သူတို့က .. သူတို့က ယုန်ထက်တောင် အောက်တန်းကျတယ်
Vol. 13 Ch. 123
'သူဌေး'ဟု ဆိုညွှန်းခံရသူ သက်လတ်ပိုင်း အမျိုးသားမှာ စိုးရိမ်ကြောင့်ကြနေလျက် ရှိသည်။
“ ဥက္ကဌယင် … ကျုပ် မသိလို့ မေးပါဦးမယ် …. ချန်ယွီ့ကို ရုံးဆီ ဆက်တိုက် ဖိတ်ခေါ်ချင်နေရလောက်အောင် ခင်များဘက်ခြမ်းမှာ ဘာတွေများ ပြဿနာတက်နေလို့ …”
မျက်မှန်နှင့် မန်နေဂျာက ဂရုတစိုက်နှင့် မေးလိုက်၏။
ဤမနက်ခင်းတွင် ဆေးရုံတက်နေသည့် သူတို့ ဥက္ကဌက ဝန်ထမ်းများစွာ ခြံရံလျက် ရုံးချုပ်သို့ ရောက်လာခဲ့သည်။
ထို့နောက် နည်းပညာရှင်များကို ချန်ယွီ့ထံသို့ သီးသန့်မက်ဆေ့ချ် ဆက်တိုက်ပို့ဖို့ ညွှန်ကြားလာသည်။
သူ့ဘက်က ချန်ယွီ့ကို ရုံးချုပ်သို့ စိတ်ရင်းလေးနက်စွာဖြင့် ဖိတ်ခေါ်လိုနေခြင်း ဖြစ်၏။
ဥက္ကဌယင် ခေါင်းခါယမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူ မည်သို့ ပြောထွက်ပါမည်နည်း။
အကယ်၍ သူသာ ဤလူများကို ပြောပြလိုက်မည်ဆိုပါက နောက်တစ်နေ့တွင် ဟူယွီ၏ စတော့ရှယ်ယာများဈေးများ အောက်သို့တိုင် ထိုးကျသွားနိုင်သည်။
သူ ကြုံတွေ့နေရသည့် ပြဿနာကို ချန်ယွီ့ ဖြေရှင်းပေးမှပဲ ဖြစ်နိုင်မှာ ဖြစ်၏။
ချန်ယွီ့ လိုက်စထွင်းလွှင့်သည့် ထုံးစံအရ…
ယနေ့အတွက်လည်း နေရာသုံးခုရှိမည်မှာ ကျိန်းသေပေါက်ပင်။ အချိန်သတ်မှတ်၍ တွက်ချက်ကြည့်မည်ဆိုပါက စထွင်းတစ်ခုချင်းစီတိုင်းက အနည်းဆုံး တစ်နာရီကျော် ကြာလိမ့်မည်။
“ မင်းတို့အကုန်လုံး အရင်ထွက်သွားနှင့်ကြ …. အတွင်းရေးမှူး ဟွမ်ထင်ကို ဝင်ခဲ့ခိုင်းလိုက် ….”
ဤသည်ကို ကြားတော့ လူတိုင်း ရုံးခန်းထဲက ထွက်သွားခဲ့ကြသည်။
အုံ့မှိုင်းနေသည့် ဥက္ကဌယင်ရုံးခန်းထဲရှိ လေထုနှင့် ကွဲပြားစွာ ချန်ယွီ့ လိုက်စထွင်းထဲရှိ စကားပြောခန်းမှာတော့ ပျော်ရွှင်မှုဖြင့် သက်ဝင်လှုပ်ရှားလို့နေသည်။
အကြောင်းအရင်းကတော့ ချန်ယွီ့က ယခင်လိုက်စထွင်းပြီး နောက်တစ်နေ့တွင် ထပ်မံ၍ လိုက်စထွင်း လွှင့်လာသောကြောင့်ပင်။
သတ်မှတ်ထားသည့် အချိန်နာရီနှင့် တိုက်ရိုက်ထုတ်လွှင့်ရသည့် အနှီ စာချုပ် စထွင်မာများနှင့် မတူညီပါဘဲ ချန်ယွီ့က ဟူယွီ လိုက်စထွင်းသို့ ဧည့်အဖြစ် ဖိတ်ခေါ်ခံထားရသည့် ဆရာဝန် တစ်ဦးပင်။ သူ့တွင် ဟူယွီပလတ်ဖောင်းနှင့်လည်း မည်သည့် စာချုပ်စာတမ်းတို့မျှ ရှိမနေချေ။
တစ်နည်းဆိုရသော် ချန်ယွီ့က အများပြည်သူလူထုကို လှုံ့ဆော်ပေးသည့် မူဝါဒများ ၊ ဒါမှမဟုတ် ဥပဒေနှင့် ဆန့်ကျင်သည့် အရာများကို လိုက်စထွင်း မလုပ်သရွေ့ ပလတ်ဖောင်းက သူ့ကို ဘာမျှ ပြုလုပ်နိုင်မှာ မဟုတ်ချေ။
သူ့ကို နေ့စဉ်နေ့တိုင်း ပုံမှန် လိုက်စထွင်းလွှင့်ဖို့လည်း တောင်းဆိုပိုင်ခွင့် မရှိပေ။
ချန်ယွီ့ကလည်း လူပျင်း ဖြစ်၏။ လိုက်စထွင်းကို သုံးလေးရက်ကြာမှ တစ်ကြိမ်တစ်ခါ လွှင့်လေ့ ရှိသည်။
ကြည့်ရှုသူများက သူ့လိုက်စထွင်းကို စောင့်ဆိုင်းရင်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်များကို မျှော်လင့်လို့နေသည်။
“ စည်းမျဉ်းဟောင်းတွေ အတိုင်းပဲ … ယွမ် တစ်ရာတန် ဟုန်ပေါင်းသုံးခု ၊ နေရာသုံးခု ….”
ချန်ယွီ့ များများစားစား ပြောဆိုမနေဘဲ သူ့ကီးဘုတ်ကို တစ်ချက်ခေါက်လိုက်သည်။
“ ရင်းနှီးနေတဲ့ စတိုင် … ရင်းနှီးနေတဲ့ အငွေ့အသက် ….”
“ ဒေါက်တာချန် … မင်းကတော့ ပိုပိုပြီး အပျင်းကြီးလာနေပြီပဲ …. အခုဆို စကားပြောရမှာတောင် ပျင်းလာနေပြီ …”
“ ထိတွေ့ဆက်ဆံတဲ့ ကဏ္ဍတွေလည်း မရှိဘူး …. ဒေါက်တာချန်က သူ့ပရိသတ်တွေ ဆုံးရှုံးမှာကို မကြောက်ဘူးလား မသိဘူး ….”
“ ပလတ်ဖောင်းက ဘာတွေ လုပ်နေတာ …. ဒေါက်တာချန် လိုက်စထွင်း လွှင့်နေတာ ဘယ်နှကြိမ် ရှိနေပြီတုန်း… ဒါတောင် စာချုပ်ချုပ်ဖို့ မကမ်းလှမ်းသေးဘူးလား ….”
“ ဟူယွီ ပလတ်ဖောင်းက အင်းစက်တစ်အုပ်ကို မွေးထားတာပဲ ….”
ကြည့်ရှုသူများက ချန်ယွီ့ရဲ့ လိုရင်းတန်းသွားသည့် အချက်ကို လှောင်ရယ်သည့် ကွန်းမန့်များ ပို့ပြီးနောက် ပလတ်ဖောင်း၏ လုပ်ဆောင်မှုအပေါ် စပြီး ဝေဖန်ကြတော့သည်။
ချန်ယွီ့ လိုက်စထွင်းကို တိတ်တဆိတ် စောင့်ကြည့်နေကြသည့် အက်မင်တစ်ချို့မှာ ထောင်းခနဲ ဒေါသထွက်သွားခဲ့ကြ၏။
သို့သော် သူတို့တွေ စောဒကမတက်ဝံ့။
သူတို့က အလုပ်မကြိုးစားတာ မဟုတ်ဘဲ ချန်ယွီ့ကိုက သူတို့ကို လျစ်လျူရှုနေခြင်းပင်။
သူတို့တွေ ချန်ယွီ့ထံသို့ သီးသန့်မက်ဆေ့ချ် ပေးပို့နေသည်မှာ အစောင်ရေ ၈၀ ၊ ၁၀၀ နီးပါး ရှိနေပြီ ဖြစ်၏။ စာတွေ အကုန်လုံးကို ချန်ယွီ့က လျစ်လျူရှုထားသည်။
ချန်ယွီ့ထံသို့ သူတို့ ဖုန်းမဆက်သည့် အကြောင်းအရင်းကတော့ …
စကားနှစ်လုံးတည်းသာ ရှိ၏။
သူတို့ ကြောက်ရွံ့သောကြောင့်ပင်။
တကယ်လို့ သူတို့ဘက်က ချန်ယွီ့ စိတ်ညိုညင်အောင် တစ်ခုခု လုပ်မိသွားခဲ့ရင် ဘယ်လိုလုပ်မှာ …
ချန်ယွီ့ စကား အနည်းငယ်ဖြင့် အက်မင်များကို ဆုံးရှုံးနစ်နာသွားစေဖို့ လုံလောက်သည်။
တခြားသော စထွင်မာအကြီးစားများ လိုင်းတက်လာချိန်တွင် သူတို့က ကြည့်ရှုသူများနှင့် ဆက်သွယ်ထိတွေ့နိုင်ဖို့ကို အကောင်းဆုံး ကြိုးစားကြသည်။
လိုက်စထွင်းထဲရှိ လေထုကို အရှိန် မြင့်မားစေရန်အတွက် ဖျော်ဖြေရေးများ ၊ ဟာသများ ပြော၍သော်လည်းကောင်း ပြုလုပ်တတ်ကြသည်။
ဤသည်က သူတို့ရဲ့ ပရိသတ် အဟောင်းများနှင့် သံယောဇဉ်ကို ပိုပြီး ခိုင်မာစေရန်နှင့် ကြည့်ရှုသူအသစ်များကို ဆွဲဆောင်နိုင်ဖို့ အတွက်ဖြစ်သည်။
ချန်ယွီ့ လိုက်စထွင်းတွင်တော့ လုံးဝ ပြောင်းပြန်ပင်။
အရာအားလုံးက သူ့စိတ်အခြေအနေပေါ် မူတည်နေပြီး သူနှင့် စကားပြောခန်းထဲရှိ ကြည့်ရှုသူများနှင့်လည်း ထိတွေ့ဆက်ဆံမှုတို့ မရှိပေ။
ကြည့်ရှုသူများက စောဒကတက်နေကြသော်လည်းပဲ ချန်ယွီ့ ချာနယ်ထဲရှိ ရေပန်းစားမှုကတော့ မလျော့နည်းသွားခဲ့။ ထိုအစား ယခင်ကထက်ပင် ပို၍ သက်ဝင်လှုပ်ရှား စည်ကားလာသည်။
ကြည့်ရှုသူ တစ်သန်းအထိရောက်တော့ ဟုန်ပေါင်းသုံးခုကိုလည်း လွှတ်ပေးလိုက်၏။
မကြာမီ ‘ကံကောင်း’ကြသည့် ကြည့်ရှုသူတို့ တစ်ဦးပြီး တစ်ဦး ထွက်ပေါ်လာသည်။
“ ကဲ … ငါတို့ရဲ့ ပထမဆုံးလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ….”
ချန်ယွီ့ စကားဆုံးသည်နှင့် မိန်းမပျိုလေး တစ်ဦးက လိုက်စထွင်း စခရင်ထက်တွင် ထွက်ပေါ်လာသည်။
ကောင်မလေးရဲ့ အွန်လိုင်းနာမည်ကိုတော့ [၀မ်းနည်းနေတဲ့ မိန်းကလေး]ဟု အမည်ပေးထားသည်။
သူမရဲ့ ရုပ်ရည်လေးက အတော်လေး လှ၏။
အသက်က ၂၅ ၊ ၂၆ အရွယ်ခန့် ရှိမည်ဖြစ်ပြီး ချန်ယွီ့ လိုက်စထွင်းထဲကို ရောက်လာတော့ သူမမှာ မျက်ရည်စက်လက်နှင့် ဖြစ်နေသည်။
“ ဒေါက်တာချန် … ငါ … ငါ ဖောက်ပြန်ခံရတယ် ….”
“ သူ ဖောက်ပြန်သွားတဲ့လူက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့တဲ့ … ငါဆက်ပြီး အသက်ရှင်ချင်စိတ်လည်း မရှိတော့ဘူး …”
သူမ ထိုစကားလုံးများ ပြောလိုက်သည်နှင့် ကြည့်ရှုသူများ၏ ဒိုပါမင်းက အုန်းခနဲ ၊ ဒိုင်းခနဲ ပွင့်ထွက်လာသည်။
သူ့ကောင်လေးက သူ့အချစ်ဆုံး သူငယ်ချင်းနဲ့ ဖောက်ပြန်သွားတယ် …
ဒါ မိသားစုတွင်း ဒရာမာဇာတ်လမ်းပဲ …
ဟစ် ….
တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ် ….
“ ဒီရဲ့ လူနာ … ကျေးဇူးပြုပြီး မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းပါ … အရာရာတိုင်းမှာ ဖြေရှင်းနည်းလမ်းဆိုတာ ရှိတယ် …”
“ ငိုတာက ဘာတစ်ခုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး …..”
ချန်ယွီ့ တည်ငြိမ်စွာ ခွန်းတုံ့ပြန်လိုက်သည်။
“ ငါ အခု ငိုနေတာက ဒေါသထွက်လို့ …. အဲ့တာကြောင့် ငါငိုတယ် ….”
[ဝမ်းနည်းနေတဲ့ကောင်မလေး]က သူမရဲ့ မျက်ရည်စက်များကို သုတ်ပြီး နှာတရှုံ့ရှုံ့ ပြုလျက် ပြောလိုက်သည်။
“ အဲ့ မကောင်းတဲ့ကောင်က တကယ့်ကို ကန်းနေတာပဲ …”
“ ရုပ်ရည်ပဲ ဖြစ်ဖြစ် ၊ ကိုယ်လုံးကိုယ်ပေါက်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အမူအကျင့်မှာပဲ ဖြစ်ဖြစ် ငါက သူ့အောက် ဘာမှနိမ့်ကျနေတာလည်း မရှိဘူး ….”
“ ယုန်တောင် ယုန်တွင်းနားကမြက်ကို မစားဘူး … အဲ့ဒီ လူယုတ်မာနှစ်ယောက် …. တစ်ယောက်ကကျတော့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း … နောက်တစ်ယောက်ကျတော့ ငါ့ချစ်သူခင်ပွန်းလောင်း …”
“ သူတို့တွေက ဘယ်လိုဖြစ်ပြီး ငါ့နောက်ကွယ်မှာ အတူနေပြီးတော့ လက်ထပ်သွားနိုင်ကြတာလဲ ….”
“ သူတို့က … သူတို့က ယုန်ထက်တောင် အောက်တန်းကျသေးတယ် ….”
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ငိုကြွေးရင်း သူမရဲ့ ချစ်သူနှင့် အချစ်ဆုံး သူငယ်ချင်းကို စာရိတ္တ ပျက်ယွင်းသူများဟု ကျိန်ဆဲနေလျက်ရှိသည်။
သူမ စတင်ပြီး ညစ်ညမ်းသည့် ဇာတ်လမ်းများကို ချန်ယွီ့ရဲ့ ကြည့်ရှုသူများထံ ပြောပြ၏။
မကြာသေးမီ အချိန်တုန်းကပဲ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းထံကနေပြီး ဓာတ်ပုံတွေ အများကြီး ရောက်လာသည်။
ယင်းက သူမ အချစ်ဆုံးသူငယ်ချင်းနှင့် သူမရဲ့ ခင်ပွန်းလောင်းတို့ ခရီးတစ်ခု သွားနေစဉ် ပလူးပလဲ လုပ်နေကြသည့် အခိုက်အတန့်များကို ရိုက်ကူးထားခြင်းပင်။
နောက်ဆုံးဓာတ်ပုံကတော့ ဟိုတယ်ခန်းတစ်ခုတွင် တစ်အိပ်ရာတည်း အတူအိပ်နေသည့်ပုံပင်။
ထိုပုံကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်မှာပဲ ဝမ်းနည်းနေတဲ့ကောင်မလေး မှာ မိုးကောင်းကင်ကြီး ပြိုကျသည့်နှယ် ခံစားသွားရသည်။
“ အဲ့ သန္ဓေယုတ်က အရပ်ကလည်း ပုအိုက်အိုက်နဲ့ … ရုပ်ကလည်း ဆိုးသေး … စကားပြောရင်လည်း ထစ်အထစ်အနဲ့ …. မိန်းကလေးတစ်ယောက်ကို စိတ်ကျေနပ်အောင် ဘယ်လိုအလိုလိုက်ရမှန်းလဲ နားမလည်ဘူး …”
“ အဲ့တာတောင် ငါသူ့ကို စက်ဆုပ်တာမျိုး မရှိခဲ့ဘူး ….”
“ သူနဲ့ တစ်နှစ်ကျော်လောက် တွဲပြီးတော့ စေ့စပ်ဖို့ ဆုံးဖြတ်လိုက်တယ်….”
“ စေ့စပ်ပြီးတော့ အစိုးရဝန်ထမ်း အလုပ်ကနေ ထွက်ပြီး အဲ့ သန္ဓေယုတ်ကို စောင့်ရှောက်ပေးဖို့ အတွက်နဲ့ အစိုးရဝန်ထမ်း အလုပ်ကနေတောင် ထွက်လိုက်တယ် ….”
“ ငါ သူ့ကို သိပ်ချစ်ခဲ့တယ် … ဒါပေမယ့် သူကတော့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ ပလူးပလဲတွေ လုပ်ပြီး ဖောက်ပြန်ရက်တဲ့အထိ အရှက်သိက္ခာတွေ ကင်းမဲ့နေနတယ် …..”
“ အဲ့ ဖောက်ပြန်တဲ့ ပိုင်းလုံးမကလည်း တခြားလူတွေ ရှေ့မှာဆို ညီအစ်မ အရင်းခေါက်ခေါက်တွေလိုနဲ့ … နောက်ကွယ်မှာကျ ဒုတ်ဆာနေတဲ့ တကယ့် ပိုင်းလုံးစစ်စစ် ….”
“ ငါတို့နှစ်ယောက်က တက္ကသိုလ်အတန်းဖော်တွေ … ပြီးတော့ ဘွဲ့ရကတည်းက အတူနေလာခဲ့ကြတာ ….”
“ ဒီလောက် နှစ်တွေ အကြာကြီး အတူနေလာတာတောင် အဲ့ကောင်မက နှုတ်သီးကောင်း လျှာပါးမဆိုတာ မသိအောင် ဖုံးကွယ်နိုင်တာ အံ့ဩလို့ကို မဆုံးဘူး ….”
ဝမ်းနည်းနေတဲ့ကောင်မလေး က အံကို တင်းတင်းကြိတ်လျက် မကျေနပ်ချက်များကို ကြည့်ရှုသူများထံ ရင်ဖွင့်နေလျက်ရှိသည်။
“ နင်တို့တွေ ပြောကြစမ်းပါ … သူတို့နှစ်ယောက် တိရစ္ဆာန်တွေထက်တောင် အောက်တန်းကျသေးတယ် ဟုတ်တယ်မလား ….”
“ သူများ ပလေးတာ ခံရမှာ ကြောက်ရင်လည်း စင်ဂယ်ပဲလုပ်ပေါ့ဟယ် … ငါပြောတာ မှန်တယ်မလား ညီမတို့ ….”
“ ယောက်ျားတွေဆိုတာ ငါတို့ ထုတ်မယ့် ဓားအမြန်နှုန်းကို တုံ့နှေးစေမယ့် အနှောင့်အယှက်သပ်သပ်ပဲ ….”
“ သူ့ အချစ်ဆုံး သူငယ်ချင်းက တစ်ခုခု မှားနေတာကို သိလိုက်ရတော့ ငါ့မှာ လမ်းခွဲလိုက်လို့တောင် မဖြောင်းဖြရဲဘူး … တော်နေကြာ ငါ့အချစ်ဆုံး သူငယ်ချင်းကလည်း ငါ သူ့ကောင်လေးကို စနှိုက်ဖို့ ကြံနေပါတယ်ဆိုပြီး အထင်မှားသွားမှာ ကြောက်ရတယ် ….”
“ အရင်တုန်းကဆိုရင်တော့ တွဲတဲ့အခါ သေချာကြည့်ကြပ်ပြီး တွဲလို့ ပြောမိလိမ့်မယ် … ဒါပေမယ့် အခုတော့ ငါကိုယ်တိုင်လည်း ယောက်ျားတွေနဲ့ ဝေးဝေးနေနေပြီ … “
“ အမျိုးသမီး တစ်ယောက်က အမျိုးသားတစ်ယောက်ကို သနားမိတာနဲ့ သွားတာပဲ …”
“ နင်ကတော့ သူ့ကို နင့် အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေးတယ် … ဒါပေမယ့် သူကတော့ နင့်ကို အဲ့လိုမျိုး သဘောမထားဘူး…. ခင်မင်ရင်းနှီးမှုမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တခြား ဆက်ဆံရေးတွေမှာပဲ ဖြစ်ဖြစ် ၊ နှစ်ဖက် အသွားအပြန်ဆိုတာ ရှိရတယ် ….”
ကွန်းမန့်အများစုက အမျိုးသမီး ကြည့်ရှုသူများထံကပင်။
သူတို့ရဲ့ အတွေ့အကြုံများကို အသုံးချပြီး ဝမ်းနည်းနေတဲ့ကောင်မလေးကို နှစ်သိမ့်ပေးခြင်း ၊ ဒါမှမဟုတ် အရှက်တရား ကင်းမဲ့သည့် သူမရဲ့ အချစ်ဆုံး သူငယ်ချင်းနှင့် ခင်ပွန်းလောင်းကို ကျိန်ဆဲခြင်းတို့ ပြုလုပ်နေကြသည်။
ကွန်းမန့်တိုင်းတွင် ‘ ပိုင်းလုံးမ ၊ ခွေးသူတောင်းစား၊ အောက်တန်းစား ‘ စသည့် စကားလုံးတို့က မပါမဖြစ် ရှိနေကြသည်။
အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်ဖို့အတွက် မည်မျှ ခက်ခဲလိုက်သနည်း။
အစိုးရဝန်ထမ်းစာမေးပွဲကို ဖြေဆိုဖူးကြသူတိုင်း သူတို့စိတ်ထဲ ကြောက်လန့်စိတ်တို့ စွဲထင်နေကြဆဲပင်။
ဝမ်းနည်းနေတဲ့ ကောင်မလေး က သူ့ချစ်သူကို ဂရုစိုက်ပေးဖို့အတွက် ထိုသို့ ကောင်းမွန်သည့် အလုပ်ကပင် ထွက်ခဲ့၏။
ယင်းတစ်ချက်ကပင် ဝမ်နည်းနေတဲ့ ကောင်မလေး သူ့ချစ်သူကို မည်မျှ ချစ်မြတ်နိုးကြောင်း သိသာပေါ်လွင်နေသည်။
ရေတစ်ကျိုက် သောက်ပြီးနောက် ချန်ယွီ့ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “ မင်းပြောတဲ့ စကား အသွားအလာကို ကြည့်ရုံနဲ့တင် မင်းရဲ့ စိတ်ရောဂါကို ကောက်ချက်ချလို့ ရနေပြီ…”
“ ဒီရဲ့ လူနာ … မင်းက တစ်ပါးသူအပေါ် သံသယ လွန်ကဲလွန်းတဲ့ ရောဂါ ပြင်းထန်အဆင့်ကို ခံစားနေရတာပဲ …”