← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁)

၂၁၁၉ ခုနှစ် မေလတွင် လူသားများသည် အရုပ်များအဖြစ် ပြောင်းလဲလာကြသည်။

လမ်းပေါ်တွင်လမ်းလျှောက်နေသူများ၊ စားသောက်ဆိုင်တွင် ထမင်းစားနေသူများ၊ ကုန်တိုက်ထဲ၌ အဝတ်အစားစမ်းဝတ်ရင်း တစ်ဝက်သာ ချွတ်နိုင်သေးသူများ... ထိုကံမကောင်းသောသူများသည် ရုတ်တရက် ရပ်တန့်သွားကြပြီး ပြုံးနေသော မျက်နှာများကိုပင် ပြန်မတည်တံ့နိုင်တော့ဘဲ လှုပ်ရှားမှုမရှိသော လူပုံစံအရုပ်များ ဖြစ်သွားကြသည်။

ကြိုတင်သတိပေးချက်မရှိသလို အကြောင်းအရင်းလည်း မရှိပေ။

လူများသည် စိတ်ရှုပ်ထွေးနေကြသလို ကြောက်ရွံ့တုန်လှုပ်ကာ မျှော်လင့်ချက်လည်းကင်းမဲ့နေသည်။

သူတို့သည် အနီရောင်အလံများကို ကိုင်ဆောင်ကာ ဆန္ဒပြကြသည်။ ဤသည်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်လုပ်ရပ်လား၊ အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော ဂြိုလ်သားများ၏ ကျူးကျော်မှုလားဟု မေးခွန်းထုတ်ကြသည်။ အချို့မှာ မိသားစုများနှင့်အတူ ကျေးလက်ဒေသများသို့ ခိုလှုံရန် ထွက်သွားကြသည်။ သူတို့သည် လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ကြသော်လည်း ပတ်ဝန်းကျင်ရှိလူများသည် တစ်ယောက်ပြီးတစ်ယောက် အရုပ်များအဖြစ် ပြောင်းလဲသွားကြသည်။

တဖြည်းဖြည်းနှင့် လူများသည် ခံနိုင်ရည်ရှိလာကြသည်။

ကျောင်းတက်ရမည့်သူများက ကျောင်းတက်ကြသည်။ အလုပ်သွားရမည့်သူများက အလုပ်သွားကြသည်။ ဘဝသည် ယခင်ကကဲ့သို့ ပုံမှန်ပင်ဖြစ်နေသည်။

သို့သော် တီဗီသတင်းများတွင် အသစ်ဖြည့်စွက်ထားသော အစီအစဉ်တစ်ခု ရှိလာသည်-

သတင်းထုတ်လွှင့်ပြီးနောက်တွင် သတင်းတင်ဆက်သူသည် ပရိသတ်များအား အသိပေးသည့်အသံကိုထုတ်လွှင့်သည်- “သင့်ပတ်ဝန်းကျင်တွင် အရုပ်အဖြစ်ပြောင်းလဲသွားသူတစ်ဦးကို တွေ့ရှိပါက အရေးပေါ်နံပါတ် 123 သို့ ဆက်သွယ်ပေးပါ။ သက်ဆိုင်ရာဌာနမှ အချိန်နှင့်တပြေးညီ ကိုင်တွယ်ဖြေရှင်းပေးပါမည်...”

ကိုင်တွယ်ဖြေရှင်းခြင်းဆိုသည်မှာ အရုပ်များကို ထုပ်ပိုးပြီး သိပ္ပံသုတေသနအဖွဲ့များထံ ပို့ဆောင်ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်များက တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိပါက ကောင်းသည်။ မတွေ့ရှိပါက မိသားစုများက ထိုအရုပ်များကို လာယူသည်အထိ စောင့်ဆိုင်းရမည်။ ထို့နောက် မြှုပ်နှံမည်လား၊ အိမ်တွင် အလှဆင်ပစ္စည်းအဖြစ် ထားမည်လားဆိုသည်မှာ မိသားစု၏ စိတ်ဆန္ဒအပေါ်သာမူတည်သည်။

ပိုင်ယို့ဝေသည် သတင်းခဏကြည့်ပြီးနောက် အချိန်မစောတော့ဘူးဟုထင်သောကြောင့် ရီမုတ်ကိုယူကာ တီဗီကိုပိတ်လိုက်ပြီး ဘီးတပ်ကုလားထိုင်မှခလုတ်ကိုနှိပ်ကာ ထမင်းစားခန်းဆီသို့သွားသည်။

သူမသည် ခြေမသန်စွမ်းသူဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘများက ကွာရှင်းထားကြပြီး အသီးသီး မိသားစုအသစ်များ ထူထောင်ထားကြသည်။ သမီးအပေါ် အပြစ်ရှိသည်ဟု ခံစားရသည့်အတွက် ဇနီးမောင်နှံနှစ်ဦးသည် ပိုင်ယို့ဝေအတွက် ငွေကြေးများကို မနှမြောတမ်းသုံးကြသည်။ အခမ်းနားဆုံး အိမ်တွင် နေထိုင်စေပြီး ဈေးအကြီးဆုံး သူနာပြုများကို ငှားရမ်းပေးထားသော်လည်း သမီးနှင့်အတူ အချိန်ကုန်ဆုံးရန်တော့ အချိန်မပေးနိုင်ကြပေ။

သို့သော် ပိုင်ယို့ဝေသည် ထိုအချက်ကို ဂရုမစိုက်ပေ။

သူမသည် တစ်ယောက်တည်း နေသည်မှာ ကြာခဲ့ပြီဖြစ်တာကြောင့် အလေ့အကျင့်ရှိပြီးဖြစ်သည်။

စားပွဲခုံပေါ်ရှိ နာရီသည် တိတ်တိတ်ဆိတ်ဆိတ် ရွေ့လျားနေပြီး မိနစ်လက်တံသည် ၁၂:၁၀ ကို ညွှန်ပြနေသည်။ ပိုင်ယို့ဝေသည် နေ့လယ် ၁၂ နာရီတိုင်း နေ့လယ်စာစားလေ့ရှိပြီး ဘယ်တော့မှ နောက်ကျခြင်းမရှိပေ။ သို့သော် ယနေ့တွင်တော့ အခုအချိန်အထိ စားပွဲပေါ်တွင် ဟင်းပွဲတစ်ခုမျှ မရှိနေပေ။

ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေပြီး နာရီလက်တံ၏ တစ်ချက်ချင်းရွေ့လျားမှုသည် ခမ်းနားသော အိမ်ကိုပို၍ပင် ငြိမ်သက်စေသည်။

ပိုင်ယို့ဝေသည် ခဏစောင့်ပြီးနောက် မီးခိုးနံ့တစ်ခုရလာသည်။ သူမသည် ဦးတည်ရာကို ညှိပြီး ဘီးတပ်ကုလားထိုင်ဖြင့် မီးဖိုချောင်သို့ သွားသည်။ သူနာပြုသည် မီးဖိုဘေးတွင် တောင့်တောင့်ကြီး ရပ်နေသည်။ လက်များသည် ချက်ပြုတ်နေသည့် အနေအထားတွင် ရှိနေသော်လည်း လှုပ်ရှားမှု မရှိပေ။

သူနာပြုသည် အခုချက်ချင်းပင် အရုပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

မျက်နှာသည် မူလရုပ်အတိုင်းဖြစ်နေသေးသော်လည်း အသားသည် လုံးဝမတူတော့ပေ။ အသက်ရှိသော လူတစ်ယောက် အသားအရေသည် ပလပ်စတစ်အရေပြားများအဖြစ်ပြောင်းသွားကာ မျက်လုံးများသည် ဖန်လုံးများဖြစ်သွားပြီး ဆံပင်များသည် ဖိုင်ဘာစများအဖြစ် ပြောင်းလဲသွားသည်.။

ယခင်ကအိမ်တွင်ရှိသော သူနာပြုသည် ကျေးလက်သို့ ခိုလှုံရန် ပြန်သွားခြင်းဖြစ်သည်။ လက်ရှိသူနာပြုမှာ နှစ်ရက်သာ ရှိသေးကာ ပိုင်ယို့ဝေသည် သူမ၏နာမည်ကိုပင် မမှတ်မိသေးပေ။ ယခုတော့ ထိုကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။

သူမသည် ဘီးတပ်ကုလားထိုင်ဖြင့် အနားသို့သွားကာ မီးဖိုကို ပိတ်လိုက်ပြီး သတင်းတွင် ပါသည့်အတိုင်း အရေးပေါ်နံပါတ် ၁၂၃ သို့ ဆက်သွယ်လိုက်သည်။

လိုင်းမအားပေ။

ပိုင်ယို့ဝေသည် စဉ်းစားပြီးနောက် သူမအမေကို ဖုန်းဆက်လိုက်သည်။ သူနာပြုကို သူမအမေက ငှာထားတာဖြစ်သောကြောင့် ထိုသူနာပြု၏မိသားစုကို ဆက်သွယ်နိုင်မည်ဟု ထင်သည်။

ဖုန်းကိုင်သောအခါ အသံများက ရောထွေးနေကာ ရယ်မောသံများ၊ ဂီတသံများ... အရာအားလုံးသည် သူမ၏ အထီးကျန်မှုကို ပိုမိုထင်ရှားစေသည်။

နားထဲတွင် ထော်လော်ကန့်လန့်ပင်ဖြစ်နေသည်။

သူမသည် အခြေအနေကို အတိုချုပ် ရှင်းပြပြီးနောက် ဖုန်းချလိုက်သည်။

အိမ်သည် တိတ်ဆိတ်နေပြီး အပြင်ဘက်တွင်လည်း အတူတူပင်ဖြစ်သည်။ နေမင်းကြီးသည် မြေပြင်ကို ပူပြင်းစွာ အလင်းပေးနေကာ ခြံထဲရှိ ရေကန်သည် ထိုအလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ ခေါင်ရမ်းပန်းတစ်ပွင့်သည် ပူပြင်းသော နေရောင်အောက်တွင် အရွက်များကို ငိုက်စိုက်ချထားသည် ။ အရာအားလုံးသည် သာမန်ဖြစ်နေသော်လည်း ပိုင်ယို့ဝေသည် ဤကမ္ဘာဟာ ပုံမှန်မဟုတ်တော့ကြောင်း သတိထားမိသည်။

…

မွန်းလွဲ ၂ နာရီတွင် အိမ်အပြင်ဘက်၌ ကားသံကို ကြားလိုက်ရသည်။

ပိုင်ယို့ဝေသည် ပြတင်းပေါက်မှ ကြည့်လိုက်သည့်အခါ အရပ်ရှည်သော ယောက်ျားတစ်ယောက်က တံခါးခေါင်းလောင်းကို နှိပ်နေသည်ကို မြင်လိုက်ရသည်။

သူမသည် ခဏစဉ်းစားပြီးနောက် မီးဖိုချောင်သို့ သွားကာ သစ်သီးလှီးသည့် ခေါက်ဓားကို ယူပြီး ဘီးတပ်ကုလားထိုင်ဖြင့် အပြင်သို့ ထွက်သွားသည်။

သံတံခါးနောက်တွင် ထိုယောက်ျားသည် မတ်မတ်ရပ်နေပြီး မျက်နှာသည် တည်တင်းနေသည်။ ထူထဲသော မျက်ခုံးမွှေးတို့အောက်တွင် နက်ရှိုင်းပြီး အေးချမ်းသော မျက်လုံးများ ရှိသည်။

သူ့ကို ရင်းနှီးနေသော်လည်း ဘယ်နေရာတွင် တွေ့ဖူးသည်ကို မမှတ်မိတော့ပေ။

“မင်းက ဝေဝေလား” အသံသည် ခေတ္တမျှ ရပ်တန့်သွားပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုကဲ့သို့ မရင်းနှီးမှုကို ဖော်ပြသည်။ “ငါက ရှန်မိုပါ။ မင်းအမေက ဒီမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ သိလို့ မင်းကို ခေါ်ဖို့ ငါ့ကို လွှတ်လိုက်တာပါ”

ပိုင်ယို့ဝေ ကြောင်အနေသည်။

ရှန်မို... သူ့ကို ဘာကြောင့် ရင်းနှီးနေလဲ အခုမှသိလိုက်ရသည်။ သူသည် ဦးလေး ရှန်၏သား ဖြစ်သည်။ ဦးလေး ရှန်နှင့် အနည်းငယ် ရုပ်တူသည်။

ဦးလေး ရှန်သည် သူမအမေ၏ ရင်းနှီးသော မိတ်ဆွေဖြစ်သလို စီးပွားရေးလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည်။ တကယ်တော့ ပိုင်ယို့ဝေသည် “အပိုတာယာ” ဟူသော အမည်သည် ပိုမိုသင့်လျော်သည်ဟု ထင်မိသည်။

ပိုင်ယို့ဝေသည် တိတ်တဆိတ်ဖြင့် သစ်သီးလှီးဓားကို အိတ်ထဲသို့ ထည့်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

ရှန်မိုသည် သူ့ရှေ့တွင် ရှိနေသော မိန်းကလေးကို ကြည့်လိုက်သည်။

သူမ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဆံပင်များကို ရှည်လျားစွာ ဖြန့်ချထားသည်။ အပြာရောင်ရှပ်အင်္ကျီဂါဝန်သည် လည်ပင်းမှ ခြေဖဝါးအထိ ဖုံးအုပ်ထားသည်။ သူမ၏နာမည်ကဲ့သို့ပင် ကြည့်လိုက်သည်နှင့် ဖြူစင်မှု၊ ပျော့ပျောင်းမှု၊ နုနယ်မှု၊ အားနည်းမှုစသည့် စကားလုံးများကို တွေးမိစေသည်။

သူမသည် လက်ပေါက်ကပ်သူနှင့်မတူပေ။ အန်တီဝမ် ပြောထားသလို ပေါင်းသင်းရ ခက်ခဲသူမဟုတ်လောက်ပေ။

“ပစ္စည်းတွေ ထုပ်ပြီး ငါနဲ့အတူ ယန်ကျိုးကို သွားမယ်” ရှန်မိုက အတိုချုံး ပြောလိုက်သည်။

ပိုင်ယို့ဝေက ခေါင်းခါသည် “မဖြစ်နိုင်ဘူး”

ရှန်မိုသည် အံ့အားသင့်သွားပြီး မျက်ခုံးကို ပင့်ကာ ပြောလာသည်။ “မြို့ထဲမှာ အခုအချိန် မလုံခြုံဘူး။ ထွက်သွားနိုင်သူတိုင်း ထွက်သွားကြပြီ။ မင်းတစ်ယောက်တည်း ဒီမှာနေပြီး ဘယ်သူမှ မစောင့်ရှောက်ဘူးဆိုရင် သိပ်မကြာခင် သေရလိမ့်မယ်”

ပိုင်ယို့ဝေသည် ခေါင်းငုံ့ပြီး သူမ၏စကပ်ပေါ်ရှိ လိုင်းများကို ကြည့်နေသည်။ “မဖြစ်နိုင်ဘူး။ ဒီအခြေအနေမှာ ဘယ်သွားသွား သေရမှာပဲ။”

ရှန်မိုသည် သူမအခုလို ခေါင်းမာမည်မဟု မမျှော်လင့်ခဲ့ပေ။

သူသည် လူအများကို နားချရာတွင် မကျွမ်းကျင်သလို ကလေးများကိုလည်း မချော့တတ်ပေ။ သူသည် အိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး မေးလိုက်သည်။ “မင်းဘယ်အခန်းမှာလဲ”

ပိုင်ယို့ဝေသည် သံသယဖြင့် သူ့ကိုကြည့်ကာ မျက်လုံးများက တဖျတ်ဖျတ်လက်သွားသည်။ “ရှင် ဘာလုပ်မလို့လဲ”

ရှန်မိုသည် သူမကို လျစ်လျူရှုကာ အိမ်တစ်ဝိုက်ကိုလှည့်လည်သွားပြီး သူမ၏အိပ်ခန်းကို တွေ့သွားကာ အဝတ်အစားများနှင့် နေ့စဉ်သုံးပစ္စည်းများကို ထုပ်ပိုးရန်လုပ်တော့သည်။

မိန်းကလေးသည် မကျေမနပ်ဖြစ်နေပုံရကာ အခန်းတွင်းသို့ လိုက်ဝင်လာခဲ့သည်။

ရှန်မိုသည် အဝတ်အစားများကို ထုပ်ပိုးပြီးနောက် အခန်းထဲတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။ “ဆေးဘယ်မှာလဲ”

ပိုင်ယို့ဝေသည် တစ်နှစ်ပတ်လုံး ဘီးတပ်ကုလားထိုင်ပေါ်တွင် နေထိုင်ရပြီး ဆေးဝါးများသည် သူမအတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။

သူမသည် တစ်ခုမှမပြောပေ။

သူသည်လည်း ဆက်မမေးတော့ပေ။

အခန်းသည် မြန်မြန်ဆန်ဆန်ပင် ရှုပ်ပွသွားခဲ့သည်။

ပိုင်ယို့ဝေသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ထိုလူက သေတ္တာများနှင့် ဗီရိုများကို လှန်ပစ်နေသည်ကို ကြည့်နေရင်း လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး ခပ်တိုးတိုးပြောလိုက်သည်။ “ရှင်... ရှင်က မသန်မစွမ်းမိန်းကလေးတစ်ယောက်ကို ကယ်တင်တဲ့အတွက် ကြီးကျယ်ခမ်းနားတယ်လို့ ထင်နေတာလား... ဒါပေမယ့် ရှင်က တကယ်တော့ ကျွန်မကို ထိခိုက်နာကျင်အောင်လုပ်နေတယ်ဆိုတာ သိလား”

ရှန်မိုသည် ရပ်လိုက်ပြီး သူ၏မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်နေသည်။

ပိုင်ယို့ဝေသည် အသက်ပြင်းပြင်းရှူပြီး ဆက်ပြောသည်- “ရှင်က ကျွန်မကိုအတင်းအဓမ္မခေါ်သွားရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်ဖူးလား... ခြေမသန်စွမ်းတဲ့မိန်းမတစ်ယောက်အနေနဲ့ ယန်ကျိုးမှာ ဘယ်လိုနေထိုင်ရမှာလဲ။ ကျွန်မစားတဲ့အခါ၊ အိမ်သာသွားတဲ့အခါတောင် အကူအညီလိုတယ်ဆိုတာ ရှင်သိလား။ ခရီးဝေးသွားရင် သေးခံဘောင်းဘီဝတ်ရတယ်ဆိုတာ ရှင်သိလား... ရှင်က...”

သူမသည် သက်ပြင်းချကာ “ရှင်ဘာမှနားမလည်ဘူး! ကျွန်မ ရှင်နဲ့မသွားဘူး!”

စကားလုံးများ၏အဆုံးတွင် သူမ၏အသံသည် အားငယ်နေပြီး ထိန်းချုပ်ထားသောမျက်ရည်များဖြင့် ပြည့်နှက်နေသည်။

ရှန်မိုသည် သူမကိုကြည့်ပြီး ခဏတိတ်ဆိတ်နေခဲ့သည်။ သူသည် အသံကိုတိုးပြီး ပြောလာသည်။ “ငါတကယ်နားမလည်ဘူး။ ဒါပေမယ့် အနည်းဆုံးတစ်ခုတော့ ငါနားလည်တယ်။ မင်းဒီမှာနေရင် ပိုမြန်မြန်သေလိမ့်မယ်။ မင်းထွက်သွားရင် မျှော်လင့်ချက်ရှိတယ်”

မျှော်လင့်ချက်?

ပိုင်ယို့ဝေသည် သူမ၏နှလုံးသားထဲတွင် အေးစက်သွားသည်ကို ခံစားရသည်။

သူမ၏မိဘများပင် သူမကိုမြင်ချင်ကြသည်မဟုတ်။ သူမသည် လမ်းလျှောက်နေသောအလောင်းတစ်ခုကဲ့သို့ နေထိုင်ခဲ့သည်။ ကမ္ဘာကြီးသည် ယခင်အတိုင်းပင် ဖြစ်နေစေကာမူ သူမတွင် ဆက်လက်ရှင်သန်ရန် ရည်ရွယ်ချက်မရှိပေ။

သူမသည် မျှော်လင့်ချက်မရှိသော အရှုံးသမားတစ်ဦးသာဖြစ်သည်။

ရှန်မိုသည် ပိုင်ယို့ဝေထံသို့ ချဉ်းကပ်လာပြီး သူ၏မည်းနက်သောမျက်လုံးများသည် ဖိအားများဖြင့်ပြည့်နှက်နေကာ အသံသည် အေးဆေးတည်ငြိမ်ပြီး ပြတ်သားနေသည်။ “စိတ်မပူနဲ့၊ ငါမင်းကို ယန်ကျိုးကို ဘေးကင်းကင်းနဲ့ပို့ပေးမယ်။”

ပိုင်ယို့ဝေသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူမတွင် အခြားရွေးချယ်စရာမရှိပေ။

ရှန်မိုသည် ပိုင်ယို့ဝေကို အိမ်ထဲမှ ခေါ်ယူပြီး လမ်းဘေးရှိ SUVကားဆီသို့ ရောက်လာခဲ့သည်။

သူသည် ပိုင်ယို့ဝေကို ဘီးတပ်ကုလားထိုင်မှ မချီယူလိုက်သည့်အခါ သူမသည် အလွန်ပေါ့သည်ဟု ခံစားရသည်။ သူမသည် ပိန်သော်လည်း သူမကိုချီထားရာတွင် မသက်မသာဖြစ်သည်ဟုမခံစားရပေ။ သူ၏လက်နှစ်ဖက်ထဲတွင် ရှိနေသော ထိုမိန်းကလေးသည် နူးညံ့သည်ဟု ခံစားရသည်။

…

သူမ၏မျက်နှာကို သူ့ရင်ဘတ်ပေါ်တွင် အပ်ထားပြီး အမွှေးနံ့လေးများလည်းရနေသည်။ နို့နှင့်နှင်းဆီခေါင်းလျှော်ရည်၏ အနံ့နှင့် ဆေးနံ့တို့ ရောစပ်ကာ ထူးဆန်းသော ရနံ့တစ်မျိုးဖြစ်လာပြီး ဖော်ပြ၍မရနိုင်သော ခံစားမှုတစ်ခုကိုပေးသည်။

ထိုတင်းမာနေသော မျက်နှာငယ်လေးကို ကြည့်ရင်း သူ၏နှလုံးသားသည် အနည်းငယ် နူးညံ့သွားပြီး သူမကို နောက်တစ်ကြိမ် နှစ်သိမ့်ပေးခဲ့သည်။ “ငါမြန်မြန်မောင်းမယ်၊ တစ်နာရီခွဲလောက်ဆိုရင် ရောက်သွားမှာ။ အဲဒီမှာ မင်းကိုစောင့်ရှောက်ပေးမယ့်သူတွေရှိတယ်၊ စိတ်မပူနဲ့။”

ပိုင်ယို့ဝေသည် သူ၏အာဏာရှင်ဆန်သောလုပ်ရပ်ကို မကျေမနပ်ဖြစ်နေပြီး မျက်နှာတင်းကာ သူ့ကိုလျစ်လျူရှုထားခဲ့သည်။

ရှန်မိုသည် ပြုံးပြီး နောက်တံခါးကိုပိတ်ကာ ယဥ်မောင်းထိုင်ခုံတွင် ထိုင်ပြီး သော့ကိုလှည့်လိုက်သည်။

သူမှားယွင်းစွာ တွက်ချက်မိကြောင်း မကြာမီပင် သဘောပေါက်လိုက်ရသည်။

အခြေအနေသည် မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားနေသည်။ လမ်းတိုင်းလိုလိုတွင် အရုပ်များဖြစ်ပေါ်လာနေသည်။ လူများဘာကြောင့် အရုပ်များအဖြစ်ပြောင်းလဲသွားရသည်ကို မသိရသေးသော်လည်း အရုပ်များစုဝေးရာနေရာများသည် အန္တရာယ်များသောနေရာများဖြစ်ကြောင်းနှင့် ခရီးသွားသူတိုင်းသည် ထိုလမ်းများကို ရှောင်ရှားကြရမည်ဖြစ်ကြောင်း သိကြသည်။

…

ရှန်မိုသည် လမ်းလွှဲမှမောင်းနေရင်း တစ်နာရီကျော်ကြာပြီးနောက် နောက်ဆုံးတွင် အမြန်လမ်းဆုံသို့ ရောက်လာသည်။

အမြန်လမ်းသည်လည်း ချောမွေ့မှုမရှိပေ။

လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ကားများသည် နေရာတိုင်းတွင် ရှိနေပြီး ခန့်မှန်းခြေအားဖြင့် ခြောက်ဆယ်၊ခုနစ်ဆယ်ခန့်ရှိသော ကားများသည် လမ်းအလယ်တွင် ရှုပ်ထွေးနေကြသည်။ အချို့ကားများသည် တိုက်မိထားပြီး ကားအတွင်းရှိလူများ အသက်ရှင်မရှင်ကိုပင် မသိရပေ။

ကားတန်း၏အဆုံးတွင် သူတို့ကဲ့သို့ အမြန်လမ်းသို့အခုမှရောက်ရှိလာသူများစွာရှိနေပြီး ကားအပြင်ဘက်တွင် ရပ်နေကာ လည်ပင်းများကိုဆန့်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြသည်။ ဆက်လက်သွားရန် မသွားရန်လည်း ဆုံးဖြတ်ရခက်နေကြလေသည်။

ရှန်မိုသည် ကားထဲမှထွက်ပြီး အခြေအနေကို စုံစမ်းမေးမြန်းနေသည်။

ပိုင်ယို့ဝေသည်တော့ ကားပြတင်းပေါက်နားတွင် မှီပြီး လူများစကားပြောဆိုနေကြသည်ကို နားထောင်နေသည်။

“ဘာလုပ်ကြရမှာလဲ။ သွားရမှာလား မသွားရဘူးလား”

“သွားမယ်တဲ့လား။ အရုပ်တွေက ရှေ့တစ်လျှောက်လုံးပြည့်နေတာ ဘယ်လိုလုပ်ဖြတ်သွားလို့ရမလဲ”

“မသွားရင် ဒီမှာသေကြရမှာလား။ အနီးဆုံးမြို့တွေက ယန်ကျိုးနဲ့ တိုင်ကျိုးပဲ အဲဒီမှာ တစ်ယောက်မှ အရုပ်အဖြစ်မပြောင်းသေးဘူး!”

“တခြားလမ်းတွေကရော တခြားလမ်းတွေမှာလည်း အရုပ်တွေရှိတာလား”

“ဒီလိုပဲဆိုရင် အားလုံးသေသွားကြရလိမ့်မယ်...”

“ယောက်ျား ကျွန်မတို့ဘာလုပ်ကြမလဲ” ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးသည် ငိုကြွေးနေကာ “ဒါကမ္ဘာပျက်တာပဲထင်တယ်... ကျွန်မတို့အားလုံးသေကြရတော့မယ်...”

သူမ၏ခင်ပွန်းသည်လည်း ကြံရာမရနိုင်တော့ဘဲ စိတ်ရှုပ်စွာဖြင့်ဆေးလိပ်သောက်ကာ နှစ်သိမ့်စကားတစ်ခွန်းမျှမပြောနိုင်ခဲ့ပေ။

ပိုင်ယို့ဝေသည် ခဏနားထောင်ပြီးနောက် ပျင်းရိသွားပြီး ကားပြတင်းပေါက်ကို ပိတ်ကာ တစ်ယောက်တည်းသာ နေနေလိုက်သည်။

…

ရှန်မို ကားထဲသို့ပြန်လာသည့်အခါ ပိုင်ယို့ဝေက သူ့ကိုမေးလိုက်သည်။ “ဒီကနေဖြတ်သွားရင် ငါအရုပ်ဖြစ်သွားမှာလား”

ရှန်မိုသည် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “အရင်အခြေအနေကိုကြည့်မယ်။ အဆင်မပြေရင် တခြားနည်းလမ်းရှာရမှာပေါ့”

ပိုင်ယို့ဝေသည် သူ့ကို သိပ်မယုံကြည်ဘဲ တိုးတိုးလေးပြောလိုက်သည်။ “တခြားလမ်းတွေမှာလည်း အရုပ်တွေရှိတာပဲ။”

ထိုအချိန်တွင် ရှေ့၌ လှုပ်ရှားမှုတစ်ခုဖြစ်သွားခဲ့သည်။

လူများအားလုံးသည် အံ့အားသင့်သွားကြပြီး ကြည့်လိုက်သောအခါ အပြာရောင်ထရပ်ကားတစ်စီးသည် သတိထားပြီး ဖြည်းဖြည်းချင်းရှေ့သို့ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ ထို့သို့မြင်ရသောအခါ အခြားကားများသည်လည်း အကွာအဝေးတစ်ခုထားကာ နောက်မှဖြည်းဖြည်းချင်းလိုက်နေကြသည်။

မည်သူမှစောင့်ဆိုင်းမနေနိုင်ကြပေ။

နောက်ဆုံးတွင် မြို့တွင်း၌ ဘေးကင်းစိတ်ချရသောနေရာမရှိပေ။ လမ်းတိုင်းလိုလိုတွင် အရုပ်များရှိနေပြီး မြို့မှထွက်ခွာလိုပါက စွန့်စားရမည်ဖြစ်သည်။

အပြာရောင်ထရပ်ကားကို မောင်းသူမှာ သန်မာလှသည့် ထိပ်ပြောင်နေသော ယောက်ျားတစ်ဦးဖြစ်သည်။ သူသည် စတီယာရင်ကိုကိုင်ပြီး အရုပ်များရှိနေသောကားများကို ဂရုတစိုက်ဖြတ်သန်းသွားကာ ပုံမှန်မဟုတ်သည့်အရာများကိုလည်း မတွေ့တာကြောင့် အရှိန်ကိုမြှင့်လိုက်သည်။

ဘေးကင်းစိတ်ချရသော ကျယ်ပြန့်သည့်နေရာသို့ရောက်သောအခါ သူသည် ကားထဲမှခေါင်းကိုထုတ်ပြီး နောက်မှလူများကို လက်ဝှေ့ယမ်းပြကာ အော်ဟစ်လိုက်သည်။ “ဒီလမ်းကနေသွားလို့ရတယ်”

ဤစကားကြောင့် လေထုတစ်ခုလုံး လှုပ်ခတ်လာပြီး နောက်မှကားများသည် တစ်စီးပြီးတစ်စီး လိုက်လာကြသည်။

တစ်ယောက်သည် ရှေ့မှထိပ်ပြောင်နေသောလူကြီးကို ပြုံးပြပြီး ပြောလိုက်သည်။ “ဒီတစ်ခါတော့ ခင်ဗျားကျေးဇူးကြောင့်ပဲဗျာ”

အခြားသူများလည်း စိတ်သက်သာရာရသွားသည့်အပြင် ပြုံးနေကြသည်။

“အဆင်ပြေပြီထင်တယ်” ရှန်မိုသည် ကားကိုစတင်မောင်းပြီး ကားတန်းနောက်မှ လိုက်လာခဲ့သည်။

ပိုင်ယို့ဝေသည် “အင်း” ဟု အေးစက်စွာဖြင့် ပြောလိုက်သည်။

…

အမြန်လမ်းပေါ်တွင် ကားများသည် ခရုသွားနှုန်းဖြင့် သွားနေကြပြီး လူတိုင်းသည် အလွန်သတိထားနေကြသည်။

ပိုင်ယို့ဝေသည် တိတ်ဆိတ်စွာဖြင့် ကားပြတင်းပေါက်နားတွင် မှီ၍သာနေနေသည်။

ကားသည် ရှေ့သို့သွားနေရင်း သူမသည် လူပုံစံအရုပ်များတစ်ခုပြီးတစ်ခုကို တွေ့မြင်နေရသည်။ ထိုအရုပ်များသည် ဖက်ရှင်ဆိုင်များရှိ မော်ဒယ်အရုပ်များကဲ့သို့ဖြစ်နေပြီး မျက်လုံးများသည် ဗလာဖြစ်နေကာ ကိုယ်နေဟန်ထားများသည် တောင့်တင်းနေသည်...

လှည့်ကြည့်လိုက်သည့်အခါ အနီရောင်ကားတစ်စီးထဲတွင် အရုပ်နှစ်ကောင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ အမျိုးသားက ကားမောင်းနေပြီး အမျိုးသမီးမှာ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည်။ အမျိုးသမီး၏ ဝမ်းဗိုက်ဖောင်းနေသည်မှာ ကိုယ်ဝန်ရှိနေသည်ကို ထင်ရှားစေသည်။

ပိုင်ယို့ဝေ စဉ်းစားမိသည် : သူ့ရဲ့ ဗိုက်ထဲက ကလေးကပါ... အရုပ်လေး ဖြစ်သွားပြီလား။ သူလည်း ပလပ်စတစ်အရေပြား၊ ဖန်လုံးမျက်လုံးနဲ့ ဖိုင်ဘာဆံပင်တွေနဲ့လား။ သူတို့ အရုပ်ဖြစ်သွားတဲ့အခါ ဘယ်လိုဖြစ်သွားကြသလဲ။ ခန္ဓာကိုယ်မလှုပ်ရှားနိုင်တော့ပေမဲ့လည်း အသိရှိနေဦးမှာလား။

ဤအတွေးက သူမကို ကျောချမ်း စေခဲ့သည်။

သူမသည် မျက်နှာလွှဲကာ ဆက်မကြည့်တော့ပေ။

“ဒင်” အရုပ်ကစားပွဲမှကြိုဆိုပါတယ်။ ကစားပွဲရဲ့ အကြောင်းအရာမှာ ’ယုန်နှင့်လိပ် အပြေးပြိုင်ပွဲ’ ဖြစ်ပါတယ်။ စည်းမျဉ်းများမှာ-

၁။ ကစားရန်ငြင်းပယ်ပါက အရုပ်တစ်ကောင်အဖြစ် ပြောင်းလဲသွားမည်။

၂။ ကစားပွဲရှုံးနိမ့်ပါက အရုပ်တစ်ကောင် အဖြစ်ပြောင်းလဲသွားမည်။

၃။ ကစားပွဲ၏ဆုမှာ အရုပ်များဖြစ်သည်...”

ထူးဆန်းသောအသံတစ်ခုသည် သူမ၏နားထဲတွင် မြည်လာသည်။ အသံ၏အရည်အသွေးမှာ သဘာဝဆန်လှသည်။ ပိုင်ယို့ဝေ အံ့အားသင့်သွားသည်။

“ဟေး... ရှင်ကြားလိုက်လား...” သူမသည် ရှေ့မှ ရှန်မိုအား မေးလိုက်ချိန်တွင် သူမ၏မျက်လုံးရှေ့၌ အလင်းမှုန်အလွှာတစ်လွှာ ပေါ်လာသည်။ နောက်တစ်မိနစ်အကြာတွင် ကောင်းကင်ပြာပြာနှင့် ဖြူစင်သောမိုးတိမ်များနှင့် အဆုံးမရှိသော စိမ်းလန်းသည့် မြက်ခင်းပြင်ကြီးကို တွေ့လိုက်ရသည်။

ဘာဖြစ်သွားပါသနည်း။

ပိုင်ယို့ဝေသည် သူမ၏ရှေ့တွင် ပေါ်လာသော မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

လွန်ခဲ့သောတစ်စက္ကန့်က သူမသည် ရှန်မို၏ကားထဲတွင် ထိုင်နေခဲ့သည်။ ယခုအခါတွင်မူ စိမ်းလန်းသောမြက်ခင်းပြင်ပေါ်တွင် ထိုင်နေရသည်။

အတူလိုက်ပါလာသူများလည်း အလားတူပင်ဖြစ်သည်။ လူအားလုံးသည် မြက်ခင်းပြင်အပြင်ဘက်ရှိ ပြေးလမ်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ ထိုနေရာတွင် ဧရာမဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး အကြီးကြီးချဲ့ထားသော စာလုံးကြီးလေးလုံးကို ရိုက်နှိပ်ထားသည်ကို တွေ့လိုက်ရသည်။

ယန်နှင့်လိပ် အပြေးပြိုင်ပွဲ!

………………

အခန်း (၂) ထူးဆန်းသောအခြေအနေ

ဘာတွေဖြစ်နေတာလဲ?!

ပိုင်ယို့ဝေသည် သူမ၏အောက်တွင်ရှိသောမြက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ သူမ၏လက်ချောင်းများသည် စိုစွတ်အေးမြနေပြီး အစစ်အမှန်ကဲ့သို့ခံစားရကာ မြေဆီလွှာထဲသို့နစ်ဝင်နေသည်။

ဤသည်မှာ စိတ်ကူးယဉ်မှုမဟုတ်သလို အိပ်မက်လည်းမဟုတ်ပေ။

သူတို့သည် တကယ်ပင် ဘာမှန်းမသိသောနေရာသို့ ကားလမ်းပေါ်မှ ချက်ချင်းပင် ရောက်ရှိလာခဲ့ကြသည်။

ခုနကအသံသည် ဂိမ်းတစ်ခုအကြောင်းကိုပြောနေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင်... ဒါသည် လူများ အရုပ်များဖြစ်သွားရသည့်အကြောင်းရင်းပေလား? အကယ်၍ သူတို့ဒီကမထွက်နိုင်လျှင် အရုပ်တွေဖြစ်သွားမည်လား?

သူမ၏နှလုံးသားထဲသို့ ကြောက်ရွံ့မှုကဝင်ရောက်လာပြီး တိတ်ဆိတ်နေသောနှလုံးခုန်သံများက အပြင်းအထန်ခုန်လာသည်။ ပိုင်ယို့ဝေသည် ထုံနေသောခြေထောက်များကို ထောက်ကာ ချွေးစေးများပင် ထွက်လာသည်။

ရှန်မိုသည် သူမ၏ရှေ့တွင် သတိထားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ သူ၏မျက်နှာအမူအရာသည်လည်း တင်းမာနေသည်။

နွေးထွေးသောနေရောင်သည် မြေပြင်ပေါ်သို့ လင်းလက်တောက်ပစွာကျရောက်နေပြီး အဖြူရောင်မိုးတိမ်များသည် ဖြန့်ကျက်နေကာ လေတို့သည် မျက်နှာကို ဖြတ်သန်းတိုက်ခတ်လာပြီး မြက်နံ့အနံ့အနည်းငယ်ကို ယူဆောင်လာသည်။ ဤကဲ့သို့သော ကောင်းမွန်သောရာသီဥတုတွင် ဘယ်သူမျှ မဆင်မခြင်အလျင်စလိုမလုပ်ရဲကြပေ။

“ဒါဘယ်နေရာလဲ...” ဆံပင်ရှည်နှင့်အမျိုးသမီးသည် ကြောက်လန့်နေသောမျက်နှာဖြင့် မေးသည်။ “ကျွန်မတို့ ကားထဲမှာမဟုတ်ဘူးလား။ အချစ် ကျွန်မ အိမ်ပြန်ချင်တယ်။ အိမ်ပြန်ကြရအောင်။ ဘယ်မှမသွားတော့ဘူး...”

ထိုအမျိုးသမီး၏ခင်ပွန်းသည် ဇနီးကိုတွန်းဖယ်ကာ ဒေါသတကြီးပြောလာသည်။ “ထိုထိပ်ပြောင်လူကဘယ်မှာလဲ။ သူပဲဘာမှမဖြစ်ဘူးလို့ပြောခဲ့တာမဟုတ်လား”

“ဟုတ်တယ်၊ သူသွားလို့ရတယ်လို့ပြောခဲ့တာပဲ။ ဒါကြောင့်ကျွန်တော်တို့လိုက်လာတာ”

“ငါသိတယ်၊ သူက လူကောင်းမဟုတ်ဘူး။ မဟုတ်ရင် သူကဘာလို့ပထမဆုံးလုပ်ရဲရမှာလဲ။ ငါထင်တာသူက ငါတို့ကိုတမင်သက်သက်ခေါ်လာတာနေမယ်”

“သေစမ်း ဒီကောင်...”

လူတိုင်း ကျိန်ဆဲနေကြသည်မှာ လွန်ခဲ့သည့်မိနစ်အနည်းငယ်က ထိပ်ပြောင်လူကြီးကို ကျေးဇူးတင်စကားပြောခဲ့သည်များကို မေ့သွားသကဲ့သို့ပင်ဖြစ်သည်။

ပိုင်ယို့ဝေသည် ဤလူများကို တိတ်တဆိတ်ရေတွက်နေသည်။

သူမအပါအဝင် စုစုပေါင်း ၁၇ ဦးရှိသည်။

ထိပ်ပြောင်လူကြီးသည် ထိုနေရာတွင် တကယ်ပင် မရှိပါ။ အဘယ်ကြောင့်နည်း။ လူတိုင်းသည် တူညီသောလမ်းကြောင်းအတိုင်း လာခဲ့ကြသည်ဖြစ်ရာ သူကဘာကြောင့်မရောက်လာရပါသလဲ။ ဂိမ်းစတင်ခြင်း၏ နောက်ကွယ်တွင် အခြားလျှို့ဝှက်ချက်တစ်ခုခုရှိနေသလား။

တကယ်ကို ထူးဆန်းတယ်... သူမသည် ထိုကဲ့သို့သော ထူးဆန်းသည့်အခြေအနေတွင် ပိတ်မိနေသော်လည်း အဘယ်ကြောင့် ကြောက်ရွံ့မှုကိုသာမက စိတ်လှုပ်ရှားမှုနည်းနည်းလေးကိုမှပါ မခံစားရပါသနည်း။

သူမဘာကိုမျှော်လင့်နေသနည်း။

“အားလုံးနားထောင်ပါ...” ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦးက စကားစပြောသည်။

“အခုအခြေအနေက ဒီလိုဖြစ်နေပြီ။ ညည်းညူနေရုံနဲ့ ပြဿနာကိုမဖြေရှင်းနိုင်ဘူး။ အားလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ ဒီကနေထွက်ခွာနိုင်မယ်။ ကျွန်တော်ကြည့်လိုက်တော့ ဒီနေရာက ရှေ့မှာ ပြေးလမ်းကြောင်းရှိတဲ့ ကစားကွင်းတစ်ခုနဲ့တူတယ်။ ကျွန်တော်နဲ့အတူ သွားကြည့်ချင်တဲ့ လူရှိလား”

သူမောင်းနေသောကားသည် မာစီဒီးစ်ဖြစ်ပြီး အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားကာ သူ၏စကားပြောဆိုပုံမှာ လွှမ်းမိုးနိုင်စွမ်းရှိသည်။

လူများစွာက သူ၏တောင်းဆိုမှုကို သဘောတူကြသည်။

မျက်မှန်တပ်ထားသော လူငယ်မိန်းကလေးတစ်ဦးက ကြောက်ရွံ့စွာဖြင့် မေးသည်။ “အန္တရာယ်ရှိမှာလား”

အခြားရွှေရောင်ဆံပင်နှင့်လူငယ်တစ်ဦးက သူမကိုပြောသည်။ “အန္တရာယ်ရှိရင်ဘာဖြစ်လဲ။ မင်းဒီမှာဘာမှမလုပ်ဘဲသေဖို့စောင့်နေမှာလား”

မိန်းကလေးက သူမ၏ရည်းစားကို မကျေမနပ်ဖြစ်နေသောမျက်နှာဖြင့် ကြည့်နေသည်။

လူငယ်က ချောမွေ့စွာပြန်ပြောသည်။ “စိတ်မပူပါနဲ့ အစ်ကို။ သူက ကျွန်တော်တို့တစ်ခုခုဖြစ်မှာစိုးလို့ပါ။ ဒီနေရာက ဘယ်နေရာမှန်းဘယ်သူမှမသိဘူးဆိုတော့...”

သက်လတ်အရွယ်ယောက်ျားက ခဏနေပြီးပြောလာသည်။ “ဒါကိုစိုးရိမ်စရာမလိုတာတော့မဟုတ်ဘူး။ အခုအချိန်မှာတော့ အန္တရာယ်မရှိသေးဘူး။ ဒါပေမယ့် ဒီနေရာကို ကျွန်တော်တို့မသိသေးတဲ့အတွက် အမျိုးသမီးတွေနဲ့ အသက်ကြီးသူတွေနေခဲ့တာ ပိုကောင်းမယ်ထင်တယ်။ ကျွန်တော်တို့ယောက်ျားတွေက ရှေ့ဆက်သွားပြီး လေ့လာတာပေါ့”

ရှန်မိုက စဉ်းစားပြီးနောက် ပိုင်ယို့ဝေကိုလှည့်ပြီးပြောလိုက်သည်။ “ဒီမှာစောင့်နေပါ။ ငါရှေ့ဆက်သွားကြည့်မယ်။”

“မဖြစ်ဘူး” ပိုင်ယို့ဝေက သူ၏လက်မောင်းကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

သူမက “မဖြစ်ဘူး” ဟုအသံကျယ်ကျယ်ဖြင့်ပြောလိုက်သောကြောင့် အခြားသူများက လှည့်ကြည့်လာကြသည်။

ရှန်မိုသည် အမျိုးသားများထဲတွင် အရပ်အရှည်ဆုံးဖြစ်ပြီး ပိန်သွယ်သောကိုယ်နေဟန်ထားနှင့် အထက်တန်းစားပုံပေါက်သည်။ သူ၏အင်္ကျီလက်များကို ခေါက်တင်ထားတာကြောင့် သန်မာသောလက်မောင်းများကိုမြင်ရပြီး ပထမဆုံးကြည့်လိုက်သည်နှင့် သူ၏ အလိုအပ်ဆုံးသော အတိုက်အခိုက်စွမ်းရည်ကိုမြင်နိုင်သည်။ အကယ်၍သူမလိုက်သွားပါက ဤ “လမ်းရှာဖွေရေးအဖွဲ့” ၏အင်အားသည် အလွန်အမင်းလျော့နည်းသွားမည်ဖြစ်သည်။

ရွှေရောင်ဆံပင်နှင့်လူက သူမကိုကြည့်ပြီးပြောသည်။ “ညီမလေး၊ အသက်အန္တရာယ်နဲ့ကြုံနေတဲ့အချိန်မှာ ဇွတ်တရွတ်မလုပ်နဲ့။ အခြေအနေကိုနားမလည်ဘဲနဲ့ ပြန်လမ်းကိုဘယ်လိုရှာမှာလဲ”

“ဒါကအသက်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်နေပြီဆိုမှတော့ အမျိုးသားနဲ့အမျိုးသမီးဘာလို့ခွဲခြားနေတော့မလဲ” ပိုင်ယို့ဝေသည် ရုတ်တရက်လူအခြားလူတစ်ယောက်ပြောင်းသွားသကဲ့သို့ ပြင်းထန်စွာပြောလိုက်သည်။ “ကျွန်မရှင်တို့တစ်ယောက်ကိုမှမသိဘူး။ တကယ်လို့သူတစ်ခုခုဖြစ်ခဲ့ရင် ကျွန်မလိုခြေထောက်မသန်စွမ်းတဲ့သူကို ဘယ်သူဂရုစိုက်မှာလဲ။ ရှင်တို့အားလုံးက ယုန်တွေထက်ပိုပြီးမြန်မြန်ပြေးကြမယ်ထင်တယ်”

ပိုင်ယို့ဝေက ရှန်မိုကိုအနီးကပ်ကြည့်ပြီး သူ၏မျက်လုံးများထဲကိုစိုက်ကြည့်ကာ “ရှန်မို၊ ရှင်ကျွန်မကိုယန်ကျိုးအထိ ပို့ပေးမယ်လို့ကတိပေးခဲ့တယ်။ အခု ကျွန်မကိုစွန့်ပစ်တော့မှာလား”

အချို့အမျိုးသမီးများသည်လည်း တွေဝေသွားကြကာ သူတို့၏အမျိုးသားများကိုကြည့်နေကြသည်။

အမျိုးသားအားလုံးထွက်သွားကြပြီး အိုမင်းသူများ၊ ကလေးများနှင့်အမျိုးသမီးများကျန်ရစ်ခဲ့လျှင် အကယ်၍တစ်ခုခုဖြစ်ပါက ဘာဖြစ်မည်နည်း။ ပိုင်ယို့ဝေသည်သေချာပေါက်အဆိုးဆုံးဖြစ်သော်လည်း သူတို့မှာလည်းသိပ်မကောင်းနိုင်ပါချေ။

“အချစ် ကျွန်မနဲ့အတူသွားမယ်။ ဒီမှာနေရတာကြောက်စရာကောင်းတယ်...” ဆံပင်ရှည်နှင့် အမျိုးသမီးသည်လည်း စိတ်ပြောင်းသွားသည်။

“အားလုံးအတူတူသွားကြရအောင်” တစ်စုံတစ်ဦးက ညှိနှိုင်းသည့်အနေဖြင့် ဝင်ပြောလာသည်။ “ဒီမှာတော့ဘာမှမရှိဘူးထင်တယ်။ မြက်တွေနဲ့ ပြေးလမ်းကလွဲရင် ဘာမှမရှိဘူး။ ခပ်လှမ်းလှမ်းမှာတော့ သစ်တောရှိတယ်”

“သစ်တောထဲကို ဖြတ်သွားကြမှာလား”

“မသိဘူး။ အရင်ဆုံး ဆိုင်းဘုတ်ကိုသွားကြည့်ရအောင်။ အဲဒီဟာကထူးဆန်းနေတယ်”

“သွားကြည့်ရအောင်။ သဲလွန်စတစ်ခုခုတော့ရှိမှာပေါ့”

ပြောပြောဆိုဆိုနှင့် လူတိုင်းသည် “ယုန်နှင့်လိပ်” ဟုရေးထားသည့် စာတန်းရှိရာဆီသို့ လျှောက်သွားလိုက်ကြသည်။

ရှန်မိုသည် ခါးကိုကိုင်းကာ ပိုင်ယို့ဝေကိုမချီလိုက်ပြီး လူအုပ်‌နောက်သို့ လိုက်သွားလိုက်သည်။

ပိုင်ယို့ဝေသည် သူ၏လည်ပင်းကိုဖက်ကာ မျက်လုံးများကလည်းနီရဲနေပြီး အသံသည် မူလအသံအတိုင်း ပြန်လည်နူးညံ့သွားသော်လည်း ခေါင်းမာမှုလေးကတော့ ကျန်ရှိနေသေးသည်။

“နောင်တရနေပြီလား။ ရှင်ကျွန်မကို ဝန်ထုပ်ဝန်ပိုးလို့ထင်နေပြီလား...ရှင်နောင်တရနေရင်တောင် အခုနောက်ကျသွားပြီ။ ရှန်မို ကျွန်မကိုစွန့်ပစ်ဖို့ ရှင်တွေးတောင်မတွေးနဲ့”

သူမပြောခဲ့သည်က မှန်သည်ဟုသက်သေပြချင်သည့်အလား သူ၏လည်ပင်းကိုပို၍ပင် တင်းတင်းကျပ်ကျပ်ဖက်ထားကာ မျက်လုံးများထဲတွင်လည်း ခေါင်းမာမှုတို့ကထင်ဟပ်နေသည်။

ရှန်မိုသည် သူမကလည်ပင်းကို တင်းတင်းကျပ်ကျပ်ဖက်ထားတာကြောင့် နာလာကာ သူမ၏ လက်အားကိုပင် အံ့သြမိသည်။

သူသည် ဒါဟာ သူမက ငယ်စဥ်ကတည်းက မိဘတွေနှင့် အတူမနေခဲ့ရတာကြောင့် လုံခြုံမှုကိုမခံစားရ၍ဖြစ်နိုင်သည် ဟုတွေးမိသည်။

ထို့ကြောင့် သူ၏ဒေါသကိုလျှော့ကာ ညင်သာစွာပြောလာသည်။ “ငါ မင်းကိုမစွန့်ပစ်ပါဘူး”

ပိုင်ယို့ဝေသည် သူ့ကို ယုံတစ်ဝက်မယုံတစ်ဝက်နှင့် ကြည့်နေလိုက်သည်။

ရှန်မိုသည် နားမလည်နိုင်ဖြစ်ရသည်။ ပိုင်‌ယို့ဝေသည် စိတ်ပိုင်းဆိုင်ရာ‌ရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ အဆင်မပြေလှပေ။ ဘာကြောင့်များ အန်တီဝမ်က သူမကို အနားမှာခေါ်ထားပြီး မစောင့်ရှောက်ထားလဲမသိပေ။

“ဟိုမှာ ဆိုင်းဘုတ်အောက်မှာလူတစ်ယောက်ရှိတယ်ထင်တယ်”

အသံကြားတာကြောင့် လူတိုင်းလည်း ထိုနေရာကိုကြည့်လိုက်ကြကာ ရှန်မို၏အတွေးသည်လည်း ပျက်သွားတော့သည်။

နီးလာသည်နှင့်အမျှ ဆိုင်းဘုတ်အောက်မှ ပုံရိပ်သည် ပို၍ထင်ရှားလာသည်။

သူသည် လူကြီးလူကောင်းပုံစံဝတ်ထားသော ယောက်ျားတစ်ဦးဖြစ်သည်။ လည်ပတ်ဖဲပြားပါသော အဖြူရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ကုတ်အင်္ကျီ၊ ဘောင်းဘီ နှင့် ခေါင်းပေါ်တွင် ယုန်ပုံစံခေါင်းစွပ်တို့ဝတ်ထားသည်။ သူ့ခေါင်းပေါ်မှ ယုန်နားရွက်များသည် လူတိုင်း၏အမြင်ကိုဖမ်းစားနိုင်ကာ နီရဲနေသော မျက်လုံးတစ်စုံသည် သူတို့ကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။

အခန်း (၃) အဆုံးသတ်ကဘယ်မှာလဲ

မြင်ကွင်းသည် အလွန်ထူးဆန်းနေသောကြောင့် သူတို့အားလုံးသည် ခြေလှမ်းများကိုနှေးကွေးစွာလှမ်းကာ ယုန်ခေါင်းနှင့်လူကြီးကို သတိထားကြည့်နေကြသည်။

“အားလုံးမင်္ဂလာပါ၊ ကျွန်မက ဒီကစားပွဲရဲ့ စစ်ဆေးရေးအရာရှိဖြစ်ပါတယ်။ အရုပ်ကစားပွဲမှကြိုဆိုပါတယ်။”

အကွာအဝေးအတော်လှမ်းနေသေးသော်လည်း ယုန်ခေါင်းလူကြီး၏ အသံသည် လေထဲတွင် ရှင်းလင်းစွာကြားနေရသည်။ နူးညံ့သော အမျိုးသမီးအသံဖြစ်သည်။

သို့သော် ယခုအချိန်တွင် အသံသည် မည်မျှပင် နူးညံ့နေစေကာမူ လူတိုင်း၏ ရင်ထဲရှိ ကြောက်ရွံ့မှုကို ငြိမ်သက်စေနိုင်မည်မဟုတ်ပေ။

“မင်းဘယ်သူလဲ။ ငါတို့ကို ဒီနေရာကို ခေါ်လာတာလား” သတ္တိရှိသော အမျိုးသားတစ်ဦးက မေးမြန်းလိုက်သည်။

ယုန်ခေါင်းလူကြီးသည် လက်ထဲတွင် ဦးထုပ်ကိုကိုင်ထားပြီး နူးညံ့အေးချမ်းသောအသံဖြင့် ပြောလိုက်သည်။ “ကျေးဇူးပြု၍ အားလုံး စမှတ်နေရာမှာ ရပ်ပါ။ သေနတ်ဖောက်ပြီးတာနဲ့ ပြေးပွဲစတင်မှာပါ။ ပန်းဝင်မျဥ်းကိုဖြတ်ပြီးရင် နောက်အဆင့်ကို ရောက်မှာဖြစ်ပါတယ်။ စုစုပေါင်း အဆင့်သုံးဆင့်ရှိပါတယ်...”

“ဟေ့ ငါမေးနေတာကို မကြားဘူးလား။” သန်မာသောထိုအမျိုးသားသည် မျက်လုံးများနီရဲလာကာ ယုန်ခေါင်းလူကြီး၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ “မျက်နှာဖုံးတပ်ပြီး လှည့်ကွက်ဆင်နေတာလား။ ပြောစမ်းပါ! ဒီကျိန်စာသင့်နေရာကနေ ဘယ်လိုထွက်သွားရမလဲ”

ယုန်ခေါင်းလူကြီးသည် အရပ်ရှည်သော်လည်း ခြေလက်များကသွယ်လျပြီး နူးညံ့သော အမျိုးသမီးအသံရှိသောကြောင့် ခြိမ်းခြောက်နေသည်နှင့် မတူဘူး ထင်ရသည်။ ထို့ကြောင့်ပင် ထိုလူသည် ရဲရဲတင်းတင်း လည်ပင်းကို ညှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင် သွယ်လျသောလည်ပင်းကို အားကောင်းသောအမျိုးသားက ညှစ်ထားသော်လည်း အသံသည် အတားအဆီးမရှိဘဲ ထွက်ပေါ်လာသည်-

“ဒီကစားပွဲကို အဆင့်သုံးဆင့်ခွဲထားပါတယ်။ သေနတ်ဖောက်ပြီးတာနဲ့ ပြေးပွဲစတင်မှာပါ။ ပန်း

ဝင်မျဥ်းကိုဖြတ်ပြီး ...”

“တော်ပြီ” ထိုအမျိုးသားသည် ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။ “ငါဒီမှာ ကစားဖို့လာတာမဟုတ်ဘူး။ ဘယ်လိုထွက်ရမလဲဆိုတာပဲပြောပါ။ မဟုတ်ရင် မင်းကိုလည်ပင်းညှစ်သတ်မယ်”

ဘန်း !

အပြာရောင်မီးတောက်များ ပေါက်ကွဲလာသည်! တစ်ချိန်တည်းမှာပင် လုံးထွေးနေသောအသံကို ကြားလိုက်ရသည်!

သန်မာလှသောအမျိုးသား၏ ခန္ဓာကိုယ်သည် တဒင်္ဂအတွင်းတွင် ဆိုးဆိုးရွားရွား တုန်လှုပ်သွားသည်။ မိုးကြိုးပစ်လိုက်သကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်သွားကာ မီးသွေးတုံးကဲ့သို့ မြေပြင်ပေါ်သို့ ကျပြီး ကွဲထွက်သွားသည်။

ယုန်ခေါင်းလူကြီးသည် ခေါင်းကိုစောင်းကာ ပခုံးပေါ်ရှိ မည်းနက်သောဖုန်မှုန့်များကို ညင်သာစွာ သုတ်လိုက်သည်။ သူ၏လည်ပင်းပေါ်ရှိ အမွှေးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားကာ နောက်ဆုံးတွင် လူတိုင်း သိရှိလိုက်ရသည်က သူသည်ယုန်ခေါင်းစွပ်ဝတ်ထားခြင်းမဟုတ်ဘဲ တကယ်ပင်ယုန်ခေါင်းရှိသည်။

“အား... မိစ္ဆာကောင်၊ မိစ္ဆာကောင်!” ဆံပင်ရှည်နှင့်အမျိုးသမီးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခြေထောက်များက တုန်ယင်နေသည်။

သူမ၏ယောက်ျားသည် သူမလက်မောင်းကို ဆွဲပြီး အတူတူ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း နောက်ပြန်လှည့်ကြည့်သောအခါ ပြန့်ပြူးစိမ်းလန်းသော မြက်ခင်းပြင်ပေါ်တွင် ယုန်ရာပေါင်းများစွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ယုန်တစ်ကောင်စီသည် အမဲလိုက်ခွေးအရွယ်အစားမျှရှိသည်။

သူတို့၏ခန္ဓာကိုယ်များသည် နှင်းကဲ့သို့ ဖြူနေပြီး မျက်လုံးများသည် သွေးကဲ့သို့နီနေကာ ချွန်ထက်သောသွားများသည် သုံးခွဖြစ်နေသော ပါးစပ်အောက်တွင် ကြိတ်ဝါးနေသံများမှာ ကြောက်စရာကောင်းလှသည်။

ယခုအခြေအနေသည် အလွန်ကြောက်စရာကောင်းလွန်းသောကြောင့် ပိုင်ယို့ဝေသည် ရှန်မို၏ရင်ခွင်ထဲသို့ဝင်သွားခဲ့သည်။

သူမသည် ရှန်မို၏ မျက်နှာကို မော့ကြည့်ရန်လည်း မမေ့ခဲ့ပါ။ သူ၏မျက်နှာသည် မကောင်းလှသော်လည်း အေးဆေးတည်ငြိမ်နေပြီး အခြားသူများကဲ့သို့ ကြောက်ရွံ့မနေကြောင်း တွေ့ရသည်။

ယုန်ခေါင်းလူကြီးသည် အေးဆေးတည်ငြိမ်စွာဖြင့်ပင် သူတို့ရှေ့တွင် ရပ်နေပြီး “ကျေးဇူးပြု၍ ပြိုင်ပွဲဝင်များ၊ သတ်မှတ်ထားတဲ့ စမှတ်နေရာသို့ အမြန်ဆုံးသွားပါ”

ပိုင်ယို့ဝေသည် သူ၏လက်ဟန်ကို လိုက်ကြည့်ကာ စတင်မည့်နေရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ဧရာမယုန်ကြီးများလည်း ထိုနေရာသို့ ရွေ့လျားနေကြသည်။ သူတို့သည် ပြေးလမ်းထဲသို့ တစ်ကောင်ပြီးတစ်ကောင် တွားဝင်လာပြီး စမှတ်မျဉ်းနောက်တွင် စုရုံးနေကြသည်။

...လိပ် နှင့် ယုန်။

ယုန်များက ရှိပြီးသားဖြစ်နေသည်။ ဒါဆို သူတို့က လိပ်တွေလား?

“ဒီမှာရှင့်...” ပိုင်ယို့ဝေသည် အံကြိတ်ကာ လက်ထောင်ပြီး မေးလိုက်သည်။ “ကျွန်မလို အခြေအနေမျိုးမှာ ပြိုင်ပွဲဝင်ဖို့ လိုအပ်ပါသလား”

ယုန်ခေါင်းလူကြီးသည် ခေါင်းလှည့်ကာ ပိုင်ယို့ဝေကို ကြည့်လိုက်ပြီး ခဏနေသည့်အခါ နူးညံ့သိမ်မွေ့သောအသံနှင့် လေးစားစွာတောင်းပန်လိုက်သည်။ “နားလည်ပါပြီ။ ကျွန်မမှားသွားပါတယ်။”

ထို့နောက် သူသည် ဖြူဖွေးသော လက်အိတ်စွပ်ထားသည့် လက်ကို ဦးထုပ်ထဲသို့ ထိုးသွင်းကာ ချိုင်းထောက်တစ်စုံကို ဆွဲထုတ်လိုက်သည်။

ပိုင်ယို့ဝေ၏ နှလုံးသားသည် ရုတ်တရက် ကျုံ့သွားသည်ဟုထင်မိသည်။

သူမ၏တုတ်ကောက်နှင့် တူသောအရာ ...မဟုတ်ပေ။ ဒါက သူမဟာပဲဖြစ်သည်။ သူမ၏ ခရီးဆောင်အိတ်ထဲတွင် ထည့်ထားသည့် ခေါက်လို့ရသော တုတ်ဖြစ်သည်။

ယုန်ခေါင်းလူကြီးသည် အပြင်လောကမှ အရာဝတ္ထုများကို အလွယ်တကူ ယူနိုင်သည်။ ဒါဆို သူတို့ဒီနေရာကနေ ထွက်ချင်လျှင် သူပြောသည့်အတိုင်း လုပ်ဆောင်ရမည်လား။

သို့သော် သူမကို တုတ်ကောက်တစ်ချောင်းပေးထားလျှင်တောင် ခွေးထက်ကြီးသည့် ထိုယုန်ကြီးများကို မမှီနိုင်တာ အသေအချာပါပဲ။

ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ရှန်မိုက မေးလိုက်သည်။ “ပန်းဝင်မျဥ်းက ဘယ်မှာလဲ”

ယုန်ခေါင်းလူကြီးသည် လက်ကို မြှောက်ကာ ပြေးလမ်း၏ အခြားဘက်အဆုံးကို ညွှန်ပြလိုက်သည်။

All Chapters