← Chapters

ပွဲဦးထွက်ပြီးနောက် နာမည်ကြီးလာခြင်း

Vol. 13 Ch. 130

ပွဲဦးထွက်ပြီးနောက် နာမည်ကြီးလာခြင်း

Vol. 13 Ch. 130

“ ဘယ်လို တာအိုရောင်းရင်းက ဒီလို ကောင်စုတ်လေးကို ဂိုဏ်းထဲ ခေါ်ထားနိုင်မှာလဲ … ဒီကောင့်ကြည့်ရင်း ငါသွေးတက်လာပြီ ….”

“ ဒါ လူသားတစ်ယောက် ပြောသင့်တဲ့ စကားလား ….”

“ ငါ့ကလေးသာဆိုလို့ကတော့ ခြေထောက်တွေ လက်တွေ ရိုက်ချိုးပစ်တယ် ငိုးမသားလေး …”

“ ဒါ သာမန်ပါပဲ … ငါ ဒေသတွင်း နာမည်ကြီးကျောင်းတစ်ခုမှာ တက်ခဲ့တာ … ငါ့အတန်းထဲက အတန်းဖော် တော်တော်များများလည်း ဒီကောင့်လို ဟန်ပဲ ရှိပြီး အဆံ မရှိကြတဲ့ ကောင်တွေချည်းပဲ ….”

“ မှန်တွေကို ကြည့်တတ်စ ပြုကတည်းက ငါ့ကိုယ်ငါ အိုင်ဒေါလုပ်ဖို့ အိပ်မက်မက် မရဲခဲ့တာ ဒီနေ့အထိပဲ …..”

“ ဒီလိုကောင်စားမျိုးတွေက ဆန်ကာတင် စာရင်းထဲ ဝင်နိုင်နေမှတော့ အိုင်ဒေါဂရုတွေ ပွဲဦးထွက်ပြီးတာနဲ့ ပြိုလဲကုန်ကျတာ မဆန်းတော့ပါဘူး …”

“ ပွဲဦးထွက်လာပြီးတဲ့ အိုင်ဒေါက သူတို့ ဖန်တွေကို သံပုရာသီး အရည်ညှစ်သလို ညှစ်မယ်…. ဒါပေမယ့် သူတို့တွေ ပွဲဦးမထွက်ရသေးခင်တော့ သူတို့ မိသားစုတွေကို အရည်ညှစ်ကြမှာပဲ …..”

“ ဖျော်ဖြေရေးကဏ္ဍ တွင်ကျယ်လာတော့ ဒီနေ့ခေတ် လူငယ် တော်တော်များက အိုင်ဒေါတွေချည်း ဖြစ်ချင်ကုန်ကြတာပဲ … သိပ္ပံပညာရှင်ဖြစ်ချင်တဲ့ လူငယ်တွေ ငါ မမြင်ဖူးသေးဘူး …”

“ အိပ်မက်တွေ ရှိတာ မကောင်းဘူး မဟုတ်ဘူး ကောင်းတယ် … ဒါပေမယ့် အဲ့ဒီ အတွက် မင်းဘာမင်း ပေးရမယ်လေ ….”

“ ဒါက ဟန်လုပ်ချင်ရုံ သပ်သပ် မဟုတ်တော့ဘူး …”

ရွှီရိက သူ့ညီမလေးရဲ့ ကျောင်းစရိတ်ကို ထိလို့ မရဘူး ပြောသံကြားတော့ လူတိုင်းမှာ ရွှီရိက အများအထင်ကြီးတာကို နှစ်သက်သော်ငြားလည်း အမှားအမှန်တော့ ဝေဖန်ပိုင်ခြားနေနိုင်ဆဲပါလား ဟူ၍ တွေးမိသွားကြသည်။

သို့သော် ငနဲသားက အိမ်ကို ရောင်းထုတ်မည့် အကြံဉာဏ်မျိုး ထွက်လာလိမ့်မည်လို့တော့ သူတို့တွေ ထင်မထားခဲ့ကြချေ။

လက်တွေ့မကျသည့် ဆယ်လီဖြစ်ရေး အိပ်မက်အတွက် ၊ သူက မိသားစုကို လမ်းဆုံးရောက်အောင် တွန်းပို့နေသည်။

လူ့အဖွဲ့အစည်းကို သမာဓိအမြင်ရှုထောင့်မှ ကြည့်သည့် ကြည့်ရှုသူများအတွက်တော့ လက်ရှိ အိုင်ဒေါမွေးထုတ်ပေးနေသည့်‌ အေဂျင်စီများအပေါ် အမြင်ကြည်မှု သိပ်မရှိပေ။

အိုင်ဒေါမဖြစ်မီ လူတစ်ယောက်က ရူပ ၊ ဉာဏ်ဏ ၊ စာရိတ္တ ၊ အကျင့်သိက္ခာ အကုန်လုံး အဘက်ဘက်ကနေ ပြီးပြည့်စုံနေဖို့လိုသည်။

ထိုသို့သော လူတစ်ယောက်ကိုသာ ပြီးပြည့်စုံသည့် အိုင်ဒေါ တစ်ယောက်ဟု ဆိုနိုင်လိမ့်မည်။

ထိုစဉ် နာမည်ကြီး အနုပညာကျောင်းတစ်ကျောင်းက ကျောင်းပြီးထားသည့် အမျိုးသမီး ကြည့်ရှုသူတစ်ဦးက အထူးကွန်းမန့် အများအပြား ပေးပို့လာသည်။

“ ငါ့မောင် ... အစ်မပြောပြမယ် … အစ်မလည်း ငယ်ငယ်တုန်းကတည်းက အမြဲတမ်း ကြယ်ပွင့်တစ်ယောက် ဖြစ်ချင်ခဲ့တာ … ဒီအိပ်မက်အတွက် ဖျော်ဖြေရေးတွေ အကုန်လုံးကို လက်လျှော့ပြီး စာအပေါ်မှာပဲ အာရုံစိုက်ခဲ့တယ် ….”

“ ပြီးတာနဲ့ နိုင်ငံထဲ အကောင်းတကာ့ အကောင်းဆုံး အနုပညာကျောင်းတစ်ခုမှာ တက်ခွင့်ရခဲ့တယ် …. သုံးနှစ်ဆက်တိုက် … အတန်းထဲမှာ ထိပ်တန်းပဲနော် … အကယ်ဒမီ အက ဂရုရဲ့ main dancer လည်း ဟုတ်တယ် …. ရုပ်ရည်ဆိုလည်း သာမန်ထက်ကို ပိုတဲ့ဘက်မှာ ပါတယ် …”

သူမက ရွယ်တူများကြား ရှိသည့် သူမ၏ အားသာချက်များကို တစ်ခုပြီး တစ်ခု ဆက်လက် ရှင်းပြသည်။

သူမ၏ အဆိုနှင့် အက အရည်အချင်းက မဆိုးပေ။ ထို့ပြင် ကိုယ်လုံးကိုယ်ပေါက်နှင့် သွင်ပြင် သဏ္ဌာန်ကလည်း အမှတ် ၁၀၀ တွင် ၈၅ အထိ ပေး၍ရသည်။

သူမက နာမည်ကြီး ထိပ်တန်း အကယ်ဒမီတစ်ခုတွင် လေ့လာခဲ့လင့်ကစား အိုင်ဒေါဖြစ်ဖို့ ကျရှုံးခဲ့ဆဲပင်။

တက္ကသိုလ် စတုတ္ထနှစ်တွင် မရေမတွက်နိုင်သည့် talent show များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့ နာမည်အဆင့်က အောက်ဆုံးတန်းတွင်သာ ရှိခဲ့သည်။

သူမထက် ထူးချွန်သာလွန်သူတို့ မရေမတွက်နိုင်အောင် ရှိနေသည်။

အပြိုင်အဆိုင် များလွန်း၍ အရည်အချင်း စမ်းစစ်ပွဲကိုပင် မဖြတ်ကျော်နိုင်ခဲ့ပေ။

ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနှင့် ၊ သူမက ရွှီရိထက် အဘက်ဘက်တွင် သာလွန်သူဟု ပြော၍ရသည်။

ဒါပေမယ့် ဘာဖြစ်လဲ ….

တစ်စုံတစ်ယောက်က ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ပြီး စတား တစ်ယောက် ဖြစ်လာဖို့က အစိုးရဝန်ထမ်း ဖြစ်ဖို့လောက်ကို အတိုင်းအတာတစ်ခုထိ ခက်ခဲတယ် …

အိုင်ဒေါတစ်ယောက် ဖြစ်ဖို့ဆို ကိုယ်က ချမ်းသာဖို့ လိုအပ်ရုံတင် မကဘူး။ ငွေလမ်းခင်းဖို့လည်း လိုသေးတယ် ။

မဟုတ်လည်း ကိုယ်က လူတစ်သန်းမှာ တစ်ယောက်ပဲ ပိုင်ဆိုင်နိုင်မယ့် ရုပ်ရည်နဲ့ အရည်အချင်းတွေ ရှိနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့ …

ဒီ နှစ်ချက်သာ မရှိဘူးဆိုရင်တော့ နေ့ခင်းကြောင်တောင် အိပ်မက် ဆက်မက်တာက ပိုကောင်းလိမ့်မယ် ….

ကြည့်ရှုသူများက သူမ စကားကို ထောက်ခံကြသည်။

“ သင်တန်းကြေးက နှစ်ဝက်ကို ယွမ် ၈၈,၀၀၀ …. အဲ့ဒီအစား အနုပညာကျောင်းမှာ အတန်းတစ်တန်းယူပြီး အကသင်ရင်းနဲ့ လက်မှတ်ပဲ ယူတော့မှာပေါ့ ….”

“ အနုပညာကို လေ့ကျင့်တယ်ဆိုတာ ဘုန်းကြီးလုပ်တာနဲ့ မခြားဘူး … ကလေးတွေ အိပ်မက်မက်သင့်တဲ့ အရာမဟုတ်ဘူး …. ကနေဦး ရင်းနှီး မြုပ်နှံရတာတွေက အများကြီးပဲ …. နောက်ဆုံးကျရင်တော့ ကိုယ့်မှာ ပါရမီ ပါမလာဘူးဆိုတာ လက်ခံလိုက်ရတာပဲ ….”

“ အန်တာတိန်းမန့် ကုမ္ပဏီ အသေးစားလေးတွေက နှစ်ရှည် စာချုပ်တွေ ချုပ်ပြီး သူတို့ ကလေးတွေကို အောင်မြင်စေချင်ကြတဲ့ မိဘတွေရဲ့ပိုက်ဆံကို ခြောက်ကပ်သွားအောင် ညှစ်ထုတ်ကြတယ် … သူတို့တွေ လမ်းတစ်ဝက်မှာ ရပ်တန့်သွားခဲ့ရင်တောင် စာချုပ်ဖောက်ဖျက်တယ်ဆိုပြီး ပိုက်ဆံက တောင်းကြဦးမယ် ….”

“ ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ဆယ်လီတစ်ယောက်က ဝင်ငွေကောင်းတာတော့ မှန်တယ် ….”

“ မင်းမှာ ပိုက်ဆံသာ ရှိရင် ခွေးကိုတောင် စူပါစတား ဖြစ်အောင် လုပ်ပေးလို့ရတယ် …. အခု ပြဿနာက ဒီကောင်လေးရဲ့ မိသားစုက အဲ့သလောက် မပြေလည်တာပဲ …”

သူ့ကို ဖြောင်းဖြတားမြစ်သည့် ကွန်းမန့်များကို မြင်တော့ ရွှီရိ စပြီး စိုးရိမ်ကြောင့်ကြလာသည်။

“ သူများတွေ မအောင်မြင်နိုင်ဘူးဆိုတိုင်း ကျွန်တော်လည်း မအောင်မြင်ဘူးလို့ ဘယ်ပြောလို့ရမှာလဲ …”

“ ဖျော်ဖြေရေး နယ်ပယ်ထဲက ဆယ်လီ တော်တော်များများရဲ့ မိသားစု အခြေအနေ … ဒါမှမဟုတ် သူတို့ရဲ့ အစွမ်းအစတွေဆို ကျွန်တော့်ထက်တောင် နည်းသေးတယ်….”

“ ဒါဆို သူတို့ကျတော့ ဘာလို့ ဆယ်လီ ဖြစ်လာသေးလဲ ….”

“ ကျွန်တော် အခု လိုအပ်နေတာက အခွင့်အရေးကောင်းပဲ ….”

“ ကျန်တဲ့ နှစ်ဆက်ရှင် အတွက် သင်တန်းကြေး ပေးပြီးတာနဲ့ ကုမ္ပဏီရဲ့ ပံ့ပိုးထောက်ပံ့မှု အပြည့်အဝနဲ့ဆိုရင် talent show မှာ ကျိန်းသေပေါက် နာမည်ကြီးလာမှာပဲ ….”

ရွှီရိရဲ့ မျက်နှာက အမူအရာကင်းမဲ့နေပြီး ယုံကြည်ချက် ပြည့်ဝနေပုံပေါ်သည်။

သို့သော် အမြင်မကန်းသည့် လူတိုင်းက သူ ထောင်လွှားပြီး ပြောနေတာကို မြင်နိုင်ကြသည်။

သူက စေတနာဖြင့် ပြောသည့် မည်သည့် အကြံပေးချက်ကိုမဆို လက်ခံဖို့ ငြင်းဆန်သည်။

ကြယ်တစ်ပွင့် ဖြစ်လာရေးအတွက် မိသားစုရဲ့ စုငွေတွေ အကုန်လုံးကို အသုံးချလိုက်သည်က မှားယွင်းသည့် လုပ်ရပ်လို့ သူ့ကိုယ်သူ မထင်ပေ။

“ လူတိုင်းပဲ … သူ့ကို ဆက်ပြီး ဖြောင်းဖြမနေကြနဲ့တော့ … တစ်စုံတစ်ယောက်က ငါတို့ထက် အရင် သူ့ကို ဖြောင်းဖြခဲ့ပြီးပြီ ….”

“ အချည်းနှီး ဖြစ်ရုံတင် မကသေးဘူး … ကုမ္ပဏီမှာ သူ့အလုပ်တောင် ပြုတ်သွားလုနီးပါးပဲ ….”

ရွှီရိရဲ့ လက်ရှိ ရောဂါအခြေအနေက စကားလုံး အနည်းငယ်ဖြင့် ဖြောင်းဖြလို့ ရနိုင်မှာ မဟုတ်ကြောင်းကို ကြည့်ရှုသူများထံသို့ ချန်ယွီ့ ရှင်းပြလိုက်သည်။

အကယ်၍ သူ့တွင်သာ ပြောင်းလဲနိုင်သည့် နှလုံးသားတစ်စုံ ရှိမည်ဆိုပါက စကတည်းက စိတ်ကျရောဂါလည်း ရှိလာမှာ မဟုတ်ချေ။

“ ဖျော်ဖြေရေး ကုမ္ပဏီ တော်တော်များများက အကျိုးအမြတ်အတွက်နဲ့ ပါရမီ မရှိတဲ့ လူငယ် တော်တော်များများကို သင်တန်းသား လက်ခံနေကြတာလေ … အဲ့လိုလူတွေက သူ့ကို ဖြောင်းဖြတားမြစ်ရလောက်တဲ့အထိ ကြင်နာတတ်မှာလား ….”

ကြည့်ရှုသူတစ်ယောက်က မေးမြန်းလာတာကို မြင်တော့ ချန်ယွီ့က သူ့အကြည့်ကို စခရင်ထက်ရှိ ရွှီရိထံသို့ ရွေ့ပြောင်းလိုက်သည်

“ ရွှီရိ … ဒီအကြောင်း မင်းဘာမင်း ပြောပြရင်ကော ….”

“ မင်းကို ရှာတွေ့တဲ့ ကင်းထောက်က မင်းကို ဘာပြောခဲ့လဲ … “

ရွှီရိရဲ့အမူအရာက ထပ်ပြီးတော့ မပျော်မရွှင် ဖြစ်လာသည်။

“ အဲ့လူက သူ့(မ)အတွက် ဘာက ကောင်းလဲ တကယ်မသိတဲ့လူ… ဗျ …”

“ တစ်နေ့မှာ သူက ကျွန်တော့်ဆီ ရောက်ချလာပြီး အိုင်ဒေါလုပ်ဖို့ မသင့်တော်ဘူးလို့ ပြောလာတယ်လေ ….”

“ သူပြောတာ ကုမ္ပဏီက နှစ်တိုင်းနှစ် ကျွန်တော့်လို သင်တန်းသားတွေ ရာနဲ့ချီပြီး လက်မှတ်ထိုးတယ် …. ဒါပေမယ့် သုံးယောက်ကနေ ငါးယောက်လောက်ပဲ သူတို့ရှိုးထဲမှာ ပွဲဦးထွက်ခွင့်ရတယ် ..”

“ သူတို့က ကံကောင်းလို့ ရှိုးထဲ ပါခွင့်ရရင်တောင် ငွေကြေး ရင်းနှီးမြုပ်နှံမှုတွေ … ဒါမှမဟုတ် အရင်းအမြစ်တွေ မရှိဘူးဆိုရင် အိုင်ဒေါတစ်ယောက်အနေနဲ့ ရပ်တည်ဖို့က အိပ်မက်တစ်ခုအနေနဲ့ပဲ ဆက်ပြီး ရှိနေဦးမှာ ….”

“ လူတော်တော်များများက သူတို့ အိပ်မက်ကနေ လန့်နိုးလာဖို့ တန်ကြေးကြီးကြီး ပေးခဲ့ရတယ်လို့လည်း ပြောသေးတယ် ….”

ထိုအချိန်၌ ရွှီရိမျက်နှာတွင် အထင်သေး စက်ဆုပ်မှုက ထွက်ပေါ်လာသည်။

“ ကျွန်တော့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ကောင်းလွန်းတော့ တခြားသင်တန်းသားတွေအပေါ် သက်ရောက်မှုတွေ ရှိကုန်လို့ပဲ ဖြစ်ရမယ် …”

“ အဲ့ဒီရဲ့ ကင်းထောက်က သူများတွေဆီကနေ လာဘ်ယူပြီး ကျွန်တော့်ကို အလိမ်အညာတွေ လာပြောပြီး သင်တန်းကနေ ထွက်သွားစေချင်နေတာ ….”

“ ဒါပေါ့ … သူအရူးလုပ်တာကို ကျွန်တော်ကတော့ ဘယ်ခံပါ့မလဲ …. ချက်ချင်းပဲ ကျွန်တော့်ရဲ့မန်နေဂျာကို ကွန်ပလိန်းတက်လိုက်တယ်လေ ….”

ကြည့်ရှုသူများမှာ ဆွံ့အနေမိကြ၏။ ထို ကင်းထောက် အမျိုးသမီး ပြောသွားသည်များကလည်း မမှားပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူမက ရွှီရိရဲ့ မိသားစု အခြေအနေကို သိသွားခဲ့ပြီး ကိုယ်ချင်းစာစိတ် ရှိသည့်အတွက်ကြောင့်သာ ထိုသို့သော အကြံဉာဏ်မျိုး ပေးအပ်လာခြင်း ဖြစ်လိမ့်မည်။

သို့သော် ရွှီရိကတော့ ထိုသို့ မဟုတ်။ သူမရဲ့ စေတနာကို လက်မခံလည်း အဆင်ပြေသည်။ သို့သော် ငနဲသားက မန်နေဂျာထံသွားပြီး ကွန်ပလိန်းတက်လိုက်သေး၏။

“ ရွှီရိ ….” ချန်ယွီ့ ပြောလိုက်သည်။ “ အခု မင်းအဖေရဲ့ အိမ်ကို ရောင်းခိုင်းဖို့ ဘယ်လို နည်းလမ်းရှာရမလဲ ကြံနေတာမလား …”

“ ခေါင်မိုးပေါ်က ခုန်ချတာပဲ ဖြစ်ဖြစ် ….. ဒါမှမဟုတ် မင်း တတ်စွမ်းသလောက် တောင်းပန်ဖို့ပဲ ဖြစ်ဖြစ်ပေါ့ ….”

“ ဒေါက်တာချန် … ငါ့ အဖေ အိမ်ရောင်းဖို့ သဘောတူလာအောင် ဘယ်လိုလုပ်ရမလဲဟင် …” ရွှီရိက လေးစားသည့် မျက်ဝန်းတို့ဖြင့် မေးလာသည်။

“ နောက်ဆုံးနည်းလမ်းက မင်း တိုက်ပေါ်ကနေ ခုန်ချဖို့ပဲ ….”

“ မင်းအဖေက မင်း ရူးမိုက်တာတွေ လျှောက်လုပ်မှာကို စိုးရိမ်တယ် ….” ချန်ယွီ့က ခေတ္တရပ်နားပြီးနောက် ဆက်ပြီး၏။

“ ဒီလိုနဲ့ မင်းအဖေလည်း တခြား ရွေးချယ်စရာ မရှိတော့ဘဲ အိမ်ကို ရောင်းလိုက်ရတယ် ….”

“ သူ အိမ်ကိုရောင်းပြီးတော့ မင်းရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဆက်ပြီး ထောက်ပံ့ပေးတယ် ….”

“ ဟီးဟီး …”

“ အဖေက ငါ့ကို တကယ် ပံ့ပိုးပေးတာပဲ ….” ရွှီရိ ပျော်ပျော်ရွှင်ရွှင်နှင့် ပြောလိုက်သည်။

နှစ်ခြိုက်စွာ ရယ်မောပြီးနောက် ရွှီရိ မေးလာခဲ့သည်။ “ ဒါဆို ဒေါက်တာချန် … ငါနောက်ဆုံးကျရင် ပွဲဦးထွက်နိုင်မှာလားဟင် ….”

“ ဒါပေါ့ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်၏။ “ မင်း ပွဲဦးထွက်နိုင်လိမ့်မယ် … ပြီးတော့ မင်းက တစ်နိုင်ငံလုံးမှာလည်း ကျော်ကြားဦးမှာ …”

“ ငါ သိနေတယ်လေ … ငါ ကျိန်းသေပေါက် နာမည်ကြီးမှာပါဆို ….”

ရွှီရိ သူ့ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ဘဲ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်လိုက်၏။

“ ဒေါက်တာချန် …. ငါ သိပ်ပျော်တာပဲ … မင်းဖို့ သီချင်းတစ်ပုဒ် ဖျော်ဖြေပေးပါရစေ …..”

ထိုသို့ပြောပြီးနောက် ရွှီရိက ချန်ယွီ့အတွက် rap စရွတ်တော့သည်။

“ ရပ် ….”

ချန်ယွီ့ သူ့ကို အတင်းအကြပ်တားမြစ်လိုက်ပြီး “ ငါ့စကားကို ဆုံးအောင် နားထောင် ….”

“ မင်း နာမည်ကြီးတဲ့ နည်းလမ်းက မင်း ထင်ထားတာနဲ့ သိပ်မတူဘူး ….”

“ မင်းရဲ့ အောင်မြင်မှုက စတင်တာနဲ့ ချက်ချင်းပဲ အဆုံးသတ်သွားမယ် ….”

“ နောက်ဆယ်နှစ်ကြာတဲ့အထိ မင်း ထောင်ထဲမှာပဲ အလုပ်လုပ်ရလိမ့်မယ်….”

စာစဉ် (၁၃) ပြီး၏။

All Chapters