အခန်း (၄၈၀-၄၈၁)
Vol. 31 Ch. 480-481
Chapter 480
တိတ်ဆိတ်သောည ၄
“မုန်လာဥ ထိပ်ပိုင်းကို အမြစ် ၃ စင်တီမီတာ ချန်ပြီး ဖြတ်၊ အမြစ်ဘက်ကို အပေါ်လှန်ပြီး ပက်ထရီပန်းကန်ထဲမှာ ထားပါ။ ၂-၃ ရက်အတွင်း အပင်ပေါက်လိမ့်မယ်။ ပြီးရင် ရေအားစိုက်ပျိုးကန်ထဲကို ပြောင်းရွှေ့ပါ” တင်းကျန်းရီက ညွှန်ကြားနေသည်။
“ဆလတ်ရွက်အတွက်တော့ အမြစ်တွေကို ရေထဲမှာ ထားပါ—ဒါပေမဲ့ ၂ စင်တီမီမီတာထက် ပိုမနက်စေနဲ့။ ပြီးတော့ စီးနင်းသူတွဲ ၄ ရဲ့ အပူချိန်ကိုလည်း စောင့်ကြည့်ပါ။ ဆလတ်ရွက်က အပူဒဏ် ခံနိုင်ရည်နည်းတယ်။ အပူလွန်ကဲရင် သန္ဓေပြောင်းခြင်း ဖြစ်စေတယ်။ အကောင်းဆုံး အပူချိန်က 15° C ကနေ 25° Cအထိပဲ။ တိုက်ရိုက်နေရောင်ခြည် မရှိတဲ့ နေရာတွေက အကောင်းဆုံးပဲ”
သူမသည် ရိတ်သိမ်းနေစဉ်တွင်ပင် သူမ၏ ပုံမှန် စိတ်ရှည်သော လေသံဖြင့် ပြောနေသည်။
လင်းရှန်ကို သတိထားမိပြီးနောက် သူမ ချက်ချင်း ထရပ်လိုက်သည်။
“လင်းရှန်—နိုးပြီလား”
“ကပ္ပတိန်လင်း”
တခြားသူများလည်း ဝမ်းသားအားရ အော်ပြောလိုက်ပြီးမှာ သူတို့ အသံကျယ်သွားကြောင်း ချက်ချင်း သိလိုက်ရပြီး သူတို့၏ လက်များကို ပါးစပ်ပေါ် အုပ်ထားလိုက်ကြသည်။
လင်းရှန်က တိတ်ဆိတ်ရန် လက်ဟန်ပြလိုက်သည်။ အဖွဲ့က ခေါင်းညိတ်လိုက်ကြသည်။
“ဒါရိုက်တာ တင်း၊ ကျွန်တော်တို့ ဒါတွေကို ဟင်းသီးဟင်းရွက် ဖျော်ရည်လုပ်ဖို့ ယူသွားလိုက်မယ်”
“ယူသွားပါ”
တင်းကျန်းရီက ပြန်ဖြေသည်။ သူတို့ ထွက်သွားသောအခါ သူမသည် လင်းရှန်ဘက်သို့ လှည့်ကာ
“အမြဲတမ်း ညဖြစ်နေပြီး စီလန်မြို့မှာ မွန်းစတားလှိုင်းကို အချိန်အကြာကြီး ထိတွေ့ခဲ့ရပြီးတော့ ပြင်းထန်တဲ့ အမှောင်ကျူးကျော်မှုကို ကျွန်မတို့ မျှော်လင့်ထားတယ်။ ဒါကြောင့် ကျွန်မက ဟင်းသီးဟင်းရွက် ဖျော်ရည် အပိုတွေ ကြိုတင်ပြင်ဆင်ထားတယ်”
လင်းရှန်သည် ပါးစပ်ဟလိုက်သည်—သူ လာခဲ့သည့် အကြောင်းရင်းမှာ ထိုအရာအတွက်ပင် ဖြစ်သည်။
သို့သော် သူမသည် ၎င်းကို လုပ်ဆောင်ပြီးသားဖြစ်သည်။
ဤအရာကို မြင်သော် လင်းရှန်သည် ရှေ့သို့ တက်သွားပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါရိုက်တာတင်း။ မင်းရဲ့ သုတေသနနဲ့ အမှောင်အမှတ်သားအတွက် ကျေးဇူးတင်ပါတယ်”
သူတို့ တာ့ဇူ ကုန်းပြင်မြင့်ကို ဖြတ်ကျော်ပြီးနောက် မြေအောက်မြို့ အမှတ် ၉ မှ တင်းကျန်းရီ… သွေးကပ်ဘေးပန်းနှင့် အနန္တရထားတစ်ခုလုံး၏ ကြိုးပမ်းအားထုတ်မှုကြောင့် သူတို့ ဒီအထိ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဝေ့ကီရှု၊ ကောင်းစီချန်းနှင့် သိပ္ပံပညာရှင်အမြောက်အမြားတို့သည် အမှောင်အမှတ်သားသီအိုရီကို အတည်ပြုခဲ့သောကြောင့် စီလန်မြို့၏ အသက်ရှင်ကျန်ရစ်သူများ ယနေ့အထိ အသက်ရှင်နေရခြင်း ဖြစ်သည်။
ယခု သူတို့ အနန္တ ရထားပေါ်သို့ ပြန်ရောက်လာသည့်အခါ လင်းရှန်သည် သူမကို ပွေ့ဖက်ခြင်းသာ လုပ်နိုင်လေသည်၊၊
တင်းကျန်းရီ အလစ်အငိုက်မိသွားသည်။ သူမ၏ တည်ငြိမ်သော မျက်နှာသည် အံ့သြမှုအရိပ်အယောင်ဖြင့် တဖျတ်ဖျတ် လင်းလက်သွားသည်။
“ဒါ… ဒါက ဘာမှ မဟုတ်ပါဘူး”
လင်းရှန်သည် လွှတ်လိုက်ပြီး သူမ၏ ပခုံးနှစ်ဖက်ပေါ်တွင် လက်နှစ်ဖက်ကို တင်လိုက်သည်။
“ဘာလို့ ဘာမှ မဟုတ်ရမှာလဲ။ မင်း၊ ဝေ့ကီရှု၊ ကောင်းစီချန်း၊ ကပ္ပတိန်ယု၊ ပါမောက္ခကျန်း—မင်းတို့ အားလုံး…. အမှောင်အမှတ်သားသီအိုရီက အသက်ပေါင်း ဘယ်လောက်များများကို ကယ်တင်ခဲ့လဲဆိုတာ မင်းတို့ သိလား။ မင်းတို့ အားလုံးက သိပ္ပံပညာမှာ အမြင့်ဆုံး ဂုဏ်ပြုဆုတွေ ရသင့်တယ်”
တင်းကျန်းရီသည် သူမ၏ မျက်မှန်ကို ချိန်ညှိလိုက်ပြီး သူမ၏ အသံကတည်ငြိမ်နေသည်။
“သိပ္ပံပညာရှင်တစ်ဦးအတွက် အမှန်တရားကို ဖော်ထုတ်တာက ဂုဏ်ပြုဆုအတွက် မဟုတ်ပါဘူး—ဒါက ယိုယွင်းပျက်စီးခြင်းထဲက ဉာဏ်ပညာနဲ့ တွေးခေါ်တဲ့ ရေပူစမ်းတစ်ခုလိုပါပဲ။ လူသားတစ်ဦးအနေနဲ့ ပါဝင်ကူညီခွင့်ရလို့ ဂုဏ်ယူပါတယ်”
“…ဒါပေမဲ့” သူမသည် သူ့ကို မျက်လုံးချင်း ဆုံအောင် ကြည့်ရင်း ထပ်ပြောသည်။
“ရှင့်ရဲ့ အသိအမှတ်ပြုမှု—ဒါက တကယ်ကို ခံစားလို့ အရမ်းကောင်းတာပဲ”
“အဲဒါက ကျွန်မကို ကောင်းတယ်လို့ ခံစားစေတယ်” ဟူသော စကားကို ကြားလိုက်ရသည့်အခါ စိတ်ဓာတ်ကျဆင်းနေခဲ့သည့် လင်းရှန်သည် အံ့အားသင့်သွားသည်။ သူသည် တင်းကျန်းရီအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုရုံသာ ဖြစ်သည်။
အနန္တရထားပေါ်တွင် အမြဲတမ်း ကိုယ်ရေးကိုယ်တာကိစ္စများကို ထိမ်ချန်တတ်သူတစ်ဦးအနေဖြင့် လင်းရှန်က သူမ၏ ပံ့ပိုးမှုများအတွက် ဆုချရန် အခွင့်ကောင်းဟု ရှုမြင်ခဲ့သည်။ သို့သော် ယခု ကြားလိုက်ရသည်က... သူသည် သူမအတွက် ဆုလာဘ်ဖြစ်သည်ဟူ၍လား။
တင်းကျန်းရီသည် လင်းရှန်အား ကြည့်လိုက်ပြီး သူမ၏ ပါးစပ်ထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားသည်။ ထို့နောက် သူမက အတည်ပေါက် ပြောလိုက်သည်။
“ကဲ အလုပ်စရအောင်—ကျွန်မ ပြောစရာ အရေးကြီးတဲ့ အချက်အလက်တွေ ရှိတယ်”
လင်းရှန် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။
“ကောင်းပြီ၊ ပြောပါ”
တင်းကျန်းရီသည် သွေးကပ်ဘေးပန်း၏ ဘေးနားသို့ လျှောက်သွားပြီး
“အမှောင်အမှတ်အသားကို လေ့လာနေတုန်းမှာ ကျွန်မရဲ့ စွမ်းရည်ကို အသုံးပြုပြီး သွေးကပ်ဘေးပန်းနဲ့ ဆက်နွှယ်မှုကို ခံစားကြည့်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မ မြင်လိုက်ရတာက... အရမ်းထူးခြားတဲ့ အရာတစ်ခုပဲ”
“မြင်လိုက်ရတာလား”
လင်းရှန်သည် လက်ရှိတွင် အနီရောင်ဖြင့် တဖျတ်ဖျတ် လင်းနေပြီး အမှောင်စွမ်းအင်ကို စုပ်ယူနေသည့် သွေးကပ်ဘေးပန်းကို လက်ညှိုးထိုးပြပြီး
“ဒီထဲကနေ မြင်ရတာကို ပြောတာလား”
တင်းကျန်းရီက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ကျွန်မ သေချာတယ်။ အဲဒီ သွေးကပ်ဘေးပန်းကတစ်ဆင့် ကျွန်မက စီလန်မြို့မှာရှိတဲ့ အမှောင်သတ္တဝါတစ်ကောင်ရဲ့ ရှုထောင့်ကနေ မြင်လိုက်ရတာ။ အဲဒါက ပင်လယ်ဖြူကောင်ကြီး ဖြစ်နိုင်သလို—ဒါမှမဟုတ် ပိုပြီး အဆင့်မြင့်တဲ့ တစ်ခုခု၊ သူတို့ ကိုးကွယ်တာ ဒါမှမဟုတ် အမှုထမ်းတဲ့ တစ်ခုခုဖြစ်နိုင်တယ်”
သူမ၏ စကားကြောင့် လင်းရှန်၏ မျက်နှာသည် ေလးနက်သွားသည်။ သူက ဆက်ပြောရန် အချက်ပြလိုက်သည်။
တင်းကျန်းရီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ “တိတိကျကျ ပြောရရင် မြင်တယ်ဆိုတဲ့ စကားလုံးက မမှန်တာလည်း ဖြစ်နိုင်တယ်။ အမှောင်သတ္တဝါတွေက လုံးဝကို မတူညီတဲ့ သတ္တဝါအမျိုးအစား ဖြစ်တယ်။ သူတို့ရဲ့ အာရုံခံစားမှုနဲ့ အသက်ရှင်မှု စနစ်တွေက ကျွန်မတို့နဲ့ လုံးဝ မတူဘူး။ သူတို့မှာ မြင်ခြင်း/အနံ့ခံခြင်း/သိခြင်းဆိုင်ရာ ထူးခြားတဲ့ ကွန်ရက်တစ်ခု ပိုင်ဆိုင်ထားနိုင်တယ်။ ပြီးတော့ ဒီတစ်ခါမှာ ကျွန်မတို့ တွေ့ရှိခဲ့တာက WIMP အမျိုးအစား အမှောင်ဒြပ်စင် အမှုန်လေးတွေက လူ့ဆဲလ်အမြှေးပါးတွေနဲ့ တိုက်ရိုက်ပေါင်းစပ်နိုင်ပြီး အမှတ်အသားခံရတဲ့ လူကို ‘အမှောင်စကြာဝဠာ မီးပြတိုက်’ လိုမျိုး တစ်ခုဖြစ်အောင် ပြောင်းလဲပစ်နိုင်တယ်ဆိုတာပဲ။ တစ်နည်းအားဖြင့် ဒီအမှောင်ဒြပ်စင်ဟာ သူတို့အတွက် ‘အလင်း’ ဖြစ်နေတယ်”
လင်းရှန်က စဉ်းစားလိုက်သည်။
“ဒါဆို သူတို့က ငါတို့ရဲ့ အလင်းရောင်ကို မမြင်နိုင်ဘူးလား”
“အတိအကျပဲ” တင်းကျန်းရီက အတည်ပြုသည်။
“ဒီသတ္တဝါတွေကို သမားရိုးကျ ယုတ္တိဗေဒနဲ့ ကျွန်မတို့က နားမလည်နိုင်ဘူး။ ဥပမာ- အေးခဲ-အမှောင် အခြေခံ အမှုန်တွေကို ယူကြည့်—အဲဒါတွေက သူတို့ရဲ့ အောက်ဆီဂျင် ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ပိုပြီး အဆင့်မြင့်တဲ့ စွမ်းအင်ပုံစံတစ်ခုဖြစ်နိုင်တယ်။ ကျွန်မက သွေးကပ်ဘေးပန်းကတစ်ဆင့် ကြီးမားတဲ့ သက်ရှိပုံစံတစ်ခုရဲ့ တည်ရှိမှုကိုပဲ ခံစားသိနိုင်ခဲ့တယ်။ ပင်လယ်ဖြူကောင်ရဲ့ အပြုအမူကို ကြည့်ရင် အဲဒါက ကင်းထောက်တစ်ကောင်ပဲ ဖြစ်နိုင်တယ်”
“ဟုတ်ပါတယ်၊ ဒီအရာအားလုံးက ခန့်မှန်းချက်သက်သက်ပါပဲ။ ကျွန်မတို့ရဲ့ လက်ရှိ သုတေသနအတွက် သိပ်ပြီး အထောက်အကူ မဖြစ်ပါဘူး။ ကျွန်မ တကယ် ပြောချင်တာက တခြားတစ်ခုပါ”
သူမသည် လက်နှစ်ဖက်ကို လင်းရှန်ရှေ့တွင် မြှောက်လိုက်ပြီး သူ အံ့အားသင့်စွာ မြင်လိုက်ရသည်မှာ လေထဲတွင် စီးဆင်းနေသော သေးငယ်သည့် စွမ်းအင်စီးကြောင်းများ ဖြည်းညင်းစွာ မြင့်တက်လာပြီးနောက် သူမ၏ ကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူသွားခြင်းပင်။
“ခဏလေး—ဟမ်” လင်းရှန် ကြောင်အမ်းသွားသည်။
“မင်းက အဲဒီ စွမ်းအင်ကို ဖမ်းယူနိုင်တာလား”
“ကျွန်မက သွေးကပ်ဘေးပန်းနဲ့ ဆင်တူတဲ့ စွမ်းရည်ဖြစ်လာပုံရတယ်။ အနက်ရောင်မီးခိုးကနေ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူပြီး ပြောင်းလဲပစ်နိုင်တယ်။ အဲဒါက မယုံနိုင်လောက်အောင် အားနည်းပါတယ်... ဒါပေမဲ့လည်း...” သူမသည် စိုးရိမ်သော မျက်နှာဖြင့် လင်းရှန်အား ကြည့်သည်။
“ရိုးရိုးသားသား ပြောရရင် ဒီပြောင်းလဲမှုအတွက် ကျွန်မ စိတ်ပျက်မိတယ်”
“ဒီစွမ်းရည်က အမြဲတမ်း ဖြစ်မလား၊ ဒါမှမဟုတ် ကျွန်မက အရာတစ်ခုကို ပုံတူကူးတာလား၊ ငှားယူတာလား၊ ဒါမှမဟုတ် ကျွန်မရဲ့ အပင်အခြေပြု စွမ်းရည်ကြောင့်လားဆိုတာတော့ ကျွန်မ မသိသေးဘူး။ ကျွန်မက သွေးကပ်ဘေးပန်းနဲ့ တစ်မျိုးတစ်ဖုံ ပူးပေါင်းနေတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာတာ ဖြစ်နိုင်တယ်...”
“ဒါကြောင့်လည်း ကပ္ပတိန်ယု ပျောက်ဆုံးသွားတုန်းက ကျွန်မက သွေးကပ်ဘေးပန်းရဲ့ တည်နေရာကို သိရှိနိုင်ခဲ့တာပဲ”
Chapter 481
တိတ်ဆိတ်သောည ၅
သူမ၏ မျက်ခုံးများသည် စိုးရိမ်မှုဖြင့် တင်းကျပ်နေပြီး သူမ၏ အသံသည်လည်း မတည်မငြိမ် ဖြစ်နေသော်လည်း လင်းရှန်မှာမူ အံ့အားသင့်နေခဲ့လေသည်။
နေပါဦး... ညီမလေး၊ မင်းက ဘာလို့ cheat code လို ဖြစ်နေရတာလဲ။
အဲဒီ သွေးကပ်ဘေးပန်းရဲ့ အလွန်အစွမ်းထက်နေတဲ့ စွမ်းရည်ကို အခု သူမက... ကူးယူလိုက်တာလား။
“လင်းရှန်” တင်းကျန်းရီသည် သူ၏ အံ့သြနေသော မျက်နှာကို မြင်သောအခါ လှမ်းပုတ်လိုက်သည်။
“ရှင်လည်း ဒီအရာကို ထူးခြားတယ်လို့ ထင်တယ် မဟုတ်လား”
“မင်းက အရမ်းနှိမ့်ချလွန်းနေတာပဲ”
သူ၏ ခေါင်းထဲတွင် အတွေးပေါင်း သန်းချီ ပြေးလွှားနေသော လင်းရှန်သည် တီးတိုးရေရွတ်ရင်း လှည့်ထွက်သွားသည်။ မှန်ကန်သော စကားလုံးကို ရှာမတွေ့ဘဲ ရုန်းကန်နေရသော်လည်း သူမ၏ အတည်ပေါက် မျက်နှာကို မြင်သောအခါ သူပြောနိုင်သည်မှာ—
“ဆက်ပြီး... စောင့်ကြည့်ရအောင်။ မင်းရဲ့ စွမ်းရည်က အခုမှ နိုးထတာ မဟုတ်လား။ ဖော်ထုတ်ဖို့ လိုအပ်တဲ့ မသိသေးတဲ့ အရာတွေ အများကြီး—အရမ်း အများကြီး—ရှိနေနိုင်သေးတယ်”
“ဥပမာ၊ မင်းက သွေးကပ်ဘေးပန်းကို ခံစားနိုင်ရင် တခြားအပင်တွေကိုလည်း ခြေရာခံနိုင်တာပေါ့”
တင်းကျန်းရီက ခေါင်းခါလိုက်သည်။
“ကျွန်မ ကြိုးစားကြည့်တယ်။ အခုထိတော့ သွေးကပ်ဘေးပန်းကလွဲပြီး တခြားအရာကို မခံစားမိသေးဘူး။ ငွေနဂါးဆယ်ဆပန်းပွင့်ကိုတောင်မှ မခံစားမိဘူး”
(စကားချပ်-ငွေနဂါးဆယ်ဆပန်းပွင့်=ဦးလေးဝူက လင်းရှန်ကို ပေးခဲ့သည့် သွေးကပ်ဘေးပန်းအုပ်စုထဲက ပန်းတစ်မျိုး)
“ဪ၊ ဟုတ်သားပဲ” လင်းရှန် ရုတ်တရက် သတိရသွားသည်။
“အဲဒီအရာက ဘာလုပ်နိုင်လဲဆိုတာ မင်း သိပြီးပြီလား”
“မသိသေးဘူး။ ဒါပေမဲ့ သွေးကပ်ဘေးပန်းနဲ့ လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း ကျွန်မ သုံးနိုင်ရင်တော့ အဖြေကို ရှာတွေ့နိုင်တယ်”
“မလုပ်နဲ့”
လင်းရှန်သည် အလန့်တကြား ချက်ချင်း ကန့်ကွက်လိုက်သည်။
“အခု မင်း အဲဒါကို မစမ်းသင့်ဘူးလို့ ငါ ထင်တယ်။ မင်း နောက်ဆုံးအကြိမ်က သတိလစ်သွားခဲ့တာလေ။ ပြီးတော့ သွေးကပ်ဘေးပန်းက မင်းအပေါ် ဘယ်လို သက်ရောက်မှု ရှိခဲ့တယ်ဆိုတာကို ငါတို့ မသိသေးဘူး။ ကျန်တဲ့တစ်ခုကို စမ်းသပ်ရင် တုံ့ပြန်မှုက ဖြစ်လာနိုင်တယ်”
သူ၏ စိုးရိမ်ပူပန်မှုသည် အခြေအမြစ်မရှိခြင်း မဟုတ်ပေ။ ငွေနဂါးဆယ်ဆပန်းပွင့်သည် ပို၍ပင် ဆိုးရွားသော အမှောင်သတ္တဝါအချို့နှင့် ချိတ်ဆက်နေမလားဆိုသည်ကို မသိနိုင်ပေ၊၊ သူတို့၏ ဦးစားပေး အဆင့် (၁) သည် ယခု အမှောင်ဒီရေများမှ ထွက်ပြေးရန် ဖြစ်သည်။ စွန့်စားခြင်းသည် ပေါ့ဆမှုသာဖြစ်လိမ့်မည်။ ထိုအရာသည် ဘယ်မှ မသွားနိုင်သဖြင့် ဇီဝဗေဒပညာရှင်နှင့် အပင်အမျိုးအစား စွမ်းအားရှင်တစ်ဦးဖြစ်သည့် တင်းကျန်းရီ၏ ကျွမ်းကျင်မှုဖြင့် သူမသည် ၎င်း၏ လျှို့ဝှက်ချက်များကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
“ရှင် ပြောတာ မှန်တယ်” တင်းကျန်းရီက ခေါင်းညိတ်သည်။
“ကျွန်မတို့ အလျင်စလို မလုပ်သင့်ဘူး”
လင်းရှန်သည် မှောင်မိုက်နေသော ရထားစင်္ကြံဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး
“ဒီတစ်ခါတော့ သွေးကပ်ဘေးပန်းက စွမ်းအင်တွေ အများကြီး စုပ်ယူသွားတယ်။ လူတိုင်း နှစ်ရက်နီးပါး ဆက်တိုက် တိုက်ခိုက်ခဲ့ကြတာ… ငါတို့ ဟင်းသီးဟင်းရွက်ဖျော်ရည်ထောက်ပံ့ရေးက ပိုပြီး လိုအပ်လာပြီ။ အဲဒါကို မင်းကို လွှဲထားလိုက်မယ်”
“စိတ်မပူပါနဲ့။ အမှောင်အမှတ်အသား စူးစမ်းမှုကို ကျွန်မတို့ ပြီးမြောက်ခဲ့ပြီ။ နောက်တစ်ခုကတော့ ကျွန်မ အေးခဲ- အမှောင် အခြေခံ အမှုန်တွေနဲ့ အပင်စိုက်ပျိုးရေးကိုပဲ အာရုံစိုက်တော့မယ်”
တင်းကျန်းရီနှင့် ကိစ္စများ ပြီးမြောက်ပြီးနောက် လင်းရှန်သည် နောက်တွဲများဆီသို့ ဦးတည်သွားခဲ့သည်။
မီးပိတ်ထားပြီး ရထားသည် တိတ်ဆိတ်စွာ ခရီးနှင်နေသည်။ တာလို့နှင့် မီးတောက်တို့သည် တွဲ ၅ တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသဖြင့် လင်းရှန်သည် လူနေတွဲသို့ ရောက်သည်အထိ ဆက်လျှောက်သွားခဲ့သည်။
သူ မရောက်မီကပင် လူနေခန်းငယ်များထဲမှ စကားသံများကို ကြားနေရသည်။ ယောက်ျားလေးများနှင့် မိန်းကလေးများသည် တိုးတိုးလေး စကားပြောနေကြသည်။
“ရှောင်ယွမ်… မင်းက အရမ်း သတ္တိရှိတာပဲ။ သွေးကပ်ဘေးပန်းကို ရှာဖို့ မင်း တစ်ယောက်တည်း ကားမောင်းသွားရဲတယ်”
“ဟုတ်တယ်၊ ငါတို့ အရမ်း ကြောက်လွန်းလို့ ရူးသွားမလို ဖြစ်နေခဲ့တာ...”
“နင် သေခါနီးလေးမှာ လင်းက ဦးဆောင်ပြီး အဲဒီမွန်းစတားရဲ့ ဗိုက်ထဲကနေ နင့်ကို စောက်ရမ်းမိုက်တဲ့ နတ်ဘုရားတစ်ပါးလို ဆွဲထုတ်ခဲ့တာကို အခုထိ မယုံနိုင်သေးဘူး”
“ငါတို့ရဲ့ ကပ္ပတိန်လင်းက အံ့မခန်းပဲ… ကောင်းကင်က ကယ်တင်ရှင်လိုပဲ…. ငါ ထင်တယ်၊ ငါ ချစ်မိသွားပြီ”
“အားချန်… နင်က ယောကျ်ားလေး ဖြစ်နေတာကို မေ့သွားတာလား”
“အဲ့ဒါ ဘာဖြစ်လဲ…. ဘယ်သူက အဲဒီ ဧရာမ ယန္တရားကြီးကို မချစ်ဘဲ နေမလဲ။ အဲဒါက ပင်လယ်ဖြူကောင်ကြီးကို သစ်ကြားသီးလို ခွဲပစ်လိုက်တာလေ”
“လုံးဝကို အကြမ်းစားပဲ”
ထို့နောက် ရှောင်ယွမ်၏ အသံကို ကြားလိုက်ရသည်။
“တော်ပြီ၊ တော်ပြီ… ဆူညံအောင် မလုပ်နဲ့လို့ ခေါင်းဆောင်ချန် ပြောထားတာကို မှတ်မိလား။ ကဲ ဆူဆူညံညံ မလုပ်ကြနဲ့—အာ~”
“ရှောင်ယွမ်”
လင်းရှန်သည် လျှောက်လာခဲ့သည်။ လူတိုင်းသည် အံ့အားသင့်စွာ လှည့်ကြည့်ပြီး လျင်မြန်စွာ မတ်တပ်ရပ်ကြသည်။
“ကပ္ပ... လင်း...”
ရှူး။
လင်းရှန်သည် လက်ညှိုးကို နှုတ်ခမ်း၌ ကပ်လိုက်သည်။
“ငါတို့က အမှောင်ဒီရေတွေ အောက်မှာ ရှိနေဆဲပဲ။ အပြင်မှာ ဘာရှိမှန်း မသိရမချင်း ဆူညံသံတွေ သိပ်မလုပ်မိအောင် ကြိုးစားကြရမယ်”
သူတို့အားလုံး ခေါင်းညိတ်ပြီး အသံများကို လျှော့ချလိုက်ကြသည်။
“ကပ္ပတိန်လင်း၊ ရှင် အဆင်ပြေလို့ တော်ပါသေးတယ်။ ကျွန်မတို့ အရမ်း စိုးရိမ်နေခဲ့တာ”
“ခင်ဗျား အများကြီး ဖြတ်ကျော်ခဲ့ရတာပဲ။ ကျေးဇူးတင်ပါတယ်၊ ကပ္ပတိန်”
“ငါတို့အားလုံး အသက်နဲ့ရင်းပြီး တိုက်ခဲ့ကြတာပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး”
လင်းရှန်က ခေါင်းညိတ်ပြီးနောက် ရှောင်ယွမ်ဘက်သို့ ကြည့်လိုက်သည်။ သူမ၏ ခေါင်းနှင့် ကိုယ်တွင် ပတ်တီးများ ပတ်ထားဆဲ ဖြစ်သည်။ အလိုအလျောက် ဆေးကုသရေးအခန်းက နှစ်ကြိမ် ကုသပေးပြီးပြီ ဖြစ်သော်လည်း တွင်းနက်ပိုးကောင်၏ အစာအိမ်ထဲတွင် ပြင်းထန်သော ကြိတ်ချေခံရမှုနှင့် အမှောင်ကျူးကျော်မှုတို့ကြောင့် သူမသည် ဖြူဖျော့ပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမ၏ ကလေးဆန်သော ပါးဖောင်းဖောင်းလေးများသည် ယခုအခါ ဖျော့တော့သော အဖြူရောင်ဖြစ်နေသည်။
သူမသည် လင်းရှန်အား မြင်သောအခါ မျက်လုံးများ ပြူးသွားပြီး ထထိုင်ရန် ကြိုးစားသည်။
“ကပ္ပ... ကပ္ပတိန်လင်း”
လင်းရှန်သည် သူမအား ဆက်ပြီး လဲနေရန် အလျင်အမြန် အချက်ပြလိုက်သည်။
“မင်း အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။ ပြန်ပြီး နာလန်ထူဖို့ပဲ အာရုံစိုက်ပါ”
ရှောင်ယွမ်သည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်ပြီး ခေါင်းညိတ်သည်။
“ဟုတ်ကဲ့ပါ ကပ္ပတိန်။ ကျေးဇူးတင်ပါတယ်”
“မင်း ငါ့ကို ကယ်ဖို့ သေလုမျောပါး ဖြစ်ခဲ့တာကို ဘာလို့ ကျေးဇူးတင်နေတာလဲ”
လင်းရှန် သက်ပြင်းချကာ
“မင်းက တကယ့်ကို သတ္တိရှိတယ်။ ငါကမှ မင်းကို ကျေးဇူးတင်ရမှာပါ”
“ကျွန်မ...”
ဝုန်း
ရုတ်တရက် ရထားသည် အနည်းငယ် တုန်ခါသွားပြီး လူတိုင်း တင်းမာသွားသည်။
လင်းရှန်သည် တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် ဆက်သွယ်ရေးကိရိယာမှ အသံတစ်ခု ထွက်ပေါ်လာသည်။
နန်ကျင်း၏ အသံပင် ဖြစ်သည်။
“နောက်က ယာဉ်တန်း အားလုံး သတိထားပါ—ရထားလမ်းရဲ့ နှစ်ဖက်စလုံးမှာ အမည်မသိသတ္တဝါတွေ တွေ့ရှိထားတယ်။ ဘယ်သူမှ မတိုက်ခိုက်ကြပါနဲ့”
ခဏအကြာတွင် သူမသည် သီးသန့် ချန်နယ်သို့ ပြောင်းလိုက်သည်။
“ကပ္ပတိန်လင်း၊ အမှတ်အသားအသစ် ရှိမရှိ အတည်ပြုပါ”
“ကပ္ပတိန်”
ရှုချင်းက အလောတကြီး ပြေးဝင်လာသည်။
“မြန်မြန်လေး… အပြင်ဘက်ကို ကြည့်ဦး”
ထိုအသံကို ကြားသောအခါ လင်းရှန်၏ မျက်နှာ ပြောင်းလဲသွားသည်။ သူသည် လူနေတွဲမှ အလင်းကာကို ချက်ချင်း ဖွင့်လိုက်သည်။
နှင်းမုန်တိုင်းသည် တည်ငြိမ်သွားခဲ့သည်။ တစ်ချိန်က မှောင်မည်းနေသော ရထားလမ်း၏ နှစ်ဖက်စလုံးတွင် အဆောက်အအုံများနှင့် ခြံစည်းရိုးများ ပေါ်လာသည်။ ပျက်စီးနေပြီး ထူးဆန်းမှုများ ပြည့်နှက်နေ၏။
အံ့အားသင့်ဖွယ် အကောင်းဆုံးမှာ ထိုခြံစည်းရိုးများ၊ အိမ်များနှင့် စွန့်ပစ်ထားသော ကားများပေါ်တွင် ထူးဆန်းသော မှိုများ ပေါက်နေခြင်းပင်။ ၎င်းတို့သည် အမှောင်ထဲတွင် ဖျော့တော့စွာ လင်းနေပြီး အပြာနှင့် အစိမ်းရောင် အလင်းကို ထုတ်လွှတ်နေသည်။ ရထားသည် ရှေ့သို့ ရွေ့လျားသွားရာ ပြန့်ကျဲနေသော အလင်းအစက်အပြောက်များမှ လင်းလက်နေသော မှိုခင်းကြီးများ ဖြစ်လာသည်။