အခန်း (၁၉၇၀)
Vol. 137 Ch. 1970
ရွှယ်ရှင်းသည် ကျန်းချန်နောက်မှ ရွှေရောင်နတ်ဓားကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်နှာအမူအရာက ထိတ်လန့်တုန်လှုပ်နေခဲ့၏။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ထျန်းဝူကောင်းကင်နယ်မြေရှိ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပြီး အမွေအနှစ် များစွာ ရှိသည်။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ရွှယ်ရှင်း၏ အသိပညာသည် သာမန်လူထက် သာလွန်သည်။
သူ တစ်ချိန်က ရှေးဟောင်းကျမ်းစာ တစ်ခုတွင် မှတ်တမ်းအချို့ကို မြင်ဖူးခဲ့၏။
ယင်းမှာ နတ်ဘုရားနယ်မြေရှိ ရှေးဟောင်း နတ်ဓားများ အကြောင်း ဖြစ်ပြီး ထိုအထဲတွင် လူသားဧကရာဇ်ဓား အမည်ရှိ ဓားတစ်လက် အကြောင်းလည်း ပါဝင်နေခဲ့သည်။
ထိုလူသားဧကရာဇ်ဓားသည် သန္ဓေတာအို လက်နက် ဖြစ်သည်ဟု ကောလဟာလ ထွက်ခဲ့ပြီး နတ်ဘုရင်အဆင့် လက်နက်ထက်ပင် အဆင့်မြင့်ကာ နတ်ဘုရင် အဆင့်ပင် ကြောက်ရွံ့ခဲ့ရသည်။
လူသားဧကရာဇ်ဓား၏ ထူးခြားချက်မှာ တစ်ဖက်တွင် တောင်နှင့် အပင်များ ရှိပြီး အခြားတစ်ဖက်တွင် နေ၊ လ၊ ကြယ်များကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။
ကျန်းချန် အနောက်မှ ရွှေရောင်ဓားသည် ရှေးဟောင်းကျမ်း၏ ဖော်ပြချက်နှင့် အနီးစပ်ဆုံး တူညီနေခဲ့သည်။
“ဒီကောင့်ရဲ့ နတ်ခန္ဓာကိုယ် ပုံရိပ်က လူသားဧကရာဇ်ဓားကို တကယ်ကြီး စုစည်းလိုက်တာပဲ”
ရွှယ်ရှင်း၏ အကြည့်က မှုန်မှိုင်းနေခဲ့ပြီး သူ့မျက်လုံးများကိုပင် မယုံနိုင်လုနီးပါး ဖြစ်ခဲ့သည်။
နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူတိုင်းသည် နတ်ခန္ဓာ ပုံရိပ်ကို စုစည်းကြပြီး ယင်းသို့ စုစည်းထားသော နတ်ခန္ဓာပုံရိပ်သည် ကျင့်ကြံသူ၏ အသွေးအသားနှင့် ဆက်စပ်မှု ရှိကြသည်။
ဥပမာအားဖြင့် ရှေးဟောင်းနတ်သားရဲ သွေးကြော ပါရှိသူများသည် စစ်မှန်သော နတ်သားရဲအဖြစ် အသွင်ပြောင်းလဲနိုင်၏။
ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်က လူသားဧကရာဇ်ဓားကို စုစည်းနိုင်ခဲ့သဖြင့် လူသားဧကရာဇ်ဓားနှင့် ဆက်စပ်မှု ရှိမည်မှာ သေချာသလောက်ပင်။
“လူသားဧကရာဇ်ဓားလား”
ရွှယ်ရှင်း၏ ရုတ်တရက် ရေရွတ်သံကြောင့် ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။
နတ်ခန္ဓာပုံရိပ်ကို စုစည်းပြီးကတည်းက သူ၏ နတ်ခန္ဓာပုံရိပ် နှင့် ပတ်သက်၍ ကျန်းချန် နားမလည်ခဲ့ပေ။
ယခု ရွှယ်ရှင်းက သူ၏ နတ်ခန္ဓာပုံရိပ်ကို လူသားဧကရာဇ်ဓားဟု ခေါ်ဝေါ်ခဲ့၏။
ဤအချိန်တွင် ကျန်းချန်သည် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်၊ လူသားဧကရာဇ် စည်းတံဆိပ်နှင့် လူသားဧကရာဇ်နန်းတော် အကြောင်းကို စဥ်းစားမိသည်။
လူသားဧကရာဇ်ဓားသည် လူသားဧကရာဇ်နန်းတော်နှင့် နက်ရှိုင်းသော ပတ်သက်မှု ရှိရပေမည်။
သူက ကျန်းမိသားစု၏ သွေးကြောကြောင့် နတ်ခန္ဓာပုံရိပ်ကို စုစည်းသောအခါ လူသားဧကရာဇ်ဓားနှင့် အတိအကျ တူညီနေပုံရ၏။
“ကျန်းချန်.. မင်း ဘာသာ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက လူကို သတ်ရဲမှတော့ ငါ ဒီနေ့ မင်းကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းဆီ ဖမ်းခေါ်သွားရလိမ့်မယ်”
ရွှယ်ရှင်းက ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
ကျန်းချန်က ပါရမီကောင်းမွန်ပြီး ခွန်အားလည်း သန်မာသည်။
သို့သော် ကြယ်တစ်ပွင့် အရှင် အနေဖြင့် ရွှယ်ရှင်းသည်လည်း သာမန်လူ တစ်ဦး မဟုတ်ပေ။
ကျန်းချန် နောက်ကွယ်မှ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် မပေါ်ထွက်လာသရွေ့ သူက ကျန်းချန်ကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထားခဲ့သည်။
“သေစမ်း”
ရွှယ်ရှင်းက လက်ဟန်များ ထုတ်ဖော်လိုက်ရာ အနက်နှင့် အဖြူ စွမ်းအင်သည် သူ့ပတ်ပတ်လည်တွင် ဝန်းရံနေခဲ့သည်။
ယင်းက ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သည့် အစွမ်းရှိပြီး အနက်နှင့် အဖြူ နတ်နဂါးနှစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်ကို သတ်ရန် ပျံသန်းလာခဲ့သည်။
ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေ၏။
အတွေးတစ်ချက်ဖြင့်ပင် သူ့နောက်ကျောမှ ရွှေရောင်နတ်ဓားသည် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
"ဝုန်း"
ရွှေရောင်နတ်ဓားကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာပြီး နေ၊ လတို့ပင် ဗြောင်းဆန်ကာ လေထုကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေခဲ့၏။
“မကောင်းတော့ဘူး”
ရွှေရောင်နတ်ဓားမှ ကြောက်မက်ဖွယ် စွမ်းအားကို ရွှယ်ရှင်း ခံစားလိုက်ရသည်။
သူ၏ နှလုံးသားက အေးစက်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သို့သော် ယခုအခါတွင် နောက်ကျသွားခဲ့ချေပြီ။
ရွှေရောင်နတ်ဓားထံမှ တောက်ပသော နတ်ဓားအလင်းက ရွှယ်ရှင်း စုစည်းထားသော နတ်နဂါးကို အသက်ရှူချိန် အနည်းငယ်အတွင်း ပျက်စီးသွားစေခဲ့၏။
ရွှယ်ရှင်းက ကာကွယ်ရေးအစီအရင် သုံးခုကို တစ်ပြိုင်နက် ထုတ်ဖော်၍ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ကာကွယ်လိုက်သည်။
သို့ရာတွင် ရွှယ်ရှင်း စုစည်းထားသော အကာအကွယ် အစီအရင်သည် နတ်ဓားအလင်း၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ ပြိုကွဲသွားခဲ့၏။
"ဝုန်း"
ရွှယ်ရှင်း၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး နောက်သို့ ဆုတ်လိုက်ရသည်။
နောက်ဆုံးတွင် ရွှယ်ရှင်းသည် ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူခဲ့သည်။
ထိုကျောက်စိမ်းဆွဲပြားတွင် နက်နဲသော အစီအရင် အက္ခရာများ လည်ပတ်နေ၏။
ထိုဆွဲပြားက ငွေရောင်အလင်းဝိုင်း အဖြစ် ရုတ်ခြည်း ပြောင်းလဲကာ နတ်ဓားအလင်းကို ပိတ်ဆို့ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး ရွှယ်ရှင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေသုံးထောင်ကျော် အထိ လွင့်စင်သွားခဲ့သည်။
“ရှေးဟောင်း လူသားဧကရာဇ်ဓားနဲ့ ဆက်စပ်နေတဲ့ နတ်ခန္ဓာကိုယ် ပုံရိပ်လို့ မပြောရဘူး.. တကယ်ကို ကြောက်စရာကောင်းတာပဲ”
ရွှယ်ရှင်းက ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
သူက အလွန်အမင်း ထိတ်လန့်နေခဲ့၏။
ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် အလွန် အားကောင်းကြောင်း သူ သိသော်လည်း ဤမျှအထိ ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ၏ ကြယ်တစ်ပွင့် အရှင် ခွန်အားဖြင့်ပင် လုံးဝ ခံနိုင်ရည်မရှိ ဖြစ်ခဲ့သည် မဟုတ်ပါလား။
သူသာ ဘိုးဘေး ပေးအပ်ထားသည့် ကျောက်စိမ်းဆွဲပြားကို အသုံးမပြုခဲ့လျှင် သူက မသေသည့်တိုင် ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည် ဖြစ်၏။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ပါရမီရှင် အနေဖြင့် ရွှယ်ရှင်းသည် ကောင်းကင်နတ်ဘုရား များစွာကို မြင်ဖူးသည်။
သူ မဟာကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိစဥ်က ထျန်းဝူနတ်ဂိုဏ်း၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ထျန်းဝူနတ်ဂိုဏ်းမှ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားသည် အလွန်တရာ အစွမ်းထက်သည်။
သို့သော် ကျန်းချန်ကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်ခြင်းမျိုး မဟုတ်သည်မှာတော့ သေချာ၏။
ထိုကောင်လေးက အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားသည် သာမန် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများထက် အဆများစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။
သာမန် မြေကြီးအရှင် သို့မဟုတ် ကြယ်တစ်ပွင့် အရှင် ဖြစ်စေကာမူ ထိုကောင်လေးကို ယှဥ်ပြိုင်နိုင်ရန် မလွယ်ပေ။
“ဟားဟား.. ရွှယ်ရှင်း.. မင်းလို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ကြယ်တစ်ပွင့် အရှင်က ဒီလောက်ပဲလား.. ငါ့နဲ့ နောက်တစ်ကွက်လောက် ထပ်ယှဥ်ကြည့်လိုက်ပါဦး”
ကျန်းချန်က ရွှယ်ရှင်းကို အသက်ရှူရန်ပင် အခွင့်အရေး မပေးဘဲ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်သည်။
သူ၏ ကမ္ဘာ့စွမ်းအားက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးမှ အသက်ဓာတ်များကို ချက်ချင်းဆိုသလို ဆွဲငင်လိုက်ပြီး အဆုံးသတ်တွင် ဧရာမ နတ်နဂါးမြို့တော်ကို ရေးဆွဲထားသည့် စာလိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဂရား..”
တုန်လှုပ်ချောက်ချားဖွယ် နဂါးဟိန်းသံနှင့်အတူ ထိုစာလိပ်သည် ကမ္ဘာကိုပင် လွှမ်းမိုးနိုင်သည့် နတ်စွမ်းအားကို သယ်ဆောင်ကာ ရွှယ်ရှင်းဆီ သက်ရောက်လာခဲ့၏။
“ဒါက.. နတ်ဘုရင်အဆင့် ကျင့်စဥ်ရဲ့ သိုင်းစွမ်းအားပုံရိပ်လား”
ကျန်းချန်၏ တိုက်ခိုက်မှုကို မြင်လျှင် ရွှယ်ရှင်း ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် လုံးဝ မတုံ့ဆိုင်းဝံ့ဘဲ နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားကို ထုတ်ဖော်ကာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းသော အနက်နှင့် အဖြူ ချီများကို ထုတ်ဖော်လိုက်သည်။
ဤအချိန်တွင် ကုဟွမ်တောင်၏ ကောင်းကင်ယံ တစ်ခုလုံးသည် အနက်နှင့် အဖြူ လောက အဖြစ် ပြောင်းလဲသွား၏။
အနက်နှင့်အဖြူ လောကသည် ရွှယ်ရှင်း၏ နတ်ခန္ဓာပုံရိပ် နှင့် နယ်မြေနတ်ဘုရား၏ မူလရင်းမြစ် စွမ်းအား ပေါင်းစည်းမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤတိုက်ခိုက်မှုတွင် ရွှယ်ရှင်း၏ တစ်သက်တာ ခွန်အားကို စုစည်းထား၍ မိုင်ထောင်ပေါင်းများစွာ နေရာလွတ်ကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်၏။
"ဝုန်း"
ရွှယ်ရှင်း၏ အဖြူအနက် လောကသည် ကျန်းချန်၏ စာလိပ်နှင့် ရင်ဆိုင် တွေ့သွားခဲ့သည်။
လှပသော မီးရှူးမီးပန်းများသည် လေထုထဲတွင် ပွင့်ထွက်လာခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံး တောက်ပသွားခဲ့၏။
ရွှယ်ရှင်းက ထိပ်တိုက် ရင်ဆိုင်မှုအပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသော စာလိပ်ကို ကြည့်ကာ အနည်းငယ် သက်ပြင်းချလိုက်သည်။
သူက အဆုံးသတ်တွင် ကျန်းချန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခဲ့ချေပြီ။
သို့သော် သူ ပျော်ရွှင်ဖို့ အချိန်မရမီမှာပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်တစ်ခု ဖြစ်ပေါ်လာခဲ့ရာ ရွှယ်ရှင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
သူက ရုတ်တရက် ခေါင်းမော့ကာ လေထုကို လှမ်းကြည့်လိုက်ရာ လေထုထဲတွင် လျင်မြန်စွာ စုစည်းနေသော ဧရာမ စာလိပ်ကို တွေ့လိုက်ရ၏။
“မကောင်းတော့ဘူး... နတ်ဘုရင်အဆင့် ကျင့်စဉ်ရဲ့ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ပါလား”
ရွှယ်ရှင်းက အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
ကျန်းချန်၏ ပထမ သိုင်းစွမ်းအားပုံရိပ် ပင်လျှင် သူ့က အသေအလဲ အစွမ်းကုန် ကာကွယ်ခဲ့ရ၏။
ယခု ထွက်ပေါ်လာသည့် ဒုတိယ သိုင်းစွမ်းအားပုံရိပ်သည် ပထမ သိုင်းစွမ်းအားပုံရိပ်ထက်ပင် အဆပေါင်းများစွာ အစွမ်းထက်ရာ သူက မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။
ဤအချိန်တွင် ရွှယ်ရှင်းသည် ဆက်လက် တိုက်ခိုက်လိုစိတ်ပင် မရှိတော့ပေ။
သူက ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားလိုက်၏။
သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။
ဧရာမစာလိပ်က ကောင်းကင်ကိုပင် ဖိနှိပ်နိုင်သည့် စွမ်းအားကို သယ်ဆောင်ကာ ရွှယ်ရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
“ဝုန်း”
စာလိပ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ရွှယ်ရှင်း၏ နယ်မြေနတ်ဘုရားအဆင့် ရတနာချပ်ဝတ်ပင် ခံနိုင်ရည် မရှိခဲ့ပေ။
ရွှယ်ရှင်း၏ ခန္ဓာကိုယ်က နေရာမှာပင် ပေါက်ကွဲထွက်သွားခဲ့ကာ ရွှေရောင်အရိုးနှင့် သွေးများသည် လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။
“သခင်လေး ရွှယ်ရှင်း.. ဒီလိုပဲ သေသွားပြီလား”
အရှင်ရှောင်ယွဲ့က မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။
သူက သူ့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့၏။
ရွှယ်ရှင်းသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ပါရမီရှင် ဖြစ်သည့်အပြင် ကြယ်တစ်ပွင့်အရှင်လည်း ဖြစ်သည်။
ထျန်းဝူကောင်းကင် နယ်မြေတွင် ရွှယ်ရှင်းနှင့် ယှဥ်ပြိုင်နိုင်သော ပါရမီရှင် အနည်းငယ်သာ ရှိ၏။
ထိုကဲ့သို့ အစွမ်းထက်သော ကြယ်တစ်ပွင့် အရှင်သည် ကောင်းကင်နတ်ဘုရား အဆင့် ကျန်းချန်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ကျန်းချန်သည် ကမ္ဘာ့စွမ်းအား ၈မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်သော်လည်း ဤမျှအထိပင် ကြောက်မက်ဖွယ် အစွမ်းထက်နေပါသလော။
ရှောင်ယွဲ့၏ မျက်နှာက ဖြူဖျော့နေခဲ့၏။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အထောက်အပံ့ဖြင့် ဆိုလျှင် လက်စားချေရန် အခွင့်အရေးကောင်းဟု သူ ထင်ခဲ့သည်။
သို့သော် ကျန်းချန်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။
သူ့ထက် အဆများစွာ ပိုမို အားကောင်းသော ရွှယ်ရှင်းပင် သေဆုံးသွားခဲ့ရ၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ် အစွမ်းထက်သော ကျင့်ကြံသူသည် သူ ယှဥ်တိုက်နိုင်သည့်သူမျိုး မဟုတ်ပေ။
ယခုလို ပြင်းထန်စွာ ဒဏ်ရာရထားသော ခန္ဓာကိုယ်ဖြင့်ဆိုလျှင် ပြောနေစရာပင် မလိုချေ။
အရှင်ရှောင်ယွဲ့က အလွန်တရာ နောင်တရနေခဲ့သည်။
ကျန်းချန်က ဤမျှ အစွမ်းထက်ကြောင်း သိခဲ့လျှင် ရွှယ်ရှင်း၏ လှုံ့ဆော်မှုအောက်တွင် ကုဟွမ်တောင်သို့ လာခဲ့မည်မဟုတ်ပေ။
ယနေ့တွင် သူသာ ဆုံးပါးသွားလျှင် ငွေလ ဝံပုလွေမျိုးနွယ်စုက ပျက်စီးနိုင်ခြေ ရှိနေခဲ့ပြီ ဖြစ်၏။
“တကယ်ကို သန်မာလွန်းတာပဲ”
အရှင်ကျင်းဟော်က ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ပြီး သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအားသည် အရမ်းကို သန်မာလွန်းပြီး သူနှင့် ခွန်အားချင်း အတူတူနီးပါး ရှိသော အရှင်ရှောင်ယွဲ့ပင် ပြန်လည် တိုက်ခိုက်ရန် စွမ်းအား မရှိခဲ့ပေ။
ယခုအခါ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ပါရမီရှင်ဖြစ်သော ရွှယ်ရှင်းပင်လျှင် အသတ်ခံလိုက်ရချေပြီ။
ကျန်းချန်ကို ရင်ဆိုင်ရချိန်တွင် သူ၏ ရွေးချယ်မှုနှင့် ပတ်သက်ပြီး ကျင်းဟော် သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားမိသည်။
ကျန်းချန်နှင့် ရန်သူ ဖြစ်ခဲ့လျှင် ခရမ်းရောင် ကျားမျိုးနွယ်စုကို ဘေးအန္တရာယ် ကျရောက်စေမှာ စိုးရိမ်ရ၏။
လေထုထဲတွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက လေထုတစ်နေရာကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
"ရွှယ်ရှင်း.. မင်း မသေသေးဘူး ဆိုတာ ငါသိတယ်.. မင်း ကိုယ်တိုင် ထွက်လာမလား ဒါမှမဟုတ် ငါ မင်းကို ခေါ်ထုတ်ရမလား"
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် ရွှယ်ရှင်း၏ ပုံရိပ်က လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပါဝင်သော အေးစက်စက် အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ကျန်းချန်.. မင်းက ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးရဲတယ်.. ငါ့ရဲ့ အမုန်းတရားကို ဖြေဖျောက်ဖို့အတွက် မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်”
အခန်း(၁၉၇၀) ပြီး၏