အခန်း (၁၉၆၅)
Vol. 137 Ch. 1965
“တားမြစ် အစီအရင်ကို လျစ်လျူရှုနိုင်တယ်လား.. ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အရှင်ကျင်းဟော်၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်သော်လည်း ကောင်းကင်အရှင် တစ်ပါး ဖန်တီးထားသော အစီအရင်ကို လျစ်လျူရှုနိုင်ခြင်းမှာ လုံးဝ မဖြစ်နိုင်ဟု သူယူဆသည်။
ထိုခဏတွင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ရုတ်တရက်ပြောလိုက်သည်။
“ဒီနေရာက တားမြစ် အစီအရင်ထဲမှာ သာမန် မဟုတ်တဲ့ သွေးစွမ်းအား တစ်ခု ပါဝင်နေတယ်.. ငါ့ ခန့်မှန်းချက်သာ မမှားရင် ဒီသွေးစွမ်းအားနဲ့ ဆက်နွှယ် ပတ်သက်သူတိုင်း အစီအရင်ထဲ ဝင်နိုင်မယ် ထင်တယ်”
ထိုစကားကြောင့် အရှင်ကျင်းဟော်နှင့် အခြားသူများက စိတ်ထဲတွင် အတွေးများ နက်သွားခဲ့ကြသည်။
[ဒါဆို ကျန်းချန်က ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ရဲ့ အဆက်အနွှယ်များ ဖြစ်နေတာလား]
အရှင်ကျင်းဟော်၏ မျက်လုံးများက တလက်လက် ဖြစ်သွားခဲ့ပြီး လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ပြောလိုက်သည်။
“ညီနောင် လျိုဟယ်.. ဒီအစီအရင်ကို ဘယ်လို ချိုးဖျက်ရမလဲ သိလား”
သူတို့ မျိုးနွယ်စုက ငွေလ ဝံပုလွေ မျိုးနွယ်စုနှင့် နှစ်၂၀ကြာ တိုက်ခိုက်ခဲ့ရသဖြင့် အကျိုးကျေးဇူး အားလုံးကို ကျန်းချန် ယူသွားရန် လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
“စိတ်မပူပါနဲ့.. ဒီအစီအရင်လောက်က ငါ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး.. တစ်ရက်အတွင်း ဒီအစီအရင်ကို ငါလုံးဝ ချိုးဖျက်နိုင်တယ်”
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။
သူက ရှေ့သို့ လျှောက်လာကာ အစီအရင်ကို စတင် ချိုးဖျက်ခဲ့သည်။
အရှင်ကျင်းဟော် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ကျင်းဟုန် အကြောင်းကြားချိန်မှ စ၍ သူက အရှင်လျိုဟယ်ကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
အရှင်လျိုဟယ်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နယ်မြေနတ်ဘုရား ကိုးပါး ထဲမှ တစ်ပါး ဖြစ်ပြီး အစီအရင်ပညာရပ်တွင် ထူးချွန်သော အောင်မြင်မှုများကို ရရှိထားသူလည်း ဖြစ်သည်။
အရှင်ကျင်းဟော်က အကူအညီ အတွက် အရှင်လျိုဟယ်ကို ချက်ချင်း ဆက်သွယ်ခဲ့ခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှု ဖြစ်ပုံရ၏။
အဘယ်ကြောင့်ဆိုသော် အရှင်လျိုဟယ်က တစ်ရက်အတွင်း ချိုးဖျက်ပေးနိုင်ခြင်းကြောင့်ပင်။
အရှင်လျိုဟယ်က လက်ဟန် များကို ဆက်တိုက် ပြောင်းလဲကာ သူ့ရှေ့ရှိ အစီအရင်ကို ဖြိုခွဲခဲ့၏။
အရှင်လျိုဟယ်က အစီအရင် အတားအဆီးများကို ချိုးဖျက်ရာတွင် ထူးခြားသော အောင်မြင်မှုများ ရရှိထားသဖြင့် အစီအရင်၏ စွမ်းအားသည် တစ်စထက်တစ်စ အားနည်းလာခဲ့သည်။
ဆယ်နာရီပင် မပြည့်သေးသည့် အချိန်အတွင်း တားမြစ် အစီအရင်သည် အရှင်လျိုဟယ်၏ ချိုးဖျက်မှုအောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အရှင်လျှိုဟယ်က အစီအရင်ကို ချိုးဖျက်နိုင်ခဲ့ပြီးနောက်
"အစီအရင်ကို ငါလုံးဝ ချိုးဖျက်လိုက်ပြီ.. အထဲကို ဝင်လို့ရပြီ” ဟု ပြောလိုက်သည်။
"ညီနောင် လျိုဟယ်က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ကောင်းကင်အရှင် တစ်ပါး ချန်ထားရစ်ခဲ့တဲ့ အစီအရင်ကိုတောင် အလွယ်တကူ ချိုးဖျက်နိုင်တာပဲ"
“ကောင်းကင်အရှင်က အစွမ်းကုန် ဖန်တီးထားတဲ့ တားမြစ်အစီအရင် ဆိုရင် ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး.. ဒီအစီအရင်အတွက် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က အစွမ်းကုန် မထုတ်သုံးခဲ့ဘူး.. ဒါကြောင့် ချိုးဖျက်ဖို့ လွယ်ကူသွားတာပါ”
အရှင်လျိုဟယ်က ခပ်အေးအေး ရှင်းပြလိုက်သည်။
ယင်းနောက်တွင် သူ၏ အကြည့်က သွေးကန်ပေါ်သို့ ကျရောက်သွားပြီး လေးနက်စွာ မေးလိုက်သည်။
“ဒီသွေးကန်ထဲက သွေးနတ်ဆိုး နတ်သစ်သီးကို ယူပြီးသွားပြီလား”
"ဟုတ်ပါတယ်"
အရှင်ကျင်းဟော်က အံ့အားသင့်သွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
အရှင်လျိုဟယ်၏ မျက်ဝန်းများက တလက်လက် ဖြစ်သွားခဲ့ပြီး အရှင်ကျင်းဟော်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီသွေးနတ်ဆိုး နတ်သစ်သီးက ငါ့အတွက် အရမ်း အသုံးဝင်တယ်.. ပြန်ရအောင် ကူညီပေးနိုင်မလား”
“ဒါက..”
အရှင်ကျင်းဟော် တုံ့ဆိုင်းသွားခဲ့သည်။
သူကလည်း သွေးနတ်ဆိုးနတ်သစ်သီး ကဲ့သို့ ရှားပါးသော သစ်သီးကို လိုချင်ခဲ့သည်။
သူသာ ရရှိနိုင်မည် ဆိုလျှင် သူ၏ ပါရမီနှင့် သွေးစွမ်းအားကို တိုးတက်စေနိုင်ပြီး ကောင်းကင်အရှင်ကို တိုက်ခိုက်ရန်ပင် အရည်အချင်းများ ရှိလာလိမ့်မည် ဖြစ်သည်။
သူက သစ်သီးကို ပြန်လည် ရယူရန် အဆက်မပြတ် တွေးတောနေခဲ့သော်လည်း ကျန်းချန်၏ ခွန်အားကြောင့်သာ တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။
သူ လုံးဝ မတွေးခဲ့မိသည်မှာ ယခု အရှင်လျိုဟယ်ကပါ ထိုသစ်သီးကို ရယူရန် ကြံရွယ်နေခြင်းပင်။
“ကျင်းဟော် မင်းမကူညီချင်လို့လား”
အရှင်လျိုဟယ်က မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။
"ငါက အစီအရင်ကို ချိုးဖျက်ဖို့ ကူညီတယ်.. မင်းက သွေးနတ်ဆိုး နတ်သစ်သီးကို ပြန်ရအောင် ကူညီပေးရုံပဲလေ.. ဒါက ဘာများ ခက်ခဲနေလို့လဲ”
အရှင်ကျင်းဟော်က သူ့ထက် အစွမ်းထက်သော်လည်း အရှင်လျိုဟယ်က လုံးဝ မကြောက်ရွံ့ပေ။
အကြောင်းရင်းမှာ သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ပြီး သူ၏ အဆင့်အတန်းသည် ဂိုဏ်းထဲတွင် မနိမ့်ကျသောကြောင့်ပင်။
“ညီနောင် လျိုဟယ်.. ဘာလို့ ဒေါသထွက်ရတာလဲ.. ညီနောင် လိုချင်တယ် ဆိုရင် ညီနောင်ကျန်းချန်နဲ့ ငါ ဆွေးနွေးပေးပါ့မယ်”
အရှင်ကျင်းဟော်က အလျင်အမြန် ပြောလိုက်သည်။
သူက သွေးနတ်ဆိုး နတ်သစ်သီး အတွက်ဖြင့် အရှင်လျှိုဟယ်၏ ရန်သူ လုပ်ရန် ရွေးချယ်မည် မဟုတ်ပေ။
ဤသစ်သီးသည် ကျန်းချန်၏ ပိုင်ဆိုင်မှု ဖြစ်၏။
စင်စစ် ကျန်းချန်ကို အရှင်လျိုဟယ်ထံ သစ်သီး ပေးအပ်ဖို့ တောင်းဆိုခြင်းသည် အဓိပ္ပာယ် မရှိလှပေ။
သို့သော်လည်း အရှင်လျိုဟယ်ကို စော်ကားမိလျှင် မျိုးနွယ်စုတစ်ခုလုံး ဒုက္ခရောက်မည် ဖြစ်၍ ကျန်းချန်က ဉာဏ်ရှိသော ရွေးချယ်မှုကို ပြုလုပ်နိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။
“ညီနောင် လျိုဟယ်.. ကျေးဇူးပြုပြီး ငါတို့ အထဲဝင်ပြီး ကြည့်ရအောင်”
အရှင်ကျင်းဟော်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အရှင်လျိုဟယ်ကို ဆေးဥယျာဉ်၏ အတွင်းဘက်သို့ ဝင်ရန် ဖိတ်ကြားလိုက်သည်။
အရှင်ကျင်းဟော် နှင့် အခြားသူများ ဆေးဥယျာဉ်ထဲသို့ ဝင်ရောက်လာချိန်တွင် ရှေးဟောင်းခန်းမထဲ၌ ကျန်းချန်သည် ဆေးလုံးကို မျိုချနေခဲ့သည်။
ဤနှစ်လတာ ကာလအတွင်း သူက ဆေးလုံး ရာပေါင်းများစွာကို သန့်စင်ခဲ့ပြီး အချိန်လမ်းစဥ်၏ မူလစွမ်းအားကို နားလည်သဘောပေါက်မှုတွင် ၉၀% နီးပါး ရောက်ရှိနေပြီ ဖြစ်၍ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရန် မဝေးတော့ပေ။
“နောက်ထပ် တစ်လလောက်ဆို အချိန်လမ်းစဥ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ မြှင့်တင်နိုင်မှာ သေချာတယ်”
ကျန်းချန်က တီးတိုး ရေရွတ်လိုက်သည်။
သူက အဆတစ်ရာ စနစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ရရှိထားသဖြင့် သူ၏ ခွန်အားကို မြှင့်တင်ရန်မှာ အလွန် လွယ်ကူနေခဲ့၏။
ကျန်းချန်က ခဏ အနားယူပြီးနောက် ဆေးလုံးကို ဆက်လက်သန့်စင်ရန် လုပ်ဆောင်တော့မည့် အချိန်မှာပင် ခန်းမအပြင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရသည်။
"တစ်ယောက်ယောက် ရောက်လာတဲ့ပုံပဲ”
ကျန်းချန်၏ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။
ခရမ်းရောင်ကျား မျိုးနွယ်စုမှ လူများက အစီအရင်ကို ချိုးဖျက်ခဲ့ပြီး ဖြစ်ပုံရ၏။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ပစ္စည်းများကို သိမ်းဆည်းကာ ခန်းမထဲကနေ အပြင်သို့ လျှပ်တစ်ပြက် ထွက်လာခဲ့သည်။
ခန်းမအပြင်ဘက်တွင် အရှင်ကျင်းဟော် ခေါင်းဆောင်လာသည့် အဖွဲ့တစ်ဖွဲ့က ခန်းမဆီသို့ဦးတည်၍ လာနေသည်ကို သူတွေ့လိုက်ရသည်။
သိပ်မကြာခင်မှာပင် အရှင်ကျင်းဟော်က ကျန်းချန်၏ အနီးသို့ ရောက်လာခဲ့၏။
အရှင်ကျင်းဟော်က ကျန်းချန်ကို ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်.. မင်းက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ရဲ့ အဆက်အနွှယ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး.. ဒါက ငါ့ကို တကယ်ပဲ အံ့သြစေခဲ့တယ်"
“အရှင်ကျင်းဟော်.. ကုဟွမ်တောင်ကို ကိုယ်တိုင် ရောက်လာတာ ဘာကိစ္စ အတွက်လဲ”
ကျန်းချန်က အရှင်ကျင်းဟော်ကို မေးမြန်းလိုက်သည်။
ထိုခဏတွင် သူ၏ အကြည့်က အရှင်လျိုဟယ် ပေါ်သို့ ကျရောက်သွားခဲ့သည်။
ဤလူသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်ကြောင်း စဉ်းစားစရာမလိုဘဲ သူသိခဲ့သည်။
ကျန်းဝူ ကောင်းကင် နယ်မြေတွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသာလျှင် တားမြစ် အစီအရင်ကို လျင်မြန်စွာ ချိုးဖျက်နိုင်မည် မဟုတ်ပါလား။
အရှင်ကျင်းဟော်က ပြုံး၍ ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး.. ညီနောင် ကျန်းချန်က ငွေလ ဝံပုလွေ မျိုးနွယ်စုကို အပြတ် ဆုံးမလိုက်တယ်လို့ သတင်းရတဲ့အတွက် လာကြည့်တာပါ”
“ကျင်းဟော်.. သူ့ကို အပိုစကားတွေ ပြောမနေနဲ့တော့.. သူ့ကို သွေးနတ်ဆိုး နတ်သစ်သီး အမြန်ဆုံး ထုတ်ပေးဖို့ ပြောလိုက်ပါ”
ထိုအခိုက်အတန့်တွင် အရှင်လျိုဟယ်၏ မကျေမနပ် ရေရွတ်လိုက်သော စကားသံက ထွက်ပေါ်လာခဲ့သည်။
“သွေးနတ်ဆိုး နတ်သစ်သီးကို ပေးအပ်ရမယ် ဟုတ်လား”
ကျန်းချန်၏ အမူအရာက အေးစက်သွားခဲ့သည်။
“အရှင်ကျင်းဟော်.. ဒီသစ်သီးက ငါ့အပိုင်လို့ မင်းကို ကျင်းဟုန် မပြောခဲ့ဘူးလား”
“မိတ်ဆွေလေး ကျန်းချန်.. ဒါက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက အရှင်လျိုဟယ်ပါ.. အရှင်လျှိုဟယ်က သွေးနတ်ဆိုး နတ်သစ်သီးကို စိတ်ဝင်စားနေတယ်.. ဖြစ်နိုင်ရင် အရှင်လျိုဟယ်ကို ပေးဖို့ မျှော်လင့်ပါတယ်”
အရှင်ကျင်းဟော်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်က သူတို့ မျိုးနွယ်စုကို အကြီးအကျယ် ကူညီပေးခဲ့သော်လည်း အရှင် ကျင်းဟော်သည် အရှင်လျိုဟယ်၏ နောက်ခံကြောင့် မီးစင်ကြည့်၍ ကနေရသည်။
“ကျင်းဟော်.. မင်းက ငါ့ကို ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ရဲ့ အဆက်အနွှယ်မှန်း သိထားမှတော့ ဒီနေရာက ငါ့နေရာဆိုတာ နားလည်သင့်တယ်.. သူက ဘာမို့လို့ ငါက သူ့ကို သွေးနတ်ဆိုး နတ်သစ်သီး ပေးရမှာလဲ”
ကျန်းချန်က နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ရေရွတ်လိုက်သည်။
အခန်း(၁၉၆၅) ပြီး၏