အခန်း (၁၉၆၆)
Vol. 137 Ch. 1966
“သူက ဘာမို့လို့ ငါက သူ့ကို သွေးနတ်ဆိုးနတ်သစ်သီး ပေးရမှာလဲ”
ကျန်းချန်က အရှင်လျိုဟယ်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူက သွေးနတ်ဆိုးနတ်သစ်သီးကို မျိုချပြီးသား ဖြစ်သည်။
သို့ရာတွင် သူ၏ လက်ထဲ ရှိနေသေးလျှင်ပင် ပေးအပ်ရန်မှာ မဖြစ်နိုင်ပေ။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ အရှင်ကျိုးရှသည် နယ်မြေလေးခုကို တစ်ချိန်က ကူညီပေးခဲ့ဖူး၍ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းနှင့် ပတ်သက်၍ ကျန်းချန်တွင် ကောင်းမွန်သော သဘောထား ရှိမနေခဲ့ချေ။
အရှင်လျိုဟယ်သာ အခြေအနေကို နားမလည်ဘဲ အတင်းအကျပ် တောင်းဆိုနေလျှင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။
သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ပြီးသား ဖြစ်၍ နောက်တစ်ဦးကို ထပ်သတ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
ကျန်းချန်၏ တင်းမာသော သဘောထားကို မြင်လိုက်ရလျှင် အရှင်ကျင်းဟော် တုန်လှုပ်သွားခဲ့သည်။
အရှင်လျိုဟယ်၏ အထောက်အထားကို သိရှိလျှင် ကျန်းချန်က သစ်သီးကို ထုတ်ပေးလိမ့်မည်ဟု သူ မူလက တွေးထင်ထားခဲ့သည်။
ကျန်းချန်က အရှင်လျိုဟယ်ကိုပင် မျက်စိထဲ ထည့်မထားလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။
အရှင်လျိုဟယ်၏ ခွန်အားက သူ့လောက် မသန်မာသော်လည်း ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ထိပ်တန်း ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်၍ သူတို့ မျိုးနွယ်စုပင် အကျိုးဆက်များကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
[ကြည့်ရတာ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က ဒီမှာ ရှိနေသေးတာများလား]
အရှင်ကျင်းဟော်၏ မျက်လုံးများက တလက်လက် ဖြစ်သွားခဲ့ပြီး ဖြစ်နိုင်ခြေတစ်ခုက သူ့စိတ်ထဲ ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်၏ အစီအရင်ကို လျစ်လျူရှုနိုင်ခဲ့သဖြင့် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်နှင့် ထူးခြားသော ဆက်ဆံရေး ရှိနေလောက်၏။
ကျန်းချန်၏ အကြီးမားဆုံးသော အားကိုးရာမှာ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ဖြစ်နိုင်ချေများသည်။
ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူတစ်ဦးကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကပင် ပေါ့ပေါ့တန်တန် သဘောထားရဲမည် မဟုတ်ပေ။
ထိုသို့ တွေးမိသည်နှင့် အရှင်ကျင်းဟော်သည် လျိုဟယ်အတွက် ဆက်လက် ပြောဆိုရန် အစီအစဉ် မရှိတော့ပေ။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို သူတို့ မျိုးနွယ်စု မစော်ကားရဲသလို ကျန်းချန်၏ နောက်ကွယ်ရှိ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ကိုလည်း မစော်ကားရဲပေ။
“ဟမ့်.. မင်းလို မလောက်လေး မလောက်စားက ငါ့ကို မလေးမစား ဆက်ဆံရဲတယ်လား”
အရှင်လျိုဟယ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
သူ၏ မျက်ဝန်းများထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ဖျပ်ခနဲ လက်သွားခဲ့သည်။
“ကောင်လေး.. သွေးနတ်ဆိုး နတ်သစ်သီးကို လိမ်လိမ်မာမာ ပေးလိုက်စမ်း.. ကိုယ့်သေတွင်း ကိုယ်မတူးချင်စမ်းနဲ့"
သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်၍ အရှင်ကျင်းဟော်ပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံရသည်။
သို့တိုင် သူ၏ ရှေ့ရှိ ကောင်လေးသည် သူ့ကို မျက်စိထဲပင် မထည့်သည် ဖြစ်ရာ လျိုဟယ် တစ်ယောက် ဒေါသထွက်လာခဲ့သည်။
“သေတွင်းရှာနေတာ မင်းပဲလို့ ငါထင်တယ်”
ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့သည်။
သူက အရှင်လျိုဟယ်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။
“အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါးက ငါ့ရှေ့မှာ ဟန်ရေးပြဖို့ အရည်အချင်း မရှိဘူး.. ငါမင်းကို ဘာမှမလုပ်ခင် မင်း ထွက်သွားမယ်ဆိုရင် မီသေးတယ်”
"တကယ်လား.. ဒါဆိုလည်း မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့"
အရှင်လျိုဟယ်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
သူက လေထဲသို့ ခုန်တက်၍ လက်ဟန်များကို ထုတ်ဖော်လိုက်ရာ သူ၏ နယ်မြေနတ်ဘုရား စွမ်းအားသည် အစီအရင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ပတ်ပတ်လည်ရှိ နေရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။
အစီအရင်ထဲတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နေခဲ့ရာ ကျန်းချန်ကို အသေသတ်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှား၏။
အရှင်လျိုဟယ်က အစီအရင် လမ်းစဉ်ကို အဓိက လေ့လာ လိုက်စားသူဖြစ်၍ သူ၏ စွမ်းအားကို အသုံးပြုကာ အစီအရင်အဖြစ် ဆင့်ကဲ ပြောင်းလဲနိုင်စွမ်း ရှိသည်။
လျိုဟယ်က နယ်မြေနတ်ဘုရားစွမ်းအားကို လေနှင့်မိုးကြိုး အစီအရင် အဖြစ် ဆင့်ကဲ ပြောင်းလဲခဲ့သည်။
ဤအစီအရင်သည် ထူးခြားသည့် အစီအရင် အမျိုးအစား ဖြစ်ပြီး အလွန် အစွမ်းထက်ကာ အဆင့်နိမ့် နယ်မြေနတ်ဘုရား အချို့ပင် ထောင်ချောက်ဆင်ခံရပြီး အသတ်ခံရနိုင်၏။
သို့သော် အရှင်လျိုဟယ်က ကျန်းချန်အား တိုက်ခိုက်လိုက်သည်ကို မြင်လျှင် အရှင်ကျင်းဟော်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
“ညီနောင်လျိုဟယ်.. သူက..”
“ဝုန်း”
အရှင်ကျင်းဟော်၏ စကားတစ်ဝက်မှာပင် ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လေနှင့်မိုးကြိုးအစီအရင်သည် ချက်ချင်း ပြိုကျသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်က သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခုသည် လျိုဟယ်၏ ခန္ဓာကိုယ်ကို လှုပ်မရအောင် ထိန်းချုပ်လိုက်သည်။
“မင်း.. မင်း..”
လျိုဟယ်က ဖြူဖျော့သော မျက်နှာထားဖြင့် ရုန်းကန်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
လျိုဟယ်က သူ့ကိုယ်သူ အထင်ကြီးခဲ့ပြီး ကျန်းချန်နှင့် ပတ်သက်သည့် အချက်အလက်များကို ကျင်းဟော်ထံ မတောင်းဆိုခဲ့ပေ။
သူက ဤကောင်လေး၌ ကောင်းကင်အရှင် အဆင့်ရှိ ကျင့်ကြံသူနှင့် သွေးသား ဆက်နွှယ်မှု ရှိကြောင်း သိထားပြီး မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်နိုင်ချေ များသည်ကို သိထားသည်။
သူ မျှော်လင့်မထားသည်မှာ ကျန်းချန်သည် အလွန်တရာ အစွမ်းထက်ပြီး သူ့ကို မျက်စိတစ်မှိတ် အတွင်း အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိနေခြင်းပင်။
[ဒီကောင်လေးက မဟာကောင်းကင် နတ်ဘုရား အဆင့်ကို ကျော်လွန်သွားတဲ့ အထွတ်အထိပ်ကောင်းကင် နတ်ဘုရား ဆိုတာ သေချာတယ်]
“ကျန်း.. ကျန်းချန်.. ငါ.. ငါက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲပဲ.. မင်း ငါ့ကို သတ်ရင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
အရှင်လျိုဟယ်က ရုန်းကန်ခဲ့သည့်တိုင် အရာမထင်၍ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲက ဘာမို့လို့လဲ.. ငါက မင်းတို့ဂိုဏ်းက အကြီးအကဲကို မသတ်ဖူးတာလည်း မဟုတ်ဘူး”
ကျန်းချန်၏ အရေးမစိုက်သော အသံက ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ကမ္ဘာ့စွမ်းအား ၈မျိုး၏ စွမ်းအားက ချက်ချင်းဆိုသလို တိုးဝင်လာခဲ့ပြီး လျှိုဟယ်ကို အပိုင်းအစများ အဖြစ် ကြေမွသွားစေခဲ့သည်။
အရှင်ကျင်းဟော်က ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
အရှင်လျှိုဟယ်က သူ့ထက် အလွန်အမင်း အားနည်းသောသူ မဟုတ်သော်လည်း ကျန်းချန်က ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ အသာအယာ သတ်ပစ်ခဲ့သည်။
သူကိုယ်တိုင်ပင် အရှင်လျှိုဟယ်ကို ဤမျှ အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်ပေ။
"မတွေ့တာ တခဏပဲ ရှိသေးတယ်.. ဒီကောင်လေးရဲ့ ခွန်အားက အတော်လေး တိုးတက်လာတာပဲ”
အရှင်ကျင်းဟော်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ကျန်းချန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က ကျန်းချန်ကို တိုက်ခိုက်နိုင်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှု ရှိခဲ့သည်။
ယခုအခါတွင်မူ ကျန်းချန်ကို အနိုင်ရရန် ၃၀% ထက် မပိုဟု ခံစားခဲ့ရ၏။
“မိတ်ဆွေလေး ကျန်းချန်.. ဒီအရှင်လျိုဟယ်က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲပဲ.. မိတ်ဆွေလေးက သူ့ကို သတ်လိုက်တော့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ငါတို့ကို အလွှတ်မပေးမှာ စိုးရိမ်မိတယ်”
အရှင်ကျင်းဟော်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
ဤတစ်ကြိမ် သူက လျိုဟယ်ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်၍ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ခြေရာခံမိသည်နှင့် ခရမ်းရောင် ကျားမျိုးနွယ်စုက မလွတ်မြောက်နိုင်မည်ကို သူ စိုးရိမ်နေမိသည်။
“စိတ်မပူပါနဲ့.. ငါအားလုံး တာဝန်ယူတယ်”
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
“ငါ မကြာခင် မျိုးနွယ်စုက ထွက်သွားတော့မယ်.. ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ခြေရာခံမိရင် ငါ့ဆီသာ အပြစ်ပုံချလိုက်ပါ”
ထိုစကားကို ကြားလျှင် အရှင်ကျင်းဟော်က စိတ်သက်သာရာ ရသွားခဲ့သည်။
ဤအချိန်တွင် သူက ကျန်းချန်ကို မျိုးနွယ်စုတွင် ဆက်လက်ထားရှိရန် မဝံ့ရဲခဲ့ပေ။
သို့မဟုတ်လျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အမုန်းတရားကို သူတို့ မျိုးနွယ်စုကပါ ခံရနိုင်ခြေရှိသည် မဟုတ်ပါလား။
-----------------
ကျန်းချန်က အရှင်လျိုဟယ်ကို သတ်ပစ်ခဲ့သည့် တစ်ချိန်တည်းမှာပင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းထဲမှ ခန်းမတစ်ခုသည် ရုတ်တရက် တုန်ယင်သွားခဲ့သည်။
မကြာမီမှာပင် ဒေါသတကြီး ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့၏။
“ခွေးမသား ကျန်းချန်.. မင်းက ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ်လား.. ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်”
ဤပြင်းထန်သော ကြုံးဝါးသံသည် ကမ္ဘာလောကကို တုန်ဟီးသွားစေပြီး ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ကောင်းကင်ယံ အထက်တွင် ရပ်နေခဲ့သော ပုံရိပ်သည် အရှင်လျိုဟယ် ဖြစ်သည်။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် သမိုင်းကြောင်း အရှည်ကြာဆုံး ဂိုဏ်းများထဲမှ တစ်ဂိုဏ်း ဖြစ်ပြီး အစီအရင်တွင်သာမက နက်နဲသော အမွေအနှစ်များကိုလည်း ပိုင်ဆိုင်ထား၏။
အရှင်လျိုဟယ်က လျှို့ဝှက်ကျင့်စဥ်ဖြင့် ကိုယ်ပွားတစ်ခုကို ခွဲထုတ်ထားခဲ့သည်။
သို့သော် သူ့ကိုယ်ပွား၏ ခွန်အားက မူလခန္ဓာကိုယ်ထက် အလွန်တရာ နိမ့်ကျပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အစောပိုင်းသာ ရှိသေးသည်။
ဤကိုယ်ပွားက သူ၏ မူလခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် လုံးဝ ပျက်စီးသွားမည် မဟုတ်သော်လည်း ယခုအခါတွင် သူက နယ်မြေနတ်ဘုရား တစ်ပါး မဟုတ်တော့ပေ။
သူ့ကိုယ်ပွားက ပါရမီ မထူးချွန်သဖြင့် သူက ဤဘဝတွင် နယ်မြေနတ်ဘုရား အဆင့်သို့ ပြန်လည် ဝင်ရောက်နိုင်မည် မဟုတ်ချေ။
ဤသည်မှာ အရှင် လျိုဟယ် အတွက် လက်ခံနိုင်စရာ မရှိသော ကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့် အဓိက လက်သည် တရားခံ ဖြစ်သော ကျန်းချန်ကို လျိုဟယ် အလွန်အမင်း ဒေါသအိုး ပေါက်ကွဲနေခဲ့၏။
“လျိုဟယ်...မင်း ဘာတွေ သောက်ရူးထနေတာလဲ.. ဘာလို့အပြင်ထွက်ပြီး တစ်ဂိုဏ်းလုံး ကြားတဲ့အထိိ အော်ဟစ်နေတာလဲ”
ခြောက်ကပ်ကပ် အသံတစ်သံက လျိုဟယ်၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ရောက်လာသူမှာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး ဖြစ်သည်။
“အစ်ကိုကြီး.. ငါ့ရဲ့ မူလခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီ.. ငါ့အတွက် လက်စားချေပေးပါ”
အရှင်လျိုဟယ်က အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုကို ကြည့်ကာ အံတင်းတင်း ကြိတ်၍ တိုင်တန်းလိုက်သည်။
သူ၏စကားကို ကြားလျှင် အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုက အံ့သြသွားခဲ့သည်။
“ဘာ.. မင်းရဲ့ ကိုယ်ပွားက ဖျက်ဆီးခံလိုက်ရပြီ.. ဟုတ်လား”
အဖိုးအိုက အရှင်လျိုဟယ်၏ ခွန်အားကို ရှင်းလင်းစွာ သိရှိသည်။
သာမန်လူများက လျှိုဟယ်ကို အလွယ်တကူ သတ်နိုင်မည် မဟုတ်ပေ။
ဆိုရလျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အရှိန်အဝါကြောင့် အစွမ်းထက် မြေကြီး အရှင်များပင် လျှိုဟယ်ကို သတ်ပစ်ရန် မဝံ့ရဲပေ။
"လျိုဟယ်ကို ဘယ်သူ သတ်ခဲ့တာလဲ.. လျှိုဟယ်ကို သတ်တဲ့သူက ကျန်းဝူ ကောင်းကင်နယ်မြေရဲ့ ပြင်ပက လူများလား"
ထိုသို့ တွေးမိလျှင် အဖြူရောင် ဝတ်ရုံဝတ် အဖိုးအို၏ အမူအရာက လေးနက်လာခဲ့သည်။
အခန်း(၁၉၆၆) ပြီး၏။