← Chapters

နက်ဆန်၏ရှုထောင့်

Vol. 4 Ch. 189

နက်ဆန်၏ရှုထောင့်

Vol. 4 Ch. 189

မကြာသေးမီအချိန်က၊ ရထားတစ်စင်း၏ အထူးတန်း။

....

နက်ဆန်က ရထားအပြင်ဘက်က လျင်မြန်စွာ ရွေ့လျား ပြောင်းလဲနေတဲ့ ရှုခင်းတွေကို ကြည့်လိုက်ပါတယ်။ နှင်းတွေကြောင့် နေရာတိုင်းဟာ ဖွေးဖွေးလှုပ်နေပြီး တစ်မျိုးရင်သက်ရှုမောစရာကောင်းနေတယ်။

“ဒါလင်... ချောကလက်မီးတောင်ကိတ် စားဦးမလား။ အထဲမှာချောကလက်ရည်ချိုချိုလေးပါတယ်တဲ့။ ကျွန်မ ခွံကျွေးမယ်လေ။”

ကဖေးရထားတွဲကနေပြန်လာတဲ့ မိုနီကာက လက်ထဲမှာ ကိုင်လာတဲ့ တစ်ခါသုံးပန်းကထဲက ချောကလတ်ကိတ် နှစ်ခုကို စားပွဲပေါ်တင်ပေးလိုက်ရင်းနဲ့ ပြောလိုက်တယ်။

“မလိုပါဘူး...” နက်ဆန်က ငြင်းလိုက်ပေမဲ့ မိုနီကာက လက်မခံဘဲ နက်ဆန့်နဲ့ပခုံးချင်းတိုက်တဲ့အထိ အတင်းဝင်ထိုင်ကာ ကိတ်ကိုလက်နဲ့ကိုင်ထားရင်း ခွံကျွေးဖို့လုပ်တယ်။

“ဖွန်တီနာကနေ ထွက်လာကတည်းက ဒါလင်ဘာမှ မစားရသေးဘူးနော်။ လူသားတွေက အစာပုံမှန်မစားရင် အစာအိမ်ရောဂါဖြစ်တတ်တယ်တဲ့။ ကျွန်မအနားမှာ ရှိနေတုန်း ဒါလင့်ကို အဲဒီလိုအဖြစ်ဆိုးမျိုးနဲ့ အကြုံမခံနိုင်ပါဘူးနော်။”

ဒါကြောင့်နက်ဆန်လည်း ငြင်းမနေတော့ဘဲ ပါးစပ်ကို ဟပေးလိုက်ရတာပေါ့။ ချောကလတ်ကိတ်က သူ့ပါးစပ်ထဲ ရောက်ရောက်ချင်းပဲ ပျော်ဝင်သွားခဲ့ပြီး ချိုမြတဲ့ ချောကလက်အနှစ်ရည်က သူ့လျှာပေါ်မှာပြည့်လျှံသွားတယ်။ မုန့်နဲ့မဆိုင်တဲ့ သင်းပျံနေတဲ့ရနံတစ်မျိုးလည်း ကျန်ရစ်ခဲ့ပြီး မိုနီကာရဲ့ကိုယ်သင်းနံပါပဲ။

တီ... တီ... တီ...

ရုတ်တရက်ဖုန်းမြည်လာတဲ့အတွက် နက်ဆန်က ဖုန်းကို ဖွင့်လိုက်ပါတယ်။ နာတာရှာရဲ့နာမည်ပေါ်နေပြီး ဗီဒီယို ဖုန်းခေါ်ဆိုမှုပါ။ နက်ဆန်က ဖုန်းကိုင်လိုက်တော့ ဗီဒီယို မြင်ကွင်းက ရေနွေးငွေ့တွေနဲ့ အနည်းငယ်ဝေဝါးနေတာ တွေ့လိုက်ရတယ်။ ကင်မရာမှန်က လှိုင်းထနေတဲ့ ရေမျက်နှာပြင်ကို ဦးတည်ပြနေတာဖြစ်ပြီးတော့ ခြောက်ပြစ်ကင်းသလဲစင် ဒူးဖွေးဖွေးနှစ်ဖက်နဲ့ ခြေသလုံးကိုပါ မြင်နေရသေးတာ။

“မကောင်းတဲ့ဟာမကြီး...” မိုနီကာက အဲဒီမြင်ကွင်းကို ဘေးကနေ ချောင်းကြည့်နေရင်းကနေ ကျိန်ဆဲလိုက်တယ်။ ခဏနေတော့ ဖုန်းက နောက်ကင်မရာဖွင့်ထားရာကနေ ရှေ့ကင်မရာကိုပြောင်းသွားပြီး နာတာရှာရဲ့ရေစွတ်စိုနေတဲ့ မျက်နှာလေးပေါ်လာလေရဲ့။

“ နာတာရှာ၊ ရေချိုးနေရင်းနဲ့ ဒါလင့်ကိုဖုန်းခေါ်စရာလား။”

မိုနီကာက ရန်တွေ့လိုက်တော့ နာတာရှာကပြုံးလိုက်ပြီး ပြားချပ်နေတဲ့ မိုနီကာရဲ့ရင်ကိုတစ်ချက်လှမ်းကဲ ကြည့်တယ်။ အဲဒီနောက်ပညာသားပါပါနဲ့ ခါးကိုအနေအထား ပြင်လိုက်တော့ ရေအောက်မှာတစ်ဝက်မြုပ်နေတဲ့ စိမ်းဖန့်ဖန့် ရွှေရင်အစုံက လှုပ်ခါသွားလေရဲ့။

“အိုရာအိုရာ... ငါတို့ရဲ့စကူးဘတ်မလေးမှာလည်း အခုလို မနာလိုဖြစ်ရမယ့်အခိုက်အတန့်မျိုး ရှိလာမယ် ထင်မထားခဲ့မိဘူး။”

နက်ဆန်ကတော့ မျက်မှောင်ကြုတ်ထားလိုက်တယ်။ သူ့ပုံစံက ရေပူရေချိုးဇလုံထဲမှာစိမ်နေတဲ့ နာတာရှာရဲ့အလှကို စိတ်ဝင်စားပုံမပေါ်ပါဘူး။ အဲဒီအစား အခုလိုမေးလိုက်တယ်။

“ငါစုံစမ်းခိုင်းထားတဲ့ကိစ္စ သိရပြီလား။ အဲဒီကြေးစားကို ဘယ်သူပိုက်ဆံပေးလိုက်တာလဲ။”

နာတာရှာရဲ့ပုံစံက လေးနက်သွားပြီးနောက် နက်ဆန်ရဲ့နောက်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးတဲ့နောက်

“သခင် ပါရီကိုသွားတဲ့ရထားပေါ်မှာလား။”

“အင်း...” နက်ဆန်က ခေါင်းညိတ်ပြလိုက်တယ်။

“အလုပ်အကြောင်းပြောဖို့ စိတ်ချရရဲ့လား။”

“ဒီရထားတွဲတစ်ခုလုံးက လက်မှတ်တွေကို ငါဝယ်ထားတယ်။” ပြီးတဲ့နောက် သူက ချက်ချင်းဆက်ပြောလိုက်လေရဲ့။

“မော်လီမနေ့က ငါ့ကိုလှမ်းပြီးသတင်းပို့တယ်။ AC&B က ပါရီမှာလည်းလှုပ်ရှားနေပြီး ဆယ်ဗီက တစ်ယောက်တည်း လိုက်စုံစမ်းနေတယ်။”

နက်ဆန့်ပုံစံက လုံးဝသဘောမကျတာ အသိသာကြီး။ နာတာရှာကလည်း ရင်ပူသွားတဲ့ပုံစံနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်ရင်း...

“ဆယ်ဗီက အမြဲတမ်း သခင့်ကို စိတ်ပူအောင်လုပ်တာပဲ။”

နက်ဆန်က တည်တည်ငြိမ်ငြိမ်ရှိနေပေမဲ့ သူ့ပုံစံက စိုးရိမ်လွန်နေတဲ့ ကလေးအဖေတစ်ယောက်လိုပါပဲ။ နာတာရှာကတော့ ဖုန်းကိုမြှောက်လိုက်ပြီး ရေချိုးခန်းဇလုံထဲက ထွက်လိုက်ပါတယ်။ ပြီးနောက် ခန္ဓာကိုယ်ကိုပုဝါနဲ့ပတ်လိုက်တယ်။ နက်ဆန်က သက်ပြင်းချရင်း

“သူသာမန်ဘဝနဲ့နေချင်တယ်ဆိုလို့ သဘာဝလွန်ကိစ္စတွေနဲ့ ဝေးဝေးနေတော့မယ်လို့ တွေးမိပြီး ခွင့်ပြုပေးခဲ့တာ။ ဒီအတိုင်းဆိုရင် လွှတ်ထားလို့မဖြစ်တဲ့ပုံပဲ။”

ခါတိုင်းအေးဆေးတည်ငြိမ်နေတဲ့သူက ဆယ်ဗီနဲ့ပတ်သက် လာတဲ့အခါမျိုးမှာ စကားတွေအများကြီးပြောနေတဲ့အတွက် မိုနီကာတောင်မှ တအံ့တဩနဲ့ ဘေးမှာနားထောင်ပေးနေ ဖြစ်ခဲ့ပါတယ်။ နာတာရှာကတော့...

“သခင်... ကြိုးဆိုတာ တင်းလွန်းရင်လည်းပြတ်တတ်တယ်။ သခင်သူ့ကို တိုက်ပွဲတွေထဲမှာ မစွန့်စားစေလိုတာမှန်ပေမဲ့ အတင်းတားလို့သူထွက်သွားပြီး တစ်ယောက်တည်း အခုလိုလှုပ်ရှားနေတာက ပိုအန္တရာယ်များတယ်မဟုတ်လား။ ကျွန်မတို့အနားမှာရှိနေရင် အနည်းဆုံးတော့ သူ့ကိုကာကွယ်ဖို့ ဖြစ်နိုင်သေးတယ်။”

နက်ဆန်က စားပွဲပေါ်ကိုလက်တင်ထားရင်း ခေါင်းကိုငုံ သူ့ခြေထောက်တွေကိုယ်သူ ပြန်ကြည့်လိုက်တယ်။ ပြီးမှ

“နားလည်ပြီ....”လို့ တစ်ခွန်းတည်းဖြေလိုက်တယ်။

“ဒါဆိုရင်လည်း အလုပ်ကိစ္စပြောကြရအောင်... တကယ်တော့ သခင့်ကိစ္စကို ကျွန်မစုံစမ်းပြီးပြီ။”

နာတာရှာက ရေချိုးခန်းအပြင်ကိုထွက်လာပြီးတဲ့နောက် ရေချိုးခန်းအပြင်ဘက်က သစ်သားခုံပုလေးမှာထိုင်ရင်း နက်ဆန်ကို အသိပေးလိုက်တယ်။

“AC&Bကို လေကျောင်းတော်နဲ့မြေကျောင်းတော်က နှစ်ဖွဲ့ပေါင်းပြီးဌားခဲ့တာ။ အကြောင်းပြချက်ကတော့ သူတို့ နတ်ဘုရားခန္ဓာကိုယ်တွေကို အမှောင်ကျောင်းက ခိုးခဲ့လို့တဲ့။”

နက်ဆန်က လက်သီးကိုဆုပ်ထားလိုက်တယ်။ ရော့ဝဲလ် ကျောင်းပေါင်းစုံပတ်ပြီးတော့ အဲဒီကိစ္စတွေလုပ်ခဲ့မှန်း သူသိခဲ့ပေမဲ့ ဒီလိုအချိန်ကျမှ တစ်ဖက်က အခုလိုလှုပ်ရှား လာခဲ့တာ ထူးဆန်းနေတယ်။ တစ်စုံတစ်ယောက်က သူတို့ကို အာရုံမစိုက်နိုင်အောင် လမ်းလွှဲပေးနေသလိုပဲ။ ပြီးတော့...

“ရော့ဝဲလ်က နတ်ဘုရားခန္ဓာကိုယ်တွေကို ခိုးခဲ့မှန်းသိပေမဲ့ မြေနဲ့ရေကိုပဲ သူသုံးတာ ငါမြင်ဖူးတယ်။ လေကဘာကြောင့် ပါလာရတာလဲ။”

နက်ဆန်က ရော့ဝဲလ်ကို ခိုးယူထားတဲ့နတ်ဘုရားခန္ဓာတွေ ထုတ်သုံးရလောက်တဲ့အထိ ဖိအားပေးခဲ့ဖူးတယ်။ ဒါပေမဲ့ လေခန္ဓာနဲ့မီးခန္ဓာကို ရော့ဝဲလ်ကထုတ်မသုံးခဲ့ဖူးဘူး။ ဒါကြောင့် လေကျောင်းတော်အနေနဲ့ရော့ဝဲလ်ကိစ္စကြောင့် သူတို့ကို ပြဿနာရှာစရာအကြောင်းမရှိဘူး။

နာတာရှာကလည်း ခေါင်းညိတ်ပြလိုက်ရင်းနဲ့ “လေကျောင်းတော်ရဲ့ကိစ္စက ရော့ဝဲလ်ကိုမူတည်တာထက် အရှင့်ကိုမူတည်တယ်လို့ ပြောရမယ်။ ကျွန်မတို့ လေကျောင်းတော်က သာမန်တော်ဝင်မိသားစုဝင်တွေမှာ တောင်ပံနဲ့နတ်သားကို ဆင့်ခေါ်နိုင်တဲ့ လေနတ်ဘုရားခန္ဓာ ရှိကြတယ်။ ဒါပေမဲ့တောင်ပံနှစ်စုံ ပေါက်လာအောင် လုပ်နိုင်တဲ့သူကရှားပြီး မျိုးဆက်တစ်ဆက်မှာ တစ်ဦးလောက်ပဲ ရှိတာမျိုး။”

နာတာရှာက စကားပြောနေတာကို ခတ္တာရပ်ထားလိုက်ရင်း နက်ဆန်ကိုကြည့်လိုက်တယ်။ ပြီးမှ...

“သခင်... သခင်ကအမှောင်ကျောင်းတော်ရဲ့သခင့် မျိုးဆက်တွေထဲမှာ တစ််ယောက်တည်းသော အမှောင်နတ်ဘုရားခန္ဓာဆက်ခံသူဖြစ်ပြီး ညမင်းသားရာထူးကို အတားအဆီးမရှိရခဲ့တာ။ ဒါပေမဲ့ လေကျောင်းတော်အတွက်က အမွေခံတွေအများကြီးရှိတယ်။ သူတို့ထဲက အစွမ်းအထက်ဆုံးသူကမှ လေပြေတမန်ဘွဲ့ကို ရကြမှာ။”

နက်ဆန်ရဲ့ပုံစံက နာတာရှာရဲ့စကားတွေကို နားထောင်နေရင်း ပိုတင်းကျပ်လာတယ်။ နားထောင်ရသလောက် နည်းနည်းလေးမှ သက်တောင့်သက်သာရှိမနေဘူး။ ဒါပေမဲ့ နာတာရှာကတော့ သူပြောမှဖြစ်မယ့်စကားတွေကို ပြီးဆုံးအောင်လို့ ပြောလိုက်တယ်။

“တောင်ပံနှစ်စုံပေါက်တဲ့အထိ လေ့ကျင့်နိုင်တဲ့သူရှိလာရင် အဲဒီသူက အဲဒီမျိုးဆက်မှာ လေပြေတမန်ဖြစ်ဖို့ကျိန်းသေပြီ ။”

“ကျွန်မက မသေခင် အဲဒီအဆင့်ကိုရောက်ခဲ့ပေမဲ့... အရင်ဆီနိတ်တာ မာရီယာကြောင့်သေဆုံးခဲ့တယ်။ ပြီးတော့သခင်က ကျွန်မကို ပြန်အသက်သွင်းခဲ့တယ်။”

“တစ်နည်းအားဖြင့် သခင်က လေကျောင်းတော်ရဲ့ လေပြေတမန်ကို ကျွန်ပြုထားတာ။ တိုက်ရိုက်အားဖြင့် သခင်က ကျွန်မကိုကျွန်ပြုပြီး လေနတ်ဘုရားခန္ဓာကိုယ်ကို ခိုးယူထားခဲ့တာပဲ။”

...

ပါရီမြို့ကိုရောက်ချိန်မှာတော့ နက်ဆန်တို့နှစ်ယောက်က ဂရီမိုနီစာအုပ်ဆိုင်ကိုသွားပြီး မော်လီကိုရှာဖြစ်ကြပါတယ်။ မနက်စောစောအချိန်ဖြစ်နေပေမဲ့ အိပ်ချိန်နီးနေပြီဖြစ်တဲ့ နက်ဆန်ကတော့ သန်းဝေလိုက်တယ်။ ဆိုင်ဝန်ထမ်းတချို့ကို တွေ့ရပေမဲ့ သူတို့တွေကနက်ဆန်ကိုမတားခဲ့ဘဲ ဘယ်သူဆိုတာ တန်းသိနေပုံပဲ။

နက်ဆန်က ရုံးခန်းထဲဝင်လိုက်တော့ အမှောင်ချထားတဲ့ အခန်းထဲမှာ စာအုပ်ဖတ်နေတဲ့ မော်လီကိုတွေ့ရပါတယ်။ မော်လီကိုတွေ့တွေ့ချင်းပဲ နက်ဆန်ကရှေ့ပြေးသွားပြီး မေးလိုက်တယ်။

“ဆယ်ဗီဘယ်မှာလဲ...”

“အဲဒီကလေးမကို မေးနေတာဆိုရင်တော့ အခုလောက်ဆို စားသောက်ဆိုင်တွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်စားပြီး ရန်သူကိုရှာနေလောက်ပြီ။”

ဘယ်လိုတွေးပုံတွေးနည်းမှန်း နက်ဆန်နားမလည်ပေမဲ့ ဆယ်ဗီသာဆိုရင် အဲဒီလိုနည်းလမ်းမျိုးသုံးလောက်တယ် တွေးမိတဲ့အတွက်ကြောင့် မော်လီကို အေးစက်စက်နဲ့ တစ်ခွန်းတည်းပြောလိုက်တော့တာပဲ။

“ငါ့အရိပ်ထဲကိုဝင်... သူ့ကိုလိုက်ရှာကြမယ်။”

...

နက်ဆန်နဲ့မိုနီကာတို့အတွက် ဆယ်ဗီကိုရှာဖို့ သိပ်မကြာလိုက်ပါဘူး။ အင်တာနက်ပေါ်မှာ နာမည်အကြီးဆုံးစားသောက်ဆိုင်စာရင်းကိုရှာပြီး တစ်ဆိုင်ချင်းလိုက်ကြည့်ရုံပဲလေ။ တစ်ဖက်လူ ဘာတွေးမလဲသိနေတာကိုး...

ပုံမှန်ဆိုရင်တော့ ဆယ်ဗီကိုချက်ချင်း သွားတွေ့မိမှာဆိုပေမဲ့

“အဲဲဒီတစ္ဆေကောင်က ဘယ်ကရတဲ့ ဝိညာဥ်စွမ်းအားတွေနဲ့ နေ့ဖက်ကြီး လူလိုဟန်ဆောင်နေရတာလဲ။”

စားသောက်ဆိုင်တစ်ဆိုင်ကနေထွက်လာတဲ့ ပါစီဗယ်နဲ့ ဆယ်ဗီကို နံရံတစ်ခုနောက်ကွယ်ကနေချောင်းနေရင်းက နက်ဆန်မကျေမနပ်ရေရွတ်လိုက်တယ်။ နက်ဆန်ရဲ့အရိပ်ထဲ ပုန်းခိုနေရတဲ့ မော်လီက ရှင်းပြလိုက်ရတာပေါ့။

“အခုလောလောဆယ် ပါစီဗယ်က ဆယ်ဗီ့အရိပ်နဲ့ ဆက်စပ်နေတာလေ။ သေချာပေါက်ဆယ်ဗီ့ဆီကပဲ။ တတိယအကြိမ်သေပြီးနောက် တိုးတက်လာတဲ့ စွမ်းအင်ပမာဏက ပါစီဗယ်နဲ့သူ့စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံပေးနိုင်လောက်တယ်။”

တကယ့်တကယ်တမ်းပြောရရင် နက်ဆန်မှာရှိနေတဲ့ ဝိညာဥ်စွမ်းအားပမာဏထက် ဆယ်ဗီဟာကပိုများတယ်။ နတ်ဘုရားတစ်ပါးရဲ့ဖြစ်တည်မှုနဲ့ တွဲဖက်နေတာဖြစ်လို့ ဆယ်ဗီရဲ့ဝိညာဥ်စွမ်းအားက နတ်စွမ်းအားဖြစ်လုနီးပါး သန့်စင်လွန်းပါတယ်။ မှော်စွမ်းအားအရာမှာလည်း နိမ့်ကျခြင်းရှိမနေဘူး။

“ဒါလင်၊ ကျွန်မတို့လည်း သူတို့လိုဆိုင်မှာထိုင်စားရအောင်”

မိုနီကာက ပူစာပေမဲ့နက်ဆန်က လစ်လျူရှုထားလိုက်ရင်း နောက်ကနေ ဆယ်ဗီတို့မသိအောင်လုပ်ပါတယ်။ ပါစီဗယ်က ဆယ်ဗီနောက်ကိုလိုက်မမီဖြစ်နေတာမလို့ ဆယ်ဗီက ပါစီဗယ်ရဲ့လက်ကိုကိုင်ပြီး ရှေ့ကနေဦးဆောင်ပြေးတာ မြင်လိုက်ရချိန်မှာတော့ နက်ဆန့်မျက်နှာကြီး မည်းမှောင်သွားတော့တာပဲ။

အဲဒီအချိန်ကနေစလို့ နက်ဆန်တစ်ယောက် မှောင်ကုပ် ကျသွားပြီး မလိုအပ်ရင် ဘယ်သူ့ကိုမှ စကားမပြောတော့တာ။

နက်ဆန်က ဆယ်ဗီတို့အုပ်စု ရိုစယ်လီယာနဲ့အတူတူ တိုက်ခန်းကျဥ်းလေးထဲမှာ အကြံထုတ်နေတုန်းကလည်း တခြားအဆောက်အဦးတစ်ခုစီကနေ လှမ်းပြီးတော့ ကြည့်နေခဲ့သေးတယ်။ ဒါပေမဲ့ဆယ်ဗီနဲ့ပါစီဗယ် ရင်းရင်းနှီးနီးဖြစ်နေတာမြင်ရတော့ နှလုံးသားကို စင်းလှီးတုံးပေါ်မှာတင်ပြီး ကြက်သွန်လှီးဓားနဲ့ ပါးပါးအလှီးခံရသလိုကို ခံစားနေရတော့တာ။ အသားတွေကို တဆတ်ဆတ်တုန်လို့။

ဆယ်ဗီတို့ မြေပုံလေးတစ်ခုကိုင်ပြီး အပြင်ထွက်လာတော့ နက်ဆန်က သူ့အရိပ်ကိုငုံကြည့်ပြီး မော်လီကိုပြောလိုက်ပါပြီ။

“ငါဆက်ပြီးမကြည့်ချင်တော့ဘူး။ AC&Bဆိုတာ ဘာမဟုတ်တဲ့ ဒုတိယတန်းစားရာဇဝတ်ဂိုဏ်းသာသာပဲ။ မင်းကိုင်တွယ်နိုင်တယ်မဟုတ်လား။ အခု ညနေစောင်းတော့မယ်။ သူတို့နောက်ကိုလိုက်သွားပြီး ကူညီခဲ့။”

“အမိန့်အတိုင်းပါ။” မော်လီက နက်ဆန်ရဲ့အရိပ်ထဲက ထွက်လိုက်တယ်။ လက်ထဲမှာတော့ ထီးတစ်ချောင်းကို ကိုင်ထားပါတယ်။ နေရောင်ရှိနေသေးပေမဲ့ သိပ်ပြီး အဆိုးကြီးမဟုတ်တော့သလို ပါရီမြို့ရဲ့လမ်းကြားတွေမှာ အရိပ်ကောင်းတဲ့နေရာတွေရှိတဲ့အတွက် မော်လီလိုမျိုး ကျွမ်းကျင်သူတစ်ယောက်အဖို့တော့ အလွယ်တကူသွားလာဖို့ ဖြစ်နိုင်ပါတယ်။

မော်လီထွက်သွားပြီးနောက် နက်ဆန်လည်းလှည့်ပြန်ဖို့ လုပ်ပါတယ်။ မိုနီကာကတော့ နက်ဆန်ရဲ့မျက်နှာမည်းကြီးကို အခွင့်အရေးကောင်းတစ်ခုကိုမြင်ရသလိုမျိုး ကြည့်တယ်။ ပြီးတဲ့နောက်တော့ မှိုရတဲ့မျက်နှာမျိုးနဲ့ နက်ဆန့်လက်ကို သူ့လက်မောင်းထဲဆွဲသွင်းလိုက်ပြီး...

“အဲဒီမိန်းမက စိတ်တိုစရာကောင်းလိုက်တာနော်၊ ဒါလင်။ ရက်ပိုင်းလေးပဲ လွှတ်ထားတာကို သူများနောက်ပါသွားပြီ။ ဒါပေမဲ့ စိတ်မပူပါနဲ့ဒါလင်၊ မိုနီကာက ရှင့်ဘေးနားမှာ အမြဲရှိနေမှာမလို့လေ။”

ပြောပြီးတာနဲ့ မိုနီကာက ကောက်ကျစ်စွာ ပြုံးလိုက်တယ်။ အသည်းကွဲနေတဲ့ကောင်လေးတွေကို စိတ်ယိုင်လာအောင် လုပ်တဲ့နေရာမှာ စကူးဘတ်တွေထက် ဘယ်သူသာလို့လဲ။

All Chapters