အခန်း (၁၉၆၉)
Vol. 137 Ch. 1969
နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်းစနစ်တွင် ပါရမီ အကန့်အသတ်ကြောင့် လမ်းစဥ်ခြောက်ခု၏ ကမ္ဘာ့စွမ်းအားကို စုစည်းကာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ကြသည်။
ဤနည်းဖြင့် ထိုးဖောက်ခဲ့သော နယ်မြေနတ်ဘုရားသည် အတွေ့ရ အများဆုံး ဖြစ်သည်။
သို့သော် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော ပါရမီရှင်များလည်း ရှိပြီး ၎င်းတို့သည် ကောင်းကင်နတ်ဘုရား အဆင့်တွင် ပိုမို နက်ရှိုင်းသော အုတ်မြစ် ရှိသဖြင့် သာမန် နယ်မြေနတ်ဘုရားများထက် ပို၍ အစွမ်းထက်ကြသည်။
ထိုသို့သော နယ်မြေနတ်ဘုရားများကို ကြယ်ပွင့် အရှင်ဟု ခေါ်ဆိုကြသည်။
ဥပမာအားဖြင့် လမ်းစဥ် ခုနစ်ခု၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော မဟာကောင်းကင် နတ်ဘုရားက အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်လျှင် ကြယ်တစ်ပွင့်အရှင် ဖြစ်သည်။
မဟာကောင်းကင် နတ်ဘုရားက အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်လျှင် ကြယ်တစ်ပွင့် မြေကြီးအရှင် ဖြစ်၏။
မဟာကောင်းကင် နတ်ဘုရားက အဆင့်မြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်လျှင်မူ ကြယ်တစ်ပွင့် ကောင်းကင်အရှင် ဖြစ်သည်။
ဆိုရလျှင် နယ်မြေနတ်ဘုရားများ၏ ခွန်အားသည် ကောင်းကင်နတ်ဘုရားအဆင့်နှင့် လုံးဝ ဆက်စပ်နေခဲ့သည်။
မဟာကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်တစ်ပွင့် အရှင် များသည် သာမန် နယ်မြေ နတ်ဘုရား အများစုကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး သာမန် မြေကြီးအရှင်များပင် ယှဥ်ပြိုင်ရန် ခက်ခဲ၏။
သို့သော် ကြယ်တစ်ပွင့် အရှင်အဆင့်သည် အစွမ်းထက်သော်လည်း ထိုးဖောက်ရန်မှာ အလွန်တရာ ခက်ခဲသည်။
သာမန် နယ်မြေနတ်ဘုရားများထက် အဆပေါင်းများစွာ သာလွန်သည့် နယ်မြေ နတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် ကမ္ဘာ့စွမ်းအားများကို ပေါင်းစည်းရန် လိုအပ်၏။
လမ်းစဥ် အမျိုးအစား များပြားလေ ပေါင်းစည်းရန် ခက်ခဲမှု တိုးလာလေလေ ဖြစ်သည်။
အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့လျှင်ပင် နယ်မြေနတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ရဦးမည် ဖြစ်၏။
ကြယ်တစ်ပွင့်အရှင်၏ ကပ်ဘေးသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်။
ယင်းက မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ချိန်တွင် ကြုံတွေ့ရသော ကပ်ဘေးထက် အဆများစွာပြင်းထန်၍ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုအပ်ပေ။
ကပ်ဘေးကို ကျော်ဖြတ်ရန် ခက်ခဲခြင်းကြောင့် ပါရမီရှင် အများစုသည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည့်တိုင် ကျရှုံးခဲ့ကြသည်။
ပါရမီရှင် အများစုသည် ပေါင်းစည်းထားသော ခွန်အားတွင် ပြဿနာရှိခြင်း သို့မဟုတ် နယ်မြေနတ်ဘုရား ကပ်ဘေးကြောင့် အဆင့် မတက်နိုင်ကြပေ။
စင်စစ် ကျင့်ကြံခြင်းသည် ကောင်းကင်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်။
ပိုမို အားကောင်းသော စွမ်းအားကို ရယူလိုလျှင် အန္တရာယ်ကို ပိုမို ခံယူရမည် ဖြစ်၏။
ဤအကြောင်းကြောင့်ပင် ကြယ်တစ်ပွင့် အရှင်သည် မဟာကောင်းကင် နတ်ဘုရား ထက်ပင် ရှားပါးသည်။
သူ၏ရှေ့မှ လူငယ်သည် ကျန်းချန် မြင်တွေ့ဖူးသည့် ပထမဆုံး ကြယ်တစ်ပွင့် အရှင်လည်း ဖြစ်၏။
“ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ထိပ်တန်း ဂိုဏ်းကြီး တစ်ဂိုဏ်းလို့ မပြောရဘူး.. မင်းလို ကြယ်တစ်ပွင့် အရှင်တောင် ရှိနေပါလား”
ကျန်းချန်၏ မျက်ခုံးများက မြင့်တက်သွားသည်။
“ဒါပေမဲ့ မင်းရဲ့ ဂိုဏ်းက ငါနဲ့ ရင်ဆိုင်ဖို့ အတွက် မင်းလို ကြယ်တစ်ပွင့် အရှင်လောက်ပဲ စေလွှတ်ခဲ့တာကတော့ ငါ့ကို သိပ်အထင်သေးလွန်းနေပြီ ထင်တယ်”
“ဟက်.. စကားကြီး စကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. ဒီနေ့တော့ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါးက ဘယ်လောက်ထိ စွမ်းရည်ရှိလဲ ဆိုတာ ငါကြည့်ချင်တယ်”
ရွှယ်ရှင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
“ဝုန်း”
ပင်လယ်လှိုင်းကဲ့သို့ ကြယ်အလင်း လှိုင်းဂယက်များသည် ရွှယ်ရှင်းကို ဗဟိုပြုကာ လေးဘက်လေးတန်သို့ လှုပ်ခတ်သွားခဲ့သည်။
ရွှယ်ရှင်းက သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ခြင်းပင်။
မဟာကောင်းကင် နတ်ဘုရားများသည် အဆင့်နိမ့် နယ်မြေနတ်ဘုရားများနှင့် ယှဥ်တိုက်နိုင်သည်။
မဟာကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်တစ်ပွင့်အရှင်၏ ခွန်အားသည် သာမန်မြေကြီးအရှင် အဆင့်ထက် မနိမ့်ကျဘဲ အရှင်ရှောင်ယွဲ့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်း၏။
“သေစမ်း”
ကျန်းချန်က အထက်သို့ ခုန်တက်ကာ လက်ထဲမှ ကောင်းကင်မီးနတ်ဓားဖြင့် ခုတ်ချလိုက်သည်။
ရွှယ်ရှင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ရပ်နေခဲ့သည်။
သူက လေထု အထက်သို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ ငွေရောင်မိုးကြိုးအလင်းများက သူ့ ဦးခေါင်း အထက်တွင် ယှက်နွယ်သွားခဲ့ပြီး မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများသည် အနက်ရောင်တွင်းနက်ကြီး သဖွယ် ဖြစ်လာခဲ့ကာ အဆုံးသတ်တွင် အနက်နှင့် အဖြူ ရောစပ်ထားသော ထိုက်ကျိယင်ယန် ကားချပ် အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဓားအလင်းကို ရင်ဆိုင်လိုက်၏။
"ဝုန်း"
လေထုထဲတွင် စွမ်းအင် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းက ပြိုကွဲသွားခဲ့သည်။
ကုဟွမ်တောင် အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးသည် ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
သူတို့နှစ်ဦး၏ တိုက်ပွဲသာ လေထုထဲတွင် မဖြစ်ပွားခဲ့လျှင် တောင်တစ်ခုလုံး ပျက်စီးသွားမည်ကိုပင် စိုးရိမ်ရ၏။
ဤအချိန်တွင် ရွှယ်ရှင်းက လေထုထဲတွင် ရပ်နေပြီး အနက်နှင့် အဖြူ ရောစပ်ထားသော ထိုက်ကျိယင်ယန် ကားချပ်သည် သူ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေခဲ့သည်။
သူက မဟာကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ကြယ်တစ်ပွင့်အရှင် ဖြစ်လာခဲ့သူ ဖြစ်ပြီး အစီအရင်လမ်းစဥ်ကို လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူက နယ်မြေနတ်ဘုရား စွမ်းအားကို အစီအရင်အဖြစ် ပြောင်းလဲ အသုံးပြုနိုင်စွမ်း ရှိသည်။
အစီအရင် လမ်းစဥ်ကို ကျင့်ကြံသော နယ်မြေနတ်ဘုရားများသည် ပုံမှန်ထက် တိုက်ခိုက်ရေးစွမ်းအား ပိုမို ကောင်းမွန်ကြ၏။
“ကျန်းချန်.. မင်းက အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်စွမ်း ရှိတဲ့ အတွက် စွမ်းရည်အချို့တော့ ရှိသားပဲ”
ရွှယ်ရှင်းက ကျန်းချန် ထီမထင်ဟန်ဖြင့် ကြည့်လိုက်သည်။
“မင်းသာ ငါ့ကို အရှုံးပေးပြီး ငါတို့ ဂိုဏ်းထဲဝင်မယ် ဆိုရင် မင်းကို သေဒဏ်ကနေ ချမ်းသာခွင့်ပေးမယ်”
“ဟမ့်.. ငါ့ကို အရှုံးပေးစေချင်ရင် ငါ့လက်ထဲက ဓားက လက်ခံသလား ဆိုတာ အရင် မေးကြည့်ရမယ်”
ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။
ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကောင်းကင်ယံ ဆီသို့ တိုးဝင်သွားခဲ့ပြီး အဆုံးသတ်တွင် လေထုထဲ၌ ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့သည်။
“ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း”
ကျန်းချန်က ကြုံးဝါးလိုက်ပြီး ကောင်းကင်မီးနတ်ဓားကို လေထဲတွင် ဝှေ့ရမ်းကာ ကြယ်စွမ်းအင်များကို လှုံ့ဆော်လိုက်သည်။
"ဝုန်း"
ကြယ်စွမ်းအင်များက ဧရာမ ကြယ်ဓားကြီးတစ်စင်း အဖြစ် စုစည်းသွားခဲ့ပြီး ရွှယ်ရှင်းထံ ပြင်းထန်စွာ ကျဆင်းလာခဲ့၏။
“မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့ ငါက မင်းဆန္ဒကို ကောင်းကောင်းကြီး ဖြည့်ဆည်းပေးရသေးတာပေါ့"
ရွှယ်ရှင်း၏ မျက်နှာထက်တွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ အနက်နှင့် အဖြူ ချီစွမ်းအားများဖြင့် ပေါင်းစပ်ထားသော ထိုက်ကျိကားချပ်သည် ထိုက်ကျိအစီအရင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း၏ စွမ်းအားသည် အလွန်ပင် ထက်မြက်သည်။
လေထုပင်လျှင် နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ခုတ်ပိုင်းခံလိုက်ရသည်။
သို့သော် ဧရာမကြယ်ဓားက ထိုက်ကျိအစီအရင် ထဲသို့ ကျရောက်သွားသောအခါ ဝါဂွမ်းစိုင်ကြီး တစ်ခုကို ခုတ်ပိုင်းလိုက်သလို ဖြစ်နေခဲ့၏။
ထိုက်ကျိအစီအရင်က ထူးခြားလွန်း၍ ကျန်းချန်တစ်ယောက် အစီအရင်ကို ဖျက်ဆီး၍ မရခဲ့ပေ။
ထိုခဏတွင် အစီအရင် အတွင်းရှိ အနက် နှင့် အဖြူ ချီစွမ်းအင်သည် အနက်နှင့်အဖြူ စွမ်းအင်လုံးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ကျန်းချန်.. ငါ့ရဲ့ ထိုက်ကျိယင်ယန် အစီအရင်က နတ်ဘုရင်အဆင့် အစီအရင် တစ်ခုပဲ.. သာမန် မြေကြီးအရှင် အဆင့် ကျင့်ကြံသူတောင် အသက်ရှင်ဖို့ လမ်းမရှိဘူး.. အခု ငါ မင်းကို မြည်းစမ်းခွင့်ပေးမယ်”
ရွှယ်ရှင်းက ကျန်းချန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်သည်။
အနက်နှင့် အဖြူ ချီစွမ်းအင်လုံးကြီးက ပို၍ပင် အားကောင်းလာခဲ့ပြီး ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
“သခင်လေး ရွှယ်ရှင်းက အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်ကိုတောင် ဖိနှိပ်နိုင်စွမ်း ရှိနေပါလား”
ငွေလ ဝံပုလွေ မျိုးနွယ်စုဝင် အားလုံး အံ့အားသင့်နေကြ၏။
အရှင်ကျင်းဟော်ပင် သက်ပြင်းချလိုက်မိသည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားသည် ကြယ်တစ်ပွင့်အရှင် အဆင့်ထက် အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်သည်။
ကျန်းချန်တွင် လွတ်မြောက်ရန် လမ်းမရှိတော့ဟု သူထင်ခဲ့၏။
သို့သော် လူတိုင်းက ကျန်းချန် ရှုံးနိမ့်တော့မည်ဟု ထင်နေချိန်မှာပင် တောက်ပသော ရွှေရောင်အလင်း တစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
ထိုရွှေရောင်အလင်းက အလွန်တရာ တောက်ပလွန်းပြီး ကျန်းချန်၏ အနောက်တွင် စုဝေးကာ ရွှေရောင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်ဓားက စတင်ပေါ်ထွက်လာချိန်တွင် သုံးပေသာ ရှည်သော်လည်း အသက်ရှူချိန် အနည်းငယ် အတွင်း ပေတစ်ရာခန့် ရှည်လျားသော ဓားကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုဓားက ရှေးခေတ် အရှိန်အဝါကို ထုတ်လွှတ်ကာ ကျန်းချန်၏ နောက်တွင် တည်တံ့နေခဲ့သည်။
ယင်းနောက်တွင်မူ ကျန်းချန်ဆီသို့ ဦးတည်လာသော ထိုက်ကျိယင်ယန် စွမ်းအင်လုံးကြီးသည် ရွှေရောင်ဓား၏ လက်ချက်ဖြင့် ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
“စုစည်းစမ်း”
ရွှယ်ရှင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ထိုက်ကျိယင်ယန် စွမ်းအင်လုံးကို ထပ်မံ စုစည်းလိုက်၏။
သို့သော် အချိန်နှင့်အမျှ ကြီးထွားလာသော ရွှေရောင်နတ်ဓားကို မယှဥ်နိုင်ခဲ့ပေ။
အဆုံးသတ်တွင် ရွှယ်ရှင်း၏ ထိုက်ကျိ ယင်ယန် စွမ်းအင်လုံးသည် ရွှေရောင်ဓား၏ လွှမ်းမိုးခံလိုက်ရပြီး လေထုထဲတွင် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။
ထိုမျှနှင့် မပြီးသေးဘဲ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ရွှယ်ရှင်း၏ ခန္ဓာကိုယ်ကိုပါ သက်ရောက်သွားခဲ့ရာ ရွှယ်ရှင်းက ပေပေါင်း ရာချီ လွင့်စင်သွားပြီးမှ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်၏ ရွှေရောင်ဓားကို စိုက်ကြည့်ရင်း ရွှယ်ရှင်း၏ မျက်ဝန်းထဲတွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“လူသားဧကရာဇ်ဓား.. မင်း...မင်းရဲ့ နတ်ခန္ဓာ ပုံရိပ်က ဒဏ္ဍာရီလာ လူသားဧကရာဇ်ဓားကို တကယ်ပဲ စုစည်းလိုက်တာလား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အခန်း(၁၉၆၉) ပြီး၏