မိုးသည်းထန်နေသော အထီးကျန်ညတစ်ည ( ၂ )
Vol. 7 Ch. 98
သူတို့အကြည့်ချင်း တွေ့ဆုံသွားသည်။
ဘေးပတ်ဝန်းကျင်မှ အငွေ့အသက်များ၊ တည်းခိုခန်းထဲရှိ သန္ဓေပြောင်းသားရဲများနှင့် ကြိုးများကို ရွှီချင်း သတိမထားမိသည့်အလားပင်၊ အဘိုးအိုကိုသာ သူ ကြည့်နေ၏။
သူ၏နောက်တွင်ရှိနေသောအရိပ်က အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားသည့် တစ္ဆေနက်တစ်ကောင်အသွင် ပြောင်းလဲသွားသည်။
တချိန်တည်းမှာပင် သူက တောင်တန်းပင်လယ်ပညာရပ်ကို အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲရှိအသွေးအသားများက အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလားပင်။
ပင်လယ်အသွင်ပြောင်းပညာရပ်သည်လည်း ထိုနည်းတူပင်။ ဘေးပတ်ဝန်းကျင်ရှိ မိုးရေစက်များသည်လည်း ထိုအခိုက် သူ၏ပတ်လည်ရှိ လေထဲရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်နှင့်အတူ ဟိန်းဟောက်နေသည်။
သူ့ကိုကြည့်ရသည်မှာ အချိန်မရွေး လူသတ်တော့မည့်ဟန်တူသည်။
အဆိပ်နှင့်သူ၏အရိပ်သည်လည်း ထိုနည်းတူပင်။ ယခုအချိန်၌ ၎င်းတို့က ငြိမ်သက်စွာဖြင့် တည်းခိုခန်းနှင့် အဘိုးအို၏ခြေထောက်သို့တိုင်အောင် ပျံ့နှံ့သွားသည်။
သူ၏ခေါင်းထက်၌လည်း ရေစက်ကလေးများ တွဲခိုနေသည့် ပုံရိပ်ယောင်ဓားမော့ရှည်ကြီးတစ်လက် ပေါ်လာသည်။ ၎င်းက မမြင်နိုင်သော တန်ခိုးစွမ်းအားများ ကိန်းအောင်းနေသည့်အလား မြေပြင်ကို အချိန်မရွေးခုတ်ချတော့မည့်အသွင် ရှိသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အဘိုးအိုကို ကြည့်လိုက်သည်။ ထိုအဘိုးအို၏မျက်လုံးများထဲမှ လက်များနှင့် နဖူးက ထက်ခြမ်းကွဲတော့မည့်အလား ဖြစ်နေပါသော်လည်း သူ ကြောက်လန့်တုန်ရီသွားခြင်းမရှိပေ။ တစ်ဖက်လူက အလွန် အစွမ်းထက်သည်ကို သူ သိထားပါသော်လည်း သူ့မှာ လွတ်မြောက်ရန်နည်းလမ်းတစ်ခု ရှိသေးသည်။ ထို့ကြောင့် သူက တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။
“ သူ အထဲမဝင်သေးဘူး။ ဒီတော့ စည်းမျဉ်းချိုးဖောက်တယ်လို့ ပြောမရဘူး ”
အဘိုးအို၏မျက်လုံးများ ဝင်းလက်သွားသည်။ ရွှီချင်းကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီးနောက် သူ ရုတ်တရက် ပြုံးလိုက်သည်။
“ မင်းပြောတာမှန်ပါတယ် ”
သူ၏စကားသံ ထွက်ပေါ်လာသည့်အခိုက် တည်းခိုခန်းအပြင်ဘက်ရှိ အရှိန်အဝါများအားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ တည်းခိုခန်းထဲရှိ စပါးအုံးမြွေကြီးသည်လည်း ထုပ်တန်းထဲ ပြန်ခွေသွားသည်။ မြေပြင်ပေါ်မှ ကင်းခြေများ များသည်လည်း မြေကြီးထဲ ပြန်လည်တိုးဝင်သွားသည်။
ကြိုးများသည်လည်း ဝိုးတစ်ဝါးဖြစ်ကာ ပျောက်ကွယ်သွားသည်။ အဘိုးအို၏မျက်လုံးများထဲရှိ လက်များနှင့် သူ၏နဖူးမှ အက်ကွဲကြောင်းသည်လည်း တစ်ခါမှမရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားသည်။ သူက သာမန်အဘိုးအိုတစ်ယောက်အသွင် ပြန်ဖြစ်သွားပြီး ဆေးတံကို ကောက်ယူလိုက်သည်။
“ အလောင်းရောင်းမလား ”
ရွှီချင်းက ခေါင်းယမ်းကာ ချင်းယွမ်ကျစ်၏ဆံပင်ကို ဆွဲလိုက်သည်။ ချင်းယွမ်ကျစ်၏တစ်ကိုယ်လုံး တုန်ရီနေစဉ် ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မနေ့တုန်းက ခင်ဗျား ဖမ်းသွားတဲ့ အမျိုးသမီးက ဘယ်ရောက်သွားတာတုံး ”
ချင်းယွမ်ကျစ်၏ဆံပင်များ ရှုပ်ပွနေပြီး သူ၏မျက်နှာက သွေးအလိမ်းလိမ်း ဖြစ်နေကာ သူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။
ယခုအခါ သူ တဆတ်ဆတ်တုန်ရီနေသည်။ သူ ဆက်လက်ခေါင်းမာချင်နေပုံရပြီး ရွှီချင်းအပေါ် သွေးများ ထွေးထုတ်လိုက်သည်။ သို့သော်လည်း ရွှီချင်းက သူ၏ခေါင်းကို မြေပြင်နှင့် ဖိကာ သွေးများကို သုတ်ပစ်လိုက်သည်။
သည်းခြေခိုက်လုမတတ် နာကျင်သံများ ထွက်ပေါ်လာသည့်အခါ ရွှီချင်းက လက်မြှောက်၍ ချင်းယွမ်ကျစ်၏ ညာဘက်လက်မောင်းကို လိမ်ကာ အရိုးများကို ချိုးပစ်လိုက်သည်။ ပြီးသည်နှင့် နောက်ထပ်လက်တစ်ဖက်ကို လိမ်ချိုးလိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် ချင်းယွမ်ကျစ်သည် အော်ပင်မအော်နိုင်တော့ဘဲ တုန်ရီနေသည်။
ရွှီချင်းသည် တည်ငြိမ်နေပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ချင်းယွမ်ကျစ်၏ ဒန်ထျန်နေရာကို လက်သီးဖြင့်ထိုးကာ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ဖက်လူက အန္တရာယ်မရှိတော့ကြောင်း အတည်ပြုပြီးနောက် သူသည် ဓားမြှောင်နှင့် သံတုတ်ကလေးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ချင်းယွမ်ကျစ်၏ခြေထောက်ကို လက်တစ်ဖက်ဖြင့် ဒရွတ်တိုက် ဆွဲသွားသည်။
သူ၏အသွေးအသားများ မြေပြင်ကို ပွတ်တိုက်သွားသည့်အခါ မိုးရေစက်များက အနာသက်သာအောင် လုပ်ပေးနေသည့်တိုင်အောင် အသားများ တစစီဆွဲဖဲ့ခံနေရသည့်နာကျင်မှုကြောင့် အာခေါင်ခြစ်၍ပင် သူ အော်နေတော့သည်။
ရွှီချင်း ဆက်သွားနေသည်နှင့်အမျှ စူးစူးဝါးဝါးအော်ဟစ်သံများလည်း ဆက်လက်လွင့်ပျံနေပြီး မြေပြင်၌ သွေးစီးကြောင်းတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ၎င်းက မိုးရေကြောင့် ဆေးကြောခြင်းခံလိုက်ရပါသော်လည်း စွတ်ကြောင်းရာကြီး ကျန်နေသေးသည်။
ထိုမြင်ကွင်းကြောင့် အဘိုးအို၏မျက်လုံးများ မှေးသွားသည်။ သူသည် မိုးသည်းထန်စွာ ရွာသွန်းနေသော ညနက်ထဲ ထွက်ခွာသွားသော လူငယ်ကို ကြည့်လိုက်ပြီး ချင်းယွမ်ကျစ်၏ လူမဆန်သော အော်ဟစ်သံများကို ကြားလိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် သူ ခပ်တိုးတိုးရေရွတ်လိုက်၏။
“ ဒီကလေးက ရက်စက်ကြမ်းကြုတ်တာပဲ ”
ထိုသို့ဖြင့် ချင်းယွမ်ကျစ်၏အော်ဟစ်သံများက လမ်းတစ်လျှောက် လွင့်ပျံနေသည်။ အမှောင်ထုထဲ လျှောက်နေသောလူတိုင်း ထိုမြင်ကွင်းကို မြင်သောအခါ တုန်ရီသွားကြပြီး မျက်နှာသေနှင့် လူငယ်ကို သူတို့ အလွန် သဘောကျသွားသည်။
ဆူဆူညံညံအော်ဟစ်သံများကြောင့် ကင်းလှည့်ဂိုဏ်းသားအနည်းငယ် အပြေးအလွှား ရောက်လာကြပါသော်လည်း ချင်းယွမ်ကျစ်ကို သူတို့ မှတ်မိသွားကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကာ ရွှီချင်းကို ကြည့်လိုက်ကြသည်။
ဂိုဏ်းငယ်လေးတစ်ဂိုဏ်းမှ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါသော်ငြား ချီစုစည်းခြင်းအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးနှိပ်စက်နိုင်သည်မှာ အလွန် အထင်ကြီးစရာကောင်းသည်။ ထိုအချက်ကိုကြည့်၍ ထိုလူငယ်၏ တိုက်ရည်ခိုက်ရည်နှင့် ရက်စက်ကြမ်းကြုတ်သောစိတ်ထားကို မြင်တွေ့နိုင်ပြီး ထိုကဲ့သို့ လူတစ်ယောက်ကို ရန်စချင်သည့်လူ ရှိမည်မဟုတ်ပေ။
ထိုတိုက်ပွဲကြောင့် ရွှီချင်းက မြို့ကြီးထဲ အနည်းငယ် နာမည်ကြီးလာသည်။
ချင်းယွမ်ကျစ်သည် နှစ်နာရီကြာ တောင့်ခံနေခဲ့ပြီးနောက် လုံးလုံးလျားလျား သတိလစ်သွားတော့သည်။ သူက သတိမလစ်ခင် ရွှီချင်းကို နေရာတစ်ခု ပြောပြခဲ့ပြီး ထိုသတင်းပေးသမား၏ လျှို့ဝှက်ချက်ကိုလည်း ပြောပြခဲ့သည်။
အမှန်စင်စစ် ထိုသတင်းပေးသမားသည် ချင်းယွမ်ကျစ် မွေးမြူထားသည့် သူလျှိုတစ်ယောက်ဖြစ်သည်။ ထိုအမျိုးသမီးက သူ့အကြောင်း ရွှီချင်းအား ပြောပြထားခဲ့သည်ကို သူ မသိပါသော်လည်း သူ့၌ အကျင့်တစ်ခုရှိသည်။ ထိုအကျင့်မှာ မည်သည့်သူလျှိုမဆို တချိန်ချိန်တွင် သူ့ကို သစ္စာဖောက်သွားမည်ဟူ၍။
ဤတစ်ကြိမ်တွင် သူလျှို၏အလှည့်ဖြစ်သည်။
ချင်းယွမ်ကျစ် ပြောပြထားသည့်လိပ်စာကို ရွှီချင်း ရောက်သွားသောအခါ ချုံခိုတိုက်ခိုက်ခြင်းများ မရှိကြောင်း စစ်ဆေးလိုက်ပြီးနောက် အထဲကို ဝင်ရောက်သွားသည်။ နောက်ဆုံး၌ ဆိုးဝါးသောအနံ့အသက်များ ပြည့်နှက်နေသည့် မြေအောက်အကျဉ်းတိုက်ထဲတွင် သေလုမျောပါးဖြစ်နေသော သတင်းပေးသမားအမျိုးသမီးကို သူ မြင်လိုက်ရသည်။
ထိုအမျိုးသမီး၌ ဝိညာဉ်ကြေးပြား မရှိတော့သည့်အပြင် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ လက်ကျန်အဆိပ်အနံ့များသည်လည်း ရောနှောသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် အလုံပိတ်ထားသောနေရာသို့ ရောက်သွားခဲ့သည်ဖြစ်ရာ ရွှီချင်း ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတိုင်အောင် ထိုအမျိုးသမီးက မသေသေးပေ။ သူမ၏ပတ်လည်တွင် ပုပ်ပွနေသော အလောင်းများရှိသည်။ ထိုအလောင်းများထဲတွင် ယောက်ျားများသာမက အမျိုးသမီးများလည်း ပါသည်။
ထိုလူများ သေဆုံးသွားသည့်ပုံစံက အလွန်ဆိုးဝါးသည်။ သူတို့ အသက်မသေခင် ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှန်း သိသာသည်။ ထို့ပြင် သူတို့ သေသွားရသည်မှာ ယဇ်ပူဇော်ခံလိုက်ရခြင်းကြောင့်ပေလော မြေကြီးပေါ် ရေးဆွဲထားသော မန္တန်အစီအရင်တစ်ခုလည်း ရှိသည်။
ရွှီချင်း ရောက်လာခြင်းကြောင့် သတင်းပေးသမားအမျိုးသမီး၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီး ဘေးတွင် သတိမေ့နေသော ချင်းယွမ်ကျစ်ကို မြင်သောအခါ ရူးသွပ်သွားဟန်တူသည်။ သူမက ဘေးတွင်ရှိနေသော ရွှီချင်းကို သတိမမူမိဘဲ သားရဲတစ်ကောင်အလား ချင်းယွမ်ကျစ်အပေါ် ခုန်အုပ်ကာ ကိုက်လေရာ ချင်းယွမ်ကျစ်သည် သတိမေ့နေရာမှ နိုးလာတော့သည်။ သူ စူးစူးဝါးဝါးအော်ဟစ်လိုက်ပါသော်လည်း နောက်ဆုံးတွင် အမျိုးသမီးက သူ့လည်မျိုကို ထပ်ခါထပ်ခါ ကိုက်နေတော့သည်။
ချင်းယွမ်ကျစ်၏ခန္ဓာကိုယ်တစ်ခုလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး သူ တဆတ်ဆတ်တွန့်ကွေးကာ အသက်ရှူရပ်သွားသောအခါမှသာ အမျိုးသမီးသည် ငေးကြောကြောင်အမူအရာဖြင့် မတ်တတ်ထလာသည်။ ထို့နောက် ခံစားချက်ကင်းမဲ့သောမျက်နှာနှင့် ရွှီချင်းကို အလိုလို ခေါင်းမော့ကြည့်လိုက်၏။
သူမ၏မျက်လုံးများထဲတွင် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရွှီချင်းက မြင့်မားသောအရပ်အမောင်း ရှိနေသည်။ သူ၏ချောမောသောမျက်နှာပေါ်တွင် သူမ ဖမ်းဆုပ်ရန် ခဲယဉ်းသည့် အေးစက်တင်းမာသောအရိပ်အယောင်များ ရှိနေသည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များသည်လည်း သူမကို အနည်းငယ် အသက်ရှူကြပ်သွားစေသည်။
ထို့ကြောင့် သူမ၏မျက်နှာပေါ်မှ ရူးသွပ်သည့်အရိပ်အယောင်များ တဖြည်းဖြည်း ချိုးနှိမ်ခံလိုက်ရသည်။ သူမ တည်ငြိမ်သွားပြီးနောက် ရွှီချင်း၏အကြည့်အောက်တွင် ရိုသေကျိုးနွံသောအမူအရာ ဖြစ်လာသည်။ သူမသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး အလိုလို တုန်ရီသွားကာ အခန်းတစ်ခုလုံး မွှေနှောက်ရှာဖွေလိုက်သည်။
နောက်ဆုံး၌ ကျောက်စိမ်းပေလွှာလေးကို ရှာတွေ့သွားပြီး ရွှီချင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဒူးထောက်ကာ နာခံသည့်အလား လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းပေလွှာကို ကိုင်၍ ရွှီချင်းကို ပေးလိုက်သည်။
ရွှီချင်းက ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။ ထိုပေလွှာထဲတွင် မိစ္ဆာအစီအရင်တစ်ခုကို မှတ်တမ်းတင်ထားသည်။ ၎င်းတွင် ယဇ်ပူဇော်ခြင်း ပြီးဆုံးသွားပါက စိတ်ကူးဖြင့်မှန်းဆ၍မရနိုင်လောက်သော စွမ်းအားတစ်မျိုး ကျဆင်းလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ထိုမန္တန်အစီအရင်ကို အသက်သွင်းရန်မှာ ပျော်ရွှင်ခြင်း၊ အမျက်ဒေါသ၊ ဝမ်းနည်းကြေကွဲခြင်းနှင့် တခြားအစွန်းရောက်ခံစားချက်များ အပါအဝင် သက်ရှိသတ္တဝါအားလုံး၏ စိတ်ခံစားချက်များ လိုအပ်သည်။
သူက မြေအောက်ခန်းထဲရှိ ဆိုးဝါးစုတ်ပြတ်နေသော အခြေအနေကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ခဏကြာသောအခါ ချင်းယွမ်ကျစ်၏ အလောင်းကို တရွတ်တိုက်ဆွဲကာ ထွက်ခွာသွားသည်။ သူ ထွက်မသွားခင် သူ၏အသံက အမျိုးသမီး၏နားများထဲ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။
“ နောက်ကျရင် ခင်ဗျားက ကျုပ်ရဲ့ အရေးကြီးတဲ့ သတင်းပေးသမားတစ်ယောက် လုပ်ရမယ် ”
ထိုအသံနှင့်အတူ ဝိညာဉ်ကြေးပြားတစ်ပြားနှင့် အဆိပ်ဖြေဆေး လွင့်ပျံလာ၏။
အမျိုးသမီးက ဝိညာဉ်ကြေးပြားနှင့် အဆိပ်ဖြေဆေးကို ယူ၍ ထွက်ခွာသွားသော ရွှီချင်းကို ငေးကြည့်နေသည်။ သူ၏နောက်ကျောပုံရိပ်ကို သူမ၏စိတ်ဝိညာဉ်ထဲတွင် တဖြည်းဖြည်း ကမ္ပည်းထွင်းလိုက်ပြီး ခေါင်းငုံ့၍ လက်ခံလိုက်သည်။
ထိုစဉ် အပြင်ဘက်တွင် ရောင်နီလာရန် မလိုတော့ပေ။ ရွှီချင်းက အနက်ရောင်စက္ကူထီးလေးတစ်လက်ကို ထုတ်၍ အရိုးများကျိုးကြေနေသော ချင်းယွမ်ကျစ်၏အလောင်းကို လမ်းတစ်လျှောက် တိတ်ဆိတ်စွာ တရွတ်တိုက် ဆွဲသွားသည်။
ကောင်းကင်ယံရှိ မိုးသားတိမ်စိုင်များက သူ၏စိတ်ခံစားချက်များကို ထင်ဟပ်နေဟန်တူသည်။ သူသည် ချင်းယွမ်ကျစ်၏အလောင်းကို ဌာနတွင် ထားခဲ့ပြီးနောက် တခြားဂိုဏ်းသားများ၏ အံ့သြတုန်လှုပ်နေကြသည့်အကြည့်များအောက်တွင် သူ ထွက်ခွာလာခဲ့သည်။
သူက ကောင်းကင်ဝေဟင်ပြင်ရှိ နေမင်းကြီးကိုကြည့်လိုက်ပြီး ထိုမှတစ်ဆင့် အဝေးတစ်နေရာရှိ နတ်ဘုရား၏မျက်နှာပျက်ကြီးကို ကြည့်ကာ သူ၏မျက်လုံးများထဲ မြဲမြံခိုင်ကျည်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
“ ဒီရက်စက်ကြမ်းတမ်းတဲ့ လောကပျက်ကြီးထဲမှာ ပိုပြီး အစွမ်းထက်လာမှပဲ တခြားလူတစ်ယောက်ရဲ့ သားကောင်အဖြစ်ကနေ ရှောင်နိုင်မယ် ”