ့ တစ်ပြိုင်နက်တည်းပဲ နာကျင်မှုက တစ်ကိုယ်လုံးကို ကျူးကျော်ဝင်ရောက်လာခဲ့တယ်။

ပါးစပ်ထဲမှာလည်း ထုံကျဥ်နေပြီး ချိုမြမြသွေးအရသာကို ရလို့နေပါတယ်။ လက်ဖဝါးနဲ့မြေပြင်ကိုထောက်ပြီး ထဖို့ ကြိုးစားကြည့်လိုက်တော့ သူ့ရှေ့မှာရှိနေတဲ့ ကျောက်ခွက် ရေအိုင်ငယ်လေးထဲက သူ့မျက်နှာပုံရိပ်ကိုယ်သူ မြင်လိုက်ရတယ်။

အညိုရောင်နဲ့ရွှေရောင်ရောစပ်နေတဲ့ ဆံပင်တွေကြားထဲမှာ ရှိနေခဲ့တဲ့ ထူးဆန်းတဲ့မီးခိုးရောင်ဆံပင်တွေက သူ့မျက်စိ ရှေ့မှာတင် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။ နောက်တော့ သူ့ရဲ့ငယ်ရွယ်ပြီးအရေးအကြောင်းတွေ မရှိသေးတဲ့ မျက်နှာပေါ်မှာ ကြောက်ရွံထိတ်လန့်နေတဲ့ အမူအရာမျိုးပေါ်လာပြီး အော်ဟစ်လိုက်တယ်။

“မလုပ်နဲ့... မလုပ်နဲ့.... အဲဒီလိုဖြစ်သွားလို့မရဘူး။”

ဟားဟားဟား...

ခြောက်ကပ်ကပ်ရယ်သံကြောင့် အယ်မာခေါင်းကို ဘေးစောင်းပြီး ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တယ်။ ပထမဆုံးအနေနဲ့ ပြောင်နေအောင်တိုက်ထားခဲ့ပေမဲ့ ရွံဗွက်တွေပေနေတဲ့ အနက်ရောင်သားရေရှူးဖိနပ်ကို မြင်ရတယ်။

အဲဒီနောက်တော့ အလယ်မျဥ်းအတိုင်း သေသပ်စွာ မီးပူတိုက်ထားပေမဲ့ သွေးကွက်တချို့စွန်းထင်းနေတဲ့ အနက်ရောင်ဘောင်းဘီရှည်ကိုမြင်ရတယ်။ နောက်ဆုံး အဲဒီလူရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ အယ်မာဟာ သူ့ခန္ဓာကိုယ်ကနေ ဝိညာဥ်ထွက်သွားတော့မလို ခံစားရတယ်။

အဲဒီလူက ဦးထုပ်ဝိုင်းဆောင်းပြီး လမ်းလျှောက်တုတ်ကို လက်မောင်းမှာချိတ်ထားတယ်။ သူ့လက်ထဲမှာတော့ ရွှေရောင်တောက်ပနေတဲ့ သလင်းကျောက်လေးတစ်လုံး ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီသလင်းကျောက်မှာက သွေးတွေ စွန်းထင်းလို့။

“ရော့...ဝဲလ်...” အယ်မာ့နှုတ်ကနေ နာမည်တစ်ခု ထွက်ကျ လာပါတယ်။ ရော့ဝဲလ်ကတော့ သလင်းကျောက်ကို တယုတယပွတ်သပ် သန့်ရှင်းရေးလုပ်နေလေရဲ့။

အယ်မာကိုယ်တိုင်ကတော့ သူ့ရင်ဝက အပေါ်ကို လက်နဲ့ထိတွေ့သုံးသပ်လိုက်ရင်း မျက်ရည်တွေစီးကျ လာခဲ့ပါတယ်။

“ရှင်ဘာလုပ်လိုက်တာလဲ....” အယ်မာရဲ့အမြင်တွေ ဝေဝါးလာခဲ့ပေမဲ့ အသိစိတ်ကတော့ ကောင်းစွာ ရှိနေပါသေးတယ်။ ရော့ဝဲလ်က အနည်းငယ်ပြုံးလိုက်ပြီး

“ကောင်မလေး၊ ဒီလုပ်ရပ်အတွက် မင်းငါ့ကိုမုန်းရင် မုန်းနိုင်တယ်။ ဒါပေမဲ့ လက်စားချေဖို့အတွက် တခြားသူကို လိုက်မရှာပါနဲ့။ ငါလုပ်မှဖြစ်ရမယ့်အရာတစ်ခုအတွက် မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်ကို လိုအပ်တယ်။”

နောက်တော့ ရော့ဝဲလ်က နောက်ပြန်လှည့်မကြည့်တော့ဘဲ အယ်မာကို ရေတံခွန်နားက ကမ်းစပ်မှာထားရစ်ခဲ့ပြီးတော့ ထွက်သွားခဲ့တယ်။ အယ်မာတစ်ယောက်သာ ရော့ဝဲလ်ရဲ့ ကျောပြင်ကိုကြည့်ရင်း မရှိရှိတဲ့အားနဲ့ လက်ကိုမြှောက်လိုက် ပြီးတားဖို့ကြိုးစားလိုက်တယ်။

“အဲဒီလို ဖြစ်သွားလို့မရဘူးလေ... ငါ့ရဲ့အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်.... အယ်ဒါဖြစ်မလာနိုင်တော့ရင်... ငါက ဘာအတွက်ဆက်ပြီး အသက်ရှင်နေရဦးမှာလဲ။”

...

“......”

အယ်မာ ထထိုင်လိုက်မိတယ်။ ရာသီဥတုက အေးစက် နေခဲ့ပေမဲ့ သူ့တစ်ကိုယ်လုံးမှာချွေးတွေနဲ့ ရွှဲနစ်နေခဲ့ပါတယ်။ ရုတ်တရက် လန့်နိုးလာခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဘေးမှာ အတူရှိနေခဲ့တဲ့ လူကာကလည်း နိုးလာခဲ့တယ်။ ဟုတ်တယ်၊ သူတို့နှစ်ယောက်က အိပ်ရာတစ်ခုတည်းမှာ အိပ်နေခဲ့ကြတာ။

“တစ်ခုခုဖြစ်လို့လား....”

အယ်မာက လူကာရဲ့စိုးရိမ်နေတဲ့ပုံစံကြောင့် စိတ်သက်သာရာရသွားစေဖို့ ပြုံးပြလိုက်ရင်းနဲ့ “အရင်ကအကြောင်းတွေကို ပြန်အိပ်မက်မက်နေတာပါ။”

နောက်တော့ အယ်မာက နာရီကိုကြည့်လိုက်တယ်။ မနက်ငါးနာရီထိုးပြီဖြစ်ပေမဲ့ အပြင်မှာနှင်းတွေက လမ်းမီးတိုင်ကိုမမြင်ရလောက်အောင် ကျဆင်းနေဆဲပါ။ လူကာက အအေးဓာတ်ကြောင့် နီရဲနေတဲ့ အယ်မာရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်ရင်း...

“ကိုယ့်ကိုပြောလို့မဖြစ်တဲ့ ကိစ္စတွေအများကြီးရှိနေတာ နားလည်ပေမဲ့ အနည်းဆုံးတော့ ရင်ဖွင့်ချင်ရင် ကိုယ်နားထောင်ပေးဖို့ အသင့်ပဲဆိုတာ သတိရပေးပါ။”

“အင်း...”

အယ်မာက ပြောလိုက်ရင်းနဲ့ လူကာရဲ့နဖူးကို သူ့နဖူးနဲ့ ထိတွေ့ရင်း ပါးပြင်ကိုထိကိုင်လိုက်တယ်။

“တစ်နေ့တော့ ကျွန်မရှင့်ကို ပြောပြမှာပါ။”

အယ်မာက သက်ပြင်းချလိုက်ပြီး စောင်ကိုဖယ်လိုက်ကာ အိပ်ရာပေါ်ကဆင်းလိုက်တယ်။ သူ့ရဲ့ပြီးပြည့်စုံပြီး မို့မောက်နေတဲ့ ခန္ဓာကိုယ်က အကာအကွယ်မပါဘဲ လူကာရဲ့မြင်ကွင်းထဲ ဝင်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အယ်မာက ချက်ချင်းဆိုသလို အပေါ်ရုံဇာအင်္ကျီရှည်တစ်ထည်ကို ခြုံဝတ်လိုက်ပြီး...

“ကျွန်မတော့ ဆက်အိပ်လို့ရတော့မယ်မထင်ဘူး။”

“ဒါဆိုလည်း မနက်စာ အတူပြင်ကြရအောင်...” လူကာက အလိုက်သင့်ပြောလိုက်ကာ ကိုယ်တိုင်လည်း အိပ်ရာကနေ ထလိုက်ပါတယ်။

နောက်တော့ နှစ်ယောက်အတူမီးဖိုချောင်ထဲဝင်ပြီးတော့ စတင်ချက်ပြုတ်ဖို့ပြင်ဆင်ကြတယ်။ လူကာကတော့ ရေခဲသေတ္တာထဲကနေ အသင့်ပြုလုပ်ပြီးသား ပလာတာ ဂျုံမုန့်ပြား တချို့ကိုဖောက်လိုက်ပြီး ဒယ်အိုးပြားကို နှမ်းဆီနည်းနည်းနဲ့ အပူစပေးတယ်။

“ဒီနေ့တော့ နည်းနည်းအပြောင်းအလဲဖြစ်သွားအောင် ကြက်ဥပလာတာလိပ်လုပ်စားကြမလား။”

“အင်း...” အယ်မာက စိတ်ဝင်စားပုံမပေါ်ဘဲ ခေါင်းညိတ် ပြလိုက်တယ်။ ခဏနေတော့ ရင်ထဲပျို့တက်လာသလိုမျိုး ခံစားရတဲ့အတွက် ပါးစပ်ကိုလက်နဲ့ အုပ်ထားလိုက်တယ်။ ပြီးတဲ့နောက်တော့ ရေအိမ်သွားဦးမယ်လို့ အကြောင်းပြပြီး ရေချိုးခန်းထဲ ဝင်လိုက်ပါတယ်။ နောက်တော့ အတူယူလာတဲ့ ပိုက်ဆံအိတ်ထဲကနေ ဆီးစစ်တံတစ်ချောင်း ထုတ်လိုက်တယ်။

စစ်ဆေးလို့ ပြီးသွားချိန်မှာတော့ လိုင်းနှစ်ကြောင်း ပေါ်နေပြီ။ အယ်မာက သက်ပြင်းချလိုက်ရင်းကနေ သူ့ပုံသူမှန်ထဲမှာ ကြည့်လိုက်တယ်။ အခုရက်ပိုင်း အလှသွေး ပိုကြွယ်လာသလိုရှိပေမဲ့ ဝမ်းဗိုက်က မသိမသာဖောင်းအစ် နေခဲ့ပါတယ်။ ကိုယ်ဝန်နှစ်လက မသိသာသေးပေမဲ့ ပုံမှန်အချိန်မှာဆိုရင်တော့ ဒီသတင်းက သူတို့နှစ်ယောက်အဖို့ ပျော်စရာကောင်းတဲ့အရာတစ်ခု ဖြစ်နေခဲ့မှာ။ ဒါပေမဲ့...

“ငါသူ့ကို ပြောသင့်လား...” အယ်မာက စိတ်ရှုပ်ထွေးစွာနဲ့ အပြင်ပြန်ထွက်လာတယ်။ လေထုထဲမှာတော့ မွှေးပျံတဲ့ ကြက်ဥနဲ့ချေ့စ်အနံက နေရာယူထားပြီးပြီ။

အယ်မာက စားပွဲဝိုင်းမှာဝင်ထိုင်ပြီးတဲ့အချိန်မှာပဲ လူကာက စားပွဲပေါ်ကို ပန်းကန်သုံးချပ်ချလိုက်တယ်။ ပန်းကန်တိုင်းရဲ့ ပေါ်မှာတော့ သေသေသပ်သပ်လိပ်ထားတဲ့ ကြက်ဥပလာတာ တစ်ချပ်စီရှိလို့နေတယ်။

“စောသေးတယ်ဆိုပေမဲ့ ကောင်မလေးကို နှိုးလိုက်တော့မလား။”

လူကာက ဒါလီယာအတွက်ပါ ကြိုပြီးကြော်ထားပေးခဲ့တာ။ အယ်မာလည်း ခေါင်းညိတ်ပြလိုက်ရင်း...

“တစ်ခါတလေ သူက ကျွန်မထက်တောင် အစောကြီး နိုးနေတတ်တာ။ သွားကြည့်လိုက်ဦးမယ်။”

အယ်မာက ပြောပြောဆိုဆိုနဲ့ အခန်းတစ်ခုရှေ့ကိုသွားပြီး သော့ခတ်မထားတဲ့တံခါးကို ဖွင့်လိုက်ပါတယ်။ ရှည်လျားတဲ့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားတဲ့ အသားဂျုံရောင် မိန်းမငယ်လေးက ပြတင်းပေါက်နားမှာနေပြီးတော့ နှင်းတွေတဖွဲဖွံကျဆင်းနေတဲ့ အပြင်ကိုကြည့်လို့နေလေရဲ့။

“နှင်းတွေက လှတယ်နော်...”

အယ်မာက ဒါလီယာကို နောက်ကနေ သိုင်းဖက်လိုက်ရင်း မေးလိုက်တယ်။ ဒါလီယာကတော့ ဘာမှမတုံ့ပြန်ပါဘူး။ အယ်မာသူ့ကို တွယ်ဖက်ထားတာကိုတောင် သတိမထားမိတဲ့ ပုံစံမျိုး။

တီတီ...

ဖုန်းကနေ စာဝင်ကြောင်းအသံထွက်လာတော့ အယ်မာက ဖုန်းကိုဖွင့်ကြည့်လိုက်တယ်။ စာက ခပ်တိုတိုပဲဖြစ်ပြီးတော့ ‘မနက်ရှစ်နာရီ လမ်းပေါ်ထွက်ခဲ့' ဆိုတာပဲ။ ပို့တဲ့အကောင့်က ပရိုဖိုင်ပုံတောင်ထားမထားပေမဲ့ ဘယ်သူလဲဆိုတာ အယ်မာ သိနေတယ်။

သူ့ကို အမိန့်ဆန်ဆန်စာမျိုးပို့မယ့် အဖွဲ့အစည်းဆိုလို့ တစ်ခုပဲရှိတာပါ။

အယ်မာက စာအကြောင်းကိုမေ့ထားလိုက်ပြီး ဒါလီယာရဲ့ လက်ကိုဆွဲကာ အခန်းအပြင်ကိုခေါ်ထုတ်သွားလိုက်တယ်။ “ဒါလီယာ၊ မနက်စာစားရအောင်....”

စားပွဲမှာအတူထိုင်ခိုင်းပြီးတဲ့နောက် ဒါလီယာနဲ့အနီးဆုံးမှာ အယ်မာဝင်ထိုင်လိုက်တယ်။ ဦးလေးလူကာကတော့ စက္ကူ နို့ဘူးအဖုံးကိုလှည့်ဖွင့်ပြီး အားလုံးအတွက် ညီတူမျှတူ ဖန်ခွက်တွေထဲ ငှဲ့ပေးလိုက်တယ်။

အယ်မာက ပူနွေးနေသေးတဲ့ ပလာတာကြော်ကို ခက်ရင်းနဲ့ အနည်းငယ်ထိုးစွလိုက်ပြီး အပိုင်းသေးသေးတစ်ခုပိုင်းကာ အရသာခံစားကြည့်တယ်။

“ရှင့်လက်ရာက နေ့တိုင်းကောင်းနေတော့တာပဲ။ ကျွန်မ အမေတောင်မှ အဲဒီလောက်မချက်တတ်ဘူး။”

လူကာက အရှက်ပြေရယ်မောလိုက်တယ်။ အယ်မာက နည်းနည်းဖြစ်သလိုဆန်ပေမဲ့ ချောမောလှပတာကြောင့် အကြိိမ်ကြိမ်အချီးမွမ်းခံရလည်း မရှက်ဘဲမနေနိုင်ဘူး။

...

နံနက်ရှစ်နာရီ။

အယ်မာက ပုံမှန်ဝတ်နေကျအတိုင်းပဲ အဖြူရောင်ရှပ်အင်္ကျီနဲ့ စကပ်ကိုဝတ်ပြီး အိမ်ထဲကနေထွက်လိုက်တယ်။ အိမ်ရှေ့ လမ်းဘေးမှာ အနက်ရောင်ဘီအမ်ဒလျူ ဘင်ကားတစ်စီး ရပ်နေပြီးတော့ နောက်ခန်း တံခါးတစ်ချပ်ကိုဖွင့်ထားတယ်။

“ဟင်း....” အယ်မာက သက်ပြင်းချလိုက်ပြီး ကားပေါ်ကို တက်လိုက်တော့ တံခါးက မှော်ဆန်ဆန်နဲ့သူ့အလိုလို ပိတ်သွားတော့တာပဲ။

“ကောင်မလေးကြည့်ရတာ နည်းနည်းလေးမှ တိုးတက် မလာသေးပါလား။ ကျုပ်မင်းကို သုံးလပဲ အချိန်ပေးထားတာနော်။ အခုတစ်လကုန်တော့မယ်။”

အယ်မာက သက်ပြင်းချလိုက်ပြီး ကားဒရိုက်ဘာမှန်ကို ကြည့်လိုက်တယ်။ ဒရိုက်ဘာခုံဘေးက ခရီးသည်ခုံမှာ အနောက်တိုင်းဝတ်စုံကို စနစ်တကျဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထားတဲ့ လူတစ်ယောက်ရှိနေတယ်။

အယ်မာရဲ့အထက်လူကြီးလည်းဖြစ် EUOC ကောင်မရှင်နာလည်းဖြစ်တဲ့ အာလ္လုင်ပါ။

“အနည်းဆုံးတော့ အခုသူ့ဘာသာ ဘယ်လိုစားရမလဲ သိနေပါပြီ။” အယ်မာက အထွန့်တက်လိုက်ပေမဲ့

“ဒါလီယာက ငါတို့အဖွဲ့အစည်းရဲ့လက်နက်ပဲ။ သာမန်ကလေး တစ်ယောက်မဟုတ်ဘူး။ မင်းကလည်း ငါတို့ရဲ့အရာရှိတစ်ယောက်ဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ အချိန်ဖြုန်းနေရမယ့်သူမဟုတ်ဘူး။”

အာလ္လုင်က အယ်မာဆီကို ဆေးရည်ပုလင်းတစ်လုံး ကမ်းပေးလိုက်ရင်းနဲ့

“အဲဒီလူကာဆိုတဲ့သူ... သူက မင်းချစ်သူမဟုတ်လား။”

“....” အယ်မာက ဘာမှမပြောပေခဲ့ တိတ်တိတ်နေခြင်းက ဝန်ခံခြင်းတစ်မျိုးပါပဲ။

“တခြားသူတွေမပေါ် သံယောဇဥ်ရှိတဲ့စိတ်ကြောင့် နောက်ဆုံးတစ်ကြိမ်က ငါတို့တပ်မှူးတစ်ယောက် ဘာဖြစ်သွားလဲ မင်းသိမှာပါ။ ဒီဆေးကိုယူလိုက်၊ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ပထမတန်းစား မှတ်ဉာဏ်ဖျက်ဆေးပဲ။”

ကောင်မရှင်နာက နာမည်ထည့်မပြောခဲ့ပေမဲ့ မိသားစုကို ဓားစာခံလုပ်ပြီး အကျပ်ကိုင်ခံရလို့ သေခဲ့ရတဲ့ နာတာရှာကို ရည်ညွန်းနေမှန်း အယ်မာနားလည်လိုက်တယ်။ ကောင်မရှင်နာက ဘာကိုဆိုလိုမှန်း အယ်မာနားလည်ပေမဲ့ အဲဒီဆေးရည်ကိုယူဖို့ တွန့်ဆုတ်နေမိပြန်တယ်။

“အယ်မာ... မင်းက ငါတို့အဖွဲ့အစည်းရဲ့စွမ်းအားအကြီးဆုံး လက်နက်ကိုကိုင်ဆောင်ထားသူပဲ။ တခြားသူတွေက မင်းရဲ့ပျော့ကွက်ကို အသုံးချတာမျိုး ငါမမြင်ချင်ဘူး။ ဒီဆေးကိုသုံးလိုက်တာက မင်းအတွက်လည်းကောင်းသလို သူ့အတွက်လည်းကောင်းတယ်။ သာမန်လူတစ်ယောက်က ငါတို့လောကမှာ မရှင်သန်နိုင်ဘူး။”

အယ်မာက နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။ သွေးစ တချို့တောင်စီးကျလာတယ်။ နောက်တော့ တုန်ယင်နေတဲ့ လေသံနဲ့မေးလိုက်လေရဲ့။

“တကယ်လို့ ကျွန်မငြင်းမယ်ဆိုရင်ရော...”

ဟားဟား...

အာလ္လုင်က ရယ်မောလိုက်တယ်။ အဲဒီနောက်တော့ အယ်မာကို လှည့်ကြည့်လိုက်ပြီး...

“မင်းငြင်းမှာမဟုတ်ပါဘူး....”

“မင်းငြင်းတာနဲ့ မင်းကိုငါတို့ ရာထူးကနေထုတ်ရလိမ့်မယ်။ ဒီလူကို အတင်းအကျပ် မှတ်ဉာဏ်ဖျောက်ပစ်မယ်။ မင်းပြန်မသွားချင်တဲ့ မြေကျောင်းတော်ကို ပြန်သွားရမယ်။ လူလုပ်နတ်တစ်ပိုင်းပရောဂျက်ကို ဖျက်သိမ်းပြီးတော့ ဒါလီယာကို အဆုံးသတ်ပစ်ရလိမ့်မယ်။ ပြီးရင်တော့ အရာအားလုံးကို အစကနေပြန်စရမှာပေါ့။”

အယ်မာရဲ့မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေထင်ဟပ်လာတယ်။ သူငြင်းလိုက်တာနဲ့ ဒါလီယာသေလိမ့်မယ်။ ပြီးတော့ ကောင်မရှင်နာမင်းကြီးက အလားတူလက်နက်မျိုးထုတ်ဖို့ လူသားတွေကို ပြန်စမ်းသပ်တော့မှာ။

“ဆုံးဖြတ်ချက်က မင်းအပေါ်မူတည်တယ်။” ကောင်မရှင်နာက စကားကိုအဆုံးသတ်လိုက်တယ်။ အယ်မာက သူ့မျက်လုံးတွေကိုငေးကြည့်ရင်း အဆုံးမရှိတဲ့ ငရဲတွင်းနက်ကြီးကို မြင်နေရသလိုမျိုး ခံစားမိပါတယ်။ နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်ပြီးတော့ ဆေးပုလင်းကို ယူလိုက်ပါတယ်။

“ကျွန်မ လုပ်လိုက်မယ်။”

အယ်မာ ကားပေါ်ကနေ ပြန်ဆင်းတယ်။ သူ့ခြေလှမ်းတွေက လေးလံလို့နေပါတယ်။ ကားကလည်း စထွက်ဖို့ပြင်နေပြီ။ နောက်ဆုံးအနေနဲ့ ကောင်မရှင်နာက သူ့ကို နည်းနည်းအသံ ကျယ်ကျယ်နဲ့လှမ်းပြောလိုက်တယ်။

“ငါတို့ရဲ့မိတ်ဆွေဟောင်းကြီးက နောက်ခရီးစဥ်သစ်စဖို့ ကြိုးစားနေတဲ့ပုံပဲ။ သူ့နောက်ကို မင်းဆက်လိုက်ရဦးမယ်။ တစ်ခါတည်း အဲဒီကောင်မလေးကိုပါ ပြန်လေ့ကျင့်ပေးကြည့်ပေါ့။”

....

အိမ်ထဲကို ဝင်လိုက်ချိန်မှာတော့ လက်ထဲမှာ မှော်နှင်တံကို ကိုင်ထားနှင့်ပြီ။ ဦးလေးလူကာက ပြတင်းပေါက်ဘောင်ပေါ်မှာတင်ထားတဲ့ ဘွန်ဇိုင်းပင်လေး တစ်ပင်ကို ဒါလီယာကိုပြနေတယ်။

“ဒါလီယာ... ဒါကစက္ကူပန်းပင်လေ....”

“စက်... ကူ....” ဒါလီယာက စကားတစ်လုံးကို လိုက်ပြီးပြောပေမဲ့ အဓိပ္ပါယ်ကိုသိပုံမရဘူး။ အယ်မာကတော့ ဦးလေးကြီးနောက်မှာရပ်လိုက်ပြီး အဲဒီမြင်ကွင်းကို ကြည့်နေပါတယ်။

တစ်အောင့်လောက်နေတော့ လူကာက အယ်မာရဲ့ တည်ရှိမှုကို သတိထားမိသွားပြီး လှည့်ကြည့်လိုက်တယ်။

“ပြန်ရောက်လာပြီလား... အပြင်သွားတာမလို့ ကြာမယ်ထင်....” လူကာ စကားမဆုံးလိုက်ဘူး။ ပါးပြင်ပေါ်မှာ မျက်ရည်တွေနဲ့ပြည့်နေခဲ့တဲ့ အယ်မာကို တွေ့လိုက်ရတဲ့အတွက်ပါ။ သူတစ်ခုခုမေးဖို့ ပါးစပ်ကို ဟလိုက်ပေမဲ့ အယ်မာကတော့ မှော်နှင်တံကို မြှောက်လိုက်ပြီး...

“မော်ဖီးယပ်....”

ဘုတ်...

မှော်ဂါထာက လူကာကိုထိမှန်ပြီးနောက်မှာ လူကာ အရုပ်ကြိုးပြတ် လဲကျသွားခဲ့တယ်။ အယ်မာကတော့ လူကာရဲ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးတော့ လူကာရဲ့နဖူးပေါ်က ဆံစတချို့ကိုဖယ်ရှားပေးလိုက်တယ်။

“ကျွန်မကို ဒီအတွက်ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်မတို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။”

နောက်တော့ အယ်မာက ဆေးရည်ကို လူကာရဲ့ပါးစပ်ထဲ အသာလောင်းထည့်ပေးလိုက်တော့တယ်။

All Chapters