အခန်း (၁၉၆၃)
Vol. 137 Ch. 1963
“သွေးနတ်ဆိုး နတ်သစ်သီးလား”
ကျင်းဟုန်ထံမှ သစ်သီး အမည်ကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများထဲ၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူ့ခန္ဓာကိုယ်ထဲတွင် စနစ်တစ်ခု ရှိနေသဖြင့် သတင်းအချက်အလက် များစွာ ရလေ့ရှိသော်လည်း ဤသွေးနတ်ဆိုး နတ်သစ်သီးနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ မရှိသည်ကို ထောက်လျှင် ထိုအသီးက သာမန် မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။
ကျင်းဟုန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ရှင်းပြလိုက်၏။
“ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က နဂါးသွေး ပါဝင်တဲ့ မြေကြီးအရှင် တစ်ပါးကို တစ်ခါက သတ်ခဲ့ဖူးတယ်.. ကျွန်တော် ခန့်မှန်းတာ မမှားရင် သူက ဒီသွေးကန်ကို မြေကြီးအရှင်ရဲ့ အသွေးအသားနဲ့ ဖန်တီးပြီး သွေးနတ်ဆိုး နတ်သစ်သီးကို စိုက်ပျိုးခဲ့တာ ဖြစ်လိမ့်မယ်”
ကျန်းချန်က ထိုစကားများကို ကြားလျှင် စိတ်နှလုံး တုန်လှုပ်သွားခဲ့သည်။
"မြေကြီးအရှင် တစ်ပါးရဲ့ အသွေးအသားနဲ့ သွေးကန်ကို ဖန်တီးပြီး သွေးနတ်ဆိုး နတ်သစ်သီးကို စိုက်ပျိုးခဲ့တယ်လား"
ဤသည်မှာ ကောင်းကင်အရှင် အဆင့်ရှိ ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦးသာ တတ်နိုင်သော အရာ ဖြစ်သည်။
သို့ရာတွင် သွေးနတ်ဆိုး နတ်သစ်သီးကို စိုက်ပျိုးရန် အချိန်များစွာ သုံးစွဲခဲ့ရသော်လည်း ထွက်ခွာသွားသောအခါတွင် အဘယ်ကြောင့် ယူမသွားဘဲ ချန်ထားခဲ့ရသနည်း ဟူသော မေးခွန်းသည် ကျန်းချန်အား အတွေးနက်စေခဲ့၏။
ကျန်းချန် အတွေးနက်နေစဥ် ကျင်းဟုန်က ဆက်လက် ရှင်းပြခဲ့သည်။
“ဒီ သွေးနတ်ဆိုး နတ်သစ်သီးကို စိုက်ပျိုးဖို့ အနည်းဆုံး နယ်မြေနတ်ဘုရား အဆင့် ရုပ်အလောင်း တစ်ခုရဲ့ အဆီအနှစ်နဲ့ သွေးကို အာဟာရအဖြစ် အသုံးပြုဖို့ လိုအပ်တယ်"
ကျန်းချန်က သွေးနတ်ဆိုး နတ်သစ်သီးကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။
"သွေးနတ်ဆိုး နတ်သစ်သီးမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲ”
“ဒီသစ်သီးက အသွေးအသားကို ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်.. ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ အစွမ်းရှိတယ်လို့လည်း ကြားဖူးတယ်.. ဒါ့အပြင် ရုပ်အလောင်းရဲ့ ခွန်အားက စိုက်ပျိုးထားတဲ့ အပင်ရဲ့ အာဟာရနဲ့ ဆက်စပ်နေတယ်.. ရုပ်အလောင်း ပိုမို အစွမ်းထက်လေ အာနိသင်က ပိုမို အစွမ်းထက်လေလေပဲ.. ဒီသစ်သီးကို မြေကြီးအရှင်ရဲ့ ရုပ်အလောင်းက အာဟာရပေးထားတာ ဖြစ်လို့ အာနိသင်က သာမန် မဟုတ်တာတော့ သေချာတယ်”
ထိုစကားကိုပြောနေစဥ် ကျင်းဟုန်၏ မျက်ဝန်းများတွင် လိုချင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူတို့၏ မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေရှိ ကျားမျိုးနွယ်စုများစွာထဲမှ တစ်ခုသာ ဖြစ်ပြီး သူတို့၏ သွေးကို ကျားမျိုးနွယ်စု များစွာထဲတွင် အလယ်အလတ်ဟုသာ သတ်မှတ်နိုင်၏။
သို့သော်လည်း သူသာ ဤ သွေးနတ်ဆိုး နတ်သစ်သီးကို ရရှိနိုင်လျှင် အသွေးအသားကို ပြောင်းလဲနိုင်ပေမည်။
သူ၏ အသွေးအသား ပြောင်းလဲလာသည်နှင့်အမျှ တိုက်ခိုက်ရေး စွမ်းအားက တိုးတက်လာပြီး ပါရမီလည်း ပြောင်းလဲလာမည်ဖြစ်ကာ ပိုမို မြင့်မားသော အဆင့်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့ရာတွင် ဤသစ်သီးသည် သူ၏ အပိုင် မဖြစ်နိုင်ကြောင်း ကျင်းဟုန် နားလည်ခဲ့သည်။
သူ၏ ဘေးတွင် ကျန်းချန် ရှိနေသည့် အပြင် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် မြေကြီးအရှင် တစ်ဦး ရှိနေသေးသည် မဟုတ်ပါလား။
ကျန်းချန်၏ အကူအညီဖြင့်သာ သူတို့က အကျိုးကျေးဇူးများစွာ ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်က သွေးနတ်ဆိုး နတ်သစ်သီးကို ကြည့်ရင်း စိတ်ဝင်စားမှု ရှိလာခဲ့သည်။
ဤအသီးသည် အသွေးအသားကို ပြောင်းလဲနိုင်၍ သူ့အတွက် အသုံးဝင်နိုင်လောက်၏။
ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ရှေးဟောင်းနဂါး သွေးအဆီအနှစ်ကို အားကိုး၍ သူ၏ အသွေးအသားကို အားကောင်းစေပြီး နတ်ခန္ဓာ ပုံရိပ်ကိုလည်း တိုးတက်စေခဲ့သည်။
သူ့ ရှေ့ရှိ အသီးက နဂါးအသွေးအသား ဖြစ်သည့် မြေကြီးအရှင်၏ ရုပ်အလောင်းဖြင့် စိုက်ပျိုးထားသဖြင့် သူသာ ဤအသီးကို ရရှိနိုင်လျှင် သူ၏ အသွေးအသား နှင့် နတ်ခန္ဓာ ပုံရိပ်သည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိနိုင်မည် မဟုတ်ပါလား။
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားပြီး သွေးကန်ဆီသို့ သွားရန်ပြင်လိုက်သည်။
“သခင်လေး ကျန်းချန်.. ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားရစ်ခဲ့တဲ့ တားမြစ် အစီအရင်က သာမန်မဟုတ်ဘူး.. အစီအရင်သခင် ရောက်လာတဲ့အထိ စောင့်လိုက်ရအောင်”
ကျန်းချန်၏ အမူအရာကို မြင်လျှင် ကျင်းဟုန်က သတိလှမ်းပေးလိုက်သည်။
ကျန်းဟုန်က ကျန်းချန်ကို တမင်တကာ တားဆီးချင်၍ မဟုတ်ပေ။
သူက အဆင့်နိမ့် နယ်မြေနတ်ဘုရားမျှသာ ဖြစ်၍ ကျန်းချန်ကို တားဆီးရန်လည်း အရည်အချင်း မရှိချေ။
ကျန်းချန်၏ ခွန်အားဖြင့် ဆိုလျှင် သူတို့ခေါင်းဆောင်သာ တန်းတူ ဆွေးနွေးနိုင်မည် မဟုတ်ပါလား။
ကျင်းဟုန်က မျိုးနွယ်စုထံ လျှို့ဝှက် သတင်းပို့ထားပြီးပြီ ဖြစ်၍ သွေးနတ်ဆိုး နတ်သစ်သီး ပိုင်ဆိုင်မှုကို ဆွေးနွေးရန်မှာ မျိုးနွယ်စု ခေါင်းဆောင် အပေါ်တွင်သာ မူတည်၏။
စင်စစ် သူ တိုက်တွန်းရသည့် အကြောင်းရင်းမှာ တားမြစ် အစီအရင်ကို အတင်းအကျပ် မချိုးဖျက်နိုင်ကြောင်း ခံစားမိသောကြောင့်သာ ဖြစ်သည်။
ဤအစီအရင်သာ ချိုးဖျက်ရန် လွယ်ကူနေလျှင် ငွေလ ဝံပုလွေမျိုးနွယ်စုမှ လူများသည် ဤမျှကြာအောင် အစီအရင်ကို ဖြေရှင်းရမည် မဟုတ်ပေ။
“ရပါတယ်.. ငါ့မှာ ကိုယ်ပိုင် အစီအစဥ် ရှိတယ်”
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး သွေးကန်ဆီသို့ လျှောက်သွားခဲ့သည်။
ကျန်းချန်က အစီအရင် ပညာရပ်ကို အချိန်ပေး၍ လေ့ကျင့်ခြင်း မရှိသော်လည်း အစီအရင်ပညာရပ်တွင် အတော်လေး ပေါက်မြောက်နေပြီ ဖြစ်၏။
ထို့ကြောင့် ဤအစီအရင်က အလွန်တရာ အစွမ်းထက်ပြီး သူ၏ ခွန်အားဖြင့်ပင် အတင်းအကျပ် ချိုးဖျက်ရန် မလွယ်ကူမှန်း မြင်နိုင်ခဲ့သည်။
သို့သော်လည်း တားမြစ် အစီအရင်က သူ၏ သွေးနှင့် ဆက်နွှယ်မှုရှိနေကြောင်း ခံစားမိခဲ့သည်။
ဆိုရလျှင် သူက အစီအရင်ကို လျစ်လျူရှုကာ ဆေးဥယျာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပုံ ရ၏။
ဤအရာနှင့် ပတ်သက်၍ ကျန်းချန်၏ စိတ်ထဲတွင် ခန့်မှန်းချက် အချို့ ရှိခဲ့သည်။
ယင်းမှာ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် ထိပ်တန်း အင်အားစု ဖြစ်သည့် လူသားဧကရာဇ် နန်းတော်မှ ဆင်းသက်လာနိုင်ဖွယ် ရှိပြီး လူသား ဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်သည်လည်း လူသား ဧကရာဇ် နန်းတော်နှင့် ဆက်စပ်မှု ရှိနိုင်ခြင်းပင်။
တားမြစ် အစီအရင်သည် အပြင်လူများ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ထားပြီး လူသား ဧကရာဇ် နန်းတော်၏ သွေးမျိုးဆက်များ ဝင်ရောက်သည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ခြေ အလွန်များ၏။
ကျန်းချန်က သွေးကန်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ဤအချိန်တွင် ကျန်းချန်က ပို၍ သတိထားလာခဲ့သည်။
သူ၏ ပင်ကိုအသိက သူ့ကို မည်သည့် အတားအဆီးမျှ မဖြစ်စေကြောင်း ပြောနေသော်လည်း ကျန်းချန် မပေါ့ဆရဲပေ။
တားမြစ် အစီအရင်က ကောင်းကင်အရှင် ချမှတ်ထားသော အစီအရင် ဖြစ်၍ ရလဒ် ကွဲပြားသွားလျှင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည် မဟုတ်လော။
ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး တားမြစ်နယ်မြေထဲသို့ ခြေတစ်လှမ်းကို ဂရုတစိုက် လှမ်းလိုက်သည်။
အစီအရင်က သူ့ကို မည်သည့် အတားအဆီးမျှ မဖြစ်စေကြောင်း တွေ့ရှိရလျှင် သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
တားမြစ် အစီအရင်က သူ၏ အသွေးအသား နှင့် ဆက်စပ်နေသဖြင့် သူ့ကို မည်သည့် အတားအဆီးမျှ မဖြစ်စေပေ။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ အစီအရင်ကို ဖြတ်ကျော်ကာ အထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းချန် ဝင်ရောက်သွားသည်ကို မြင်လိုက်ရလျှင် ကျင်းဟုန် ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
ဤသည်က ကောင်းကင်အရှင် ချမှတ်ထားသော အစီအရင် ဖြစ်ပြီး ငွေလ ဝံပုလွေမျိုးနွယ်စုမှ အဖွဲ့ဝင်များ အချိန်အတော်ကြာ ဖြေရှင်းနိုင်ခြင်း မရှိသေးသော အစီအရင် ဖြစ်၏။
ကျန်းချန်ကမူ အစီအရင်၏ တည်ရှိမှုကို လျစ်လျူရှုကာ ပန်းခြံထဲတွင် လမ်းလျှောက်သကဲ့သို့ အေးအေးလူလူ ဝင်ရောက်သွားခဲ့သည်။
“အရှင်ကျင်းဟော် ရောက်လာရင် မင်း သူ့ကို ပြောလိုက်ပါ.. ငါ ဒီသွေးနတ်ဆိုး နတ်သစ်သီးကိုပဲ လိုချင်တယ်.. ကျန်တဲ့ အရာအားလုံးက မင်းတို့ မျိုးနွယ်စု အပိုင်ပဲ”
ဆေးဥယျာဉ်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် ကျန်းချန်က ခေါင်းကို လှည့်ကာ ကျင်းဟုန်ကို ပြောလိုက်ပြီး ချက်ချင်းဆိုသလို သွေးကန်၏ အလယ်သို့ အလျင်အမြန်သွားကာ သွေးနတ်ဆိုး နတ်သစ်သီးကို ခူး၍ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
ကျင်းဟုန်က ဤမြင်ကွင်းကို မြင်နေရသော်လည်း မကန့်ကွက်ခဲ့ပေ။
သဘာဝ ရတနာများကို အရည်အချင်း ရှိသူများကသာ ပိုင်ဆိုင်နိုင်ကြသည်။
ကျန်းချန်က နယ်မြေနတ်ဘုရားနှင့်ပင် နှိုင်းယှဥ်နိုင်သူ ဖြစ်ပြီး ဆေးဥယျာဉ်ထဲကို ပထမဆုံး ဝင်ရောက်နိုင်သူ ဖြစ်ရာ သွေးနတ်ဆိုး နတ်သစ်သီးကို ယူလိုခြင်းသည် ကျိုးကြောင်းဆီလျော်ပေသည်။
ကျင်းဟုန်က ကျန်းချန်၏ အဆိုကို အရှင်ကျင်းဟော် သဘောတူလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
ကျန်းချန်၏ တည်ရှိမှုဖြင့် ဆိုလျှင် သူတို့ စော်ကားရန် မဝံ့ရဲပေ။
သို့မဟုတ်ဘဲ ကျန်းချန်သာ ငွေလ ဝံပုလွေ မျိုးနွယ်စုကို ကူညီခဲ့လျှင် သူတို့ မျိုးနွယ်စု၏ ကံကြမ္မာသည် ဆိုးရွားသွားလိမ့်မည် မဟုတ်ပါလား။
သွေးနတ်ဆိုး နတ်သီးကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်သည် သွေးကန်ကို ဖြတ်ကျော်ကာ ဆေးဥယျာဉ်၏ နက်ရှိုင်းသော နေရာကို စူးစမ်းခဲ့သည်။
မကြာမီတွင် သူက အလွန် ရှေးကျပုံရသော ရွှေရောင် ခန်းမတစ်ခုကို တွေ့ရှိခဲ့၏။
“ဒီနေရာက ဆေးဥယျာဉ်တင် မကဘဲ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် လေ့ကျင့်တဲ့ နေရာလည်း ဖြစ်ပုံရတယ်.. ဒီခန်းမကလည်း ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားခဲ့တာ ဖြစ်နိုင်တယ်”
ကျန်းချန်က ခန်းမကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ခန်းမကို ဂရုတစိုက် အကဲခတ် ကြည့်ရှုပြီးနောက်တွင် အန္တရာယ်မရှိကြောင်း သေချာသည်နှင့် ကျန်းချန်က တံခါးကို ဖွင့်၍ အတွင်းသို့ လျှောက်ဝင်သွားခဲ့သည်။
ခန်းမ အတွင်းရှိ နေရာက သိပ်မကျယ်ဘဲ အရွယ်အစားက မီတာ တစ်ရာသာ ရှိ၏။
အပျက်အစီးများမှ လွဲ၍ ကျောက်စင်မြင့် တစ်ခုသာ ရှိပြီး ၎င်းပေါ်တွင် ကျောက်စိမ်း စာအုပ် တစ်အုပ်နှင့် တံဆိပ် တစ်ခုကို တင်ထား၏။
“ဒါက လူသား ဧကရာဇ် စည်းတံဆိပ်လား”
ကျန်းချန်က တံဆိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
လေးထောင့် စည်းတံဆိပ်က သူ၏ လူသား ဧကရာဇ် စည်းတံဆိပ်မှ စုစည်းထားသော စည်းတံဆိပ်နှင့် ဆင်တူနေ၏။
ရွှယ်လင်တိုက်မှ လူသားမျိုးနွယ်စုသည် အဆင့်နိမ့် နယ်မြေမှ အင်အားစု တစ်ခုမျှသာ ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ လူသား ဧကရာဇ်နန်းတော်သည် နတ်ဘုရင်အဆင့် အင်အားစု တစ်ခု ဖြစ်သည်။
အင်အားစု နှစ်ခုကြားတွင် ကြီးမားသော ကွာခြားချက်ရှိသော်လည်း ကျန်းချန်သည် ဤမျှ နီးကပ်သော ဆက်နွှယ်မှု ရှိလိမ့်မည်ဟု မယုံနိုင်ခဲ့ပေ။
ကျန်းချန်က ထိတ်လန့် တုန်လှုပ်မှုကို ထိန်းချုပ်ကာ ဖြည်းညင်းစွာ ရှေ့သို့ လျှောက်လာခဲ့ပြီး ကျောက်စိမ်း စာအုပ်ကို ကောက်ယူလိုက်သည်။
ကျောက်စိမ်း စာအုပ်ကို ကိုင်လိုက်သည်နှင့် ကျောက်စိမ်းစာအုပ်က တစ်စုံတစ်ခုကို ခံစား သိရှိသွားပုံရပြီး ခပ်ရေးရေး ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“အဖေ.. အဖေလား”
ကျန်းချန်က ပုံရိပ်ကို မှုန်မှိုင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာခဲ့သည်။
သူ၏ ရှေ့ရှိ ပုံရိပ်သည် သူ ရှာဖွေနေခဲ့သော သူ့ဖခင် ကျန်းဝူရ ဖြစ်သည်။
သူက ဤနေရာနှင့် သူ့ဖခင် ဆက်စပ်မှု ရှိလိမ့်မည်ဟု တွေးခဲ့သော်လည်း ကျန်းဝူရ၏ ပုံရိပ်ကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထိတ်လန့်ဖွယ် မြင်ကွင်းမှ မသက်သာသေးမီ ပုံရိပ်ထံမှ နောက်ထပ် ထွက်ပေါ်လာသော စကားလုံးများသည် ကျန်းချန်ကို ချက်ချင်းဆိုသလို ဆွံ့အသွားစေခဲ့၏။
“ငါက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ပဲ.. ဘယ်သူမဆို ဒီနေရာကို ဝင်နိုင်ပြီး ဒီနတ်ဘုရားရဲ့ ကျောက်စိမ်း စာအုပ်ကို ဖွင့်နိုင်ရင် ငါတို့ ကျန်းမျိုးနွယ်စုက ဆင်းသက်လာသူပဲ ဖြစ်ရမယ်”
အခန်း(၁၉၆၃) ပြီး၏