← Chapters

ဗီရိုထဲက တန်ဖိုးကြီး ပစ္စည်းတွေ

Vol. 13 Ch. 124

ဗီရိုထဲက တန်ဖိုးကြီး ပစ္စည်းတွေ

Vol. 13 Ch. 124

“ တင် လင် လင် လင် …. နေကြာပန်းလေးရဲ့ အတန်း စတင်ပါပြီ … ကျောင်းသူကျောင်းသားတို့ … ၊ ကျေးဇူးပြုပြီး ကိုယ်စီ ထိုင်ခုံလေးတွေမှာ နေရာယူပေးကြပါ ….”

ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့် တစ်ခုက ထွက်ပေါ်လာသည်။

၎င်းနောက် ဆက်တိုက်ဆိုသလို အထူးကွန်းမန့်တို့ အမြောက်အများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာတော့သည်။

“ သံသယ လွန်ကဲတဲ့ ကစဉ့်ကလျား‌ရောဂါဆိုတာ မယုံကြည်မှု ၊ စိုးရိမ်စိတ် လွန်ကဲမှု၊ ယုံကြည်ချက် လွန်ကဲမှုနဲ့ မောက်မာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ကျင့်စရိုက် ရောဂါပဲ …”

“ ဆယ်ကျော်သက်တွေမှာ အဖြစ်များတယ် ….”

“ ခေါင်းမာတာ ၊ မှားမှန်းသိလျက်နဲ့ ဆက်မိုက်တာ ၊ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းတာ၊ တခြားလူကို မယုံကြည်တာ ….”

သံသယ လွန်ကဲသည့် ကိုယ်ကျင့်စရိုက် ကစဉ့်ကလျား ရောဂါ မိတ်ဆက်ကို ဖတ်ရှုရင်း ကြည့်ရှုသူများမှာ နှစ်သိမ့်သည့် ကွန်းမန့်အမျိုးမျိုးကို ဝမ်းနည်းနေတဲ့ ကောင်မလေး ထံ ပေးပို့လာခဲ့ကြသည်။

သူမ၏ အချစ်ဆုံး သူငယ်ချင်းနှင့် ချစ်သူက သူမ နောက်ကျောကို ဓားနဲ့ ထိုးသွားခဲ့၏။

အနာဂတ်တွင် တစ်ပါးသူအပေါ် စိတ်ချလက်ချ ယုံကြည်ဖို့ဆိုသည်မှာ အင်မတန် ခက်ခဲသည့် အရာတစ်ခု ဖြစ်သည်။

ထိုနှစ်ယောက် ကျေးဇူးဖြင့် သူမမှာ အရာရာတိုင်းကို သတိထားတတ်လာပြီး ကိုယ့်အပေါ် စစ်မှန်စွာ ကောင်းမွန်ပေးသူတစ်ဦး ထွက်ပေါ်လာခဲ့လျှင်ပင် သူမမှာ 'ဟုတ်ရောဟုတ်ရဲ့လား' ဟု သံသယများနေမိမှာ ဖြစ်၏။

မည်မျှ သနားဖို့ကောင်းလိုက်သနည်း။

“ ငါ့မှာ ရောဂါရှိတယ်လို့ ပြောနေတာလား ဒေါက်တာချန် …” [ဝမ်းနည်းနေတဲ့ ကောင်မလေး] က ရှော့ခ်ရသွားခဲ့သည်။

“ အင်း ….” ခေါင်းညိတ်လျက် ချန်ယွီ့ မေးလိုက်၏။ “ မင်း ကုသမှု ခံယူချင်လား ….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး] က သူမ နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ၏ အမူအရာက လွန်ဆွဲနေဟန်ပင်။

“ မိန်းကလေး … ကိုယ့်မှာ ရောဂါရှိတယ်ဆိုရင် အချိန်မီ ကုသဖို့ လိုတယ် … ဒေါက်တာချန်က ကျိန်းသေပေါက် မင်းကို ထိခိုက်နစ်နာအောင် လုပ်မှာ မဟုတ်ဘူး ….”

“ အလှလေး … မင်း အဲ့ဒီ နှစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို ပို့စ်တင်လိုက်စမ်းပါ … ငါပါ ကူပြီး သွားဆဲပေးမယ် …”

“ မင်းရဲ့ ရုပ်ရည်က လှပတာပဲဟာ ကျိန်းသေပေါက် ပိုကောင်းတဲ့ လူတစ်ယောက်နှင့် တွေ့နိုင်ပါတယ် …. ကိုယ့်ကို ပိုပြီး တန်ဖိုးထားတဲ့ လူကိုပဲ ရှာ ….”

“ ကိုယ်ချစ်ရတဲ့လူ ခိုးခံလိုက်ရတဲ့ နာကျင်မှုက …… “

“ အိုး ရိုမီရို … ဘယ်တွေ ရောက်နေလဲ ငါ့ရဲ့ ရိုမီရိုလေးရယ် …”

“ အမျိုးသမီး တစ်ယောက်ရဲ့ ဘဝက လွယ်တာ မဟုတ်ဘူး … တစ်ယောက်လာသွားလိုက် … တစ်ယောက် ထွက်သွားလိုက်နဲ့ … ကိုယ့်ဘာကိုယ် အဆင်ပြေပြေနဲ့ ရှင်သန်နေရင်ကိုပဲ ရပြီ … “

“ ဝမ်းမနည်းနဲ့ အလှလေး … မင်းကို အမ်းဖို့အတွက် ကိုယ်ကြီး ငတက်ပြားကျမ်းကို လေ့လာနေတယ် ….”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရောဂါကို အရင်ကု ….”

စိတ်ပူပန်မှုများ ပြည့်နှက်နေသည့် ကွန်းမန့်များကို ကြည့်ရင်း [ဝမ်းနည်းနေတဲ့ ကောင်မလေး] က နှာရွှတ်သံဖြင့် ပြောသည်။ “ စိတ်ပူပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ် … ငါ သေချာပေါက် ပိုပြီး ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်သွားမှာပါ ….”

“ ငါ ဒီနေ့ ဒေါက်တာချန်နဲ့ လာတွေ့ရတဲ့ တစ်စိတ်တစ်ပိုင်းကလည်း စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးမှုကို ခံယူချင်လို့ပဲ …”

“ နောက်တစ်ချက်က လူတိုင်းကို ငါ့ရဲ့ အကြောင်းတွေ ရင်ဖွင့်ချင်တာ …. ငါ့ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ကိုယ့်အလှည့်ကျ မကြုံရအောင်လို့ပေါ့ …. “ ထိုသို့ ပြောပြီးနောက် [ဝမ်းနည်းနေတဲ့ ကောင်မလေး] က ပြောလိုက်သည်။ “ ဒေါက်တာချန် … ငါ နင့်ရဲ့ ကုသမှုကို ခံယူချင်ပါတယ် … ဒါပေမယ့် ကုသစရိတ်က သိပ်ကြီးလွန်းတယ် … ငါ အချိန်တစ်ခုလောက်အထိတော့ တတ်နိုင်ဦးမှာ မဟုတ်ဘူးရယ် ….”

“ အဲ့ မကောင်းတဲ့ကောင်အတွက်နဲ့ ငါ့အလုပ်ကိုပါ ထွက်လိုက်တာဆိုတော့ အခု ဝင်ငွေကလည်း မရှိဘူး …”

“ စုဆောင်းထားတဲ့ငွေကလည်း ကတ်ထဲမှာ ယွမ် ရာဂဏန်း နည်းနည်းလေးပဲ ကျန်တော့တယ် ….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး] က ခါးသီးစွာ ပြောလိုက်သည်။

ဤသည်ကို ကြားတော့ ချန်ယွီ့က ပြုံးယောင်သမ်းသည့် အမူအရာဖြင့် ပြောလိုက်၏။ “ မင်းမှာ ဝင်ငွေ မရှိဘူးဆိုတာ အမှန်ပဲ … ပြီးတေ့ မင်းမှာ အလုပ်လည်း မရှိဘူး ….”

“ ဒါပေမယ့် မင်းက ကုသစရိတ်ကို မတတ်နိုင်ဘူး ပြောတာတော့ ငါ သဘောမတူဘူး ….”

ချန်ယွီ့ ထိုစကား ပြောလိုက်သည်နှင့် စကားပြောခန်းထဲရှိ အရိပ်ပြ အကောင်မြင်သူတို့က တစ်ခုခုတော့ ထူးဆန်းနေပြီကို ခံစားမိလိုက်ကြသည်။

“ ငါနင့်ကို မညာရပါဘူး ဒေါက်တာချန်ရယ် … နင် မယုံဘူးဆိုရင် ငါ့ ဘဏ်အကောင့်ကို ပြမယ် ….”

ပြောရင်းဖြင့် [ဝမ်းနည်းနေတဲ့ ကောင်မလေး] က သူမဖုန်းကို ဖွင့်ပြီး ဘဏ်အကောင့် လက်ကျန်ငွေကို ပြလာခဲ့သည်။

ဘဏ်ကတ် တော်တော်များများကို ဖုန်းနှင့် ချိတ်ဆက်ထားပြီး အကောင့်တစ်ခုချင်းစီတိုင်း၏ ကျန်ငွေက ဂဏန်း နှစ်လုံး၊သုံးလုံးသာလျှင် ရှိသည်။

“ မင်းမှာ ယွမ်ရာဂဏန်း နည်းနည်းလေးပဲ ရှိတယ် ….”

“ ဒါပေမယ့် မင်းနောက်က အဝတ်ဗီရိုထဲမှာတော့ တန်ဖိုးကြီး ပစ္စည်းတွေ အများကြီး ရှိတယ်လေ ….”

“ အဲ့ထဲက ကြိုက်တဲ့ တစ်လုံး ထုတ်ရောင်းလိုက် … အနည်းဆုံး ယွမ်သောင်းဂဏန်းလောက်ကတော့ အသာလေးပဲ …”

ချန်ယွီ့ စကားနောက်သို့ လိုက်ပါရင်း ကြည့်ရှုသူများမှာ [ဝမ်းနည်းနေတဲ့ ကောင်မလေး] နောက်ကွယ်ရှိ အဝတ်ဗွီရိုကို စူးစမ်းလိုက်ကြသည်။

အနောက်ရှိ ဗီရိုက အတော်ကြီးတာကိုတော့ သူတို့တွေ ဝန်ခံရမည်။

လေးမီတာလောက် ရှည်လျားပြီး သာမန် အဝတ်ဗီရိုများထက် နှစ်ဆခန့် ကြီးသည်။

[ဝမ်းနည်းနေတဲ့ ကောင်မလေး]မှာ တစ္ဆေသရဲကို မြင်တွေ့လိုက်ရသည့် မျက်နှာထားမျိုး ဖြစ်သွားခဲ့၏။

ချန်ယွီ့ရဲ့ ခန့်မှန်းမှုများက နတ်ဘုရားဆန်ကြောင်း သိထားသော်လည်း ခန့်မှန်းပြောဆိုနိုင်သည်က အိပ်စ်ရေး အမြင် ရှိနေသည်ဟု မဆိုလိုချေ။

ကွန်ပျူတာစခရင် တစ်ခုကို ဖြတ်ကျော်၍ အဝတ်ဗွီရိုထဲ ကြည့်ဖို့ဆိုသည်မှာ ဝေလာဝေးဖြစ်၏။

“ အဝတ်ဗွီရိုထဲမှာ ဘယ်လိုတန်ဖိုးကြီး ရတနာတွေ ရှိနေလို့ပါလိမ့် … ငါတို့လည်း အမြင်ကျယ်ရအောင် ထုတ်ပြစမ်းပါဟ ….”

“ ဒေါက်တာချန် ပြောသွားတာကို သေချာနားထောင်လေ … သူပြောတာ ကြိုက်တာလက်ညှိုးထိုးပြီး ထုတ်ရောင်းရင်တောင် အနည်းဆုံး ယွမ်သောင်းပိုင်းပဲတဲ့ ….”

“ ရွှေထည် ၊ ငွေထည်တွေများ ဖြစ်နေမလား ….”

“ ရွှေထည် ၊ ငွေထည်တွေကို တစ်’လုံး’လို့ သုံးတာ မင်းကြားဖူးလား ပြော …”

“ ငါ သိပြီ … ကျိန်းသေပေါက် နာမည်ကြီး ဘရန်းအိတ်ပဲ ဖြစ်ရမယ် ….”

“ ထိပ်တန်း လက်ဇရီဘရန်းအိတ်တွေပဲ အဲ့လောက် ဈေးမြင့်မြင့်နဲ့ ပြန်ရောင်းလို့ရတာ ….”

“ ဒေါက်တာချန် ပြောသွားတာက အထဲမှာ တန်ဖိုးကြီး ပစ္စည်းတွေရှိနေတယ် … ဆိုတော့ အထဲမှာ နာမည်ကြီး ဘရန်းအိတ်တွေ တစ်လုံးထက်ပိုပြီးကို ရှိနေတာပေါ့နော်….”

“ ဆိုတော့ မင်းက သူဌေးမကြီးပေါ့ ….”

“ မာမီ … သားသား ဆာဆာ ….”

သူတို့တွေ [ဝမ်းနည်းနေတဲ့ ကောင်မလေး] ၏ အတွေ့အကြုံကို ကိုယ်ချင်းစာမိကြသောကြောင့် အမျိုးသမီး ကြည့်ရှုသူ အများအပြားမှာ သူမကို သနားမိကြသည်။

သူတို့တွေက စကားပြောခန်းထဲတွင် [ဝမ်းနည်းနေတဲ့ ကောင်မလေး] ကို အမာခံ ပံ့ပိုးပေးသူများ ဖြစ်လာသည်။

သဘာဝက ပေးအပ်လာသည့် အလိုလိုသိစိတ်အပေါ် မှီခို၍ ဗွီရိုထဲတွင် နာမည်ကြီး ဘရန်းအိတ်များ ရှိရမည်ဟု ခန့်မှန်းလိုက်သည်။

အရေအတွက်ကလည်း လူတိုင်း ခန့်မှန်းထားသည့် အရေအတွက်ထက် သေချာပေါက် မြင့်မားနေမှာ ဖြစ်၏။

အမျိုးသမီး ကြည့်ရှုသူ တော်တော်များများမှာ အနှီ အိတ်များ၏ ဘရန်းတံဆိပ်များကိုပင် စတင်ခန့်မှန်းနေကြလေပြီ။

အနည်းဆုံးတော့ အကုန်လုံးက ကမ္ဘာ့နာမည်ကြီး ထိပ်တန်းဘရန်းများသာ ဖြစ်ရမည်။

ချန်ယွီ့တွင် အိပ်စ်ရေး အမြင် ရှိနေသည့် အတွက် [ဝမ်းနည်းနေတဲ့ ကောင်မလေး]မှာ အံ့အားသင့်သွားသည်။

စကားပြောခန်းထဲရှိ ကြည့်ရှုသူများကလည်း တစ်ချက် ကြည့်ရုံမျှဖြင့် ကောင်းကောင်းကြီး ခန့်မှန်းနေနိုင်ကြသည်။

[ဝမ်းနည်းနေတဲ့ ကောင်မလေး] ရဲ့ အမူအရာကို ကြည့်ရင်း စကားပြောခန်းထဲရှိ ကြည့်ရှုသူများမှာ သူတို့ရဲ့ ခန့်မှန်းမှု မှန်ကန်ကြောင်းကို အလိုအလျောက် သိရှိလိုက်ကြ၏။

ဘယ်လိုတောင် အံ့အားသင့်ဖို့ကောင်းတဲ့ စပရိုက်လဲ …

သာမန်ရိုးရိုးလေးပဲ ဝတ်စားထားတဲ့ [ဝမ်းနည်းနေတဲ့ ကောင်မလေး] မှာ လက်ဇရီ ဘရန်းအိတ်တွေ ဗီရိုကြီးနဲ့ တစ်လုံး အပြည့်ရှိနေတယ် ….

“ သေချာကြည့် … သူ့လက်မှာ ဝတ်ထားတဲ့ လက်ကောက်ကလည်း van cleff ရဲ့ four-leaf clover ပဲ ….”

“ သောက်ပဲ အဲ့ဒီ ပိုက်ဆံချမ်းသာတဲ့ မကောင်းဆိုးဝါး အရင်းရှင်(သူဌေးကြီး)တွေနဲ့ သူတို့ရဲ့ လက်ဇရီပစ္စည်းတွေ …. အခုတော့ ငါ့မှာ မျက်လုံးကို မခွာနိုင်တော့ဘူး …”

“ သူ့ ချစ်သူက ချမ်းသာတဲ့ ဘဲကြီး ဖြစ်နေမလားနော်… အဲ့ဒီ လက်ဇရီပစ္စည်းတွေကိုလည်း သူပဲ အမ်းထားတာ ဖြစ်ရမယ် ….”

“ ကောင်မ ဒေါသထွက်သွားတာ မဆန်းတော့ပါဘူး ….”

“ သူက ချမ်းသာတဲ့ မိသားစုထဲ လက်ထပ်ချင်နေတယ် … ဒါပေမယ့် သူ့ခင်ပွန်းလောင်းကို အချစ်ဆုံးသူငယ်ချင်းက စနှိုက်သွားတော့ ခီးပြီပေါ့ … ငါသာဆိုရင်လည်း ဒေါသထွက်မိလောက်တယ် ….”

“ မိုးနတ်မင်းကြီးရေ … ကျွန်တော့်ကိုလည်း ချမ်းသာတဲ့ သူဌေးမကြီးတစ်ယောက်လောက် မစပေးပါဦး …”

“ …… “

“ မင်း အစိုးရဝန်ထမ်းအလုပ်ကနေ နှုတ်ထွက်လိုက်တယ် ဆိုတာ မှန်တယ် …” ချန်ယွီ့ ထပ်ပြီး ဖြည့်စွက် ပြောလိုက်သည်။ “ ဒါပေမယ့် မင်း ချစ်သူကို ဂရုစိုက်ဖို့အတွက်နဲ့တော့ မဟုတ်ဘူး …”

“ ဘာလို့ဆို မင်းက သူနဲ့ စေ့စပ်ပြီးသွားပြီ … ချမ်းသာတဲ့ မိသားစုထဲ ခြေလှမ်းတစ်ဝက် ဝင်ပြီးသွားပြီလို့ ပြောလို့ရတယ် …”

“ မင်းက ချမ်းသာတဲ့ သူဌေးကြီးရဲ့ ဇနီးမယား ဖြစ်လာတော့မှာဆိုတော့ မင်းရဲ့ အရင်နေရာမှာ ဆက်နေပြီး သူများတွေ ဟိုခိုင်းဒီခိုင်း လုပ်ခိုင်းတာကို နာခံရတဲ့ ဘဝမှာ မနေချင်တော့ဘူး ….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ရှိနေသည်။ သို့ပါသော်လည်း သူမရဲ့ နှလုံးကတော့ ရူးသွပ်စွာ ခုန်ပေါက်နေလျက်ရှိသည်။

“ ဒေါက်တာချန် … နင်ပြောတာ မှားတယ် … အဲ့တာကလည်း ငါ အလုပ်ထွက်ရတဲ့ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းဆိုပေမယ့် သူ့ကို ဂရုစိုက်ပေးဖို့ အတွေးတွေလည်း ငါ့မှာ ရှိပါတယ်နော်….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က သူမရဲ့ နှုတ်ခမ်းကို နာကျင်သည်အထိ ကိုက်လိုက်ပြီး အသံကို မြင့်ပြီး ပြောလိုက်သည်။

“ အဲ့လူက ချမ်းသာတဲ့ သူဌေးသား ဟုတ်တာ ဝန်ခံတယ် …”

“ ဒါပေမယ့် သူ့ဘာသူ ဘယ်လောက်ပဲ ချမ်းသာနေပါစေ ၊ သူနဲ့ အဲ့ ပိုင်လုံးမက ငါ့ကို အတူ သစ္စာဖောက်ခဲ့တာတော့ ငြင်းလို့မရဘူး ….”

“ အမှန်ပဲ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ သူတို့ မင်းကို သစ္စာဖောက်ခဲ့တယ် ….”

“ ဒါပေမယ့် ထပ်ပြီးတော့မှပဲ ….”

“ သူတို့က မင်းကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး … ဘာလို့ဆို မင်းက သူတို့ကို အရင် သစ္စာဖောက်ခဲ့တာကြောင့်ပဲ ….”

“ ပေါက်ကရတွေ …. ငါ သူတို့ကို သစ္စာမဖောက်ခဲ့ဘူး … အကုန် ဒင်းတို့ အမှားပဲ ….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ ဒေါက်တာချန် … ငါတကယ်ပဲ နင့်ကို အမြင်မှားခဲ့မိတာပဲ …”

“ ငါ ဒီလာခဲ့တာက နင် နှစ်သိမ့်ပေးတာကို ခံချင်လို့ … နင်လည်း တခြား ယောက်ျားတွေလို ဒီပုတ်ထဲက ဒီပဲ ဖြစ်နေမယ်လို့ ထင်မထားဘူး …..”

“ နင်တို့ ‘ယောက်ျား’ဆိုတဲ့ အမျိုးက ကိုယ့်အမျိုးကို ကာကွယ်ဖို့လောက် သိတဲ့ဟာတွေ ….”

“ အချစ်ကြောင့် နာကျင်ခံစားရတဲ့ ဝေဒနာက အမျိုးသမီး တစ်ယောက်အတွက် ဘယ်လောက်တောင် နာကျင်ရလဲဆိုတာ နင်တို့ မသိဘူး …”

ဤစကားလုံးများကို ကြားတော့ ချန်ယွီ့ စိတ်ဆိုးဒေါသထွက်သွားခြင်းတို့ မဖြစ်သွားခဲ့ပေ။

“ စိတ်တော့မရှိနဲ့ …” ချန်ယွီ့က အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် ငါတကယ်ပဲ အဲ့အကြောင်းကို နည်းနည်းပါးပါး သိထားတယ် …”

“ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းက မင်းနဲ့ သူ့(မ)ရဲ့ ဆက်ဆံရေးကို အဆုံးသတ်တော့မယ်ဆိုတာကို ကြားတော့ သူ့ကမ္ဘာကြီး တစ်ခုလုံး ပြိုကျပျက်စီးသွားသလိုကို ဝမ်းနည်းမိတယ် …”

“ သူမင်းကို ခါးခါးသီးသီးနဲ့ တောင်းပန်ပေမယ့် အရာမထင်ဘူး … ရင်ထဲ နာကျင်လွန်းတာကြောင့် လက်ကောက်ဝတ်သွေးကြောကို လှီးပြီး ကိုယ့်ကိုယ့်ကို အဆုံးစီရင်ဖို့ လုပ်တဲ့အထိပဲ …”

“ ဒါကရော အချစ်ကြောင့် နာကျင်ခံစားရတာ မဟုတ်လို့လား …”

All Chapters