အခန်း (၁၉၆၂)
Vol. 137 Ch. 1962
“ခေါင်းဆောင်ရဲ့ ပုံရိပ်ယောင်က ဒီလိုပဲ ဖျက်ဆီးခံလိုက်ရပြီလား”
ထိုမြင်ကွင်းက ယင်တျန်းဟွေ့၏ မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် မှေးမှိန်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ဖြစ်သော်လည်း သူတို့ ခေါင်းဆောင်လို အလယ်အလတ် အဆင့် နယ်မြေနတ်ဘုရား၏ ပုံရိပ်ယောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းမှာ မဖြစ်နိုင်လောက်သော ကိစ္စ ဖြစ်နေ၍ပင်။
“တျန်းဟွေ့.. ဒီကောင့်ကို ငါတို့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ယင်ပိုင်ကွေ့က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ရင်း သူ၏ ထိတ်လန့် တုန်လှုပ်သော အမူအရာကို ထိန်းချုပ်လိုက်သည်။
ထို့နောက် သူ၏ နံဘေးရှိ ယင်တျန်းဟွေ့ကို လေးနက်စွာ ပြောလိုက်၏။
“ငါ တားထားပေးမယ်.. မင်း အမြန်ဆုံး ထွက်ပြေးတော့”
ကျန်းချန် ပြသခဲ့သော စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့ နှစ်ဦးစလုံး ဘေးကင်းစွာ ထွက်ခွာရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
ထို့ကြောင့် သူက ကျန်းချန်ကို တားဆီးပေးထားပြီး ငွေလ ဝံပုလွေမျိုးနွယ်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော ယင်တျန်းဟွေ့ အတွက် ထွက်ပြေးရန် အခွင့်အရေးကို ဖန်တီးပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က သူ့ကို အစကတည်းက အမည်တပ်ထားပြီးပြီ ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်၏ မျက်လုံးအောက်ကနေ ထွက်ပြေးရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။
ယင်တျန်းဟွေ့ကမူ အနာဂတ်တွင် မြေကြီး အရှင် ဖြစ်လာနိုင်သော မျှော်လင့်ချက် ရှိသည့်အပြင် မျိုးနွယ်စု တစ်ခုလုံး၏ အနာဂတ်ကို ကိုယ်စားပြုနေသူ ဖြစ်သောကြောင့် ယင်ထျန်းဟွေ့၏ အရေးပါမှုသည် အလွန်တရာ ကြီးမားလှ၏။
ထို့ကြောင့် ယင်ပိုင်ကွေ့က ယင်တျန်းဟွေ့ အသက်ရှင်ရန် အတွက် အခွင့်အရေး တစ်ခု ဖန်တီးရန် အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
“တပ်ဖွဲ့ခေါင်းဆောင် ပိုင်ကွေ့.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ယင်တျန်းဟွေ့ကလည်း သူတို့က ကျန်းချန်၏ ပြိုင်ဘက် မဟုတ်မှန်း သိရှိထား၍ နှစ်ဦးစလုံး လွတ်မြောက်ရန်မှာ မဖြစ်နိုင်မှန်း တွက်ဆမိသည်။
ထို့ကြောင့် သူက လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ယင်ပိုင်ကွေ့ကို လေးနက်စွာ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ငွေရောင် အလင်း အဖြစ်သို့ ပြောင်းလဲကာ နောက်သို့ လှည့်မကြည့်တော့ဘဲ အမြန်ဆုံး ထွက်ပြေးခဲ့၏။
တစ်ချိန်တည်းမှာပင် ယင်ပိုင်ကွေက “သေစမ်း” ဟု အော်ဟစ်ကာ သူ၏ စွမ်းအားကို အစွမ်းကုန် တိုးမြှင့်၍ ကျန်းချန်ကို သတ်ရန် ပြေးဝင်လာခဲ့သည်။
“သခင်လေး ကျန်းချန်.. ဒီလူကို ငါနဲ့ လွှဲထားခဲ့ပါ.. ယင်တျန်းဟွေ့ကို မလွတ်စေနဲ့”
ကျင်းဟုန်၏ မျက်ဝန်းများတွင် ရွှေရောင် အလင်းများ တောက်ပလာခဲ့သည်။
သူက ရှေ့သို့ အလျင်စလို ပြေးတက်လာသော ယင်ပိုင်ကွေ့ကို ရင်ဆိုင်လိုက်သည်။
ငွေလ ဝံပုလွေမျိုးနွယ်စုသည် သူတို့၏ ရန်ဘက် မျိုးနွယ်စု ဖြစ်သောကြောင့် ကျင်းဟုန်သည် နှစ်ဦးစလုံးကို အလွှတ်ပေးရန် လုံးဝ ဆန္ဒမရှိခဲ့ပေ။
ကျန်းချန်က ယင်ယဲ့ကို သတ်ပြီး အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်ကိုပါ ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်ရာ သူ့ရှေ့ရှိ လူနှစ်ဦးကို ထပ်မံ သတ်လိုက်လျှင် ငွေလဝံပုလွေ မျိုးနွယ်စုကို ပြင်းထန်သော ထိခိုက်မှု ဖြစ်စေနိုင်၏။
ထိုအချိန်သို့ရောက်လျှင် ငွေလဝံပုလွေ မျိုးနွယ်စုသည် ခရမ်းရောင်ကျား မျိုးနွယ်စုကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
ယနေ့တွင် ကျန်းချန်က ဤနေရာတွင် ရှိနေသည်ဖြစ်ရာ ကျင်းဟုန်သည် အခွင့်အရေးကို မည်ကဲ့သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
ကျန်းချန်ကလည်း ယင်ထျန်းဟွေ့ကို ထွက်ပြေးခွင့် ပြုရန် ရည်ရွယ်ချက် မရှိပေ။
ကျင်းဟုန်က ယင်ပိုင်ကွေ့ကို တားဆီးလိုက်သည်နှင့် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ယင်တျန်းဟွေ့ကို လိုက်ဖမ်းခဲ့သည်။
ယင်တျန်းဟွေ့၏ အမြန်နှုန်းက မြန်ဆန်သော်လည်း ကျန်းချန်၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်နေခဲ့၏။
သူက ခြေသုံးလှမ်း ဆက်တိုက် လှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က ယင်တျန်းဟွေ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ယင်ထျန်းဟွေ့၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက ဧရာမ ငွေရောင် ဝံပုလွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် ခွန်အားကို သယ်ဆောင်ကာ သူ၏ ရှေ့ရှိ ကျန်းချန်ဆီသို့ အလျင်စလို ပြေးဝင်သွားခဲ့သည်။
ကျန်းချန်က အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်ကိုပင် သတ်ဖြတ်နိုင်သူ ဖြစ်သောကြောင့် ယင်တျန်းဟွေ့သည် သူ့ကိုယ်သူ ကျန်းချန်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိသည်။
သူ့အနေဖြင့် အသက်ရှင်လိုလျှင် အမြန်ဆုံး ထွက်ပြေးရပေမည်။
ထို့ကြောင့် ယင်တျန်းဟွေ့က ငွေလ ဝံပုလွေ မျိုးနွယ်စု၏ မူလ ခန္ဓာကိုယ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး သူ့ရှေ့တွင် ပိတ်ဆို့နေသော ကျန်းချန်ကို တရကြမ်း ဝင်တိုက်ကာ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
“သေစမ်း"
သူ့ဆီသို့ ပြေးဝင်လာသော ဧရာမ ဝံပုလွေကို ကျန်းချန်က တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် ရေရွတ်လိုကိသည်။
"ဝုန်း"
ကျန်းချန်က ဆန်းကြယ်သော လက်ဟန်ကို ပြုလုပ်လိုက်ရာ ရွှေရောင် အလင်းသည် နေမင်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်အလင်းသည် လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယ စည်းတံဆိပ် ဖြစ်သည့် ကောင်းကင် ဖွင့်လှစ် စည်းတံဆိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ရှေ့ရှိ ဧရာမ ဝံပုလွေကို သက်ရောက်သွားခဲ့၏။
“ဝူး...
ယင်တျန်းဟွေ့ကနေ အသွင်ပြောင်းလဲထားသော ဝံပုလွေက ရှည်လျားစွာ အူလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ကာ စည်းတံဆိပ်ကို ချိုးဖျက်ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း ကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယ စည်းတံဆိပ်ကို အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ခွန်အားဖြင့် အသုံးပြုခဲ့သည် ဖြစ်ရာ ယင်တျန်းဟွေ့ မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
ထိုတောက်ပသော စည်းတံဆိပ်နှင့် အတူ ဧရာမ ဝံပုလွေ၏ ခန္ဓာကိုယ်သည် မြေပြင်ထဲသို့ အရှိန်ပြင်းစွာ ရိုက်ချခြင်း ခံခဲ့ရသည်။
တောင်များနှင့် မြစ်များက ဗြောင်းဆန်သွားခဲ့ပြီး ကောင်းကင်ပင်လျှင် ပြိုကျသွားတော့မလို ဖြစ်ကာ မြေပြင်ထက်တွင် ပေတစ်ထောင်ကျော် နက်သော ဧရာမ တွင်းနက်ကြီးပင် ပေါ်လာခဲ့သည်။
ထိုဧရာမ တွင်းနက်ကြီးထဲတွင် ယင်တျန်းဟွေ့၏ ပုံရိပ်က မရှိတော့ဘဲ သွေးများသာလျှင် မြေကြီးကို ဆေးဆိုးထားသကဲ့သို့ ကျန်ရှိခဲ့သည်။
ဆိုရလျှင် ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ယင်တျန်းဟွေ့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို လုံးလုံး ကြေမွသွားစေခဲ့၏။
ယင်တျန်းဟွေကို အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် နောက်သို့ လှည့်ကာ တိုက်ပွဲဝင်နေသော ကျင်းဟုန်နှင့် ယင်ပိုင်ကွေ့ တို့ကို လှမ်းကြည့်လိုက်သည်။
သူက လက်ကို အသာမြှောက်၍ လက်ညှိုးထိပ်ကနေ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ဓားစွမ်းအားက အချိန်နှင့် နေရာလွတ်ကို ကျော်ဖြတ်သွားခဲ့ပြီး ယင်ပိုင်ကွေ့ တုံ့ပြန်ရန် အချိန်မရမီမှာပင် ယင်ပိုင်ကွေ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
“ဝုန်း"
ကျယ်လောင်သော အသံကို ကြားလိုက်ရပြီး ယင်ပိုင်ကွေ့၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ပေါက်ကွဲသွားခဲ့သည်။
ယင်ပိုင်ကွေ့တို့ နှစ်ဦးကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သော ကျင်းဟုန်ကို ကြည့်လိုက်သည်။
“သွားကြရအောင်.. အထဲကို သွားကြည့်ကြစို့”
ကျန်းချန်က ချိုင့်ဝှမ်း၏ နက်ရှိုင်းသော နေရာဆီသို့ ဦးတည်၍ သွားခဲ့သည်။
မကြာမီမှာပင် အချင်း မီတာ တစ်ထောင်ခန့် ရှိသော ရေကန်တစ်ခု ပေါ်လာခဲ့သည်။
ရေကန်၏ ရေက ခပ်ညစ်ညစ် ဖြစ်နေပုံ ရသော်လည်း ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့၏။
ကျန်းချန် အံ့အားအသင့်စေဆုံး အရာမှာ ရေကန်၏ အလယ်တွင် ကျွန်းငယ်လေး တစ်ခု ရှိနေခြင်းပင်။
ထိုကျွန်းငယ်လေး ပေါ်တွင် သစ်ပင် တစ်ပင် ရှိပြီး ထိုသစ်ပင်၏ ထိပ်တွင် သွေးနီရောင်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အသီးတစ်လုံး သီးနေခဲ့သည်။
ထိုရေကန်နှင့် မနီးမဝေးတွင် ဆေးဥယျာဉ် တစ်ခုလည်း ရှိနေပြီး ထိုဆေးဥယျာဥ်ကနေ ကြွယ်ဝသော ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်နေခဲ့၏။
ဤသည်မှာ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားခဲ့သော ဆေးဥယျာဉ် ဖြစ်မှန်း ကျန်းချန် စဉ်းစားစရာပင် မလိုအပ်ဘဲ သိခဲ့သည်။
ထိုနေရာတွင် တင်းကျပ်သော ကာကွယ်ရေး အစီအရင်များ ရှိပုံရပြီး သာမန်လူများ ဝင်ရောက်ရန် မလွယ်လောက်ပေ။
ငွေလ ဝံပုလွေ မျိုးနွယ်စု၏ အဖွဲ့ဝင် ဒါဇင်ပေါင်း များစွာသည် တားမြစ် အစီအရင်၏ ပိတ်ဆို့ခံထားရပြီး အပြင်ဘက်တွင်သာ ရှိနေကြသည်။
အစီအရင်တွင် ကျွမ်းကျင်သော ငွေလဝံပုလွေ မျိုးနွယ်စုမှ ကျင့်ကြံသူ နှစ်ယောက်သည် တင်ပျဥ်ခွေ၍ ထိုင်နေကြပြီး တားမြစ် အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားနေကြ၏။
ကျန်းချန်က အေးအေးလူလူပင် ထိုနေရာသို့ လျှောက်လာခဲ့သည်။
“ဘယ်သူလဲ”
ကျန်းချန် တို့ကို သတိထားမိလိုက်သည်နှင့် ငွေလဝံပုလွေ မျိုးနွယ်စုဝင်များ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အစောပိုင်းတွင် တစ်စုံတစ်ဦးက ချိုင့်ဝှမ်းကို တိုက်ခိုက်ခဲ့ပုံရပြီး ယင်ယဲ့က မတော်တဆမှုတစ်ခု ကြုံခဲ့ပုံရသည်။
ထို့ကြောင့် သူတို့၏ ခေါင်းဆောင် ယင်ပိုင်ကွေ့ နှင့် ယင်တျန်းဟွေ့တို့က စုံစမ်းရန် သွားခဲ့ကြ၏။
သို့ရာတွင် ယင်ပိုင်ကွေ့တို့ နှစ်ဦးစလုံး ပြန်ရောက်မလာမီ ကျင်းဟုန်နှင့် လူငယ်တစ်ဦးက ပေါ်လာခဲ့ရာ အစောပိုင်းတွင် ကြောက်မက်ဖွယ် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း သူတို့ ခံစားမိခဲ့သည်။
ထိုတိုက်ပွဲတွင် သူတို့၏ ခေါင်းဆောင် နှစ်ယောက်သည် မတော်တဆ ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ပါသလော။
“သေစမ်း”
ကျင်းဟုန်က ကြုံးဝါးလိုက်သည်။
သူ၏ မျက်လုံးများတွင် ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့၏။
သူက ငွေလ ဝံပုလွေမျိုးနွယ်စုမှ လူများကို တရကြမ်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
သူတို့က ရန်ဘက် မျိုးနွယ်စုများ ဖြစ်ရာ ကျင်းဟုန်သည် ရန်ဘက် မျိုးနွယ်စု၏ ခွန်အားကို အားနည်းစေမည့် ဤအခွင့်အရေးအား လက်လွှတ်ခံမည် မဟုတ်ပေ။
“အခြေအနေ ပြောင်းလဲသွားပြီဟေ့.. အားလုံးပဲ လူစုခွဲပြီး ထွက်ပြေးကြတော့”
သူတို့ကို သတ်ရန် ပြေးဝင်လာသော ကျင်းဟုန်ကို မြင်လိုက်ရလျှင် ငွေလ ဝံပုလွေမျိုးနွယ်စုမှ အဖွဲ့ဝင်များသည် ကြောက်လန့် တုန်လှုပ်သွားကြပြီး ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသည်။
ဤလူနှစ်ဦး ရောက်လာခြင်းသည် ယင်ပိုင်ကွေ့တို့ ကံဆိုးသွားပြီ ဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။
သူတို့ တပ်ဖွဲ့ခေါင်းဆောင်က ငွေလဝံပုလွေ မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား ခြောက်ပါးထဲမှ တစ်ပါး ဖြစ်ပြီး ယင်တျန်းဟွေ့ သည်လည်း နယ်မြေနတ်ဘုရားနှင့် နှိုင်းယှဥ်နိုင်သောသူ ဖြစ်သည်။
ထိုကဲ့သို့သော သူများပင် ဤလူနှစ်ဦးကို မတားဆီးနိုင်ခဲ့လျှင် သူတို့က မည်ကဲ့သို့ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။
လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို အသာထား၊ သူတို့အနေဖြင့် ကျင်းဟုန် တစ်ယောက်တည်းကိုပင် မကိုင်တွယ်နိုင်၍ ထွက်ပြေးရန် တစ်လမ်းသာ ရှိတော့၏။
ငွေလဝံပုလွေ မျိုးနွယ်စုမှ လူများက ကုဟွမ်တောင်ကို စူးစမ်းရန် ဂရုမစိုက်နိုင်တော့ဘဲ ခြေကုန်သုတ်၍ ထွက်ပြေးခဲ့ကြသည်။
သို့သော်လည်း သူတို့က ကောင်းကင် နတ်ဘုရားအဆင့်သာ ဖြစ်ပြီး သူတို့ထဲတွင် အစွမ်းထက်ဆုံးမှာ ကောင်းကင် နတ်ဘုရား ဆဋ္ဌမ အဆင့်သာ ဖြစ်ရာ နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည့် ကျင်းဟုန်၏ ရှေ့တွင် လုံးဝ ကူကယ်ရာမဲ့နေခဲ့၏။
ကျင်းဟုန်က လက်ဟန်တစ်ခု ထုတ်ဖော်လိုက်ရာ ရွှေရောင် အလင်းများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် လီသုံးထောင်ကို လွှမ်းခြုံသွားခဲ့သည်။
ထွက်ပြေးနေသော လူများသည် ချက်ချင်းဆိုသလို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။
ထို့နောက် ကျင်းဟုန်က လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး လီသုံးထောင် ပတ်လည်ကို တိုက်ခတ်သွားခဲ့သည်။
ငွေလဝံပုလွေမျိုးနွယ်စုမှ လူများသည် မျက်စိတစ်မှိတ်အတွင်း အသတ်ခံခဲ့ရပြီး အစအနပင် မကျန်ရှိခဲ့ပေ။
“သခင်လေး ကျန်းချန်.. ဒီနေရာက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ရဲ့ ဆေးဥယျာဉ် ဖြစ်မယ်ထင်တယ်”
ငွေလဝံပုလွေ မျိုးနွယ်စုမှ လူအုပ်စုကို ရှင်းလင်းပြီးနောက်တွင် ကျင်းဟုန်၏ အကြည့်သည် သွေးကန် အလယ်ရှိ အပင်ပေါ်သို့ ကျရောက်သွားသည်။
“ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က အစွမ်းထက် ဆေးပင် အများအပြားကို စိုက်ပျိုးခဲ့တယ်.. ဒီသွေးကန်က ဒဏ္ဍာရီလာ သွေးနတ်ဆိုး နတ်သီးသစ်ကို ပြုစုပျိုးထောင်ဖို့ ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်”
သူ၏ မျက်လုံးများတွင် လောဘ အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
အခန်း(၁၉၆၂) ပြီး၏