သာလွန်ပကတိစိတ်ဝိဉာဉ်ခန္ဓာ၊ မေ့လျော့ခြင်းပင်လယ်
Vol. 26 Ch. 378
ကျန်းချန်ရှန်းနှင့် မူလင်းလော့တို့ ကျန်ထျန်းမင်ကို ကြည့်လိုက်ကြသည်။ သူတို့ကြားမှာ အသက်ကွာခြားမှု ကြီးမားသော်လည်း ကျန်ထျန်းမင် ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ကြသဖြင့် သူ့ကို အလွန်ရင်းနှီးကြသည်။
“ဒါဆို မင်း ဘာအိပ်မက်မက်ခဲ့လဲ ပြောပြပါဦး”
မူလင်းလော့က ပြုံးပြုံးရွှင်ရွှင် မေးလိုက်ရာ ကျန်ထျန်းမင်က အိပ်မက်အကြောင်းကို ချက်ချင်း စတင်ပြောပြလေတော့သည်။
“ကောင်းကင်ကနေ အလင်းတန်းတစ်ခု ကျဆင်းလာပြီး မြေပြင်ကို ဖောက်ထွင်းသွားတာကို ကျွန်တော် မြင်တယ်... သူ့ရဲ့ အစစ်အမှန်ပုံပန်းသဏ္ဍာန်ကို မမြင်ရတဲ့ ပုံသဏ္ဍာန်တစ်ခု ဆင်းသက်လာတယ်.... ကျွန်တော်တို့ ကောင်းကင်တရားရုံးက အင်မော်တယ်နတ်ဘုရားတွေ သူ့ကို ဝိုင်းပြီးတိုက်ခိုက်တော့ အားလုံး အသတ်ခံရတယ်.... သူက အာကာသကိုတောင် ဖောက်ပြီး တံခါးတစ်ခုကို ဆင့်ခေါ်လိုက်တယ်…”
ကျန်ထျန်းမင် စကားပြောလေ၊ ပိုစိတ်လှုပ်ရှားလာလေဖြစ်သည်။ ပိုင်ချီနှင့် မူလင်းလော့တို့ မျက်ခုံးပင့်လိုက်ကြသည်။
သူတို့ထဲမှ မည်သူမျှ သူ့စကားကို မယုံကြည်သော်လည်း ကျန်ထျန်းမင်၏ စိတ်ကူးစိတ်သန်းသ အလွန်အားကောင်းသည်ကို သူတို့ ဝန်ခံကြရပေမည်။
ကျန်းချန်ရှန်းကလည်း အစအဆုံး စိတ်ရှည်လက်ရှည် နားထောင်ခဲ့သည်။ ကျန်ထျန်းမင် စကားပြောပြီးသောအခါ ကျန်းချန်ရှန်းက လက်ကိုမြှောက်၍ သူ့ကို လက်ယပ်ခေါ်လိုက်သည်။ ကျန်ထျန်းမင်ချက်ချင်း သူ့အနားသို့ ချဉ်းကပ်လာသည်။ ထို့နောက် သူသည် မဟာတာအိုမျက်လုံးကိုဖွင့်လိုက်ရာ ရွှေရောင်အလင်းများ ကျန်ထျန်းမင်၏ မျက်နှာပေါ်သို့ ဖြာကျလာလေသည်။
ဘေးတွင် ပိုင်ချီနှင့် မူလင်းလော့တို့နှစ်ယောက်သား အိပ်မက်အကြောင်း ဆွေးနွေးနေကြ၏။ တစ်ယောက်တည်းဖြင့် ကောင်းကင်မြို့တော်တစ်ခုလုံးကို ဖယ်ရှားနိုင်သူ မည်သူဖြစ်မည်ကို သူတို့ သိချင်နေကြသည်။
ကျန်းချန်ရှန်း၏ အသိစိတ် ကျန်ထျန်းမင်၏ အိပ်မက်ထဲသို့ ရောက်ရှိလာသည်။သိုင်းတောင်ထွတ်ပေါ်တွင် ရပ်နေပြီး အောက်သို့ ကြည့်လိုက်တော့ လုံချီဘုရားကျောင်းမှ တပည့်များ လေ့ကျင့်နေသည့် ပုံသဏ္ဍာန်များကို မြင်နေရသည်။ မိုးမှောင်အတိဖုံးနေသည့် ကျင်းချန်မြို့ကတော့ စည်ကားနေဆဲပင်... မုန်တိုင်းကျတော့မည် ဖြစ်သော်လည်း နိုင်ငံသားများနှင့် သိုင်းပညာရှင်များ အလျင်လိုခြင်းမရှိကြသေးပေ။
သူ ကောင်းကင်မိုးကုပ်စက်ဝိုင်းကို မော့ကြည့်လိုက်တော့.....
ဒုန်း!
ကြောက်မက်ဖွယ်ကောင်းသော အလင်းတိုင်ကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး မိုးကုပ်စက်ဝိုင်း၏ အဆုံးတွင် ကျရောက်ခဲ့သည်။ မကြာမီတွင် စိတ်ကူးနိုင်သည်ထက်ပင်ကျော်လွန်နေသော လေမုန်တိုင်းတစ်ခု လွှမ်းခြုံလာသည်။ ဆူညံနေသော ကျင်းချန်မြို့ကြီး ချက်ချင်းပင် ပြိုကျသွားပြီး ကျန်းချန်ရှန်း၏ ခြေဖဝါးအောက်ရှိ သိုင်းတောင်ထွတ်သည်လည်း ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
လူရိပ်ပုံများ တစ်ခုပြီးတစ်ခု ကောင်းကင်သို့ ပျံတက်သွားကြစဉ် ကျန်းချန်ရှန်းတစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ ၎င်းမှာ မကြာသေးမီက ထျန်းကျင်းတွင်ခိုလှုံခဲ့သော မီးတောက်အရှင် ဖြစ်သည်။
ကျန်ထျန်းမင်တယောက် ဆယ်စုနှစ်များစွာ ထျန်းကျင်းသို့ မရောက်ဖူးသောကြောင့် မီးတောက်အရှင်ကို မမြင်ဖူးပေ။ ထို့ကြောင့် မီးတောက်အရှင် သူ့အိပ်မက်ထဲတွင် မည်သို့ပါဝင်နေနိုင်မည်နည်း။
၎င်းသည် နိမိတ်ဖတ်ခြင်း ဖြစ်နိုင်သလော...
သို့သော် ကျန်းချန်ရှန်းကတော့ ကျန်းထျန်းမင်၏ အိမ်မက် နိမိတ်တွင် ပါဝင်ခြင်းမရှိပေ၊ အကြောင်းမှာ သူသည် သိုင်းတာအိုတွင် မပါဝင်သောကြောင့် ဖြစ်သည်။
ကျန်းချန်ရှန်း တိတ်ဆိတ်စွာ တွေးတောပြီး အိပ်မက်၏ နောက်တစ်ပိုင်းကို စောင့်ဆိုင်းကြည့်ရှုခဲ့သည်။
ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော အလင်းတိုင်ထဲတွင် လျှပ်စီးများနှင့် မိုးခြိမ်းသံများ ရောယှက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော လူရိပ်တခု ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်းမှာ အမြင့် ပေ ၁၀,၀၀၀ ရှိသော ပုံသဏ္ဍာန်ဖြစ်ပြီး လက်များကို ဆန့်တန်းထားသည်။ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ သူ၏ ရှည်လျားသော ဆံပင်များ လေထဲတွင် ကခုန်နေသည်။
အကြောင်းတစ်ခုခုကြောင့်၊ ကျန်းချန်ရှန်း ဤပုံသဏ္ဍာန်ကို ရင်းနှီးသည်ဟု ခံစားရပြီး ဤသူကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ထင်မိသည်။
မိုးမှောင်တိမ်တိုက်များ ကွဲသွားပြီး ရွှေရောင်အလင်းတန်းများ ပက်ဖျန်းကျရောက်လာကာ အင်မော်တယ်နတ်ဘုရားများ ကောင်းကင်တွင် ပေါ်လာကြသည်။ သူတို့အားလုံး အစွမ်းထက်ပြီး လွှမ်းမိုးထားသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံသဏ္ဍာန်၏ရှေ့တွင် သူတို့၏ ရောင်ဝါများ မှေးမှိန်သွားခဲ့သည်။
သူတော်စင် စစ်သူကြီးလေးဦး တညီတညွတ်တည်း အမိန့်ပေးလိုက်သည်နှင့် ကောင်းကင်စစ်သားနှင့် ကောင်းကင်ဗိုလ်ချုပ် အရေအတွက်များစွာ အပြေးအလွှား ရောက်ရှိလာကြသည်။ အင်မော်တယ်နတ်ဘုရားများလည်း ရောက်လာကြ၏။
တစ်ချိန်တည်းတွင် မြှားထောင်ပေါင်းများစွာ ပစ်ခတ်လိုက်သကဲ့သို့ သူတို့သည် ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်ကို အရပ်မျက်နှာအားလုံးမှ ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
မြေပြင်တစ်ခုလုံးကို တုန်လှုပ်စေသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်ကြီး မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လာသည်။ သူ၏ ညာဘက်ခြေထောက်ဖြင့် မြေကြီးပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်ရာ မြေပြင်ကို ကြေမွသွားစေခဲ့သည်။ တုန်လှုပ်မှုလှိုင်းများက မီးတောင်ပေါက်ကွဲမှုကဲ့သို့ ဖြစ်ပြီး ရောက်ရှိလာသော အင်မော်တယ်နတ်ဘုရား စစ်တပ်ကို ချက်ချင်းပင် ဖရိုဖရဲဖြစ်စေခဲ့သည်။
ချက်ချင်း အင်မော်တယ်နတ်ဘုရား ထက်ဝက်ကျော်ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤလှုပ်ရှားမှု…
ကျန်းချန်ရှန်း၏ နှလုံးသား တုန်လှုပ်သွားပြီး အံ့သြဖွယ်ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးတောမိသည်။
ထိုလှုပ်ရှားမှုကို ရင်းနှီးသည်ဟု အဘယ်ကြောင့် ခံစားရသနည်း....
ထိုပုံသဏ္ဍာန်သည် သူမဟုတ်လော...
သို့သော်၊ သူသည် မည်သည့် မှော်ပစ္စည်းကိုမျှ ယူဆောင်လာခြင်းမရှိပေ။
ဤပြင်းထန်သော နင်းချေမှုတွင် ကောင်းကင်မြေပြင်ဖျက်စီးခြင်း၏ အရိပ်အငွေ့များရှိနေသည်။ အခြားတစ်ဖက်မှ သူသည် ခွန်အားကို ထိန်းချုပ်ထားခြင်းလော သို့မဟုတ် သူ့ကိုပုံတူ ကူးယူထားခြင်းလော ဆိုသည်ကို မသိရပေ။ ထိုသူသည် ကောင်းကင်မြေပြင်ဖျက်စီးခြင်း၏ စစ်မှန်သော စွမ်းအားကို မပြသခဲ့ပေ။
ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများ ဒေါသထွက်ခဲ့ကြသော်လည်း သူတို့အားလုံး ထွက်ပြေးခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။
“ သေချင်နေတာလား..!”
ကောင်းကင်မှ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ ၎င်းမှာ ချန်ယောင်လင်းဖြစ်သည်။ သူသည် ချန်မျိုးနွယ်စု၏ စစ်တပ်ကို ခေါ်ဆောင်လာပြီး ကျူးကျော်သူကို တိုက်ခိုက်ခဲ့သည်။
ကြယ်ပွင့်တစ်ခုကဲ့သို့ ချန်ယောင်လင်းသည် မှိန်မှိန်သော ကောင်းကင်ကို ဖြတ်ပြေးသွားပြီး တားမရနိုင်သော အရှိန်အဟုန်ဖြင့် ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်ကို ဝင်တိုက်ခိုက်လိုက်လေတော့သည်။ ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်ကလည်း အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူသည် ညာဘက်လက်ကို မြှောက်ပြီး လက်ညှိုးဖြင့် ချန်ယောင်လင်းဆီသို့ အဖြူရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ဒုန်း!
ချန်ယောင်လင်းကိုဖောက်ထွင်းပြီး ကောင်းကင်ကို အပေါက်ကြီးတစ်ခု ဖောက်ထွင်းလိုက်ပြီး ကောင်းကင်ကို ဖြတ်သန်းသွားသော ဖြူဖျော့သောအလင်းတန်းတခုသာကျန်ရစ်လေတော့သည်။
စစ်ပွဲ စတင်ချေပြီ.....
ကောင်းကင်တရားရုံးနှင့် ချန်မျိုးနွယ်စုကို ရင်ဆိုင်ရာတွင် ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်သည် အရာအားလုံးကို ခြေမှုန်းပစ်သည့် လွှမ်းမိုးထားသော ရောင်ဝါကို ပြသခဲ့သည်။ထိုသူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ခွန်းလွန်လွင်ပြင်ကို ပြိုကျစေခဲ့သည်။ မြေကြီး တုန်ခါပြီး အပိုင်းပိုင်းကွဲသွားခဲ့သည်။
ကောင်းကင်တွင် လျှပ်စီးများစွာ ရောယှက်နေခဲ့ပြီး တိမ်ပင်လယ် ပျံ့နှံ့ကျဲသွားကာ ကောင်းကင်ပေါ်ရှိ မြင့်မား၍ ခန့်ညားသော နေမင်း ပေါ်ထွက်လာခဲ့သည်။
မကြာမီတွင် ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်၏ နောက်ကွယ်ရှိ အာကာသလေဟာနယ် ပုံပျက်သွားပြီး ထိုသူ့ထက်ပင် ပိုမိုခမ်းနားသော ကြီးမားသော တံခါးတစ်ခု အဆက်မပြတ် စုစည်းလာခဲ့သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌.....
ကျန်းချန်ရှန်း မဟာတာအိုမျက်လုံးကို ပိတ်လိုက်ရာ ကျန်ထျန်းမင် မကြာမီတွင် နိုးလာခဲ့သည်။ ပိုင်ချီနှင့် မူလင်းလော့တို့က သူတို့ကို ကြည့်လိုက်ကြသည်။
“ဒါ အမှန်လား မမှန်ဘူးလားဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ ဒီအကြောင်းကို ကြိုသိထားတော့ မင်း ဒါကို စိတ်ပူစရာမလိုတော့ဘူး... မင်းရဲ့ လေ့ကျင့်မှုအပေါ်ပဲ အာရုံစိုက်ပါ”
ကျန်ထျန်းမင် ထိုပုံသဏ္ဍာန်ကို ကျန်းချန်ရှန်းအဖြစ် မမှတ်မိခြင်းမှာ ပုံမှန်ပင်ဖြစ်သည်၊ အကြောင်းမှာ သူ၏ အဝတ်အစားများ လုံးဝကွဲပြားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကျန်းချန်ရှန်းတွင် ထိုသို့သော တိုက်ခိုက်ရေးပုံစံ မရှိခဲ့ပေ။
သူပင်လျှင် ထိုပုံသဏ္ဍာန်သည် မည်သူဖြစ်သည်ကို စစ်ပွဲကို ခဏကြာအောင် ကြည့်ပြီးမှသာ မှတ်မိခဲ့သည်။
“ဟဲဟဲ၊ အဘိုးသိပြီးသွားရင် ဒီကိစ္စက ပြဿနာမဖြစ်နိုင်တော့ဘူး... ကျွန်တော် လေ့ကျင့်ဖို့ အချိန်ယူရမယ်...ကောင်းကင်တရားရုံးကို တစ်ယောက်တည်း သတ်ဖြတ်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... !”
ကျန်ထျန်းမင် ထွက်ခွာသွားပြီးနောက်
ကျန်းချန်ရှန်း စိတ်ထဲတွင် စနစ်ကို မေးခွန်းများ မေးလိုက်သည်။
“ကျန်ထျန်းမင်ရဲ့ အိပ်မက်ထဲက အဲဒီ ပေ ၁၀,၀၀၀ မြင့်တဲ့ ပုံသဏ္ဍာန်က ဘယ်လောက် အစွမ်းထက်လဲ”
[မတွက်ချက်နိုင်ပါ။ စနစ်သည် ပိုမိုမြင့်မားသော အကြောင်းတရားနှင့် အကျိုးဆက်အဆင့်များကို တွက်ချက်ဖို့လက်လှမ်းမမှီသေးပါ...]
ပိုမိုမြင့်မားသော အဆင့်....
ဒါဆိုလျှင် ထိုသူသည် ရွှမ်ဟွမ်မဟာကမ္ဘာမှ ဖြစ်နိုင်သည်။
ထိုအိမ်မက်သာ ကျန်းချန်ရှန်းကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ခဲ့လျှင် သူ၏ ခွန်အားတန်ဖိုး ပေါ်လာလိမ့်မည်။
ရွှမ်ဟွမ်မဟာကမ္ဘာသည် နောက်ထပ် ကျန်းချန်ရှန်းတယောက်ကို ဖန်တီးခဲ့သလော။
သို့သော် ဤအိပ်မက်တွင်လည်း ချို့ယွင်းချက်ရှိသည်။ ကျန်ထျန်းမင်၏ နိမိတ်ဖတ်သည့် အိပ်မက်တွင် ကျန်းချန်ရှန်းမပါဝင်ပါက၊ ထိုအချိန်ကာလတွင် သူ့၏ အတုအယောင်တစ်ဦး မည်သို့ပေါ်လာနိုင်မည်နည်း။
ကြည့်ရသည်မှာ ကျန်ထျန်းမင်၏ နိမိတ်ဖတ်သည့် အိပ်မက်သည် လက်ရှိအချိန်ကာလအပေါ် အခြေခံထားသည်။ သူ၏ ကံကြမ္မာကို ဖယ်ရှားပြီးနောက် ထွက်ပေါ်လာသည့် ကံကြမ္မာဆိုင်ရာ တွက်ချက်မှုနှင့် သူသည် အိပ်မက်ထဲတွင် မပါဝင်နိုင်ခြင်းသာ ဖြစ်သည်။
ယခုအချိန်အထိ၊ အိပ်မက်ထဲက ထိုသူသည် သူ့ကို ခြိမ်းခြောက်ရန် မလုံလောက်သေးပေ။
သို့သော် အခြားတစ်ဖက်မှာ သူ့ပုံတူတယောက် ရှိနေခြင်းက ကျန်းချန်ရှန်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။
ကျန်းချန်ရှန်း မျက်လုံးများကို ပိတ်လိုက်ပြီး သူ လေ့ကျင့်နေစဉ်တွင် သူ၏ စိတ်ဝိဉာဉ်ဖြင့် ချန်ယောင်လင်းနှင့် ဆက်သွယ်ခဲ့သည်။ ချန်ယောင်လင်း၏ နယ်ပယ်သည် အမြင့်ဆုံးဖြစ်သောကြောင့် ရွှမ်ဟွမ်မဟာကမ္ဘာအကြောင်းကို အခြားသူများထက် ပိုသိလိမ့်မည်။
“ရွှမ်ဟွမ်မဟာကမ္ဘာမှာ သိုင်းပညာရှင်တစ်ဦးကို ပုံတူကူးယူနိုင်တဲ့ နည်းလမ်းရှိသလား... မင်းရဲ့ ကိုယ်ပွားတခုကို ဖန်တီးသလိုပဲ သူတို့ရဲ့ သိုင်းပညာ နည်းစနစ်တွေက မင်းနဲ့ ဆင်တူလိမ့်မယ်”
ကျန်းချန်ရှန်း၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ချန်ယောင်လင်း ခဏတာ အံ့အားသင့်သွားပြီးနောက် ပြန်ဖြေခဲ့သည်က....
“ဒီလိုကိစ္စမျိုး တစ်ခါမှ မကြားဖူးဘူး
သူတို့ရဲ့ ရုပ်ရည်နဲ့ အရောင်ဝါ တစ်ထပ်တည်းဖြစ်တယ်ဆိုတာ သေချာလား”
“သူတို့က ဆင်တူရုံပဲရှိပြီး လုံးဝတူညီမှုမရှိရင်ကော”
“ဖြစ်ကောင်းဖြစ်နိုင်တာက ပုံတူပွားတာ ဖြစ်နိုင်တယ်... ပစ်မှတ်အတိုင်း ပုံတူကူးယူပြီး အတုကို သုံးပြီး အစစ်ကို လှည့်စားတာမျိုးပေါ့... ဒီလိုနည်းလမ်းတွေက အလွန်အဖြစ်များပါတယ်....ကြီးမားတဲ့ အင်အားစုတွေရဲ့ ခေါင်းဆောင်အချို့က ရုပ်သေးတွေကို သူတို့ရဲ့ ကိုယ်ပွားတွေဖြစ်အောင် ပြုစုပျိုးထောင်ပြီး ရန်သူကို အစစ်က ဘယ်သူလဲဆိုတာကို မသိအောင် လုပ်နေချိန်မှာ သူတို့က နောက်ကွယ်ကနေ ကြိုးကိုင်နေကြတာပါ.... သူတို့ အသက်ပိုရှည်လေ၊ သေရမှာကို ပိုကြောက်လေပဲ...”
ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားခဲ့ရသည်။ အိပ်မက်ထဲက ပေ ၁၀,၀၀၀ မြင့်သော ပုံသဏ္ဍာန်သည် သူ့ကို ပုံတူကူးယူထားခြင်း မဟုတ်ပေ။ မဟုတ်ပါက၊ အဘယ်ကြောင့် နတ်ဘုရားစွမ်းအားများ ဆင်တူရုံသာ ရှိနေရသနည်း။
ချန်ယောင်လင်းနှင့် ခဏကြာ စကားပြောပြီးနောက် ကျန်းချန်ရှန်း သူ၏ စိတ်ဝိဉာဉ်ကို ရုပ်သိမ်းခဲ့သည်။
ထိုနောက် အကွာအဝေးအမျိုးမျိုးရှိ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူများကို စတင်တွက်ချက်ခဲ့သည်။ ယခုအချိန်အထိ မှတ်သားစရာလူများ မရှိကြောင်း သေချာပြီးနောက် သက်ပြင်းချလိုက်သည်။
“ပေါ့ဆလို့မရဘူး။ စစ်ပွဲတိုင်းကို အနိုင်ရခဲ့ပေမဲ့ အမြဲတမ်း သတိထားနေရမယ်
သိုင်းတာအိုနဲ့ ရွှမ်ဟွမ်မဟာကမ္ဘာကို လျှော့မတွက်နိုင်ဘူး”
ကျန်းချန်ရှန်း တိတ်ဆိတ်စွာ ထိုသို့ တွေးတောခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ အချိန်မဖြုန်းဘဲ စိတ်အားထက်သန်စွာ လေ့ကျင့်ခြင်းသည် အလုံခြုံဆုံးနည်းလမ်းဖြစ်သည်။
အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများအောက်တွင် ကျွန်းများ လေထဲတွင် ပျံဝဲနေ၏။ သူတို့၏ အောက်တွင် နယ်နိမိတ်ကန့်သတ်ချက်မရှိသော ပင်လယ်တစ်ခု ရှိနေသည်။
ကျန်းချန်ရှန်း၏ နတ်ဘုရားစွမ်းအားဖြင့် ညို့ယူခံရသော ပိုင်ချီရှန်း နန်းတော်ရှေ့တွင် ဆင်းသက်လာခဲ့ကာ ရိုသေစွာ ဦးညွှတ်ပြီး....
“ဂိုဏ်းချုပ်၊ ကျွန်ုပ်ကို ဘာကြောင့် ခေါ်လိုက်တာလဲ သိပါရစေ” ဟု မေးလိုက်သည်။
သူ ပျော်ရွှင်နေစဉ်တွင် သူ့ကို ထပ်မံခေါ်လိုက်ခြင်းကြောင့် စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသည်။
ရွှမ်ဟွမ်မဟာကမ္ဘာတွင် အချိန်ကာလ အလွန်ရှည်လျားစွာ ဆွဲဆန့်ထားသောကြောင့် နှစ်ပေါင်းတစ်ရာသည် သိုင်းလောကတွင် တစ်နှစ်နှင့် ဆင်တူသည်။
သူ့အမြင်တွင်၊ လွန်ခဲ့သော ရာစုနှစ်များစွာသည် သူ့အတွက် အလုပ်အများဆုံးအချိန်ဖြစ်သည်။
“မင်း မဟာကန္တရသိိုင်းကမ္ဘာကို သွားတုန်းက ကောင်းကင်တရားရုံးကို ဘာလို့ မတွေ့ခဲ့တာလဲ”
ဧကရာဇ်ကျူကျွဲ့၏ ကျေနပ်မှုမရှိသော လေသံ ထွက်ပေါ်လာသည်။
“ကောင်းကင်တရားရုံး? ဘာ ကောင်းကင်တရားရုံးလဲ..... မဟာကန္တရသိုင်းကမ္ဘာမှာ ကောင်းကင်တရားရုံး မရှိပါဘူး”
ပိုင်ချီရှန်း အံ့အားသင့်စွာ မေးလိုက်ပြီး ဧကရာဇ်ကျူကျွဲ့ ဘာပြောနေသည်ကို နားမလည်ခဲ့ပေ။
“ဟွန့်၊ အဲဒီ အောက်ပိုင်းနယ်ပယ်ရဲ့ စကြဝဠာမှာရှိတဲ့ ကောင်းကင်မြစ်ရဲ့ ရင်းမြစ်ကို ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေးက ဖျက်ဆီးခဲ့တယ်... အခုအချိန်မှာ နတ်ဘုရားသိုင်းနယ်မြေနဲ့ ကောင်းကင်မြစ်အဆက်အသွယ် ပြတ်တောက်သွားပြီ။ နတ်ဘုရားသိုင်းနယ်မြေက ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေးဟာ မဟာကန္တရသိုင်းကမ္ဘာက
ဖြစ်တယ်ဆိုတာ သိသွားပြီ...မင်းကိုယ်တိုင် မဟာကန္တရသိုင်းကမ္ဘာကို သွားခဲ့တယ်မလား...ဒီလို အစွမ်းထက်တဲ့ အင်အားစု ရှိနေတာကို မင်း ဘယ်လိုလုပ် မသိနိုင်တာလဲ...”
ပိုင်ချီရှန်း မျက်လုံးများ ပြူးသွားပြီး
“ဂိုဏ်းချုပ်၊ တကယ်မရှိပါဘူး.... ကျွန်တော် မဟာကန္တရသိုင်းကမ္ဘာကို သွားခဲ့ပြီး ကမ္ဘာအနှံ့ ခရီးသွားခဲ့ပေမဲ့ ကျွန်တော့်ကို ယှဉ်နိုင်တဲ့ အင်အားစုကို တစ်ခါမှ မတွေ့ဖူးဘူး... တာအိုဘိုးဘေးအကြောင်းကိုလည်း မကြားဖူးပါဘူး”
ပိုင်ချီရှန်း အပြစ်ရှိသည်ဟု ခံစားနေရချေပြီ.... သူ အောက်ပိုင်းနယ်ပယ်သို့ သွားပြီးနောက် သေမျိုးအမျိုးသမီးများကို သိမ်းပိုက်ရာတွင် အလုပ်ရှုပ်နေသောကြောင့် သူ အလေးအနက် စုံစမ်းခြင်းမပြုခဲ့ပေ။
သို့သော်၊ မဟာကန္တရသိုင်းကမ္ဘာတွင် ထိုသို့သော အစွမ်းထက်သည့် အင်အားစုရှိပါက၊ သူ ဘယ်လိုလုပ် ထွက်ခွာနိုင်မည်နည်း။
ဒါ့အပြင် သူ ဘယ်လိုလုပ် သတိမထားမိတာလဲ။
သူ အလေးအနက် စုံစမ်းစစ်ဆေးခြင်းမရှိသော်လည်း သူသည် ကမ္ဘာအနှံ့ ခရီးသွားခဲ့ပြီး နေရာများစွာ၏ ဆွဲဆောင်မှုများကို အမှန်တကယ် ခံစားခဲ့ရသည်။
“ဟမ့်.... အခုအချိန်မှာ အဲဒီ အောက်ပိုင်းနယ်ပယ်ရဲ့ စကြဝဠာက အဆက်အသွယ် တကယ်ပဲ ပြတ်တောက်သွားပြီ။ ဒါ့အပြင် မဟာကောင်းကင်သူတော်စင်တစ်ပါး သေဆုံးသွားပြီ။ နတ်ဘုရားသိုင်းပညာနယ်မြေဘက်က ဒေါသထွက်နေတယ်...ဒီအခြေအနေမှာ မဟာကန္တရနဲ့ပတ်သက်တဲ့ ငါတို့ရဲ့ မကျေနပ်မှုကို စွန့်လွှတ်ရတော့မယ်... ရွှမ်ဟွမ်မဟာကမ္ဘာဟာ မကြာခင်မှာပဲ ရှုပ်ထွေးမှုထဲ ကျရောက်တော့မယ်... အောက်ပိုင်းနယ်ပယ်မှာရှိတဲ့ စကြဝဠာတစ်ခုရဲ့ ဆက်သွယ်မှု နောက်ဆုံး ပြတ်တောက်သွားတာ လွန်ခဲ့တဲ့ နှစ်သန်း ၂ သန်းက ... အဲဒါဟာ ရွှမ်ဟွမ်မဟာကမ္ဘာရဲ့ ဘေးဆိုး စတင်ချိန်ဖြစ်ပြီး ကြီးမားတဲ့ ရှင်းလင်းမှုတစ်ခုလည်း ဖြစ်တယ်... ဒီလို ဘေးဆိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေပဲ စဉ်းစားလို့ရတော့မယ်”
ဧကရာဇ်ကျူကျွဲ့ ဒေါသတကြီးနှာမှုတ်
လိုက်သည်။ အဆုံးသတ်တွင်၊ သူ၏ လေသံက စိတ်ခံစားမှုကြောင့် ပြောင်းလဲသွားသည်။
အထက်နယ်ပယ်အတွက်ပင် နှစ်သန်း ၂ သန်းဟူသည် အချိန်ကြာမြင့်လှသည်။
ပိုင်ချီရှန်း တိတ်ဆိတ်သွားပြီး ကြောက်ရွံ့မှုက သူ့နှလုံးသားတွင် ဆက်လက်ရှိနေခဲ့သည်။
မဟာကောင်းကင်သူတော်စင်တစ်ပါးပင် ကျဆုံးခဲ့ရသည်။သူသာ ကောင်းကင်တရားရုံးနှင့် တွေ့ဆုံခဲ့ပါက.. မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
“ဂိုဏ်းချုပ်၊ နတ်ဘုရားသိုင်းနယ်မြေက ကောင်းကင်တရားရုံးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ”
ဧကရာဇ်ကျူကျွဲ့ ခဏတာ တိတ်ဆိတ်သွားပြီး ခဏအကြာတွင် သူ၏ အသံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
“တဖက်လူက မဟာကောင်းကင်သူတော်စင်ကို သတ်နိုင်တာကြောင့် တော်ရုံထူးခြားတဲ့သူမဟုတ်နိုင်ဘူး...ငါတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး... နတ်ဘုရားသိုင်းနယ်မြေမှာ မကြာသေးမီက သမိုင်းတလျှောက် အသက်အငယ်ဆုံး နတ်ဘုရားသိုင်းသူတော်စင် ပေါ်ထွက်လာတယ်လို့ ငါကြားထားတယ်... သူ့မှာ မဟာကောင်းကင်သူတော်စင်ကို ကျော်လွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်တဲ့... ဒါဟာ သူ့အတွက် နာမည်ကြီးဖို့ အခွင့်အရေးဖြစ်လိမ့်မယ်”
ပိုင်ချီရှန်း လှုပ်ရှားသွားပြီး အံ့အားသင့်စွာ မေးလိုက်သည်က....
“ လုရှန်ကျိုးကို ပြောနေတာလား..အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်လို နာမည်ကြီးတဲ့ သာလွန်ပကတိစိတ်ဝိဉာဉ်ခန္ဓာပိုင်ဆိုင်သူလား....”
“ဟုတ်တယ်... သူပဲ... သူ တံခါးပိတ်ကျင့်ကြံနေရာကနေ မကြာခင် ထွက်လာတော့မယ်။ အဲဒီအခါမှာ သူ့ရဲ့ ခွန်အားကို သုံးပြီး အောက်ပိုင်းနယ်ပယ်ရဲ့ အာကာသအတားအဆီးကို တိုက်ရိုက်ဖောက်ဝင်လိမ့်မယ်” ဟု ဧကရာဇ်ကျူကျွဲ့က ပြန်ဖြေလိုက်သည်။
သာလွန်ပကတိစိတ်ဝိဉာဉ်ခန္ဓာအကြောင်းပြောသောအခါ သူ၏ လေသံမှာ စိတ်အားထက်သန်မှုကြောင့် အနည်းငယ် ပြောင်းလဲသွားသည်။
ပိုင်ချီရှန်းကတော့ စကားမပြောနိုင်ဖြစ်သွားသည်။
“မင်းအတွက် တခြားအလုပ်တစ်ခု စီစဉ်ပေးမယ်... မင်း အလေးအနက်ထားပြီး လုပ်ဆောင်ရမယ်နော်.... ဒီတစ်ကြိမ်မှာ ရလဒ်မကောင်းရင် မင်းရဲ့ အဆုံးသတ်ကို မင်း သိတယ်မလား...!”
ဧကရာဇ်ကျူကျွဲ့က ဆွေးနွေးမှု ခေါင်းစဉ်ကို ပြောင်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မေ့လျော့ခြင်းပင်လယ်ကိုသွားပြီး ကောင်းကင်မူလသန္ဓေကျောက်တုံးကို ရှာပါ....အဲဒီနေရာကို မင်း အကျွမ်းတဝင်ဆုံးပဲမလား....အမြန်ဆုံး ရရင် အကောင်းဆုံးပဲ”
“ဟုတ်ကဲ့!”
ပိုင်ချီရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် မေ့လျော့ခြင်းပင်လယ်သို့ သွားရတော့မည်။ သူ့အဖို့တော့ ထိုနေရာကို အကျွမ်းတဝင်ရှိပြီး ထိုနေရာတွင် ပျော်ပါးသောက်စားနိူင်ပေမည်။