← Chapters

အတုအယောင် ပြပွဲတစ်ခုကနေ အစစ်အမှန် ဖြစ်လာခြင်း

Vol. 13 Ch. 121

အတုအယောင် ပြပွဲတစ်ခုကနေ အစစ်အမှန် ဖြစ်လာခြင်း

Vol. 13 Ch. 121

“ ဒေါက်တာချန် … အဲ့စောက်ချီးထုပ်နှစ်ကောင် ဘယ်မှာပုန်းနေလဲ ငါ့ကို ပြော …. သူတို့ ခြေထောက်တွေ ရိုက်မချိုးဘူးလို့ ကတိပေးတယ် ….”

ကျောက်ချန်းခွန် ဒေါသ အလိပ်လိုက် ထွက်နေသည်။

သူတို့ မိသားစုက စားဝတ်နေရေး ပူပန်စရာ မလိုဘဲ သူတို့သားလေး ဘဝတွင် အောင်မြင်မှု အနည်းငယ် ရဖို့ကိုပဲ မျှော်လင့်မိသည်။

အကယ်၍ သူက ထိပ်တန်းကျောင်းသား တစ်ဦး ဖြစ်မလာခဲ့လျှင်ပင် အနည်းဆုံးတော့ အတန်းထဲ နောက်ဆုံး အဆင့်နေရာတစ်ဝိုက်တွင် ကျင်လည်နေသည်မျိုးတော့ မဖြစ်သင့်ပေ။

ကျောက်ချန်းခွန် သူ့သားကို တကယ့် စောက်သုံးမကျသည့်ကောင်ဟု တွေးတောနေမိ၏။

သူ့သားက အခြားအတန်းဖော် မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်နေရုံမျှမက အချိန်ရှိတိုင်းလည်း သူ့ခွန်အားများကို သူ့ရည်စားနှင့် အချိန်ဖြုန်းခြင်း ၊ ကာတွန်း ရုပ်ပြများ ဖတ်ခြင်း ၊ ဒါမှမဟုတ် အိုင်ဒေါမင်းသမီးများရဲ့ သတင်းတွေနောက်ပဲ လိုက်နေလေ့ ရှိသည်။

ထိုသို့ ဖြစ်နေသည့် သူ့သားပုံစံကို ကျောက်ချန်းခွန် မြင်တွေ့တိုင်း သိပ်ကို စိတ်ပျက်မိရသည်။

“ ဥက္ကဌကျောက် … ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားစမ်းပါ ..”

လီချန်ကျွင်းက ကျောက်ချန်းခွန်ကို ဘေးသို့ ဆွဲခေါ်သွားပြီး သူ့အတွေးများကို စတင် ပြောဆိုသည်။

“ ပရော်ဖက်ရှင်နယ် ရှုထောင့်ကကြည့်ရင် ခင်များသားနဲ့ သူ့ကောင်မလေး … အဲလေ အမျိုးသမီး အတန်းဖော်က ဒီလိုမျိုး ပူးပေါင်းလုပ်ကြံတယ်ဆိုတာ ဥပဒေကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်လိုက်တာပဲ …”

“ ကျုပ်တို့တွေ ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး သူတို့ကို ပညာပေးသင့်တယ် …”

“ ဒါပေမယ့် တခြားတစ်ဖက်က ပြန်စဉ်းစားကြည့်ရင် သူတို့က အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်နေသေးတုန်းပဲလေ ….”

“ ကျုပ်လည်း ဖခင်တစ်ယောက်ပဲ …. ဒါကြောင့်မို့ ခင်များရဲ့သားကို ဘယ်လိုမျိုး အောင်မြင်စေချင်တယ်ဆိုတာ ကျုပ် ကောင်းကောင်း နားလည်တယ် … ခံစားပေးလို့ရတယ် …” လီချန်ကျွင်းက အလေးအနက် ရှင်းပြသည်။

“ ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာတော့ ရှိတယ် ….”

“ ခင်များက သူ့ကို အိမ်မှာ မကြာခဏ ကြိမ်းမောင်း ဆဲဆိုနေတော့ စိတ်ထဲ မိဘကို ကန့်လန်တိုက်ချင်တဲ့ အကျင့်စရိုက်ကို မွေးမြူပေးသလို ဖြစ်လာတယ် ….”

“ တကယ်လို့ ခင်များသူ့ကို သေချာ လမ်းမပြပေးဘူးဆိုရင် ခင်များ သူ့ကို ဒီတစ်ကြိမ် ပြန်ခေါ်လာပါပြီရဲ့… နောက်တစ်ကြိမ်ဆို သူ ဘာတွေ ဆက်လုပ်ဦးမလဲ ခင်များသိနိုင်မှာလား ….”

“ ခင်များ သူ့ကို တွေ့တဲ့အချိန်ကျရင် ဘာမှ အလျင်စလို မလုပ်တာ အကောင်းဆုံးပဲ … မဟုတ်ရင် ….” လီချန်ကျွင်းက စကားကို ခေတ္တရပ်ထားပြီး အနိမ့်သံဖြင့် ပြောလိုက်၏။

“ မဟုတ်ရင် ကျုပ်လည်း ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး …”

“ဟင်း ….”

ကျောက်ချန်းခွန် ခါးသက်စွာ သက်ပြင်းချရင်း ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။

သူများ ကလေးများဆိုလျှင် ဘေးတွင် မိဘတွေ မရှိပါဘဲနှင့်လည်း သူတို့ကိုယ်သူတို့ ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ကြသည်။ သို့တိုင် သူ့ရဲ့ ကောင်စုတ်လေးကတော့ ဘာအသိစိတ်ဓာတ်မှ မရှိသည့် ဆန်ကုန်မြေလေး တစ်ကောင် ဖြစ်၏။

ယခု … ဤသတင်းသာ အများရှေ့သို့ ရောက်သွားခဲ့မည်ဆိုပါက သူ့ သိက္ခာလည်း လူအများရှေ့တွင် ပျက်စီးရတော့မည်။

“ ဒေါက်တာချန် …. ကျေးဇူးပြုပြီး ကလေးနှစ်ယောက် ဘယ်မှာရှိနေလဲ ပြောပါ … ငါ သူတို့ကို သွားကြိုလိုက်မယ် ….”

အကယ်၍ ကျောက်ချန်းခွန်သာ ရွှီနာ့နာ့နှင့် ကျောက်ရုံချန်းကို မြင်သည်နှင့် ရိုက်နှက် ဆဲဆိုနေမည်ဆိုပါက ကလေးရဲ့ သိက္ခာကို ဖျက်စီးသလို ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် လီချန်ကျွင်းက ကလေးနှစ်ယောက်ကို သူကိုယ်တိုင် ခေါ်လာပေးဖို့ လုပ်နေခြင်း ဖြစ်၏။

အရင်ဦးဆုံး ကလေးနှစ်ယောက်ကို သူ့ဘက်က ဆိုဆုံးမမည်။ ထို့နောက် တစ်ဖက်တွင် ကျောက်ချန်းခွန်ကို ထပ်ပြီး ဖြောင်းဖြ၍ ဤကိစ္စကို အေးအေးချမ်းချမ်းနှင့်ပဲ အဆုံးသတ်စေမည်။

“ ခင်များအဲ့ဒီကို တစ်ယောက်တည်းသွားရင် ခင်များ အသက် အန္တရာယ် ရှိတယ် ….” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်၏။

“ အသက် အန္တရာယ် ရှိတယ် ဟုတ်လား ….”

လီချန်ကျွင်း၏ မျက်လုံးတို့ ပြူးကျယ်သွားပြီး အံ့အားတကြီး မေးလသည်။ “ ကလေးနှစ်ယောက်က ငါ့ကို ထိခိုက်အောင် လုပ်မှာတော့ မဟုတ်ဘူးမလား ….”

“ သူတို့ကတော့ ဘယ်လုပ်မှာ … ဒါပေမယ့် ပြန်ပေးဆွဲသမားတွေကတော့ လုပ်လိမ့်မယ် ….”

“ ပြန်ပေးဆွဲသမားတွေ …”

လီချန်ကျွင်းသာလျှင် အံ့ဩဘနန်း ဖြစ်သွားတာ မဟုတ်ဘဲ ကျောက်ချန်းခွန်လဲ အလန့်တကြား ထခုန်မိကာ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

“ ပြန်ပေးဆွဲသမားတွေဆိုတာက ဘာကို ပြောချင်နေတာလဲ ဒေါက်တာချန် ….”

“ ဒါက ငါ့သားနဲ့ ရွှီနာ့နာ့တို့ ကိုယ်တိုင် လုပ်ဇာတ်ခင်းပြီး ဖန်တီးထားတဲ့ ပြန်ပေးဆွဲမှု မဟုတ်ဘူးလား …”

ကျောက်ချန်းခွန် အံ့အားတကြီး ဖြစ်သွားခဲ့သည်။

လက်ရေးလက်သားမှတစ်ဆင့် အကဲဖြတ်ကြည့်ရသလောက်တော့ ခြိမ်းခြောက်စာကို ရေးသားခဲ့သူက ရွှီနာ့နာ့ပင်။

ချန်ယွီ့ကလည်း သူ့သား ပျောက်ဆုံးသွားသည်က ကလန်ကဆန် ပြုချင်သည့် စိတ်ကြောင့်ဆိုတာကို အတည်ပြုပေးခဲ့သည်။

ရွှီနာ့နာ့နှင့် ကျောက်ရုံချန်းတို့က အတူရှိနေသည်ဟုလည်း ချန်ယွီ့ ပြောသည်။

ဒါဆိုရင် ပြန်ပေးဆွဲသမားတွေက ဘယ်နားက ဘယ်လို ရောက်လာခဲ့တာလဲ ….

“ ခဏလေး …”

လီချန်ကျွင်းက ကျောက်ချန်းခွန်ရဲ့ မေးခွန်းကို ကြားဖြတ်ပြီး ချန်ယွီ့ကို မေးလိုက်သည်။

“ ဒေါက်တာချန် … မဟုတ်မှလွဲရော စောနတုန်းက ငါ သုံးသပ်ပြသွားတာတွေ အကုန် မှားနေတာများလား ….”

“ ကလေး နှစ်ယောက်က တကယ်ပဲ ပြန်ပေးဆွဲသမားတွေ လက်ထဲမှာ ရှိနေတာလား ….”

ချန်ယွီ့က သူတို့နှစ်ယောက်ကို စိတ်ငြိမ်ငြိမ်ထားရန် လက်ဟန်ပြလိုက်သည်။

“ ခင်များ သုံးသပ်ပြသွားတာတွေက မမှားဘူး …”

“ ဒီရဲ့ ပြန်ပေးဆွဲအမှုက တကယ့်ကို ဥက္ကကျောက်ရဲ့သားနဲ့ သူ့ ကောင်မလေးတို့တွေ အတူပူးပေါင်းပြီး မိဘတွေကို ထိတ်လန့်အောင် လုပ်ချင်လို့ပဲ ….”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က သူ့ဇာတ်လမ်းကို စတင်ပြောသည်။

“ ဥက္ကဌကျောက်ရဲ့ စိုးရိမ်စိတ်ဖိစီးတဲ့ ကစဉ့်ကလျား ရောဂါ တဖြည်းဖြည်း ဆိုးရွားလာတာနဲ့ သူက သူ့သားရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပျက်ပြားစေမယ့် ကြမ်းတမ်းတဲ့ စကားလုံးတွေကို စကားပြောဖြစ်တိုင်း အမြဲထည့်သုံးလေ့ရှိတယ် ….”

“ ခင်များသား သမီးရည်းစား ဆက်ဆံရေး ရှိနေတာကို သိကတည်းက ခင်များသားကို သူ့လို ကျောင်းစာတောင် နိုင်အောင် မလုပ်နိုင်တဲ့ကောင်က မိန်းမယူဖို့ ဘာအရည်အချင်း ရှိလဲ ဆိုပြီး အမြဲပြောတယ် ….”

“ တမြန်မနေ့တုန်းက ခင်မျာသား ပေါက်ကွဲထွက်လာခဲ့ပြီး သူက ခင်များရဲ့ သားအရင်း ခေါက်ခေါက် မဟုတ်ပါဘူးလို့ သံသယ ရှိသွားတယ် …”

“ ဒါကြောင့်မို့ ရွှီနာ့နာ့ကို ဖုန်းဆက်ပြီး သူတို့နှစ်ယောက် အတူဆွေးနွေးရင်းနဲ့ ရှိုးတစ်ခု အတူရိုက်ဖို့ အကြံထွက်လာတာပဲ ….”

“ သူလုပ်ချင်တာက သူက ခင်များရဲ့ သားအရင်း ဟုတ်မဟုတ်ဆိုတာ အတည်ပြုချင်ရုံသပ်သပ်ပဲ …”

“ ခင်များက သူ့အသံ ဒါမှမဟုတ် သူ့လက်ရေးကို မှတ်မိသွားမှာ ကြောက်တယ် ….”

“ ဒါကြောင့်မို့ ရွှီနာ့နာ့ကို သူ့ကိုယ်စား ခြိမ်းခြောက်စာ ရေးပေးဖို့ တောင်းဆိုလိုက်တယ် ….”

လီချန်ကျွင်း ခေါင်းညိတ်လိုက်သည်။

ဆယ်ကျော်သက်လေးများ၏ စိတ်ကူးစိတ်သန်းက မျှော်လင့်ထားသည်ထက် ကျော်လွန်အောင် အမြဲတမ်း ရူးနှမ်းနေကြစမြဲပင်။

သူတို့တွေ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်နှင့် လုပ်ဖို့ကို ဝန်လေးနေကြမှာ မဟုတ်ချေ။

“ သူက ငါ့သားအရင်း မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”

ကျောက်ချန်းခွန် ထပ်ခါတလဲလဲ သက်ပြင်းချနေလျက် ရှိတော့သည်။ သူ့သားအပေါ် တင်းကြပ်သည်ကလည်း ချစ်သည့်စိတ်ကြောင့်ပင်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဆက်ပြောပါဦး …”

ချန်ယွီ့ နှုတ်ဖျားကနေ ‘ ပြန်ပေးဆွဲသမား ‘ဆိုသည့် စကားလုံး ထွက်လာကတည်းက ကလေးနှစ်ယောက် အန္တရာယ် ရှိနေပြီ ဖြစ်ကြောင်းကို လီချန်ကျွင်း တပ်အပ်သိလိုက်သည်။

ပညာပေး ၊ လမ်းပြပေးမည့် ကိစ္စကို သူတို့တွေ ယခုလောလောဆယ် ဘေးချိတ်ထားသင့်ပြီး လက်ရှိ အရေးကြီးဆုံးက ကလေးတွေကို တတ်နိုင်သမျှ မြန်မြန် ကယ်တင်ဖို့ပင်။

“ ဒါတွေ အကုန်လုံး လုပ်ပြီးတော့ ကျောက်၀န်ချန်းက ရွှီနာ့နာ့ကို ဆက်ပြီး ကျောင်းတက်နေဖို့ ပြောတယ် … သူကတော့ သူမရဲ့ အိုင်ဒီကတ်ကို ငှားပြီး မြို့ပြင် ဧရိယာဘက်မှာ ပုန်းဖို့ အိမ်တစ်လုံး ငှားလိုက်တယ် ….”

“ လွန်ခဲ့တဲ့ လေးနာရီ … ကျောင်းပြီးတော့ ရွှီနာ့နာ့က အဲ့ဒီအိမ်ကို သွားပြီး ထမင်းအတူစားဖို့အတွက် ကျောက်၀န်ချန်းကို လိုက်ရှာတယ် …”

“ ဒီအတောအတွင်း ရွှီနာ့နာ့က သူ့စိတ်တွေ လေးနေတော့ ကျောက်၀န်ချန်းကို ဒေါသထွက်နေတာ တော်ပြီး အိမ်ပြန်ပြီးမှ ဥက္ကဌကျောက်ကို တောင်းပန်ဖို့ ဖြောင်းဖြတယ် ….”

“ ရွှီနာ့နာ့ သူ့ကို ဘယ်လောက်ပဲ ဖြောင်းဖြပါစေ ၊ ကျောက်ဝန်ချန်းက ထွက်သွားဖို့ကို ငြင်းဆန်နေတုန်းပဲ ..”

“ သူတို့တွေ အငြင်းပွားတဲ့ စကားကို တစ်ဖက် အနီးနားဝိုင်းမှာ ရှိတဲ့ တစ်စုံတစ်ယောက်က မတော်တဆ ကြားသွားခဲ့တယ် ….”

“ သူတို့က စုစုပေါင်း လူလေးယောက် … ပြီးတော့‌ ခေါင်းဆောင်က မျက်နှာမှာ အမာရွတ်နဲ့ အမျိုးသားပဲ …”

လီချန်ကျွင်းကို ကြည့်လျက် ချန်ယွီ့ ပြောလိုက်သည်။

“ ကပ္ပတိန်လီ ဒီလူအုပ်စုကို သိပါတယ် ….”

“ မျက်နှာမှာ အမာရွတ်နဲ့ …… ၊ အမာရွတ်ဓား'ချန်'ပဲ ….”

လီချန်ကျွင်းရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

ကျောက်ဝန်ချန်းနှင့် ရွှီနာ့နာ့တို့က ဤလူအုပ်စုနှင့် သွားတိုးမိတယ်ဆိုတော့ တကယ်ကို ကံဆိုးတာ ဖြစ်၏။

အမာရွတ်ဓား'ချန်'က ရာဇဝတ်မှု စုံစမ်းရေး ဌာန၏ အလိုရှိဆုံး ရာဇဝတ်သား ဆယ်ဦးထဲက တစ်ဦး ဖြစ်သည်။

လူသတ် ၊ ဓားပြတိုက် ၊ ပြန်ပေးဆွဲ ၊ ပိုက်ဆံယူပြီး လူရိုက် … စသည့် မကောင်းမှု ဒုစရိုက် မျိုးစုံကို ကျူးလွန်ဖူးသူပင်။

ထိုလူကို ဖမ်းဖို့အတွက် လီချန်ကျွင်း ကြိုးစားနေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ သို့သော် ထိုငနဲက အမြဲတမ်း ကံကောင်းပြီး သူ ဖမ်းမည်လုပ်တိုင်း တစ်နည်းနည်းဖြင့် လွတ်မြောက်သွားမြဲ ဖြစ်၏။

“ ကပ္ပတိန်လီ … အမာရွတ်ဓား'ချန်'က ဘယ်သူလဲဟင် …”

ကျောက်ချန်းခွန် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ ကျုပ်တို့ စီရင်စုက နာမည်ကြီး ဓားပြပဲ …. သူ့နည်းလမ်းတွေက ရက်စက်တယ် … စိတ်ကူးလို့ရတဲ့ ရာဇဝတ်မှုတိုင်းကို သူ ကျူးလွန်တယ် …”

လီချန်ကျွင်းရဲ့ နှလုံးက လည်ချောင်းဝသို့ ရောက်လာသည်။ အမာရွတ်ဓား ချန်က အခြားသော ပြန်ပေးသမားများကဲ့သို့ လိုချင်သည့် ငွေပမာဏကို ရရှိသည်နှင့် ရှင်လျက် ပြန်လွှတ်ပေးတတ်သူ မဟုတ်ပေ။

သူ့လက်တွင်းသို့ ကျရောက်လာသူတိုင်းကို သတ်ပြီး နှုတ်ပိတ်တတ်၏။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့သားလေးကို ကယ်တင်ပေးပါဦးကွာ … ငါ မင်းကို ငွေသား ယွမ်တစ်သန်းပေးပါ့မယ် …”

ကျေက်ချန်းခွန် မွေးညှင်းတို့ ထောင်ထသည်အထိ ထိတ်လန့်နေပြီး လက်များလည်း တုန်ယင်နေသည်။ သူ့ဖုန်းကို ထုတ်၍ ချက်ချင်းပဲ ပေးဖို့ ဟန်ပြင်လိုက်သည်။

“ ကပ္ပတိန်လီ … အခုတော့ ခင်များရဲ့ အရည်အချင်းတွေ ပြသရမယ့် အချိန်ရောက်ပြီ ….”

ချန်ယွီ့က ရယ်သွမ်းရင်း ပြောလိုက်သည်။

“ ဒေါက်တာချန် … ငါ့ကို မနောက်ပါနဲ့ … ငါက အရည်အချင်းတွေ ပြရတာ ကြိုက်တယ်ဆိုပေမယ့် သူတို့ ဘယ်မှာ ရှိလဲ သိမှ မသိတာ ….”

လီချန်ကျွင်းမှာ အလိုရှိ ရာဇဝတ်သား အမာရွတ်ချန်ကို လူတိုင်းထက်တောင် ပို၍ ဖမ်းချင်သေးသည်။ သို့သော် အနှီငနဲက သိပ် ဉာဏ်များလွန်း၏။

ရာဇဝတ်မှုများကို ကျူးလွန်စဉ်တွင် အမာရွတ်ဓားချန်က အမြဲတမ်း ရှင်လျက် ကျန်ရှိသူ ရှိမရှိ ၊ ဒါမှမဟုတ် ခြေရာလက်ရာများ မကျန်ရစ်ကြောင်းကို သေချာအောင် ပြုလုပ်တတ်သည်။

ကျောက်ချန်းခွန်က ယွမ်တစ်သန်းပေးချေပြီးနောက် ဖုန်းကို ပြန်သိမ်းမည် လုပ်သည့် အချိန်မှာပဲ ချန်ယွီ့က သူ့ကို ရုတ်ချည်း ပြောဆိုလာသည်။

“ ရာဇဝတ်သားတွေ ပြုတတ်တဲ့ အမူအကျင့် စိတ်ဗေဒကနေ ခွဲခြမ်းစိတ်ဖြာကြည့်ရသလောက် အမာရွတ်ဓား ချန်က ခင်များကို မကြာခင် ဆက်သွယ်လာလောက်တယ် …”

“ နောက်တစ်မိနစ်လောက်ဆိုရင်ကို ဆက်သွယ်လာလောက်ပြီ ….”

ကလင် ကလင် ကလင် ….

ရုတ်ချည်းဆိုသလို ဖုန်းမြည်သံတစ်ခုက ထွက်ပေါ်လာသည်။

All Chapters