သာလွန်မူလနတ်စွမ်းအား ပေါ်လာခြင်း၊ စိတ်ပျက်အားငယ်ခြင်းကို ခံစားလိုက်ပါ.....
Vol. 26 Ch. 382
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌....
ကျန်းချန်ရှန်း ကျင့်ကြံနေစဉ် ရုတ်တရက် တစ်ခုခုကို ခံစားမိပြီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။
သူတို့ လာနေကြပြီ!
သူ ချက်ချင်းပင် ကောင်းကင်နှင့်မြေပြင် အကန့်သတ်မဲ့မျက်လုံးကို အသုံးပြု၍ ယခင်က ခွန်းလွန်လွင်ပြင်ရှိခဲ့သော အောက်လောက စကြဝဠာကို ကြည့်လိုက်သည်။ သူ၏ ကိုယ်ပွားကိုလည်း ထိုနေရာတွင် အာရုံခံမိနေသည်။
ဉီးတည်ရာတခုကို အတည်ပြုပြီးနောက်
ကောင်းကင်နှင့်မြေပြင် အကန့်သတ်မဲ့မျက်လုံးက အာကာသကို ဖြတ်ကျော်၍ အရှိန်အမြင့်ဖြင့် သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အောက်လောက စကြဝဠာ၌......
ကျန်းချန်ရှန်း၏ ကိုယ်ပွားက လေဟာနယ်ထဲတွင် ခြေထောက်ချိတ်ထိုင်နေသည်။ တုနှိုင်းမဲ့ယန်အလင်းတန်းကသူ့အား အမှောင်ထုအတွင်းက တစ်ခုတည်းသော အလင်းရောင် ဖြစ်စေခဲ့သည်။
မူလခန္ဓာ ထွက်ခွာသွားချိန်မှစ၍ ကိုယ်ပွား မလှုပ်ရှားခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ယခုချိန်ထိ မှော်စွမ်းအားများများစားစားမသုံးရသေးပေ။ အကယ်၍ သူ၏ မှော်စွမ်းအား အချို့ကို သုံးစွဲခဲ့လျှင်ပင် နောက်ဆက်တွဲ တိုက်ပွဲကို မထိခိုက်စေနိုင်ပေ။
ကိုယ်ပွားက တစ်ခုခုကို ခံစားမိပုံရပြီး ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ထိုစဉ် လျှပ်စီးတန်းတခု ပေါ်လာပြီး အလင်းတန်း လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ထို့နောက် အက်ကွဲကြောင်းရာများ ပေါ်ထွက်လာပြီး လေဟာနယ် ပျက်စီးတော့မည့်အလား ဖြစ်နေသည်။
တခဏအကြာတွင် ဒုန်းခနဲ အသံတခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လေဟာနယ်ကို ထိုးဖောက်သွားသော အဖြူရောင် အလင်းတိုင်တစ်ခု အာကာသထဲမှ ဆင်းသက်လာပြီး အမှောင်ထု၏ အဆုံးသို့ အလျင်အမြန် ရွေ့လျား သွားခဲ့သည်။
အောက်လောကတွင် ကျန်ရှိနေသေးသော သိုင်းပညာဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာပြီး ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ တိုက်ခတ်နေသော်လည်း ကျန်းချန်ရှန်း၏ ကိုယ်ပွားကို မလှုပ်ရှားစေနိုင်ခဲ့ပေ။
အဖြူရောင် အလင်းတိုင်ထဲ လူရိပ်များစွာ ဆင်းသက်လာခဲ့သည်မှာ မြစ်ကို ဖြတ်ကူးနေသော ငါးများကဲ့သို့ပင် ဖြစ်နေ၏။ မြစ်ကူးဖြတ်ကူးနေသူအရေအတွက် များပြားလှပြီး အားလုံးကလည်း သိုင်းပညာရှင်များ ဖြစ်ကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့အနက် အားအနည်းဆုံးမှာ တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ် တွင် ရှိနေသည်ကို သတိပြုမိလိုက်သည်။
သိုင်းနတ်ဘုရားနယ်မြေက ဤကိစ္စကို အလေးအနက်ထားပုံရသည်။
ကောင်းကင်သူတော်စင်ပုနှင့်အဆင့်တူသည့် အစွမ်းထက်သူ ငါးဉီး ရှိပြီး ပို၍ပင် အစွမ်းထက်သော အော်ရာတခု ဆင်းသက်လာနေသည်။
အားနည်းသော သိုင်းပညာရှင်များ ဆင်းသက်ပြီးနောက် မဟာကောင်းကင်သူတော်စင်ငါးဦး လိုက်ပါလာပြီး သူတို့အထက်တွင် လုရှန်ကျိုး (Lu Shenzhou) ရှိနေသည်။
မကြာမီတွင် အားလုံးက ကျန်းချန်ရှန်း၏ ကိုယ်ပွားကို အာရုံစိုက်လာခဲ့ကြ၏။
ကိုယ်ပွားများတွင် မည်သည့်စွမ်းအင်မှ မရှိသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်ကြောင့် အမှောင်ထုထဲတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ဆဲ ဖြစ်သည်။ ဤသိုင်းပညာရှင်များ၏ အမြင်အာရုံကလည်း သာမန်လူများ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေသည်။
လုရှန်ကျိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး အကြည့်မျက ဝေးလံသော လေဟာနယ်ကို ဖြတ်ကျော်ပြီး ကျန်းချန်ရှန်း၏ကိုယ်ပွားအပေါ် ကျရောက်ခဲ့သည်။ သို့သော် ကျန်းချန်ရှန်း၏ စစ်မှန်သော ပုံပန်းသဏ္ဍာန်ကို မမြင်နိုင်ပေ။
ထို့အပြင် ဤလေဟာနယ်တွင် မည်သည့် သိုင်းကမ္ဘာကိုမျှ မမြင်နိုင်ပေ။
“ဘာတွေ ဖြစ်နေတာလဲ? သိုင်းကမ္ဘာတွေ ဘယ်ရောက်သွားတာလဲ? ကောင်းကင်မြစ်ကရော?”
“မူမမှန်တဲ့အရာက ဝါးမျိုလိုက်တာလား...?”
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်.... လောကရဲ့ စွမ်းအားနဲ့ လူတွေရဲ့ အသွေးအသားကို စုပ်ယူတဲ့ ဆိုးညစ်တဲ့ နည်းစနစ်တွေ အများကြီးရှိတယ်...”
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါဟာ မူမမှန်တဲ့အရာကြောင့်ပဲ.... သူက ရှေးဟောင်းဂိုဏ်းတွေနဲ့ ဆက်စပ်နေနိုင်လား?”
“ပြောလို့ မရဘူး၊ ဒါပေမယ့် ဘာလို့ လူတစ်ယောက်ပဲ ရှိတာလဲ?”
သိုင်းပညာရှင်များ စိုးရိမ်တကြီးဖြင့် ဆွေးနွေးခဲ့ကြလေပြီ.....
အောက်လောကကြီးတခုလုံး ဗလာနတ္တိဖြစ်နေမည်ဟု အိမ်မက်ပင် မမက်ဖူးကြပေ။
လီချန်းဟိုင်နှင့် သူတို့အားလုံး ဘေးချင်းကပ်လျက် ရပ်နေကြပြီး သူတို့လည်း စိုးရိမ်နေကြသည်။ အဝေးတွင် လူနယောက်သာ ရှိသော်လည်း ဖော်ပြမရနိုင်သော ဖိအားကို ထုတ်လွှတ်နေသည်။
သူတို့ ဒီကိုမလာမီက အင်အားစုတစ်ခုလုံးနှင့် ရင်ဆိုင်နေရသည်ဟု ထင်ခဲ့ကြသည်။ 'ကောင်းကင်တရားရုံး' ဆိုသော စကားလုံးကို ရိုးရှင်းသည်ဟု မထင်ရသော်လည်း နောက်ဆုံးတွင် လူတစ်ယောက်တည်းသာ ရှိနေသည်။
ထောင်ချောက်တစ်ခု ရှိရမည်!
ကျန်းချန်ရှန်းကတော့ လူများစွာရှိသည့်အတွက် အလွန်ပျော်ရွှင်နေပြီ....
သူ့အတွက် နောက်ထပ် ရှင်သန်မှု ဆုလာဘ်က အံ့ဩစရာ ဖြစ်တော့မည်!
သူ ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး အဝေးရှိ သိုင်းပညာရှင် သန်းပေါင်းများစွာကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“ခင်ဗျားက တာအိုဘိုးဘေးလား”
အလေးအနက်ထားသော လေသံဖြင့် အဘိုးအို၏ မေးသံ ထွက်ပေါ်လာသည်။
“သိုင်းကမ္ဘာတွေ ဘယ်ရောက်သွားတာလဲ?”
ကျန်းချန်ရှန်း မဖြေခဲ့ပေ။
“ဟမ့်....တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းမည်တယ်... ဒီလိုဆိုရင် သိုင်းနတ်ဘုရားနယ်မြေရဲ့ အပြစ်ပေးမှုကို ခံယူလိုက်တော့...!”
အဘိုးအိုက ပါးစပ်ကနေသော အသံကောင်းဟစ်နေသော်လည်း တိုက်ခိုက်ရန် ဦးဆောင်ခြင်းမပြုခဲ့ပေ။ ယင်းအစား၊ လုရှန်ကျိုး တိုက်ခိုက်ရန်သာ စောင့်ဆိုင်းနေသည်။
ကောင်းကင်သူတော်စင်ပုပင်လျှင် တာအိုဘိုးဘေး၏ လက်ထဲတွင် သေဆုံးခဲ့ရသောကြောင့် ပထမဆုံး လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။
“ခင်ဗျားတို့အားလုံး၊ ကျုပ်ရဲ့ နတ်စွမ်းအား ထဲမှာ ခဏနေပြီး ကျုပ် သူ့ကို နှိမ်နင်းတာကို ကြည့်ပါ”
လုရှန်ကျိုး၏ အသံ ထွက်ပေါ်လာပြီး သိုင်းပညာရှင်တိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။ သူ၏ လျစ်လျူရှုသော လေသံက သူတို့၏ စိတ်နှလုံးသားထဲမှ မလုံမလဲဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများကိုဘပြေလျော့စေခဲ့သည်။
လူတိုင်း ငြိမ်သက်သွားပြီး လုရှန်ကျိုးကို အထင်ကြီးလေးစားစွာ ကြည့်လိုက်ကြသည်။
ရွှမ်ဟွမ် မဟာလောကတွင် လုရှန်ကျိုးသည် အသက်ရှင်နေသော ဒဏ္ဍာရီတစ်ခု ဖြစ်ပြီး သူတို့နှင့် မျိုးဆက်နီးသော ဒဏ္ဍာရီလည်း ဖြစ်သည်။
လုရှန်ကျိုး အဖြူရောင် အလင်းတိုင်မှ ထွက်လာခဲ့ပြီး သူ၏ အနက်ရောင်ဝတ်စုံ လွင့်မျောနေကာ သူ၏ နဖူးပေါ်ရှိ ဆံစများပင် လွှင့်လူးနေသည်။
သူက မြင့်မားသော နေရာမှ ကျန်းချန်ရှန်းကို ငုံ့ကြည့်ပြီး..... “မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးဖို့ မျှော်လင့်ပါတယ်” ဟု ပြောလိုက်သည်။
ဝုန်းးးးးး
စကြဝဠာကို လွှမ်းမိုးသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး အဖြူရောင် အလင်းတိုင်ရှိ သိုင်းပညာရှင်များကိုပင် ထိခိုက်လုနီးပါး ဖြစ်ခဲ့သည်။ မျက်စိဖြင့် မြင်နိုင်သော မီးတောက်များ လုရှန်ကျိုး၏ ခန္ဓာကိုယ်ကို ဝန်းရံထားပြီး ခရမ်းနက်ရောင် အမှတ်အသားများ သူ၏ လည်ပင်းပေါ်တွင် ပေါ်လာသည်။အကြည့်များ အေးစက်သွားပြီး ညာလက်ကို မြှောက်ကာ ကျန်းချန်ရှန်းကို သူ၏ လက်ဖဝါးဖြင့် ချိန်ရွယ်လိုက်သည်။
ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော မူလသိုင်းစွမ်းအားများပေါက်ကွဲထွက်လာပြီး ခရမ်းရောင်အလင်းတန်းများ လေထဲမှ ထွက်ပေါ်လာသည်။ အလွန်လျင်မြန်ပြီး မရပ်မနားနိုင်သော အရှိန်ဖြင့် အလင်းတန်းများက ကောင်းကင်မြစ်ကဲ့သို့ ကြီးမားသည်။ အလင်းတန်းပေါင်း ဆယ်ချီ၍ ရှိပြီး တိုက်ခိုက်လာသောအခါ အကန့်အသတ်မရှိ ပြောင်းလဲကာ လှုပ်ယမ်းနေသည်။
ကျန်းချန်ရှန်း၏ ရှေ့တွင် စိတ်ဝိဉာဉ်အာရုံခံနတ်ဘုရားဓား လေထဲတွင် ပေါ်လာကာ လုရှန်ကျိုးထက် မနိမ့်သော စွမ်းအင်ဖြင့် တိုက်ခိုက်ပြီး ခရမ်းရောင်အလင်းတန်းများအားလုံးကို ပျံ့နှံ့သွားစေခဲ့သည်။
နောက်တစ်စက္ကန့်တွင် လုရှန်ကျိုးက လေထဲရှိ မီးတောက်များကို ပျံ့နှံ့သွားစေပြီး ကျန်းချန်ရှန်းရှေ့သို့ လက်သီးတချက်ဖြင့် ရောက်လာခဲ့သည်။
အရမ်းမြန်တာပဲ!
သိုင်းပညာရှင်၏ အစွမ်းအထက်ဆုံး အစိတ်အပိုင်းမှာ သူ၏ ရုပ်ခန္ဓာဖြစ်သည်။ သူတို့၏ နယ်ပယ် မည်မျှပင် မြင့်မားပါစေ၊ အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး အဆင့်နိမ့် သိုင်းပညာရှင်တစ်ဦးထံ ချဉ်းကပ်သောအခါ ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်နေမည်မှာသေချာသလောက်ပင်.....
လုရှန်ကျိုး၏ အကြည့်များ အေးစက်နေပြီး ကျန်းချန်ရှန်း၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်လေသည်။
တစ်ခဏချင်းတွင် စိတ်ကူးမယဉ်နိုင်သော အင်အားတစ်ခုက လုရှန်ကျိုးကို ကန့်သတ်ထားပြီး သူ့ကို ထိတ်လန့်စေခဲ့သည်။ လုရှန်ကျိုး၏ မျက်စိရှေ့မှောက်တွင် ကျန်းချန်ရှန်း၏ခန္ဓာကိုယ်အရွယ်အစား လျင်မြန်စွာ ကြီးမားလာခဲ့သည်
စကြဝဠာလက်ဝါး...!
ကျန်းချန်ရှန်းက လက်ကို မြှောက်ပြီး သေးငယ်သွားသော လုရှန်ကျိုးကို ဖမ်းဆုပ်လိုက်သည်။
ဝုန်းးးးး
ပြင်းထန်သော စွမ်းအားတစ်ရပ် ကျန်းချန်ရှန်း၏ လက်ဖဝါးမှ ထွက်ပေါ်လာသည်။ လုရှန်ကျိုး အာကာသကို ဆုတ်ဖြဲကာ ခုန်ထွက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိပြီး သူ့ကို ထိတ်လန့်စေခဲ့သည်။
သိုင်းနတ်ဘုရားနယ်မြေက လုရှန်ကျိုးကို စေလွှတ်ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။လုရှန်ကျိူးက ကောင်းကင်သူတော်စင်ပုထက် များစွာ အားကောင်းသည်မှာ သေချာသည်။
ဆယ်သန်းပေါင်းများစွာသော မိုင်အကွာတွင် လုရှန်ကျိုး လေထဲမှ ပေါ်လာခဲ့သည်။ ယခုမူ သူ၏ အေးစက်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
“ ဘယ်လိုလှုပ်ရှားမှုမျိုးလဲ…”
လုရှန်ကျိုး ကြောက်ရွံ့မှုကြောင့်
တုန်လှုပ်သွားသည်။တဖက်လူ၏ လက်ဖဝါးဖြင့် ထိန်းချုပ်ခံရသည့် အခိုက်အတန့်တွင် အချိန်အတော်ကြာ မခံစားခဲ့ရသော ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
၎င်းသည် အမျိုးအမည်မသိသောအရာကို ရင်ဆိုင်ရသော ကြောက်ရွံ့မှုပင်!
ကျန်းချန်ရှန်းက လုရှန်ကျိုးကို သူ၏ နတ်ဘုရားစွမ်းအားဖြင့် တိုက်ရိုက်နှိမ်နင်းရန် ရည်ရွယ်ခြင်းမရှိပေ။ ယင်းအစား၊ သူ၏ ကန့်သတ်ချက်များကို မြင်တွေ့လိုခဲ့သည်။
သူတို့နှစ်ဦးသည် လျင်မြန်စွာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ကျန်းချန်ရှန်းက သူ့ကို အနီးကပ် တိုက်ခိုက်ခဲ့သည်။ သူတို့၏ ကိုယ်ဖော့သိုင်းပညာများက အလွန်လျင်မြန်ပြီး အမျိုးမျိုးသော သိုင်းပညာများကိုသုံး၍ အဆက်မပြတ် လှုပ်ရှားနေခဲ့ကြသည်။
လုရှန်ကျိုးသည် ခြေထောက်ဖြင့် ကျန်းချန်ရှန်းကို ဖြတ်ကန်လိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အာကာသကို လှုပ်ရှားနိုင်သော်လည်း ကျန်းချန်ရှန်းကတော့ လုရှန်ကျိုး၏ခြေထောက်ကိုအသာအယာဖမ်းဆွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားလက်က လုရှန်ကျိုး၏ ရင်ဘတ်ကို ထိသွားခဲ့ပြီး လုရှန်ကျိုး၏ မူလသိုင်းစွမ်းအားကို ပျက်ပြားလုနီးပါး ဖြစ်စေခဲ့သည်။
နောက်တစ်ခဏတွင် လုရှန်ကျိုး လေထဲတွင် ပျောက်ကွယ်သွားပြီး ကျန်းချန်ရှန်း၏ နောက်တွင် ပေါ်လာခဲ့သည်။ သူ၏ လက်ဖဝါးများကို ရှေ့သို့ တွန်းပို့လိုက်ပြီး ကျယ်ပြန့်သော မူလသိုင်းစွမ်းအင်များ ဆူနာမီမုန်တိုင်းကဲ့သို့ ကျန်းချန်ရှန်းထံသို့ လျှံကျလာခဲ့သည်။
တုံ့ပြန်မှုအနေဖြင့် ကျန်းချန်ရှန်းက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး ရောက်ရှိလာသော မူလသိုင်းစွမ်းအင်များကို ပျံ့နှံ့သွားစေခဲ့သည်။ ထို့နောက် လက်ကို မြှောက်ပြီး လက်ညှိုးညွှန်လိုက်ရာ သူ၏ လက်ချောင်းက လုရှန်ကျိုး၏ ပခုံးကို ထိုးဖောက်သွားပြီး သူ့ကို ထပ်မံ ရှောင်တိမ်းရန် လှုပ်ရှားစေခဲ့သည်။
သူတို့နှစ်ဦးကြား တိုက်ပွဲက အလွန်လျင်မြန်သောကြောင့် တစ်စက္ကန့်အတွင်း ရာပေါင်းများစွာသော တိုက်ကွက်များကို ဖလှယ်ခဲ့ကြသည်။ ၎င်းတို့အနက် အများစုမှာ ကျန်းချန်ရှန်းဘက်က လုရှန်ကျိုးကို တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ သို့သော် မဟာကောင်းကင်သူတော်စင်ငါးဦးမှလွဲ၍ အခြားသိုင်းပညာရှင်များကတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ သူတို့နှစ်ဦး အင်အားချင်း တူနေသည်ဟု ထင်ခဲ့ကြသည်။
“ဒါပဲလား မင်း လုပ်နိုင်တာ”
ကျန်းချန်ရှန်း၏ အေးစက်သော အသံ လုရှန်ကျိုး၏ နားထဲသို့ ရောက်ရှိလာပြီး သူ့ကို များစွာ လှုံ့ဆော်ပေးခဲ့သည်။
လုရှန်ကျိုး လျင်မြန်စွာ ပျံတက်သွားပြီး ပို၍ပင် အစွမ်းထက်သော အင်အားတစ်ခု သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။
ဖိနှိပ်ခံနေရသော်လည်း လုရှန်ကျိုး၏ ဒဏ်ရာများ ချက်ချင်းနီးပါး ပြန်လည်ကောင်းမွန်လာခဲ့သည်။
လုရှန်ကျိုးက ဘေးတိုက်လှည့်ပြီး လက်ကိုမြှောက်ကာ ကျန်းချန်ရှန်းကို ချိန်ရွယ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များရှေ့ရှိ အာကာသလေဟာနယ် ချက်ချင်း ပုံပျက်သွားပြီး ကျန်းချန်ရှန်းပတ်ဝန်းကျင်ရှိ လေဟာနယ်သည်လည်း ထိုနည်းအတိုင်းပင် ပုံပျက်သွားခဲ့သည်။
“အာကာသရဲ့ နည်းဥပဒေတွေလား? မဟုတ်ဘူး၊ ဒါဟာ နည်းဥပဒေတွေရဲ့ စွမ်းအား မဟုတ်ဘူး.... ဆင်တူယုံပဲ.... ဒါမင်းရဲ့ သာလွန်မူလဝိညာဉ်ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေမလား..."
ကျန်းချန်ရှန်း တိတ်တဆိတ် စူးစမ်းလိုခဲ့ပြီး လုရှန်ကျိုးကို အထင်ကြီးမိခဲ့သည်။
သာလွန်မူလဝိညာဉ်ခန္ဓာကိုယ်၏ စွမ်းအားနယ်ပယ်က ခွန်းလွန်လွင်ပြင်၏ အရွယ်အစားကိုပင် ကျော်လွန်နေသည်။ လုရှန်ကျိုးက အမှန်ပင် အစွမ်းထက်သည်။ သူသည် မည်သည့်အချိန်တွင်မဆို လှုပ်ရှားမှုတစ်ခုဖြင့် ထိုမျှကြီးမားသော ဧရိယာကို ဖုံးအုပ်နိုင်ခဲ့သည်။
အခြားစကားဖြင့် ပြောရလျှင် လုရှန်ကျိုးက ကြီးမားသော ခွန်းလွန်လွင်ပြင်ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် ထိုးချေပစ်နိုင်ခဲ့သည်။
ခွန်းလွန်လွင်ပြင်က အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ အကယ်၍ ကျန်းချန်ရှန်း၏ ယခင်ဘဝက ကမ္ဘာမြေနှင့်နှိူင်းယှဉ်ပါက ခွန်းလွန်လွင်ပြင်ကြီးက နဂါးငွေ့တန်းတစ်ခု ဖြစ်လိမ့်မည်။
နဂါးငွေ့တန်းနှင့် နေအဖွဲ့အစည်းတူမတူ
ကျန်းချန်ရှန်း မသေချာပေ။သို့သော် ၎င်းတို့ထက် ခွန်းလွန်လွင်ပြင်က ပို၍ပင်ကြီးမားနိုင်သည်။
သိုင်းပညာရှင်တစ်ဦးသာ အလွန်အားကောင်းလျှင် လက်သီးတစ်ချက်ဖြင့် နဂါးငွေ့တန်းတစ်ခုကို ဖျက်ဆီးနိုင်သည်။ ဤသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျန်းချန်ရှန်း စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ဆက်မကစားတော့ဖို့ ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ညာလက်ကို မြှောက်ပြီး လုရှန်ကျိုးဆီသို့ လက်ညှိုးညွှန်လိုက်သည်။
ဝုန်းးးး
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လမ်းတစ်လျှောက်ရှိ ပုံပျက်နေသော လေဟာနယ်ကို ချိုးဖျက်ကာ မူလနတ်ဘုရားစွမ်းအားကို ပျံ့နှံ့သွားစေခဲ့သည်။ ချက်ချင်းနီးပါးပင် ထိုစွမ်းအားများက ရှည်လျားသော အကွာအဝေးကို ဖြတ်ကျော်ပြီး လုရှန်ကျိုး၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် မှော်စွမ်းအားများ ချက်ချင်း ပျက်ပျယ်သွားခြင်းမရှိပေ။ ယင်းအစား လုရှန်ကျိုး၏ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများနှင့် အရိုးများကို ရူးသွပ်စွာ ဖျက်ဆီးခဲ့ပြီး သူ၏ မူလသိုင်းစွမ်းအားများကို လျင်မြန်စွာ ပျက်စီးစေခဲ့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
လုရှန်ကျိုး မျက်လုံး ပြူးကျယ်ပြီး တုန်လှုပ်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ နတ်ဘုရားခန္ဓာက ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေသော အရာကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ပေ။ သွေးများ စီးကျလာသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။
ကျန်းချန်ရှန်း၏ပတ်ဝန်းကျင်ရှိ လေဟာနယ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ကျန်းချန်ရှန်းက အမှောင်ထဲတွင် ရှိနေသောကြောင့် သာမန်သိုင်းပညာရှင်များအနေနှင့် လေဟာနယ်၏ ပုံမမှန်မှုကို မခံစားနိုင်ခဲ့ကြပေ။
“ဒါ ဘယ်လို သိုင်းပညာမျိုးလဲ”
လုရှန်ကျိုး အံကြိတ်ပြီး မေးလိုက်သည်။သူ့ ခန္ဓာကိုယ်ကို ဖျက်ဆီးနေသော လွှမ်းမိုးချုပ်ကိုင်သည့် စွမ်းအားကို တန်ပြန်ရန် စွမ်းအားများ အစွမ်းကုန် လည်ပတ်ရန် ကြိုးစားနေသော်လည်း မတတ်နိုင်ခဲ့ပေ။
ဤတစ်ကြိမ်တွင် ကျန်းချန်ရှန်းက ပြောခဲ့သည်က....
“ချန်မိသားစုရဲ့ ချီလက်ချောင်းသိုင်း...”
ထိုအသံ လုရှန်ကျိုး၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာပြီး ဇဝေဇဝါဖြစ်သွားစေခဲ့သည်။
ချန်မိသားစု?
ဘယ်က ချန်မိသားစုလဲ?
သမိုင်းတွင် အစွမ်းအထက်ဆုံး မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သော ချန်မျိုးနွယ်စုကို ချက်ချင်း စဉ်းစားမိသည်။
ဒီလူကလည်း ချန်မျိုးနွယ်စုကပဲလား.....
၎င်းသည် မှော်စွမ်းအားဖြစ်ပြီး သိုင်းပညာမဟုတ်ကြောင်း သူ မသိခဲ့ပေ။ယင်းအစား လွှမ်းမိုးချုပ်ကိုင်နိုင်သော တုနှိုင်းမဲ့သိုင်းပညာတခုအဖြစ်သာ ထင်ခဲ့သည်။
“ခင်ဗျားတို့အားလုံး ကျုပ်ဆီ အတူတူ လာခဲ့ကြ..... ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး! ခင်ဗျားတို့ရဲ့ နောက်ခံအင်အားက ကျုပ်ကိုအံတုဖို့ မလုံလောက်ဘူး!”
ကျန်းချန်ရှန်း၏ အသံ လေဟာနယ်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး အဖြူရောင် အလင်းတိုင်အနီးရှိ သိုင်းပညာရှင် သန်းပေါင်းများစွာ၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
သူတို့အများစုမှာ တုံ့ပြန်ရန် အချိန်မရခဲ့ကြပေ။ သူတို့တွေ တိုက်ပွဲကိုပင် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။
တိုက်ပွဲအစအဆုံး အလွန်လျင်မြန်စွာ ပြီးဆုံးသွားသော်လည်း လုရှန်ကျိုး ရပ်တန့်သွားသည်ကို မြင်သောအခါ သူ ရှုံးသွားသည်ကိုတော့ သူတို့ နားလည်ခဲ့ကြသည်။
“သတ်!
မဟာကောင်းကင်သူတော်စင်တစ်ပါးက အော်ဟစ်လိုကိပြီး ထွက်ပြေးရန် ရွေးချယ်ခြင်းမပြုခဲ့ပေ။ ခဏတာ အံ့အားသင့်ပြီးနောက် သိုင်းပညာရှင် သန်းပေါင်းများစွာက တည်ငြိမ်သောအမူအရာကို ဖော်ပြခဲ့ပြီး ကျန်းချန်ရှန်းကို အော်ဟစ်ကာ တိုက်ခိုက်ခဲ့ကြသည်။
“သူတော်စင်လု မကြောက်နဲ့! ကျွန်တော် ခင်ဗျားကို ကယ်ဖို့ လာပြီ...!”
မိုပုနီ ကျယ်လောင်စွာ အော်ဟစ်ခဲ့သော်လည်း သူ၏ အသံက လူသန်းပေါင်းများစွာ၏ အော်ဟစ်သံများကြားတွင် မဆိုစလောက်သာ ဖြစ်နေပုံရသည်။
လီချန်းဟိုင်၏ အကြည့်များကတော့ မုန်းတီးမှုဖြင့် တောက်လောင်နေသည်။ သူ ချန်မျိုးနွယ်စုကို ဤနေရာတွင် မတွေ့သောအခါ တာအိုဘိုးဘေး သူတို့ကို သတ်ဖြတ်ခဲ့သည်ဟု ထင်ခဲ့သည်။
“အစ်မကျီ၊ ကျွန်တော် ခင်ဗျားကို ရှာဖို့ ဒီကို လာခဲ့တာပါ!”
လီချန်းဟိုင်သည် စိတ်ထဲကနေ ဟစ်အော်လိုက်သည်။
သိုင်းပညာရှင် သန်းပေါင်းများစွာထဲတွင် အားအနည်းဆုံးမှာ အနည်းဆုံး တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်တွင် ရှိနေသည်။ မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူများစွာနှင့် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်ကျွမ်းကျင်သူများလည်း ရှိသည်။ သူတို့ အတူတကွ တိုက်ခိုက်သောအခါ သူတို့၏ အရှိန်အဟုန် မည်မျှ အားကောင်းမည်နည်း.....
လုရှန်ကျိုး၏ အမူအရာကတော့ ခက်ထန် နေသည်။ အသံခပ်အုပ်အုပ်ဖြင့် အော်ဟစ်ပြီး ကျန်ရှိနေသော နတ်ဘုရားစွမ်းအားကို အတင်းအကျပ် နှိုးဆွကာ ကျန်းချန်ရှန်းကို တိုက်ခိုက်ခဲ့သည်။
ထိုသို့သော အားကောင်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ကျန်းချန်ရှန်း ရုတ်တရက် လေထဲသို့ ခြေချလိုက်သည်။
“စိတ်ပျက်အားငယ်ခြင်းကို ခံစားကြည့်လိုက်စမ်း!”
ကောင်းကင်နှင့်မြေပြင် ဖျက်ဆီးခြင်း နတ်ဘုရားစွမ်းအား......