အခန်း (၁၉၆၄)
Vol. 137 Ch. 1964
“ငါက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ပဲ.. ဘယ်သူမဆို ဒီနေရာကို ဝင်နိုင်ပြီး ဒီနတ်ဘုရားရဲ့ ကျောက်စိမ်း စာအုပ်ကို ဖွင့်နိုင်ရင် ငါတို့ ကျန်းမျိုးနွယ်စုက ဆင်းသက်လာသူပဲ ဖြစ်ရမယ်”
ဤစကားသံက နန်းတော်အတွင်း ပဲ့တင်ထပ်လာချိန်တွင် ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ မျက်ဝန်းများတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ အထင်းသား ရှိနေခဲ့သည်။
"ဒါက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်လား"
သူ၏ ရှေ့ရှိ ပုံရိပ်သည် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် အမှန်ပင် ဖြစ်သော်လည်း ထိုပုံရိပ်သည် သူ၏ ဖခင် ကျန်းဝူရ ဖြစ်နေသည်မှာ ထင်ရှား၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းချန်က သူ၏ ဖခင်ကို အချိန်အတော်ကြာ မတွေ့ခဲ့ရသော်လည်း သူ၏ မှတ်ဉာဏ်ထဲတွင် ဖခင်၏ ပုံရိပ်က နက်ရှိုင်းစွာ စွဲထင်နေဆဲ ဖြစ်သည်။
ဤ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် သူ၏ ဖခင် ကျန်းဝူရ ဖြစ်နိုင်ပါသလော။
သူ၏ ဖခင်က နတ်ဘုရားနယ်မြေသို့ တက်လှမ်းခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ်သာ ရှိသေးသဖြင့် ဤမျှ ကာလအတွင်း ကောင်းကင်အရှင် အဆင့် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ထို့ပြင် ကျင်းဟုန်၏ ရှင်းပြချက်အရ ဤရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် နှစ်ထောင်ချီ နေထိုင်ခဲ့သူ ဖြစ်သည်။
သို့ဆိုလျှင် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် သူ့ဖခင် ကျန်းဝူရ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က သူ့ ဖခင် ကျန်းဝူရ မဟုတ်လျှင် အဘယ်ကြောင့် ဤမျှ ဆင်တူနေရပါသနည်း။
သူတို့ နှစ်ဦးကြားတွင် မည်ကဲ့သို့သော ပတ်သက်မှု ရှိနေပါသနည်း။
ကျန်းချန်က သူ၏ ဖခင်နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိသေးမှန်း နားလည်လာခဲ့သည်။
ပထမတွင် သူ၏ ဖခင်သည် မျိုးနွယ်စုငယ်လေး ဖြစ်သည့် ကျန်းမျိုးနွယ်စု၏ ခေါင်းဆောင်မျှသာ ဖြစ်သည်။
နောက်ပိုင်းတွင်မူ သူ၏ ဖခင်သည် ရွှယ်လင်တိုက်ကြီး၏ လူသား ဧကရာဇ် ဖြစ်ကြောင်း သိရှိခဲ့၏။
ယခု နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာသောအခါ သူ၏ ဖခင်သည် လူသား ဧကရာဇ် နန်းတော်နှင့် အမှန်တကယ် ပတ်သက်နေကြောင်း သိရှိခဲ့ပြန်သည်။
"ကျောက်စိမ်း စာအုပ်ကို ဖွင့်နိုင်ရင် ငါတို့ ကျန်းမျိုးနွယ်စုက ဆင်းသက်လာသူပဲ ဖြစ်ရမယ်” ဟူသော စကားအရ သူနှင့် သူ့ဖခင်က ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ဆိုလိုသော ကျန်းမျိုးနွယ်စုမှ ဆင်းသက်လာသူများ ဖြစ်နိုင်ပါသလော။
ကျန်းချန် မရေမရာ ဖြစ်နေစဉ်တွင် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်၏ စကားသံက ဆက်လက် ပဲ့တင်ထပ်လာခဲ့သည်။
“ရှေးကာလက ကပ်ဘေး ဖြစ်ပွားပြီးနောက်မှာ နတ်ဘုရားနယ်မြေက ဟင်းလင်းပြင်နဲ့ ဖုန်မှုန့်တွေ အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်.. ဆယ်ဘီလျံနီးပါး နှစ်တွေ ကုန်လွန်သွားပြီးနောက်မှာ နတ်ဘုရားနယ်မြေက သေရေးရှင်ရေး အချိန်ကို ရောက်ရှိလာခဲ့ပြီ.. လူသား ဧကရာဇ် နန်းတော်က ဒီကိစ္စကို ဖြေရှင်းဖို့ အမြဲတမ်း နည်းလမ်း ရှာဖွေနေခဲ့တယ်.. သင်က ကျောက်စိမ်း စာအုပ်ကို ဖွင့်နိုင်ရင် ဒီကပ်ဘေးကနေ ကယ်တင်နိုင်လိမ့်မယ်.. လူသား ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုပြီး လူသား ဧကရာဇ် နန်းတော်ကို အလျင်အမြန် ပြန်သွားနိုင်မယ်”
ထိုစကားကို ပြောပြီးနောက် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။
ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်၏ စကားများသည် သတင်းအချက်အလက် များစွာကို ဖော်ထုတ်ပေးခဲ့သည်။
ရှေးခေတ်ကာလတွင် နတ်ဘုရားနယ်မြေ ပျက်စီးသွားခဲ့ရခြင်းသည် ကပ်ဘေး တစ်ခုကြောင့် ဖြစ်သည်။
သို့ရာတွင် ထိုကပ်ဘေး အန္တရာယ်က မပြီးဆုံးသေးဘဲ မကြာမီ ထပ်မံ ရောက်ရှိလာတော့မည် ဖြစ်ပြီး နီးကပ်လာသော ကပ်ဘေးကို ရင်ဆိုင်ရန် လူသား ဧကရာဇ် နန်းတော်သည် အစီအစဉ်များ ပြုလုပ်ခဲ့ပုံ ရ၏။
ဆိုရလျှင် လူသားဧကရာဇ် နန်းတော်သည် ထိုအစီအစဉ်များ၏ နောက်ကွယ်တွင် ရှိနေနိုင်ခြေ အလွန်များသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဘေးဘက်ရှိ လူသားဧကရာဇ် စည်းတံဆိပ်ကို အိတ်ထဲသို့ ထည့်လိုက်သည်။
ယခု သူက လူသား ဧကရာဇ် နန်းတော်သို့ သွားရောက်ကာ ရှာဖွေရန်သာ ရှိတော့သည်။
ထို့နောက် ကျန်းချန်က ခန်းမ ပတ်ပတ်လည်ကို ဆက်လက် ကြည့်ရှုခဲ့သည်။
ခန်းမ ပတ်လည်တွင် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားခဲ့သော ပစ္စည်းအချို့ ရှိနေသေးပြီး ၎င်းတို့ထဲတွင် ရတနာအချို့ ပါဝင်သော်လည်း ကျန်းချန်သည် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ဖြစ်ကာ မဟာနဂါး နန်းတော်မှ အမွေအနှစ်ကို ရရှိထားသူ ဖြစ်သဖြင့် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားခဲ့သော ပစ္စည်းအချို့သည် သူ့အတွက် မျက်စိကျစရာ မရှိပေ။
ကျန်းချန်က ခန်းမ အလယ်ရှိ ကျောက်စင်မြင့်ပေါ်တွင် ထိုင်လိုက်သည်။
သူက ဤနေရာမှ ချက်ချင်း ထွက်ခွာရန် စီစဉ်ထားခြင်း မရှိပေ။
သူက ဤနေရာတွင် သွေးနတ်ဆိုး နတ်သစ်သီးကို မျိုချကာ သူ၏ ခွန်အားကို တိုးတက်အောင် လုပ်ရန် စီစဉ်ထားခဲ့သည်။
ကျင်းဟုန်က အခြေအနေကို မျိုးနွယ်စုထံ ပြန်လည် သတင်းပို့ပြီးပြီး ဖြစ်၍ ခရမ်းရောင်ကျား မျိုးနွယ်စု၏ မြေကြီးအရှင်ကျင်းဟော်သည် မကြာမီ ရောက်ရှိလာပေတော့မည်။
ထိုအချိန်တွင် အရှင်ကျင်းဟော်က သွေးနတ်ဆိုးနတ်သစ်သီး၏ သွေးဆောင်မှုကို မခံနိုင်လျှင် ခရမ်းရောင်ကျား မျိုးနွယ်စုသည် သူ၏ ရန်သူ ဖြစ်လာနိုင်၏။
သို့သော် ခရမ်းရောင်ကျား မျိုးနွယ်စုက တားမြစ် အစီအရင်ကို တခဏအတွင်း ချိုးဖျက်နိုင်မည် မဟုတ်၍ ထိုအချိန်အတွင်း ကျင့်ကြံနေခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ သွေးနတ်ဆိုး နတ်သစ်သီးကို ထုတ်ကာ မျိုချလိုက်သည်။
“ဒင်.. သင်က သွေးနတ်ဆိုး နတ်သစ်သီးကို မျိုချပြီး သင့်ရဲ့ အသွေးအသားက အဆတစ်ရာ အားကောင်းလာခဲ့ပါပြီ”
“ဒင်.. သင်က သွေးနတ်ဆိုး နတ်သစ်သီးကို မျိုချပြီး နတ်ခန္ဓာ ပုံရိပ် အတွေ့အကြုံရမှတ် 100,000,000ကို အဆတစ်ရာ ရရှိပါတယ်”
စနစ်ထံမှ သတိပေးချက် နှစ်ခုကို ကြားလိုက်ရလျှင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်က များစွာ အားကောင်းလာသည်ကို ခံစားခဲ့ရသည်။
သူက စွမ်းအားဖြစ်စေ၊ ကာကွယ်ရေးဖြစ်စေ အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ချေပြီ။
လက်ရှိတွင် သူ၏ ခန္ဓာကိုယ် ခွန်အား သက်သက်ဖြင့်ပင် သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရားကို သတ်ရန် လုံလောက်၏။
ထိုမျှသာမက ကျန်းချန်၏ နတ်ခန္ဓာ ပုံရိပ်သည်လည်း အတွေ့အကြုံ များစွာ ရရှိခဲ့သည်။
ယခုအခါ အဆတစ်ရာ အတွေ့အကြုံဖြင့် များစွာ တိုးတက်လာခဲ့ပြီး အထွတ်အထိပ် အဆင့် နှင့် မဝေးတော့ပေ။
ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် အထွတ်အထိပ်ကောင်းကင် နတ်ဘုရားအဆင့်တွင် ရှိနေသေးသော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအားကမူ များစွာ မြင့်မားနေခဲ့ချေပြီ။
သွေးနတ်ဆိုး နတ်သစ်သီးကို မျိုချပြီးနောက်တွင် ကျန်းချန်သည် ထွက်ခွာရန် အလျင်မလိုခဲ့ဘဲ အချိန်လမ်းစဥ်၏ မူလစွမ်းအားကို တိုးတက်စေနိုင်သော ဆေးလုံးအချို့အား သန့်စင်ရန် ပြင်ဆင်ခဲ့သည်။
လက်ရှိတွင် ကျန်းချန်က ကမ္ဘာ့စွမ်အား ၈မျိုးကို ပိုင်ဆိုင်ထားပြီး အချိန်လမ်းစဥ်၏ မူလစွမ်းအားကလည်း ၅၀%သို့ ရောက်နေပြီ ဖြစ်၏။
အချိန်လမ်းစဥ်၏ မူလစွမ်းအားသာ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားလျှင် သူက လမ်းစဥ် ကိုးသွယ်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး အထွတ်အထိပ်ကောင်းကင် နတ်ဘုရား အဆင့် အထက်မှ သူတော်စင်ကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်မည် မဟုတ်ပါလား။
ယင်းက ကောင်းကင်အရှင်များ နှင့် နှိုင်းယှဥ်နိုင်ပြီး နတ်ဘုရင်အဆင့် အောက်တွင် ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်၏။
သူတော်စင်ကောင်းကင် နတ်ဘုရားအဆင့်သည် ကောင်းကင် နတ်ဘုရား အဆင့်၏ အဆုံးစွန်သော အဆင့်လည်း ဖြစ်သည်။
ရှေးခေတ်ကာလတွင်ပင် လမ်းစဥ် ကိုးသွယ်၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော သူတော်စင် ကောင်းကင် နတ်ဘုရားသည် ကောင်းကင်နတ်ဘုရား အဆင့်၏ အစွမ်းအထက်ဆုံး အဆင့် ဖြစ်၏။
ရှေးခေတ်ကာလမှ ယနေ့အထိ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော တည်ရှိမှု မရှိခဲ့ပေ။
“ငါ အချိန်လမ်းစဥ်ရဲ့ မူလစွမ်းအားကို တိုးတက်ဖို့ အာရုံစိုက်မယ်.. ပြီးရင် လမ်းစဥ် ကိုးသွယ်ရဲ့ စွမ်းအားကို ပိုင်ဆိုင်တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်မယ်”
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်အရှင်ကို ရင်ဆိုင်နိုင်သော အဆင့် ဖြစ်သည်။
ထိုအဆင့်ကိုသာ ထိုးဖောက်နိုင်လျှင် နတ်ဘုရင် အဆင့် အစွမ်းထက် ကျင့်ကြံသူ မဟုတ်သရွေ့ သူ့ကို ခြိမ်းခြောက်နိုင်သူ အနည်းငယ်သာ ရှိပေတော့မည်။
ကျန်းချန်က ဆုံးဖြတ်ချက် ချပြီးနောက်တွင် တွန့်ဆုတ်မနေတော့ဘဲ အချိန်လမ်းစဥ်၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးအား စတင် သန့်စင်ခဲ့သည်။
အချိန်လမ်းစဥ်ကို ကျင့်ကြံရန် အထောက်အပံ့ ပေးနိုင်သော ရတနာများ ရှားပါးသော်လည်း ကျန်းချန်သည် မဟာ နဂါး နန်းတော်ကို ထိန်းချုပ်ထားသဖြင့် များပြားသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားခဲ့သည်။
ဤအရင်းအမြစ်များထဲတွင် အချိန်လမ်းစဥ်ကို အထောက်အကူ ပြုနိုင်သည့် ဆေးဝါးပစ္စည်း များပြားစွာ မရှိသော်လည်း ကျန်းချန်ကို အချိန်လမ်းစဥ်၏ ပြီးပြည့်စုံသော အဆင့်ထိ အထောက်အပံ့ပေးရန်မူ လုံလောက်၏။
ကျန်းချန် ဆေးလုံးကို သန့်စင်နေချိန်တွင် ဆေးဥယျာဉ် အပြင်ဘက်မှ ကျင်းဟုန်သည် မျိုးနွယ်စုမှ အစီအရင်သခင်ကို ဆင့်ခေါ်၍ အတားအဆီးကို ချိုးဖျက်ရန် စတင်ခဲ့သည်။
“ဆရာဖူ.. ဘယ်လိုလဲ.. အစီအရင်ကို ချိုးဖျက်နိုင်ပါ့မလား”
ကျင်းဟုန်က အစီအရင်သခင်ကို မေးမြန်းခဲ့သည်။
ဤနေရာသည် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ဖန်တီးခဲ့သော ဆေးဥယျာဉ် ဖြစ်သဖြင့် အခွင့်အလမ်း များစွာ ရှိ၏။
ကျန်းချန် ယူသွားသော သွေးနတ်ဆိုး နတ်သစ်သီး အပြင် အခြား အခွင့်အလမ်း များစွာလည်း ရှိ၍ ကျန်းချန်က အခွင့်အလမ်း အားလုံး သိမ်းပိုက်သွားမည်ကို စိုးရိမ်နေမိသည်။
“တပ်ဖွဲ့ခေါင်းဆောင်ကျင်း...ဒီဆေးဥယျာဉ်ရဲ့ အစီအရင် ချို့ယွင်းချက်ကို ငါ ရှာတွေ့ထားပါပြီ.. ဒါပေမယ့် ဒါက ကောင်းကင်အရှင် ချန်ထားခဲ့တာ ဆိုတော့ ချိုးဖျက်ဖို့ မလွယ်ဘူး.. ငါ့ရဲ့ ပညာရပ်နဲ့ ဆိုရင် အနည်းဆုံး နှစ်ဝက်လောက် အချိန်ယူရလိမ့်မယ်”
အစီအရင်သခင်က အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျင်းဟုန် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ငွေလ ဝံပုလွေ မျိုးနွယ်စုက ဆုံးရှုံးမှုများစွာ ခံစားခဲ့ရ၍ လွယ်လွယ် လက်လွှတ်ခံမည် မဟုတ်ဘဲ မကြာမီ ပြန်လာနိုင်ခြေ ရှိသည်။
သူတို့က ဤနေရာ၏ အခွင့်အလမ်းကို ရယူလိုသော်လည်း ကျန်းချန်သည် အတွင်း၌ အချိန်အတော်ကြာ ရှိနေပြီ ဖြစ်သည်။
အစီအရင်ကို ချိုးဖျက်ရန် တစ်နှစ် သို့မဟုတ် နှစ်ဝက်ခန့်သာ အချိန်ယူရလျှင် နောက်ကျသွားပေလိမ့်မည်။
ကျင်းဟုန်က ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပြီးနောက် အရှင်ကျင်းဟော်ကို အကြောင်းကြားကာ အရှင်ကျင်းဟော် အလာကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဤကဲ့သို့ စောင့်ဆိုင်းနေရင်း လဝက်ခန့် ကုန်ဆုံးသွားသောအခါ မြေကြီးအရှင် ကျင်းဟော်သည် မာနကြီးသော မျက်နှာထားရှိသည့် အမျိုးသား တစ်ဦးနှင့် အတူ ရောက်ရှိလာခဲ့သည်။
“ခေါင်းဆောင်”
အရှင်ကျင်းဟော် ရောက်ရှိလာသည်ကို မြင်လိုက်သည်နှင့် ကျင်းဟုန်နှင့် အဖွဲ့ဝင်များက ဦးညွှတ်လိုက်ကြသည်။
အရှင်ကျင်းဟော်က လက်ကို ဝှေ့ယမ်းကာ ဆေးဥယျာဉ်ကို ကြည့်၍ ခပ်အေးအေး မေးလိုက်သည်။
“ကျင်းဟုန်.. ဒါက ဆေးဥယျာဉ်လား”
“ဟုတ်ပါတယ် ခေါင်းဆောင်”
ကျင်းဟုန်က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“သွေးကန်ရဲ့ အလယ်မှာ သွေးနတ်ဆိုး နတ်သစ်သီးလည်း ရှိပေမယ့် ကျန်းချန် ယူသွားခဲ့ပြီ”
ထိုစကားကိုကြားလျှင် အရှင်ကျင်းဟော်က မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီ အစီအရင်က အရမ်း အစွမ်းထက်တယ်.. ငါ့ရဲ့ ခွန်အားနဲ့တောင် ဝင်ဖို့ မဖြစ်နိုင်ဘူး.. ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဝင်သွားတာလဲ”
“ကျွန်တော်လည်း မသိပါဘူး”
ကျင်းဟုန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“သူက အစီအရင်ကို လုံးဝ လျစ်လျူရှုပြီး ဝင်ရောက်သွားတာကို ကျွန်တော် မြင်လိုက်ရတယ်”
အခန်း(၁၉၆၄) ပြီး၏