အခန်း (၁၉၆၈)
Vol. 137 Ch. 1968
“ဘာ... ဘယ်လို”
အရှင်ကျင်းဟော်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
အရှင်ရှောင်ယွဲ့က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ညွှန်ကြားချက်ဖြင့် လာခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အရှင်ကျင်းဟော်၏ မျက်လုံးများက ဝေခွဲမရဟန်များ ဖြစ်ပေါ်နေပြီး လူတစ်ကိုယ်လုံး တိတ်ဆိတ်သွားခဲ့သည်။
သူက ငွေလဝံပုလွေ မျိုးနွယ်စုကို မကြောက်ရွံ့သော်လည်း ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို အလွယ်တကူ မစော်ကားရဲပေ။
သူ့အနေဖြင့် ခရမ်းရောင် ကျားမျိုးနွယ်စု တစ်ခုလုံးကိုလည်း ထည့်သွင်း စဉ်းစားရဦးမည် ဖြစ်သည်။
သူသာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းကို စော်ကားမိပြီး မျိုးနွယ်စုကို ပျက်သုဉ်းစေခဲ့လျှင် မျိုးနွယ်စု၏ အပြစ်သား ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။
အရှင်ကျင်းဟော် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရလျှင် အရှင်ရှောင်ယွဲ့၏ မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဩဇာသည် အသုံးပြုရလွယ်ကူပြီး အရှင်ကျင်းဟော်ကိုပင် နာခံမှု ရှိစေခဲ့၏။
အရှင်ကျင်းဟော်က ဝင်ရောက်စွက်ဖက်ခြင်း မပြုသည်ကို မြင်လျှင် အရှင်ရှောင်ယွဲ့၏ စူးရှသော အကြည့်သည် ခန်းမသို့ ရောက်ရှိသွားခဲ့သည်။
သူ၏ အေးစက်စက် အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ကျန်းချန်.. ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အမိန့်နဲ့ ငါ မင်းကို လာဖမ်းတာပဲ.. ထွက်လာပြီး အဖမ်းခံစမ်း"
စကားသံဆုံးသည်နှင့် နေရာလွတ် လှုပ်ခတ်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန် ထွက်ပေါ်လာခဲ့သည်။
“ရှောင်ယွဲ့.. မင်းက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ရှေ့ပြေးခွေး ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။
သူက အရှင်ရှောင်ယွဲ့ကို စိုက်ကြည့်ကာ လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။
“မင်း ငါ့ကို ဖမ်းချင်တယ်ဆိုရင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက လူတွေကို ကိုယ်တိုင် လာခိုင်းလိုက်ပါ.. မင်း အဆင့်လောက်နဲ့တော့ မလုံလောက်သေးဘူး”
“ဟမ့်.. ကျန်းချန်.. မင်းက အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်တာနဲ့ပဲ ငါမင်းကို အနိုင်မယူနိုင်ဘူး ထင်နေတာလား"
အရှင်ရှောင်ယွဲ့ က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်သည် မြေကြီး အရှင်များနှင့် နှိုင်းယှဉ်နိုင်သည်။
သို့သော် သာမန် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများသည် မြေကြီးအရှင်ကို ယှဥ်နိုင်ရုံမျှသာ ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများသည် ကမ္ဘာ့စွမ်းအား ၈မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေး၏။
ဝါရင့် မြေကြီး အရှင်များ၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အားနည်းသည်ဟု ဆို၍ရသည်။
အရှင်ရှောင်ယွဲ့သည် မကြာသေးမီက သူ၏ ပုံရိပ်ယောင် ဖျက်ဆီးခံခဲ့ရ၏။
သို့ဖြစ်၍ သူ၏ ခွန်အားသည် အထွတ်အထိပ်သို့ ပြန်မရောက်သေးပေ။
သို့ရာတွင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးကို ကိုင်တွယ်ဖြေရှင်းရန် အတွက်မူ ယုံကြည်မှု အပြည့် ရှိသည်။
ထို့အပြင် သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ရှေ့ပြေးတပ်သားသာ ဖြစ်ပြီး သူ၏ နောက်တွင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းလည်း ရှိနေခဲ့၏။
ကျန်းချန်ကို ရှုံးနိမ့်သွားခဲ့လျှင်ပင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ ကျင့်ကြံသူများ ထွက်ပေါ်လာလိမ့်မည် မဟုတ်ပါလား။
"ဝုန်း.."
အရှင်ရှောင်ယွဲ့က နယ်မြေနတ်ဘုရား စွမ်းအားကို အပြည့်အဝ လှုံ့ဆော်လိုက်ပြီး တောက်ပသော ငွေရောင် အလင်းတန်းများကို ချက်ချင်း ဆိုသလို ထုတ်ဖော်လိုက်သည်။
ဤအလင်းတန်းများက လေထုထဲတွင် တစ်ခုနှင့်တစ်ခု ရောယှက်ကာ အဆုံးသတ်တွင် အေးစိမ့်သော လရောင်နတ်စွမ်းအား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အေးစိမ့်သော လရောင် နတ်စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လေထုသည်ပင် အဆက်မပြတ် ပြိုကျသွားခဲ့သည်။
အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရား(ဝါ) မြေကြီးအရှင် အဆင့်သို့ ရောက်ရှိခဲ့သော ကျင့်ကြံသူများသည် အဆင့်နိမ့် နယ်မြေ နတ်ဘုရားများထက် ဆယ်ဆ ပိုမို အားကောင်း၏။
သို့သော်လည်း ကျန်းချန်၏ အမူအရာက အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ။
သူက လက်ဖဝါးကို မြှောက်လိုက်ရာ သွေးနီရောင် ဓားရှည်တစ်လက်သည် လေထဲကနေ သူ၏ လက်ထဲသို့ ရောက်လာခဲ့သည်။
ယင်းနောက် ကျန်းချန်က လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်း တစ်ခုသည် နေရာလွတ်ကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး အရှင်ရှောင်ယွဲ့က မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ လရောင် နတ်အလင်းက ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ငွေရောင်ဧရာမ လက်သည်း အဖြစ်သို့ ပြောင်းလဲကာ သူ့ဆီသို့ ဦးတည်၍ လာနေသော ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
သို့သော် ကျန်းချန်သည် သွေးနတ်ဆိုး နတ်သစ်သီးကို မျိုချခဲ့ပြီး အချိန်လမ်းစဥ်ကို ပြီးပြည့်စုံသော အဆင့်အထိ မြှင့်တင်ခဲ့ပြီးပြီ ဖြစ်ရာ သူ၏ ခွန်အားသည် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်၏ ဓားအလင်းအောက်တွင် ဧရာမ ငွေရောင် လက်သည်းသည် ကွဲအက်သွားခဲ့သည်။
ထိုမျှနှင့် မပြီးသေးဘဲ ဓားအလင်းက အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်ကိုပါ နှစ်ပိုင်း ဖြတ်ပစ်လိုက်၏။
“ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်ပါလား”
ကျန်းချန်က ရိုးရှင်းသော ဓားချက် တစ်ချက်ဖြင့် အရှင်ရှောင်ယွဲ့အား အနိုင်ယူလိုက်သည်ကို မြင်လျှင် အရှင်ကျင်းဟော် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်၍ ရေရွတ်လိုက်သည်။
သူနှင့် အရှင်ရှောင်ယွဲ့သည် ရန်သူဟောင်းများ ဖြစ်၍ အရှင်ရှောင်ယွဲ့၏ ခွန်အားကို သူက ရှင်းလင်းစွာ သိရှိထားသည်။
ထို့ကြောင့် ကျန်းချန်ကို သူ အတော်လေး အံ့အားသင့်နေခဲ့၏။
ဤကောင်လေး၏ ခွန်အားသည် မြေကြီးအရှင် အဆင့် ကျင့်ကြံသူ၏ ခွန်အားကိုပင် ကျော်လွန်နေခဲ့ချေပြီ။
ကျန်းချန်က အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်လိုက်သည့် အချိန်မှာပင် လေထုထဲတွင် နေရာလွတ် လှုပ်ခတ်မှု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး အရှင်ရှောင်ယွဲ့၏ နောက်ထပ် ပုံရိပ်တစ်ခုသည် လေထုထဲ၌ စုစည်းလာခဲ့သည်။
အရှင်ရှောင်ယွဲ့၏ မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှ အရှိန်အဝါသည်ပင် မှေးမှိန်သွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်ဝန်းများတွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ ခွန်အားသည် သူထင်ထားသည်ထက် ကျော်လွန်နေခဲ့၏။
လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး အစားထိုး ကိုယ်ပွားတစ်ခုကိုသာ စုစည်းခဲ့ခြင်း မရှိခဲ့လျှင် သေသွားလောက်ပြီ ဖြစ်သည်။
ယင်းက အစားထိုး ကိုယ်ပွား ဖြစ်ခဲ့လျှင်ပင် အနည်းနှင့်အများ ပေးဆပ်မှု ရှိ၏။
ယခု အစားထိုး ကိုယ်ပွား ပျက်စီးသွားသောအခါ သူ၏ မူလခန္ဓာကိုယ်တွင် သက်ရောက်မှု အနည်းငယ် ရှိလာခဲ့သည်။
“မြေကြီးအရှင် အဆင့် ကျင့်ကြံသူက ဘယ်ဆိုးလို့လဲ.. နောက်ထပ် တစ်ကွက်လောက် ရင်ဆိုင်ကြည့်လိုက်ပါဦး”
အရှင်ရှောင်ယွဲ့က သူ၏ ဓားချက်ကနေ အသက်ရှင်လျက် ရှိနေသေးသည်ကို မြင်လိုက်ရလျှင် ကျန်းချန်က သူ၏ ခြေဖဝါးကို လေထုထဲတွင် တစ်ချက် ဆောင့်ချလိုက်ပြီး လူနှင့် ဓား တစ်သားတည်း အဖြစ် ပေါင်းစပ်ကာ ဓားချက် တစ်ချက် ထုတ်ဖော်လိုက်၏။
အရှင်ရှောင်ယွဲ့က စိတ်နှလုံး အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူ၏ နယ်မြေနတ်ဘုရား စွမ်းအားကို ငွေရောင်လ အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲကာ ကျန်းချန်၏ ဓားချက်ကို ရင်ဆိုင်ခဲ့သည်။
ထို့အပြင် ငွေရောင် တောက်ပသော ရတနာ သံချပ်ဝတ်သည်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ဓားစွမ်းအားကို ရပ်တန့်ရန် မစွမ်းနိုင်ခဲ့ဘဲ ငွေရောင်လက ပြိုကျသွားခဲ့ကာ အရှင်ရှောင်ယွဲ့ ဝတ်ဆင်ထားသည့် ရတနာချပ်ဝတ်ပင် ကွဲအက်သွားခဲ့သည်။
အရှင်ရှောင်ယွဲ့က ထိတ်လန့်တကြားဖြင့် ကိုယ်ပွား အစားထိုး လျှို့ဝှက်နည်းစနစ်ကို ထပ်မံ အသုံးပြုခဲ့သည်။
ကျန်းချန်၏ ဓားအလင်းက ရတနာချပ်ဝတ်ကို အက်ကွဲစေပြီးနောက်တွင် အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ရာ အစားထိုးကိုယ်ပွားသည် တစ်ဖန် အသတ်ခံလိုက်ရပြန်၏။
အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်က လေထုထဲတွင် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
နှစ်ကြိမ်ဆက်တိုက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးနောက် သူ၏ အရှိန်အဝါသည် အတော်လေး အားနည်းသွားခဲ့၏။
ကျန်းချန်က အရှင်ရှောင်ယွဲ့ကို အသက်ရှူရန်ပင် အခွင့်အရေး မပေးခဲ့ပေ။
သူက တတိယ ဓားချက်ကို ထုတ်ဖော်၍ အရှင်ရှောင်ယွဲ့ကို တိုက်ရိုက် ခုတ်ချလိုက်သည်။
“အရှင်ရွှယ်ရှင်း.. ငါ့ကို ကယ်ပါဦး”
အရှင်ရှောင်ယွဲ့က ထိတ်လန့်တကြား အကူအညီတောင်းခံလိုက်သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူထင်ထားသည်ထက် ကျော်လွန်နေပြီ ဖြစ်ရာ သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။
လျှို့ဝှက်နည်းစနစ်ကိုသာ အသုံးမပြုခဲ့လျှင် သေသွားလောက်ပြီ ဖြစ်သည်။
"ဝုန်း"
အရှင်ရှောင်ယွဲ့၏ စကားသံ အဆုံးသတ်သည်နှင့် နက်နဲဆန်းကြယ်သော စွမ်းအား တစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာပြီး ဆန်းကြယ်သော အစီအရင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ဓားအလင်းကို တွန်းလှန်ခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက လူတွေ ဘာလို့ မင်းလက်ထဲမှာ ကျရှုံးသွားလည်း ငါနားလည်ပြီ.. အရှင်ရှောင်ယွဲ့လို ကျင့်ကြံသူတောင် မင်းရဲ့ လက်ထဲမှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိဘူးကိုး”
ပိန်ပါးပါး လူငယ် တစ်ဦးက လေထဲတွင် ထွက်ပေါ်လာခဲ့၏။
ထိုလူငယ်က ချောမောသော အသွင်အပြင် နှင့် အေးစက်သော မျက်နှာထားကို ပိုင်ဆိုင်ထားသည်။
၎င်းက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ကာ ထူးဆန်းသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
“အဆင့်နိမ့် နယ်မြေနတ်ဘုရားလား”
ကျန်းချန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့သည်။
သူက ထိုလူငယ်ကို သတိထားမိခြင်း မရှိခဲ့ဘဲ ငွေလဝံပုလွေ မျိုးနွယ်စု၏ သာမန် နယ်မြေနတ်ဘုရား တစ်ပါးသာ ဖြစ်သည်ဟု မူလက ထင်မှတ်ခဲ့သည်။
ဤလူငယ်က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထိုလူငယ်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရား၏ ခွန်အားဖြင့် ခုနက သူ၏ ဓားချက်ကို တွန်းလှန်ခဲ့သည်။
စင်စစ် သူ ထုတ်ဖော်ခဲ့သော ဓားအလင်းသည် အဆင့်နိမ့်နယ်မြေ နတ်ဘုရားများ ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤကောင်လေးသည် သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါး ကဲ့သို့ ရိုးရှင်းခြင်း မရှိသည်မှာ ထင်ရှား၏။
“မိတ်ဆွေလေး ကျန်းချန်.. သတိထားပါ.. ရွှယ်ရှင်းက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ.. သူက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက မဟာကောင်းကင် နတ်ဘုရား အဆင့်နဲ့ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့တယ်”
အရှင်ကျင်းဟော်၏ အသံက ကျန်းချန်၏ နားထဲတွင် မြည်ဟီးလာခဲ့သည်။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်ဖြင့် ဤမျှ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ အံ့ဩစရာ မရှိတော့ပေ။
ဤလူငယ်သည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဝင်ရောက်ခဲ့သော ကြယ်တစ်ပွင့်အရှင် ဖြစ်နေခဲ့၏။
---------------------
ဒါက နားလည်လွယ်အောင် ကျွန်တော် ရှင်းပြထားတာ။ နောက်တစ်ခန်းမှာ အသေးစိတ်ပါမှာ ဖြစ်ပေမဲ့ ရှုပ်မသွားရအောင်ပါ။
နယ်မြေနတ်ဘုရားမှာ အဆင့်၃ဆင့်ခွဲ
အဆင့်နိမ့်
အလယ်အလတ်(မြေကြီးအရှင်)
အဆင့်မြင့်(ကောင်းကင်အရှင်)
---------------
လမ်းစဥ်၇မျိုး>> မဟာကောင်းကင် နတ်ဘုရားအဆင့်နဲ့ နယ်မြေ နတ်ဘုရား အဆင့်ကို ထိုးဖောက်ရင် ကြယ်တစ်ပွင့်အရှင်
လမ်းစဥ်၈မျိုး>> အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်နဲ့ နယ်မြေ နတ်ဘုရား အဆင့်ကို ထိုးဖောက်ရင် ကြယ်နှစ်ပွင့်အရှင်
လမ်းစဥ်၉မျိုး>> သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်နဲ့ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရင် ကြယ်သုံးပွင့်အရှင်
ဥပမာ။
မဟာကောင်းကင် နတ်ဘုရားက အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်ကိုရောက်ရင် ( ကြယ်တစ်ပွင့်အရှင်)
မဟာကောင်းကင်နတ်ဘုရားက အလယ်အလတ် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရင် (ကြယ်တစ်ပွင့် မြေကြီးအရှင်)
မဟာကောင်းကင်နတ်ဘုရားက အဆင့်မြင့် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရင် (ကြယ်တစ်ပွင့် ကောင်းကင်အရှင်)
အခန်း(၁၉၆၈) ပြီး၏။