မီးလောင်ရာ လေပင့်မှု၌ ကျွမ်းကျင်သူ
Vol. 13 Ch. 125
“ သူတို့တွေက သာမန် အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်တာတော့ သေချာတယ် …”
“ အမှန်ပဲ …”
“ မင်း ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေ စောင့်ကြည့်နေသရွေ့ စိတ်လှုပ်ရှားစရာတွေက ဘယ်တော့မှ ကုန်ခမ်းသွားတယ်ရယ် ရှိမှာ မဟုတ်ဘူး … “
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေကို မလွတ်တမ်း စောင့်ကြည့်ထားတဲ့ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် သိပ်မကြာခင် စိတ်ဝင်စားဖို့ကောင်းတာတွေ ဖြစ်လာတော့မယ် ….”
“ ဒါက ငါ ကောင်မလေး ရှာမတွေ့တဲ့ အကြောင်းပြချက်များ ဖြစ်နေမလား ….”
“ မင်းလည်း ကောင်မလေး ရှာနေတာပေါ့ ….”
“ ရှိတ်လိုက်ဘရို ... ဘယ်ကောင်မှ စော်မရှိတာကို မြင်တော့ ငါ စိတ်သက်သာရာ ရသွားပြီ …..”
ချန်ယွီ့က [ဝမ်းနည်းနေတဲ့ကောင်မလေး]နှင့် သူမ အချစ်ဆုံး သူငယ်ချင်းတို့ကြားတွင် သာမန်မဟုတ်သည့် ဆက်ဆံရေးတစ်ခု ရှိနေကြောင်း ထုတ်ဖော်လိုက်တော့ လိုက်စထွင်းစကားပြောခန်းမှာလည်း စိတ်လှုပ်ရှားမှုတို့ဖြင့် အုန်းခနဲ ပွင့်ထွက်လာသည်။
လက်ရှိ ဇာတ်ညွှန်းအရ … နေဦး မဟုတ်သေးဘူး ။
လက်ရှိ အလားအလာတွေ အရဆိုလျှင် [ဝမ်းနည်းနေတဲ့ကောင်မလေး]နှင့် သူမ၏ အချစ်ဆုံး သူငယ်ချင်းတို့က ချစ်သူများပင်။
နောက်ပိုင်းတွင် အမည်မသိ အကြောင်းအရင်းတစ်ချို့ကြောင့် [ဝမ်းနည်းနေတဲ့ကောင်မလေး]က သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကို စွန့်ပစ်လိုက်၏။
သူမရဲ့ အချစ်ဆုံး သူငယ်ချင်းက [ဝမ်းနည်းနေတဲ့ကောင်မလေး]၏ သနားငဲ့ညှာမှုကို ရလိုရငြား ၊ ကိုယ့်လက်ကောက်ဝတ်သွေးကြောကို လှီးဖြတ်ပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့သည်။ ကြည့်ရသလောက်တော့ သူမ ကျရှုံးခဲ့သည့်ပုံပင်။
နောက်ဆုံး ဒေါသထွက်ထွက်နှင့် [ဝမ်းနည်းနေတဲ့ကောင်မလေး]၏ ချစ်သူကို လုယူပစ်လိုက်သည်။
ဝါး … ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါလိမ့် ….
ကြည့်ရှုသူများက စိတ်ကူးယဉ်သည့်နေရာတွင် အင်မတန် ကောင်းမွန်ကြပြီး သူတို့ဘာသူတို့ ဇာတ်လမ်းဇာတ်ကွက်တွေ တီထွင်နေကြသည်။
ချန်ယွီ့ လိုက်စထွင်းကို အကြိမ်ရေများစွာ ကြည့်ရှုပြီးနောက် သူတို့တွေ ဉာဏ်ပိုကောင်းလာသည်ဟု ခံစားနေကြရ၏။ အနည်းဆုံးတော့ ကနေဦး ကြားသည့် စကားများကိုသာ နားထောင်ပြီး အယုံမလွယ်တတ်ကြတော့ပေ။
“ နင် … နင် အဲ့ကိစ္စတွေ ဘယ်လိုဖြစ်ပြီး သိနေတာလဲ ….”
ဤတစ်ကြိမ်တွင်တော့ [ဝမ်းနည်းနေတဲ့ကောင်မလေး]က အမှန်တကယ် ဝမ်းနည်းသွားခဲ့သည်။
“ ဘာလို့ဆို ငါက စိတ်ကျန်းမာရေးဆရာဝန် ဖြစ်နေလို့လေ ….”
ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ဒီရဲ့လူနာ … အခု အချစ်ကြောင့် နာကျင်ရတဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို ငါ နားမလည်ဘူးလို့ ထင်သေးလား ….”
[ဝမ်းနည်းနေတဲ့ကောင်မလေး]က အသက်ပြင်းပြင်း ရှိုက်လိုက်၏။
“ ငါတို့နှစ်ယောက်က အချိန်အပိုင်းအခြား တစ်ခုလောက်အထိ အဲ့လို ပတ်သက်မှုမျိုး ရှိခဲ့တာ မှန်တယ် ….”
“ စစချင်းတုန်းက ငါ့ကိုယ်ငါ အဲ့ကောင်မကို နှစ်သက်တယ် ထင်နေခဲ့တာ နောက်ပိုင်းကျတော့ ငါက လုံးဝ ‘အဖြောင့်’ဆိုတာ သိလိုက်ရတယ် …”
ချန်ယွီ့ ဤကိစ္စကို ဖော်ထုတ်လိုက်သောကြောင့် [ဝမ်းနည်းနေတဲ့ကောင်မလေး]လည်း ဆက်ပြီး ဖုံးကွယ်ထားမနေတော့ချေ။
သူတို့ နှစ်ဦးက တက္ကသိုလ် ပထမနှစ်ကတည်းက စပြီး သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာ ဖြစ်သည်။
စားလည်း အတူတူ ၊ အတန်းတက်လည်း အတူတူ ၊ စာကြည့်တိုက်ကိုလည်း နေ့တိုင်း အတူတူ သွားခဲ့ကြသည်။
တစ်နှစ်ကျော်ကြာပြီးသည့်နောက် သူမရဲ့ သူငယ်ချင်းကောင်းက သူမကို ရုတ်ချည်း ချစ်ကြိုက်ကြောင်း ဝန်ခံလာလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
[ဝမ်းနည်းနေတဲ့ကောင်မလေး]မှာ စစချင်းတုန်းတွင် လုံးဝ မယုံကြည်နိုင်ချေ။ သူ့သူငယ်ချင်း စနောက်နေသည်ဟုသာ ထင်ခဲ့မိသည်။ ဘာကြောင့်ဆိုတော့ မိန်းကလေးတွေက အချင်းချင်း ချစ်တယ်၊ ကြိုက်တယ်၊ ချစ်တုံးလေး ဘာညာ၊ စသည့် စကားလုံးတို့ကို မကြာခဏ ပြောရင်း ကလူကျီစယ်တတ်ကြသောကြောင့် ဖြစ်၏။
သို့သော် တစ်ဖက်က အတည်အလေးအနက်ထားပြီး ပြောလာခြင်း ဖြစ်နေသည်။ သူမရဲ့ သူငယ်ချင်းကောင်း သူမအတွက် လုပ်ပေးခဲ့သည့် အရာများကို ထည့်သွင်းစဉ်းစားကြည့်လိုက်တော့ သူမ ခေတ္တမျှ စဉ်းစားပြီး မကောင်းတတ် ကောင်းတတ်ဖြင့် သဘောတူလိုက်သည်။
တက္ကသိုလ် ဘွဲ့ရပြီးနောက် လူ့လောကကြီးထဲ အမှန်တကယ် ဝင်ရောက်လာချိန်တွင် [ဝမ်းနည်းနေတဲ့ကောင်မလေး]က သူမကိုယ်သူမ ဂေးမဟုတ်ဟု ပိုပိုပြီး ခံစားလာရသည်။
သူမရဲ့ သူငယ်ချင်းကောင်းအပေါ် ထားရှိသည့် ခံစားချက်က ချစ်သူတစ်ယောက်ဆိုသည့် အရာထက် မိတ်ဆွေသံယောဇဉ်က ပိုသည်။
နောက်ပိုင်းတွင် အမျိုးသား အများအပြားနှင့် ထိတွေ့ဆက်ဆံပြီးနောက်တွင် [ဝမ်းနည်းနေတဲ့ကောင်မလေး]က သူမကိုယ်သူမ အဖြောင့်စင်စစ် ဘဝသို့ ပြန်လည် ကူးပြောင်းဖို့ကို ဆုံးဖြတ်လိုက်တော့သည်။
သူမနှင့် အချစ်ဆုံးသူငယ်ချင်းတို့၏ ဆက်ဆံရေးကို အဆုံးသတ်ချင်ကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်သည်။ သို့သော် သူမရဲ့ သူငယ်ချင်းက လုံးဝ လက်လွှတ်မပေးလိုဘဲ အသက်ကို အဆုံးစီရင်သည်အထိ ခြိမ်းခြောက်လာသည်။
“ တကယ်တမ်းကျတော့ သူ အဲ့ စောက်သူတောင်းစားနဲ့ အတူအိပ်တာက ငါ့အပေါ် လက်စားချေချင်တာကြောင့်လို့ ထင်တယ် ….”
“ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မဖော်ထုတ်ခဲ့ဘူးဆိုတာက သူ့ကို မျက်နှာမပျက်စေချင်လို့ပဲ ….”
[ဝမ်းနည်းနေတဲ့ကောင်မလေး]က ဖြောင့်မတ်မှန်ကန်သည့် လေသံဖြင့် ကြေညာလိုက်သည်။
သူမနှင့် သူမ၏ အချစ်ဆုံးသူငယ်ချင်းတို့နှစ်ဦးက အမှန်တကယ်လည်း ချစ်ခဲ့ကြသည်။
သို့သော် လက်ရှိတွင် သူမဘက်က ထိုအချစ်မေတ္တာတို့ ကုန်ဆုံးငြီးငွေ့သွားလေပြီ။
[ဝမ်းနည်းနေတဲ့ကောင်မလေး]က ရယ်ချင်စရာကောင်းသည့် ဆက်ဆံရေးကို အဆုံးသတ်ပြီး မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းသည်က မှားယွင်းသည့်အရာလို့ ကိုယ့်ကိုယ်ကို မထင်ပေ။
စကားပြောခန်းထဲရှိ ကြည့်ရှုသူများမှာ တစ်ခဏမျှ ဘာပြောလို့ ပြောရမှန်း မသိ၊ ဖြစ်သွားခဲ့ကြသည်။
သမီးရည်းစားတွေ အချင်းချင်း ခံစားချက် ကုန်ဆုံးသွားသည့်အချိန်၌ လမ်းခွဲကြသည်က ပုံမှန်ပင်။
သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်၍ [ဝမ်းနည်းနေတဲ့ကောင်မလေး]ကို အနည်းနဲ့အများ ခြိမ်းခြောက်ခဲ့သည်။
နောက်ဆုံး ၊ အလုပ်မဖြစ်ချိန်တွင် သူမက [ဝမ်းနည်းနေတဲ့ကောင်မလေး]ရဲ့ ကောင်လေးကို စနှိုက်သွားပြီး သူမရဲ့ လက်စားချေမှုကို ပြုလုပ်ခဲ့သည်။
ဆိုတော့ …. အဲ့ကောင်မကလည်း မကောင်းတဲ့ကောင်မပဲ မဟုတ်လား ….
မကြာမီ … များပြားလှသည့် ကြည့်ရှုသူ လူအုပ်ကြီးက [ဝမ်းနည်းနေတဲ့ကောင်မလေး]၏ အချစ်ဆုံး သူငယ်ချင်းအကြောင်းကို စတင် ဆွေးနွေးကြတော့သည်။
“ ငါ့ဘက်ကနေ ရပ်တည်ပေးကြလို့ ကျေးဇူးတင်ပါတယ်…”
“ အဲ့လို လူမဆန်တဲ့ နှစ်ယောက်နဲ့ဆုံမိတဲ့ ကိုယ့်ကိုယ်ကို ကံဆိုးတယ်ပဲ မှတ်လိုက်တော့မယ် ….”
[ဝမ်းနည်းနေတဲ့ကောင်မလေး]က စိတ်ထဲ ခံစားသွားရပြီး အမှန်တရားဘက်က ရပ်တည်ပေးကြသည့် ကြည့်ရှုသူများကို ဆက်တိုက် ကျေးဇူးတင်နေတော့သည်။
“ မင်းအဲ့တာကြောင့် ဒီကို ရောက်လာတာပဲ ….” ချန်ယွီ့ ခေါင်းယမ်းပြီး ပြောလိုက်၏။ “ ဒါက မင်း ငါ့လိုက်စထွင်းထဲ ဝင်လာရတဲ့ အဓိက ရည်ရွယ်ချက်ပဲ မဟုတ်လား ….”
သူ ထိုစကားလုံးများပြောလိုက်သည်နှင့် လိုက်စထွင်း စကားပြောခန်းမှာ ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
[ဝမ်းနည်းနေတဲ့ကောင်မလေး]က ခေတ္တမျှ မင်သက်သွားပြီးနောက် မေးလိုက်၏။ “ ဒေါက်တာချန် … နင် ဘာကို ပြောချင်နေတာလဲ ….”
“ ငါ ဘာပြောချင်နေလဲဆိုတာ တခြား လူတွေထက် မင်းကိုယ်မင်း ပိုသိမှာပေါ့ …” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်ပြီး “
“ မင်းက ငါ့လိုက်စထွင်းထဲကို ရောက်လာခဲ့တာ အကြံဉာဏ်တောင်းဖို့ အတွက် မဟုတ်ဘူး ….”
“ ကြည့်ရှုသူတွေကို မင်းဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်အောင်လို့လည်း မဟုတ်ဘူး ….. “
“ မင်းရဲ့ ရည်ရွယ်ချက် အမှန်က သူတို့နှစ်ယောက်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးဖို့ပဲ ….”
“ မင်းကောင်လေးရဲ့ မိသားစုနောက်ခံက သန်မာတယ် … ဒေသတွင်း ဧရိယာမှာ အဆက်အသွယ်တွေ အများကြီးနဲ့ အင်မတန်လည်း ဩဇာညောင်းတယ် …”
“ မင်းရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ဖျက်စီးဖို့ဆိုတာ အင်မတန် ခက်တယ်…..”
“ အင်တာနက်ပေါ်မှာ စာရေးပြီး တင်တာတို့ … ၊ ဒါမှမဟုတ် မင်းရဲ့ လော်စပီကာ ဖြစ်ပေးမယ့် အွန်လိုင်း မီဒီယာတစ်ခုခုကို ရှာတာတို့ … အဲ့တာတွေ အကုန်လုံး အသုံးမဝင်ဘူး … ဘာလို့ဆို သူ့မိသားစုရဲ့ PR ဌာနက ချက်ချင်း ဖိနှိပ်ပစ်မှာမို့လို့ပဲ ….”
“ ငါ့လိုက်စထွင်းက အင်တာနက်ပေါ်မှာ နာမည်ကြီးလာတာနဲ့အမျှ မင်းကလည်း သူတို့နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငါ့လိုက်စထွင်းထဲလာပြီး ဖျက်စီးဖို့ တွေးမိသွားတယ် ….”
“ ငါ့ လိုက်စထွင်းထဲမှာ မကျေနပ်ချက်တွေနဲ့ ငိုပြပြီး ကြည့်ရှုသူတွေကို မင်းဘက်ကနေ ရပ်တည်ပေးအောင်လို့ လုပ်တယ် …. မင်းက ကြည့်ရှုသူတွေကိုပါ အသုံးချချင်နေတာပဲ ….”
ထိုသို့ ပြောဆိုပြီးနောက် ချန်ယွီ့က ခေါင်းကို ညင်သာစွာ ယမ်းလိုက်သည်။
“ အပေါ်ကဟာတွေ အကုန်လုံးက ငါပြောခဲ့တဲ့ မင်းရဲ့ သံသယလွန်ကဲလွန်းတဲ့ ကစဉ့်ကလျား ရောဂါကြောင့်ပဲ ….”
“ အစောပိုင်းတုန်းက ကြည့်ရှုသူ တစ်ယောက် ရှင်းပြသလိုပဲ … သံသယလွန်ကဲတဲ့ ကိုယ်ကျင့်လက္ခဏာက ယုံကြည်ချက်လွန်ကဲပြီး မောက်မာတာကြောင့် ဖြစ်လာတဲ့ ရောဂါပဲ ….”
“ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းတယ် … ကိုယ့်မအောင်မြင်မှုကို တစ်ပါးသူကြောင့်လို့ ရှုတ်ချတယ် ….”
“ မင်းရဲ့ ဒီလက္ခဏာတွေက အထက်တန်းတုန်းကတည်းက ရောဂါစနေပြီ … တက္ကသိုလ်ရောက်တော့မှ ပိုဆိုးသွားခဲ့တာပဲ ….”
“ တစ်ခုခုကို မင်း မရနိုင်ဘူးဆိုရင် … အဲ့ဒီအရာကို သူများတွေဆီ ပေးပစ်မယ့်အစား မင်းက ဖျက်စီးပစ်တတ်တယ်….”
“ အဲ့လိုပဲ … မင်း ပိုင်ဆိုင်ထားပြီးတဲ့ တစ်ခုခုကိုလည်း တစ်ခြားလူတွေ ဘယ်သူကမှ ထိပိုင်ခွင့် ၊ ကြည့်ပိုင်ခွင့် မရှိဘူး …”
“ ငါမဟုတ်ဘူး ….”
“ ငါ့မှာ ဘာစိတ်ရောဂါမှ မရှိဘူး …” [ဝမ်းနည်းနေတဲ့ကောင်မလေး]က ကျယ်လောင်စွာ အော်ဟစ်တုံ့ပြန်လာသည်။
“ ငါ သူတို့ကို ဖျက်စီးပစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး … ငါ့အတွေ့အကြုံကို ဒီတိုင်း ဝေမျှနေရုံသပ်သပ်ပဲ ….”
“ နှလုံးသားမရှိတဲ့ အဲ့ဒီ သူတောင်းစားနှစ်ယောက်ရဲ့ ဖောက်ပြန်ခံရတာကို ငါ့မှာ ဒေါသဖြစ်ပိုင်ခွင့်လေးတောင် မရှိတော့ဘူးလား ….”
[ဝမ်းနည်းနေတဲ့ကောင်မလေး]က ငိုကြွေးလိုက်၏။
“ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ ကိုယ်ချင်းစာနိုင်မှာ မဟုတ်ဘူး …. ဒေါက်တာချန်လည်း ခြွင်းချက်ထဲ မပါဘူး ….”
“ ယောက်ျားတွေဆိုတာ ငါတို့ကို ထိခိုက်စေမယ့် သတ္တဝါတွေပဲ …”
“ [ဝမ်းနည်းနေတဲ့ကောင်မလေး]က တို့တွေ စင်ဂယ်ဘဝနဲ့ တစ်သက်လုံး နေသွားသင့်တဲ့ အကြောင်းအရင်းပဲ ….”
“ ယောက်ျားတစ်ယောက်က သူ့နှလုံးသား ပြောင်းလဲသွားတာနဲ့ မင်းနဲ့ ဆက်ဆံရေးကို ရက်ရက်စက်စက် အဆုံးသတ်ပစ်လိမ့်မယ် …. သူတို့က အရှက်တရားကင်းမဲ့နေမှတော့ ငါတို့ကလည်း သူတို့ကို ဘာစောက်မျက်နှာသာမှ ပေးနေစရာ မလိုဘူး ငါ့ညီမ ….”
“ ဟေ့ … တစ်ခုဆို တစ်ခုပဲပြော … ကိုယ်မကျေနပ်တိုင်းနဲ့ ယောက်ျားတကာကို ဝါးလုံးရှည်နဲ့ ပတ်မရမ်းနဲ့ ….”
“ ဒီမိန်းကလေးက မီးလောင်ရာ လေပင့်ပေးပြီး ယောက်ျားနဲ့ မိန်းမကြား သွေးထိုးချင်နေတယ်လို့ ဘာကြောင့် ခံစားနေရပါလိမ့် ….”
“ မြင်လား … ဒါကို ယောက်ျားလို့ ခေါ်တယ် … ခေါင်းစဉ်က သူတို့ ပြောချင်တဲ့အရာနဲ့ မကိုက်တိုင်း လမ်းကြောင်းလွဲနေကြပဲ ….”
“ ကိုယ့်အသက်ကိုယ် တန်ဖိုးထားပြီး ယောက်ျားတွေနဲ့ ကင်းအောင်နေ …. စင်ဂယ်ဖြစ်တော့ရော လောကကြီးထဲ ပျော်စရာတွေ မရှိတော့လို့လား ….”
“ ငါသာ 'နှုတ်သီးကောင်းလျှာပါးမ'လို သူငယ်ချင်းကောင်းနဲ့ နှလုံးသားမရှိတဲ့ သူတောင်းစားလိုကောင်မျိုးနဲ့ ကြုံခဲ့ရင် ဒီမိန်းကလေးထက်တောင် ပိုဆိုးလိမ့်ဦးမယ် …”
အင်မတန် နည်းပါးသည့် ကြည့်ရှုသူများကတော့ သူတို့ ပြောနေသည့် အကြောင်းအရာများက အဓိက အကြောင်းအရာနှင့် လွဲချော်နေပြီ ဖြစ်ကြောင်းကို သတိထားမိပြီး ပြန်လည်တည့်မတ်ပေးချင်ကြသည်။ ကံဆိုးစွာဖြင့် သူတို့ရဲ့ ကြိုးပမ်းမှုက အရာမထင်ခဲ့ပေ။
များပြားလှသည့် အမျိုးသမီးကြည့်ရှုသူများက [ဝမ်းနည်းနေတဲ့ကောင်မလေး]ကို ဤသို့ဖြစ်သင့်သည်ဟု ဝိုင်းဝန်းထောက်ခံနေကြလေသည်။
သူမက အနှီ အရှက်ကင်းမဲ့သည့် တိရစ္ဆာန်နှစ်ကောင်ကို ဖော်ထုတ်ပြီး သူတို့ရဲ့ ဂုဏ်သတင်းကို ဖျက်စီးပစ်သင့်သည်။
သူတို့ တစ်သက်လုံး နေရောင်အောက်သို့ပင် ထွက်မလာရဲတော့လောက်သည်အထိ လုပ်ပေးသင့်၏။
“ ဒုန်း ဒုန်း ဒုန်း …..”
စကားပြောခန်းထဲရှိ ကွန်းမန့်များ စည်းလွတ်ဝါးလွတ် ဖြစ်နေစဉ် စားပွဲခေါက်သံများက ကြည့်ရှုသူများ၏ နားထဲသို့ ဝင်ရောက်လာသည်။
ချန်ယွီ့က သူ့ရဲ့ ကွန်းမန့်ခန်းကို ညင်သာစွာ ပြုံးလျက် ကြည့်ရင်း စားပွဲကို ညင်သာစွာ ခေါက်နေသည်။
ချက်ချင်းဆိုသလို အသိတရားက ကြည့်ရှုသူများ၏ ကိုယ်ထဲ ပြန်ဝင်လာကြသည်။
ချန်ယွီ့ မပျော်မရွှင် ဖြစ်နေသည်မှာ သိသာသည်။
အကယ်၍ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက သူတို့တွေ ကံဆိုးသွားလောက်သည်။
“ မင်းက မီးလောင်ရာ လေပင့်တဲ့နေရာမှာ အင်မတန် တော်တာကိုတော့ ချီးကျူးရမယ် ….”
“ မင်းက ကိုယ့်ရဲ့ အားနည်းတဲ့ ဘက်ခြမ်းကို ပြသပြီး တခြားလူတွေရဲ့ သနားမှုကို ဘယ်လိုရယူရမလဲ သိတယ် ….”
“ မင်း နောင်ကျ မွေးလာမယ့် ကလေးလည်း မင်းရဲ့ ကိုယ့် အကျိုးစီးပွားအတွက် တခြားလူတွေရဲ့ ကြင်နာမှုကို ရယူဖို့ အသုံးချခံ ကိရိယာ သပ်သပ် တစ်ခုအနေနဲ့ ဆက်ဆံမခံရဖို့ မျှော်လင့်ရတာပဲ ….” ချန်ယွီ့က ထူးမခြားနားသည့် အမူအရာဖြင့် ပြောလိုက်သည်။
[ဝမ်းနည်းနေတဲ့ကောင်မလေး]က တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ပြီး သူမရဲ့ မျက်လုံးတို့လည်း ပြူးနိုင်သလောက်ကို ပြူးကျယ်လာသည်။