လုရှန်ကျိုး၏ တိုက်ခိုက်လိုစိတ် တောက်လောင်လာခြင်း....
Vol. 26 Ch. 379
ခွန်းလွန်လွင်ပြင် တည်ထောင်ခြင်းသည် သာမန်ပြည်သူများ၏ ရှင်သန်မှုကို မထိခိုက်စေဘဲ၊ အချို့ အစွမ်းထက်သူများအား အခွင့်အလမ်းများ ရှာဖွေနိုင်ရန် အခွင့်အရေးပေးခဲ့သည်။
ခွန်းလွန်လွင်ပြင် တည်ထောင်ပြီးနောက်၊ တောင်သုံးလုံးနှင့် မြစ်ငါးစင်း၏ နတ်ဘုရားများလည်း လက်အောက်ငယ်သားအရေအတွက်ကို တိုးမြှင့်ရန် လိုအပ်ခဲ့သည်။ ကောင်းကင်တရားရုံး ပိုမိုကြီးမားလာပြီး အင်မော်တယ်နတ်ဘုရားများအားလုံး အလုပ်များလာကြသည်။ အင်မော်တယ်နတ်ဘုရား များလေလေ၊ နတ်ဘုရားစာလိပ်၏ ကံဇာတာလည်း ပိုမိုအားကောင်းလာပြီး နတ်ဘုရားစာလိပ်ကိုပင် ပြောင်းလဲစေခဲ့သည်။
ထို့ကြောင့် အနာဂတ်တွင် တရားဝင်နတ်ဘုရား ၃၆၅ ပါးထက် ပိုမိုများပြားလာနိုင်သည်!
ကျန်းချန်ရှန်း နတ်ဘုရားစာလိပ်ကို စစ်ဆေးခဲ့ရာ ဖန်တီးခြင်းစွမ်းအား အနည်းငယ်ကို တွေ့ရှိခဲ့သည်။ ဖန်တီးခြင်းသည် ပြောင်းလဲနိုင်စွမ်း၊ မျှော်လင့်ချက်နှင့် အသွင်ကူးပြောင်းခြင်းကို ကိုယ်စားပြုသည်။
ကြည့်ရသည်မှာ၊ နတ်ဘုရားစာလိပ် ပြောင်းလဲရန် သိပ်မဝေးတော့ပေ။
လက်ရှိတွင် သူသည် တရားဝင်နတ်ဘုရားများ ထပ်မံလိုအပ်ခြင်းမရှိပေ။
နတ်ဘုရားစာလိပ်က သတ္တဝါပေါင်းများစွာကို လက်ခံပြီး သူ(ကျန်းချန်းရှန်း)အတွက် အလုပ်လုပ်စေကာ ကံဇာတာကို ထောက်ပံ့ပေးနိုင်သည်။
နှစ်စဉ်နှစ်တိုင်း ကောင်းကင်တရားရုံးသို့ နတ်ဘုရားအသစ်များစွာ ပါဝင်လာကြပြီး၊ ကောင်းကင် ၃၃လွှာကိုလည်း အပြည့်အဝ ဖော်ထုတ်ပြီးဖြစ်သည်။ တရားဝင်နတ်ဘုရားများ အဆင့်နှစ်ဆယ်မြောက်ကောင်းကင်သို့ ပြောင်းရွှေ့ခဲ့ကြပြီး အောက်လောကကို စောင့်ရှောက်ရန်တာဝန်ကို ကောင်းကင်စစ်သည်တော်များ၊ ကောင်းကင်ဗိုလ်ချုပ်များနှင့် နတ်အစေခံများကို လွှဲအပ်ခဲ့သည်။
ထို့ကြောင့် ကောင်းကင်တရားရုံး ပိုမိုသက်ဝင်လာခဲ့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ဆယ် ကုန်လွန်သွားခဲ့သည်။
ယခုနှစ်သည် တင်းထျန်းခေတ်၏ ၂၂၁ ခုနှစ်ဖြစ်ပြီး ကျန်းထျန်းမင်က စစ်ပွဲကိုနောက်တစ်ကြိမ် စတင်ခဲ့သည်။ တိုက်ပွဲနယ်မြေသည်လည်း ယခင်ကထက် ပိုမိုရှည်လျားကျယ်ပြန့်လေသည်။
ကျန်းချန်ရှန်းအတွက် နှစ်ပေါင်းနှစ်ဆယ်သည် တစ်ရက်တာကဲ့သို့သာ ကုန်လွန်ခဲ့သည်။
ကျင့်ကြံမှုတွင် နစ်မြုပ်နေသောအခါ အချိန်ကုန်မှန်းမသိပေ။
ကျန်းချန်ရှန်း ဖြည်းညှင်းစွာ မျက်လုံးဖွင့်ပြီး နံ့သာတိုင်အရေအတွက်နှင့် ကံကြမ္မာကို စစ်ဆေးခဲ့သည်။
[လက်ရှိ နံသာတိုင်အရေအတွက်: 398,444,012,231]
[လက်ရှိ ကံကြမ္မာအမှတ်: 1,970,077,001,138]
နံသာတိုင် အရေအတွက် အလွန်လျင်မြန်စွာ တိုးတက်လာပြီး ယခင်ကထက် များစွာကျော်လွန်ခဲ့သည်။ အထူးသဖြင့် ကောင်းကင်တရားရုံးမှ တရားဝင်နတ်ဘုရားများကို အမှုထမ်းရန် တောင်နတ်ဘုရားများကို ခေါ်ယူသောအခါ နံ့သာတိုင် အရေအတွက်ပိုမိုများပြားလာသည်။
သူ၏ ကံကြမ္မာအမှတ်များအတွက်မူ ကံကြမ္မာနတ်လက်နက် စွမ်းဆောင်ချက်ကို ဖွင့်ထားသော်လည်း အသုံးမဝင်သေးပေ။
ကျန်းချန်ရှန်း သူ့ဘေးနားကို ကြည့်လိုက်တေယ့ မူလင်းလော့ တရားထိုင်နေဆဲပင်.... သူမ အချိန်အကြာကြီး မထွက်ခွာဘဲ နန်းတော်ထဲတွင်ကျင့်ကြံနေသဖြင့် သူမ၏ အင်အား အလွန်လျင်မြန်စွာ တိုးတက်နေသည်။ သို့သော် သူမသည် သိုင်းဧကရာဇ်နယ်ပယ် ဖြစ်လာရန် ဝေးကွာနေဆဲပင်.....
အရာများသည် ယခုအခါ ယခင်နှင့် ကွဲပြားခြားနားနေပြီဖြစ်သည်။ လေထဲရှိ သိုင်းပညာဝိညာဉ်စွမ်းအင်များ ယခင်ကထက် များစွာကျော်လွန်နေသည်။ ယခုအခါ အင်အားကြီးမားလာခြင်း၏ ကန့်သတ်ချက်မှာ အရည်အချင်းနှင့် နားလည်နိုင်စွမ်းဖြစ်သည်။ သို့သော် နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သော ကောင်းကင် ၃၃လွှာ ခရမ်းရောင်တိမ်တိုက်နန်းတော်တို့ကြောင့် မူလင်းလော့ကို ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံရသည်ဟု သတ်မှတ်နိုင်သည်။
ပိုင်ချီနှင့် ပိုင်လုံတို့သာ သူမ၏ ကံကောင်းခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။
ကျန်းချန်ရှန်း သူမကို အနှောင့်အယှက်မပေးဘဲ ကမ္ဘာလောကကို စတင်လေ့လာခဲ့သည်။
ပထမဦးစွာ နယ်ပယ်အသီးသီးကို တွက်ချက်မှုများ ပြုလုပ်ခဲ့သည်။ အန္တရာယ်မရှိကြောင်း သေချာပြီးနောက် သူ၏အသိစိတ်က ကမ္ဘာပြင်ပသို့ လွင့်မျောသွားပြီး ရွှမ်ဟွမ် မဟာလောက အတွင်းသို့ တိုက်ရိုက်ခုန်ဝင်သွားသည်။
ရွှမ်ဟွမ် မဟာလောကသို့ ယခင်က ရောက်ဖူးသောကြောင့် ကောင်းကင်မြစ်၏ ဇစ်မြစ်မပါဘဲပင် ရှာဖွေတွေ့ရှိနိုင်သည်။
ရွှမ်ဟွမ် မဟာလောကသည် အောက်လောကရှိ စကြဝဠာ၏ အပေါ်တည့်တည့်တွင် မဟုတ်ပေ။ ယင်းအစား၊ ၎င်းတို့သည် သီးခြားစကြဝဠာနှစ်ခုဖြစ်သည်။ သာမန်သိုင်းပညာရှင်တစ်ဦးဆိုလျှင် ရှာဖွေရန် ခက်ခဲမည်ဖြစ်သော်လည်း ကျန်းချန်ရှန်း၏ အသိစိတ်ကတော့ အလွယ်တကူ ကူးဖြတ်နိုင်သည်။
ကျန်းချန်ရှန်း၏အသိစိတ်က ကောင်းကင်မြစ်၏ ဇစ်မြစ်နှင့် ချိတ်ဆက်နေသည့် ရွှမ်ဟွမ် မဟာလောက၏ လေဟာနယ်တွင် ရှိနေပြီး အာရုံစူးစိုက်ကြည့်လိုက်ရာ မျက်စိတစ်ဆုံး ရှည်လျားသည့် ကြီးမားသော သင်္ဘောတစ်စင်း လေဟာနယ်ထဲတွင် ဆိုက်ကပ်ထားသည်ကို တွေ့မြင်ရသည်။ ပျံသန်းနေသော အင်းဆက်များကဲ့သို့ သိုင်းပညာရှင်အများအပြားက အစီအရင်တစ်ခုကို တည်ဆောက်နေကြသည်။ ထိုမြင်ကွင်းက ကျယ်ပြန့်ပြီး ခမ်းနားထည်ဝါကာ လူအရေအတွက်ကိုပင် မရေမတွက်နိုင်ပေ။
ထိုကြီးမားသော သင်္ဘောကြီးက ဘုရားကျောင်းနှင့်ပင် ပို၍တူသည်။ ၎င်းကို ကိုးဆင့် ပိုင်းခြားထားပြီး တစ်ဆင့်ချင်းစီသည်လည်း သိုင်းကမ္ဘာတစ်ခုကဲ့သို့ ကြီးမားလှသည်။ အဆင့်တိုင်းတွင် မိုးမျှော်အဆောက်အအုံများပါရှိသည့် ကြီးမားသော မြို့ကြီးများ ရှိသည်။
ဤကြီးမားသော သင်္ဘောတွင် ချန်ယွဲ့ချန်ပင် လွှမ်းမိုးသည့် အစွမ်းထက်သော အရောင်ဝါများ ပါဝင်နေသည်ကို ခံစားရသည်။ ကောင်းကင်သူတော်စင်ပုထက် မနိမ့်ကျသည့် အော်ရာများကိုပင် သူခံစားရသည်။ နန်းတော်သခင်ဂျိနှင့် တန်းတူအစွမ်းထက်သည့်အော်ရာပိုင်ရှင် တစ်ရာမက ရှိပြီး မူလကောင်းကင်အဓိပတိနယ်ပယ်အဆင့်ရှိသော လူအရေအတွက်ကတော့ မရေမတွက်နိုင်အောင် များပြားသည်။ ၎င်းတို့အနက် အားအနည်းဆုံးမှာ ကောင်းကင်မြေပြင်ဧကရာဇ်နယ်ပယ်တွင် ရှိသည်။
သိုင်းနတ်ဘုရားနယ်မြေ၏ အခြေခံသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤနေရာတွင်ရှိသော သိုင်းပညာရှင် အရေအတွက်သည် ကျန်းထျန်းမင်၏စစ်တပ့တစ်ခုလုံးတွင် ရှိသော အရေအတွက်ထက်ပင် များပြားသည်။
ထို့အပြင်၊ ၎င်းတို့က သိုင်းနတ်ဘုရားနယ်မြေတခုလုံး၏ အင်အားကို ကိုယ်စားမပြုသေးပေ!
ကျန်းချန်ရှန်း ခေါင်းလှည့်၍ ကြည့်လိုက်တော့ အဝေးရှိ ကျယ်ပြောလှသော ကြယ်တာရာများတွင် ကုန်းမြေ တိုက်ကြီးများသည် နဂါးငွေ့တန်းများနှင့် ဆင်တူသော အလင်းတိမ်တိုက်များကို ထုတ်လွှတ်နေကြသည်။ သိုင်းနတ်ဘုရားနယ်မြေ၏ လုပ်ဆောင်ချက်များက သူတို့ကို လုံးဝမထိခိုက်သကဲ့သို့ လူအများအပြား လှည့်လည်သွားလာနေကြဆဲပင်....
ကျန်းချန်ရှန်း၏ အသိစိတ်က အချက်အလက်များကို သိရှိရန်အတွက် ကြီးမားသော သင်္ဘောဆီသို့ ပျံသန်းသွားခဲ့သည်။
သူ၏ အသိစိတ် ကြီးမားသော သင်္ဘောအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး လမ်းတစ်လျှောက်တွင် သိုင်းပညာရှင်များ၏ ဆွေးနွေးမှုများကို သူ နားထောင်ခဲ့သည်။
ဤသင်္ဘောကို နယ်မြေကိုးခု ကောင်းကင်လှေဟု ခေါ်ပြီး သိုင်းနတ်ဘုရားနယ်မြေတွင် အကျော်ကြားဆုံး ရတနာဖြစ်ကြောင်း သိရှိရသည်။ ၎င်းတွင် အစွမ်းထက်သော အစီအရင်များစွာ ပါဝင်သည်။ ထို့အပြင် ၎င်းအတွက် ကိုယ်ပိုင် ကောင်းကင်နှင့်မြေပြင်ဥပဒေများကို ဖန်တီးထားသည်။ သိုင်းနတ်ဘုရားနယ်မြေရှိ ရှေးဟောင်းသတ္တဝါကိုးပါးသည် ၎င်းပေါ်ရှိ ဘုံကိုးပါး၏ ပုံရိပ်များဖြစ်သည်ဟု ဆိုကြသည်။ ၎င်းသည် သိုင်းတာအိုနယ်ပယ်များနှင့် ပတ်သက်၍ ကျန်းချန်ရှန်းကို ပိုမိုသံသယဖြစ်စေခဲ့သည်။
နယ်မြေကိုးခု ကောင်းကင်လှေ၏ အခြေအနေကို ကြမ်းဖျင်းနားလည်ပြီးနောက် အစွမ်းထက်ဆုံး အော်ရာပိုင်ရှင်များထံသို့ ချဉ်းကပ်ခဲ့သည်။
အချို့က တရားထိုင်နေကြပြီး အချို့မှာ ကောင်းကင်မြစ်၏ ဇစ်မြစ်အကြောင်း ဆွေးနွေးနေကြသည်။
ကျန်းချန်ရှန်း၏အသိစိတ်က လူတစ်စု အစည်းအဝေးပြုလုပ်နေသည့် ခန်းမသို့ ရောက်သွားခဲ့ပြန်သည်။ အစည်းအဝေးကို ဦးဆောင်သူ သုံးဦးစလုံးက ကောင်းကင်သူတော်စင်ပုထက် နယ်ပယ် မနိမ့်ပေ။ သူတို့သည် အစွမ်းထက်သော အော်ရာများကိုထုတ်လွှတ်လျက် မြင့်မားသော ပလ္လင်ပေါ်တွင် ထိုင်နေကြပြီး ခန်းမထဲတွင် ရပ်နေသူများမှာလည်း အားနည်းခြင်းမရှိပေ။
ကောင်းကင်မြစ်၏ မူလအရင်းမြစ်ကို တည်ဆောက်ခြင်း အသေးစိတ်အချက်အလက်များကို သူတို့ပြောဆိုနေသည်ကို ကျန်းချန်ရှန်း စိတ်အားထက်သန်စွာ နားထောင်ခဲ့သည်။ သိုင်းတာအိုကို လေ့လာခြင်းသည် သူ ယခင်ဘဝမှာသင်ကြားခဲ့ဖူးသော သိပ္ပံပညာကဲ့သို့ပင် စည်းမျဉ်းများ ရှုပ်ထွေးသည်။
မကြာမီ အသက်ဝင်တော့မည့် အစီအရင်သည် အင်မော်တယ်နတ်ဘုရား၏ အစီအရင်အချို့ထက် မနိမ့်ကျပေ။ ဤအရာအားလုံးကြောင့် သိုင်းနတ်ဘုရားနယ်မြေကို အထင်ကြီးမိခဲ့ပြန်သည်။
ခဏတာ နားထောင်ပြီးနောက် ကျန်းချန်ရှန်း အရေးကြီးသော အချက်အလက်အချို့ကို ကြားသိခဲ့ရသည်။
“ကောင်းကင်သူတော်စင်တို့.... လုရှန်ကျိုး ဘယ်တော့ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာမလဲ?”
မျက်နှာပေါ်တွင် အမာရွတ်များ ပြည့်နေသော အဘိုးအိုတစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။
အဘိုးအို၏မေးခွန်းက အခြားသူများ၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်သလိုပင်....
အလယ်တွင် ထိုင်နေသော ကောင်းကင်သူတော်စင်တပါးက...
“မကြာခင် ထွက်လာမှာပါ.. ဘယ်အချိန်လဲဆိုတာတော့ ခန့်မှန်းလို့ မရဘူး....ဒါပေမယ့် သိုင်းနတ်ဘုရားနယ်မြေက အမိန့်ပေးပြီးပြီပဲ... အဲဒီအချိန်ကျရင် လုရှန်ကျိုး အလျင်စလို ရောက်လာပြီး ပုံမှန်အကာအကွယ်ကို ဖောက်ထွင်းဝင်ရောက်မယ်..... အရင်ဆုံး ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေးကို သတ်ပြီးမှ ကောင်းကင်မြစ်ရဲ့ မူလအရင်းမြစ်ကို ပြန်လည်ပြုပြင်မယ်” ဟု ဖြေကြားလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့် ခန်းမထဲရှိ လူတိုင်း အံ့သြသော အမူအရာကို ပြသခဲ့ကြသည်။
ကျန်းချန်ရှန်းကတော့ သူတို့ပြောသမျှကို နားမလည်နိုင်ခဲ့ပေ။
ကောင်းကင်တရားရုံး၏ဂုဏ်သတင်းက သိုင်းနတ်ဘုရားနယ်မြေအထိ ပျံ့နှံ့သွားခဲ့သလား....
ခွန်းလွန်လွင်ပြင်တွင် သိုင်းနတ်ဘုရားနယ်မြေမှ သူလျှိုများ ရှိနေပုံရသည်။
ဤဖြစ်ရပ်မျိုးက မဟာကန္တာရနတ်ဘုရားနှင့် မဟာကန္တာရရှိ လူမျိုးစုအချို့တို့အကြား ဆက်ဆံရေးနှင့် ဆင်တူသည်။
သို့သော် ခွန်းလွန်လွင်ပြင်က ကောင်းကင်မြစ်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်ထားသောကြောင့် သိုင်းနတ်ဘုရားနယ်မြေနှင့် သူလျှိုများ ပြန်လည်ဆက်သွယ်ရန် ခက်ခဲပေလိမ့်မည်။
ကျန်းချန်ရှန်း လုရှန်ကျိုးအပေါ် စိတ်ဝင်စားလာခဲ့ချေပြီ.... ကံမကောင်းသည်က အစည်းအဝေးတွင် လုရှန်ကျိုးအကြောင်းကို များများစားစား စကားမပြောကြပေ။ အဘယ်ကြောင့်ဆိုသော် လုရှန်ကျိုးအကြောင်းကို အားလုံးက ရင်းနှီးပြီးသားဖြစ်သောကြောင့်ဖြစ်သည်။
နာရီပေါင်းများစွာကြာပြီးနောက် ကျန်းချန်ရှန်း၏အသိစိတ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာခဲ့သည်။
သူ မတ်တပ်ထရပ်ပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လေကောင်းလေသန့် ရှူရှိုက်ပြီး ခဏတာ အနားယူခဲ့သည်။
ကောင်းကင် အဆင့်သုံးဆင့်မြောက်တွင် တိုင်ရှီးချန်က တိမ်တိုက်ပေါ်ရှိ ကျောက်တိုင်တစ်လုံးပေါ်တွင် ကျင့်ကြံနေသည်။ သူ့ဘေးတွင် ဘယ်ကမှမသိမှန်း ပေါ်လာသည့် ကျန်းချန်ရှန်းကို သူ သတိမထားမိခဲ့ပေ။
ကျန်းချန်ရှန်း ကျောက်စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်ချလိုက်ကာ ကိုယ်တိုင် ဝိုင်တစ်ခွက် ငှဲ့လိုက်သည်။
အသံကြားမှသာ တိုင်ရှီးချန် မျက်လုံးဖွင့်လိုက်သည်။ ကျန်းချန်ရှန်းကို တွေ့သောအခါ သူ အံ့အားသင့်သွားပြီး အလျင်အမြန် မတ်တပ်ရပ်၍ အရိုအသေပေးခဲ့သည်။
“ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး... ထိုင်ပါဉီး.... မင်းရဲ့ ကျင့်ကြံမှု ဘယ်လိုရှိလဲ?”
တိုင်ရှီးချန် မစိုးရိမ်တော့ပေ။ သူ ချက်ချင်းထိုင်ချလိုက်ပြီး အပြုံးဖြင့်....
“မဆိုးပါဘူး။ ကောင်းကင်တရားရုံးက တကယ်ကို ထူးခြားတယ်... ဒီမှာ ကျင့်ကြံတဲ့အခါ ကျွန်တော့် ဦးနှောက်က အရင်ကထက် အများကြီး ပိုကြည်လင်နေတယ်လို့ ခံစားရတယ်” ဟု ဖြေကြားလိုက်သည်။
ကျန်းချန်ရှန်းက နောက်ပြောင်သည့်အနေဖြင့်.... “ဒီလိုဆိုရင် မင်း ဒါကို တန်ဖိုးထားပြီး ရွှမ်ဟွမ် မဟာလောကကို တုန်လှုပ်စေမယ့် ထူးချွန်သူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားရမယ်”...
“အဲဒီလို ထူးချွန်သူမျိုး ဖြစ်လာဖို့ မလွယ်ပါဘူး” ဟု တိုင်ရှီးချန်းက ညည်းတွားလိုက်သည်။
“ဪ?..ဒါဆို ရွှမ်ဟွမ် မဟာလောကမှာ နာမည်ကြီး ထူးချွန်သူတွေ ရှိလား? ပြောပြပါဦး”....
ကျန်းချန်ရှန်းသည် တိုင်ရှီးချန်၏ စကားကို လိုက်၍ မေးမြန်းလိုက်သည်။
သူ့အနေဖြင့် တိုင်ရှီးချန်၏ မှတ်ဉာဏ်များကို ဖတ်ပြီး ပြောင်းလဲခဲ့သော်လည်း တိုင်ရှီးချန်၏ ကိုယ်ပိုင်အတွေ့အကြုံမျကို စုံစမ်းခြင်းမရှိခဲ့ပေ။ တိုင်ရှီးချန်၏ မှတ်ဉာဏ်တွေကို ဆက်လက်ဖတ်ရှုနိုင်သော်လည်း အလွန်စိတ်ရှုပ်စရာ ကောင်းသည်။ စကားပြောပြီး အပန်းဖြေခြင်းက ပိုကောင်းသည်မဟုတ်ပေလော....
လူတစ်ဦးအနေဖြင့် အတွေ့အကြုံနည်းပါးနိုင်သော်လည်း လူတစ်ဦး စုဆောင်းထားသော အချက်အလက်အားလုံးက အလွန်ကြီးမားပြီး ရှုပ်ထွေးသည်။
ရိုးရှင်းပြီး ငြီးငွေ့ဖွယ်ဘဝသည်လည်း ရံဖန်ရံခါ ပျော်စရာကောင်းနေတတ်သည်။
တိုင်ရှီးချန် ခဏတာ စဉ်းစားပြီး.....
“ထူးချွန်သူတွေရဲ့ အဆင့်တွေ အများကြီးရှိတယ်.... ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ ဒဏ္ဍာရီလာ ခွန်းလွန်နတ်ဘုရားပဲ.... အဲဒီလူက အရည်အချင်းရှိတာထက်ကိုပိုတယ်... ဒါပေမယ့် ခွန်းလွန်နတ်ဘုရားကို ထူးချွန်သူလို့ မသတ်မှတ်တော့ဘူး.... အဲဒီအစား ခွန်းလွန်နတ်ဘုရားကို ကမ္ဘာလောကကို ကြောက်ရွံ့စေတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားကြတယ်... ခွန်းလွန်နတ်ဘုရားအောက်မှာတော့ ယဲ့ရှန်ခုန်း၊ လုရှန်ကျိုး၊ တူကူဝမ်ထျန်း၊ အနန္တနတ်ဘုရားဘုန်းတော်ကြီး....…”
အစရှိသဖြင့် တစ်ထိုင်တည်း နာမည်များစွာကို ရွတ်ပြလေတော့သည်။ ယဲ့ရှန်ခုန်းက ရွှမ်ဟွမ် မဟာလောကကို အမှန်ပင် အံ့အားသင့်စေခဲ့သော်လည်း သူသည် တစ်ဦးတည်းသောပြိုက်ဘက်ကင်းထူးချွန်သူ မဟုတ်ပေ။ ရွှမ်ဟွမ် မဟာလောကကြီးက အလွန်ကျယ်ပြောပြီး ပါရမီရှင်များသည်လည်း ပင်လယ်ထဲရှိ ငါးများကဲ့သို့ပင် များပြားလှသည်။
တိုင်ရှီးချန်က စုစုပေါင်း ၁၃ ယောက်ကို နာမည်ရွတ်ပြခဲ့သည်။သို့သော် ဤသူများသည် မျိုးဆက်တူများ မဟုတ်ကြပေ။ ၎င်းတို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွင်း ရွှမ်ဟွမ် မဟာလောကကို တုန်လှုပ်စေခဲ့သော ထူးချွန်သူများသာ ဖြစ်ကြသည်။
ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး “လုရှန်ကျိုး.... သူက ယဲ့ရှန်ခုန်းအောက်မှာ အဆင့်သတ်မှတ်ခံရတာဆိုတော့ ရိုးရှင်းမှာ မဟုတ်ဘူးထင်တယ်” ဟု ပြောလိုက်သည်။
လုရှန်ကျိုးအကြောင်း ပြောသောအခါ တိုင်ရှီးချန်က မနာလိုသော အမူအရာကို ပြသပြီး.... “လုရှန်ကျိုးက ယဲ့ရှန်ခုန်းနဲ့ ဆန့်ကျင်ဘက်ပဲ.... သူ့မိသားစုက သူ့ကို အင်အားအပြည့်နဲ့ ထောက်ပံ့ခဲ့ပြီး သိုင်းနတ်ဘုရားနယ်မြေကိုဝင်ခိုင်းခဲ့တာ.... သူ့ကို သိုင်းနတ်ဘုရားနယ်မြေက အသက်အငယ်ဆုံး နတ်ဘုရားသိုင်းသူတော်စင် ဖြစ်လာဖို့ ပြုစုပျိုးထောင်ခဲ့တယ်.... သူ နတ်ဘုရားသိုင်းသူတော်စင် ဖြစ်လာတဲ့အချိန်မှာပဲ သူ့နာမည်က သိုင်းနတ်ဘုရားနယ်မြေကို တုန်လှုပ်စေခဲ့တယ်.... သူကာသိုင်းနတ်ဘုရားနယ်မြေက ကျွမ်းကျင်သူများစွာကို အနိုင်ယူပြီး သူတို့ရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကို ရရှိခဲ့တယ်လို့ ဆိုကြတယ်” ဟု ပြောလိုက်သည်။
“ဒါ့အပြင်၊ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာလွန်မူလဝိညာဉ်ခန္ဓာကိုယ် ဖြစ်ပြီး ဒီဖွဲ့စည်းပုံက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် လိုပဲ နာမည်ကြီးတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပဲ.... ရွှမ်ဟွမ် မဟာလောကမှာ 'မူလ' ဆိုတဲ့ စကားလုံးနဲ့ ထိတွေ့လာတဲ့ ဘယ်အရာမှ မရိုးရှင်းမနေဘူး... သာလွန်မူလဝိညာဉ်ခန္ဓာကိုယ်မှာ အရာအားလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ နတ်ဘုရားစွမ်းအား ရှိတယ်လို့ ဆိုကြတယ်.... ကျွန်တော် တစ်ခါမှ မကြုံဖူးသေးဘူး၊ ဒါကြောင့် သိပ်မသိပါဘူး”
ကျန်းချန်ရှန်း လုရှန်ကျိုးအပေါ်ပို၍ စိတ်ဝင်စားလာခဲ့ချေပြီ....
ထိုမျှ အစွမ်းထက်သော ပြိုင်ဘက်အတွက် တစ်ကြိမ် စမ်းသပ်ကြည့်နိုင်ပေသည်။
သူသည် ခွန်းလွန်လွင်ပြင်ကို ကြိုတင်ရွှေ့ပြောင်းပြီး လုရှန်ကျိုးနှင့် ယှဉ်ပြိုင်ရန် ကိုယ်ပွားတစ်ဦးကို ချန်ထားရန် ဆုံးဖြတ်ခဲ့သည်။
ပြိုင်ဘက်က အလွန်အားကောင်းပြီး သူ့ကို တိုက်ခိုက်ရန် ရှင်းရှင်းလင်းလင်း ရည်ရွယ်နေသရွေ့ ကိုယ်ပွားသည်လည်း ရှင်သန်မှု ဆုလာဘ်ကို ရရှိနိုင်သည်။
ခဏတာ စကားပြောဆိုပြီးနောက် ကျန်းချန်ရှန်း ထွက်ခွာသွားခဲ့သည်။
တိုင်ရှီးချန်ကတော့ အားတက်သရော ခံစားရပြီး တိုက်ခိုက်လိုစိတ်ဖြင့် ကျင့်ကြံခဲ့သည်။
ချန်မျိုးနွယ်စု ရောက်ရှိလာကတည်းက သူ့အပေါ် ဖိအားများစွာ ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ချန်မျိုးနွယ်စုတွင် ပါရမီရှင်များစွာ ရှိနေသောကြောင့်ဖြစ်သည်။ ယခင်က အစွမ်းထက်ဆုံး ကောင်းကင်စစ်သည်တော် ဖြစ်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ပေ။
ကျန်းချန်ရှန်းက ကျန်းထျန်းမင်၊ ကျန်းရှန်၊ ကျန်းဂျန်၊ ပင်းအန်း၊ လင်းဟောင်ထျန်းနှင့် အခြားသူများကို သွားရောက်တွေ့ဆုံခဲ့သည်။ သူ ရောက်ရှိလာခြင်းကြောင့် လူတိုင်း အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ ကောင်းကင်တရားရုံး တည်ထောင်ပြီးနောက်ပိုင်းတွင် သူတို့နှင့် တာအိုဘိုးဘေးကြား အကွာအဝေး ပိုမိုဝေးကွာလာသည်ဟု ခံစားခဲ့ရသည်။
သူတို့အားလုံးက ယခင်ကလို အထူးခြားဆုံးနှင့် ထူးချွန်ဆုံး မဟုတ်တော့သလိုပင် ခံစားခဲ့ရသည်။ ကျန်းချန်ရှန်းက သူတို့ကို တစ်ဦးချင်း အားပေးစကား ပြောကြားပြီးနောက် သူတို့အားလုံး၏ သွေးများ ဆူပွက်လာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်.....
ကျန်းချန်ရှန်း ခွန်းလွန်လွင်ပြင်မှ ခုန်ထွက်လာပြီး လေဟာနယ်သို့ ရောက်လာခဲ့ကာ ကျယ်ပြောလှသော ခွန်းလွန်လွင်ပြင်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် စိတ်ဝိဉာဉ်စွမ်းအားဖြင့် ကောင်းကင်မြစ်နှင့် ပတ်ဝန်းကျင်ရှိ ကြယ်တာရာများ အပါအဝင် ခွန်းလွန်လွင်ပြင်တစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်လိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို မြှောက်လိုက်သည်။
နတ်ဘုရားစွမ်းအား၊ စကြဝဠာလက်ဝါး!
ချန်မျိုးနွယ်စု၏ နန်းတော်တစ်ခုမှ ပုံရိပ်တစ်ခု လေထဲမှ ပေါ်လာသည်။ ၎င်းသည် ချန်ယွဲ့ချန် ဖြစ်သည်။ သူ တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိပြီး ချက်ချင်းထွက်လာခဲ့ခြင်းဖြစ်သည်။ သူ မော့ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့လေတော့သည်။