← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄) မှန်ကန်သော ပန်းဝင်မျဉ်း

ဆုံးမှတ်သည် စမှတ်နေရာနှင့် အတူတူပဲဖြစ်ကာ ဖောက်မြင်နိုင်သော အမှတ်အသားတစ်ခုဖြင့် အမှတ်အသားပြုထားသည်။

ဖောက်မြင်နိုင်သောကြောင့် သတိမထားမိခဲ့ကြပေ။

ပန်းဝင်မျဥ်း၏အမှတ်အသားသည် ပြေးလမ်းနှင့်အလျားတူပြီး မည်သည့်ပစ္စည်းဖြင့်ပြုလုပ်ထားသည်ကို မသိသော်လည်း လေထဲတွင် မျောပါနေခြင်းဖြစ်သည်။ ယခုအခါမှ ယုန်ခေါင်းနှင့်လူက ညွှန်ပြသည့်အခါ အမှတ်အသားပေါ်တွင် အနက်ရောင်စာလုံးကြီးများဖြင့် “ပန်းဝင်မျဉ်း” ဟူ၍ ပေါ်လာသည်။

“ပန်းဝင်မျဉ်း” အောက်တွင် မြှားနှစ်ခုရှိပြီး ဘယ်ဘက်တွင် ပြေးလမ်း (၁)၊ ညာဘက်တွင် ပြေးလမ်း (၂) ဟု ညွှန်ပြထားသည်။

အားကစားကွင်းတစ်ခုတွင် ပြေးလမ်း (၆) ခု သို့မဟုတ် (၈) ခုရှိတတ်သော်လည်း ယခုနေရာတွင် (၂) ခုသာရှိသည်။

“ပြေးလမ်းအလျားက မီတာ (၂၀၀) ရှိပြီး မှန်ကန်တဲ့ပန်းဝင်မျဥ်းကိုဖြတ်သန်းသွားနိုင်ပါက နောက်အဆင့်ကိုရောက်ရှိပါမယ်။ အဆင့် (၃)ဆင့်လုံး ပြီးဆုံးပါက ကစားပွဲပြီးဆုံးပါမယ်” ယုန်ခေါင်းနှင့်လူက စည်းမျဉ်းများကို မိတ်ဆက်ပေးသည်။

“ဒီယုန်တွေက ငါတို့နဲ့အတူပြေးမှာလား” ရှန်မိုက အနီးအနားရှိ ယုန်များကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်” ယုန်ခေါင်းနှင့်လူက နူးညံ့သောအသံဖြင့် ပြန်ဖြေသည်။ “ယုန်က ယုန် နဲ့ လိပ်ပြေးပွဲရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းပဲ။ ပြိုင်ပွဲဝင်တွေက ယုန်တွေဆီမှာမမိအောင် ရှောင်ရှားရမယ်”

ပိုင်ယို့ဝေသည် နှုတ်ခမ်းကိုကိုက်ကာ သတိထားပြီး မေးလိုက်သည်။ “ကျွန်မတို့နဲ့တွေ့သွားရင်ဘာဖြစ်မှာလဲ”

ယုန်ခေါင်းနှင့်လူက ဘာမှမဖြေပေ။

အဖြေမပေးသော်လည်း ပိုင်ယို့ဝေသည် ယုန်ခေါင်းနှင့်လူရယ်နေသည်ဟု ခံစားရသည်။

ခင်ပွန်း၏နောက်တွင် ပုန်းအောင်းနေသော အမျိုးသမီးက တုန်တုန်ရီဖြင့်မေးလာသည်။ “သူတို့က...လူတွေကိုကိုက်တတ်လား”

ကိုက်တတ်သလား?

အခြားသူများက စိတ်ထဲတွင် စောဒကတက်ကြသည်: ဒီသွားတွေကိုကြည့်ကြပါဦး။လူကိုကိုက်တာက ဘာမှအထူးအဆန်းမဟုတ်ဘူး။ လူတွေကိုစားတယ်ဆိုရင် တောင် အံ့ဩစရာမရှိဘူး။

“အားလုံးပဲ၊ စည်းမျဉ်းတွေကတော့ဒါပါပဲ။ ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ စမှတ်နေရာကိုလိုက်လာကြပါ။ ပြေးပွဲစတင်ပါတော့မယ်” ယုန်ခေါင်းနှင့်လူက ဦးထုပ်ကိုတစ်ဖက်တွင်ကိုင်ပြီး စမှတ်မျဥ်းဆီသို့ လှည့်ထွက်သွားသည်။

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး ရှေ့သို့မတက်ဝံ့ကြပေ။

မီးလောင်ပြီးအကြွင်းအကျန်များသည် မြေပြင်ပေါ်တွင်ရှိနေဆဲဖြစ်ပြီး မီးလောင်ထားသည့်အနံ့သည်လည်း အနည်းငယ်ထွက်နေသည်။ နေရောင်ခြည်သည်တောက်ပနေပြီး အဝေးတွင်ရှိသည့် ဖောက်မြင်နိုင်သောပန်းဝင်မျဥ်းအမှတ်အသားသည် တောက်ပသောအလင်းရောင်ကိုထွက်ပေါ်စေပြီး လူတိုင်းကိုလှမ်းခေါ်နေသည့်ပုံနှင့်တူလေသည်။

နောက်ဆုံးတွင် ရင်ထဲရှိ ကြောက်ရွံ့မှုများကို မခုခံနိုင်တော့ဘဲ လေးလံသောခြေလှမ်းများဖြင့် ရှေ့ရှိယုန်ခေါင်းနှင့်လူနောက်သို့ တစ်ယောက်ပြီးတစ်ယောက်လိုက်သွားကြသည်။

ရှန်မိုသည် ပိုင်ယို့ဝေကိုကြည့်ကာပြောသည်။ “မင်းကိုကျောပိုးပြီးပြေးရင် ချီပြေးတာထက် ပိုမြန်လိမ့်မယ်။ ဒါပေမယ့် ဒီယုန်တွေကိုကြောက်ရင် ငါမင်းကိုချီပြေးမယ်”

ယုန်များသည် ရန်လို၍ နောက်မှတိုက်ခိုက်ခံရပါက ကျောနှင့်ခြေထောက်များသည် အားနည်းသောနေရာများဖြစ်သည်။

“ကျောပိုးပြေးပါ” ပိုင်ယို့ဝေက တည်ငြိမ်စွာဖြင့် ပြောသည်။ “ပြေးတာက အမြန်နှုန်းတစ်ခုတည်းလိုအပ်တာမဟုတ်ဘဲ ယုန်တွေကိုရှောင်ရှားဖို့ ညီမျှပြီး သင့်တော်တဲ့လှုပ်ရှားမှုလည်းလိုအပ်တယ်။ ကျွန်မကိုချီပြေးရင် ဒုက္ခရောက်မှာ”

နှစ်ဦးသားသည် ရပ်ပြီး အနေအထားကိုညှိကြကာ ပိုင်ယို့ဝေသည် ရှန်မို၏ကျောပေါ်တွင် မှောက်လိုက်သည်။

သူတို့သည် နောက်ဆုံးအတန်းတွင်ရှိနေသည်။

“ကြောက်နေလား” ရှန်မိုက သူမကိုမေးသည်။

“ကြောက်တယ်” ပိုင်ယို့ဝေက တိုးတိုးလေး ဖြေသည်။

ဒီလိုအရာမျိုးနှင့်ကြုံတွေ့ရသူတိုင်း မကြောက်ရွံ့ဘဲမနေနိုင်ပါ။

သူမက ရှန်မိုကို နူးညံ့စွာမေးလိုက်သည်။ “ရှင်ရော ကြောက်လား။ အကယ်၍ ဒီယုန်တွေကအရမ်းမြန်ရင်...”

သူတို့သာ အပြေးမြန်ပါက ပိုင်ယို့ဝေကိုကျောပိုးပြီးပြေးရသည့် ရှန်မိုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်။

ရှန်မိုသည် ပိုင်ယို့ဝေ၏ခြေထောက်များကိုကူညီပြီး တည်ငြိမ်စွာလျှောက်လာကာ “ယုန်ခေါင်းနဲ့လူပြောခဲ့တာကိုမှတ်မိလား။ အဆင့်သုံးဆင့်ရှိမယ်လို့ပြောခဲ့တယ်။ အကယ်၍ယုန်တွေကအရမ်းမြန်ရင် တစ်ဆင့်တည်းနဲ့ပြီးသွားနိုင်တယ်။ အဆင့်သုံးဆင့်ထားဖို့မလိုဘူး”

ပိုင်ယို့ဝေ အံ့အားသင့်သွားသည်။ ရှန်မိုသည် ဤအဆင့်အထိ စဉ်းစားထားမည်ဟု သူမမမျှော်လင့်ထားပေ။

သူမသည် ရှေ့ရှိ တာထွက်မျဥ်းကို ကြည့်လိုက်သည်။

ထိုဧရာမယုန်ကြီးများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အနီးကပ်ကြည့်ပါက ယုန်တစ်ကောင်ခြင်းစီ၏ခြေလက်များသည် ညီညွတ်မှုမရှိဘဲ ထော့နဲ့သူကထော့၊ လိမ်သူကလိမ်၊ မြေကြီးကိုကုတ်သူကကုတ် ကန်သူကကန်နှင့်ဖြစ်ကြသည်။ အချို့သောယုန်များသည် မိမိကိုယ်ကိုကိုက်နေပြီး ရူးသွပ်နေသည့်အခြေအနေတွင်ရှိသည်။ အကယ်၍သူတို့ပြေးပါက မမြန်နိုင်ပါ။

ပိုင်ယို့သည် စဉ်းစားပြီး ရှန်မိုကို တိုးတိုးလေးပြောသည်။ “ယုန်ခေါင်းနဲ့လူတွေက မှန်ကန်တဲ့ပန်းဝင်မျဥ်းကို အမြဲအလေးထားပြီးပြောနေတယ်။ ဒါကြောင့် ပြိုင်ပွဲနိုင်ဖို့က ပထမဆုံးဖြစ်ဖို့မလိုဘူး။ ယုန်တွေထက်မြန်ဖို့နဲ့ မှန်ကန်တဲ့ပန်းဝင်မျဥ်းကိုရှာဖို့ပဲ”

ရှန်မိုက မေးသည်။ “ဘယ်ဟာကမှန်တဲ့ပန်းဝင်မျဥ်းလဲ”

ပိုင်ယို့ဝေသည် တိတ်ဆိတ်နေသည်။

ပြိုင်ပွဲတွင် အဆင့်သုံးဆင့်ရှိသောကြောင့် ပန်းဝင်မျဥ်းသည် အကြိမ်တိုင်းတွင် မတူနိုင်ပေ။ ဘယ်ဘက်ဖြစ်နိုင်သလို ညာဘက်လည်းဖြစ်နိုင်သည်။ အဖြေကို ဤမီတာ (၂၀၀) ပြေးပွဲတွင် အရိပ်အမြွက်ပြထားနိုင်သည်။

အရိပ်အမြွက်မပြပါကလည်း မျက်စိမှိတ်မှန်းဆမှုဖြင့် ၅၀ ရာခိုင်နှုန်း မှန်နိုင်သည်။

ယခုပြဿနာသည် မှားယွင်းသောပန်းဝင်မျဥ်းသို့ပြေးမိပါက မည်သည့်အကျိုးဆက်ဖြစ်မည်ကို မသိကြခြင်းဖြစ်သည်။

အခန်း (၅) - ယုန်ဖြူကလေး၊ ဖြူဖြူဖွေး

လူတိုင်းသည် ပြေးလမ်း၏စမှတ်နေရာသို့ ရောက်ရှိလာကြသည်။

ပြေးလမ်း (၂) ခုသာရှိသော်လည်း အလွန်ကျယ်ဝန်းပြီး (၁၆) ယောက် ဘေးချင်းကပ်တန်းစီနေလျှင်ပင် မကျဉ်းပေ။

သူတို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမယုန်ကြီးများရှိသည်။ ယုန်များသည် တစ်ကောင်ကိုတစ်ကောင် တွန်းကန်နေပြီး သွားများကိုဖြဲကာ ပါးစပ်နှင့် နှာခေါင်းတို့မှ လေပူများထုတ်နေပြီး အသက်ရှူသံများပင် ကြားနေသည်။ အနံ့များကလည်းနံဟောင်နေကြသည်။ နှာခေါင်းဘေးရှိ နူးညံ့သောအမွှေးများသည် ရှေ့ရှိလူများ၏ ခြေကျင်းဝတ်နှင့်ပင် ထိမိလုနီးပါးဖြစ်နေပြီး အနည်းငယ်နီးလာပါက အသားကိုပင်ကိုက်ဖြတ်နိုင်သည့်အလား ခြိမ်းခြောက်နေသည်။

ဆံပင်ရှည်နှင့်အမျိုးသမီးသည် ကြောက်လန့်တကြားဖြစ်ကာ ခြေလက်များပျော့ခွေနေပြီး ခင်ပွန်းသည်၏အဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ ငိုယိုနေသည်။

ယောက်ျားဖြစ်သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။ “လွှတ်စမ်း! မင်းဒီလိုကိုင်ထားရင် ငါဘယ်လိုပြေးမလဲ”

အဝါရောင်ဆံပင်နှင့်လူငယ်က သူတို့နှစ်ဦးကို အေးစက်စွာကြည့်ပြီး ထိုင်လိုက်ကာ ဖိနပ်ကြိုးများကို ပြန်ချည်နေသည်။

မျက်မှန်တပ်ထားသောမိန်းကလေးက ဒေါက်မြင့်ဖိနပ်များကို ချွတ်ပစ်လိုက်ပြီး ခဏစဉ်းစားကာ ဖိနပ်များကို လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။

ဝတ်စုံပြည့်ဝတ်ထားသော သက်လတ်ပိုင်းလူကြီးက ဂျာကင်အင်္ကျီကို ချွတ်ပစ်ကာ ရှေ့ရှိပန်းဝင်မျဥ်းကို စိုးရိမ်သောမျက်နှာဖြင့် စိုက်ကြည့်နေသည်။

...လူ (၁၆) ယောက်၊ တစ်ဦးချင်းစီသည် တိတ်ဆိတ်စွာဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ပိုင်ယို့ဝေသည် ရှန်မို၏ကျောပေါ်တွင် အနေရ မသက်မသာဖြစ်နေပြီး တိုးတိုးလေးမေးလိုက်သည်။ “ရှင် အပြေးမြန်လား”

ရှန်မို: “မဆိုးပါဘူး။”

ပိုင်ယို့ဝေသည် စဉ်းစားပြီး ထပ်မေးလိုက်သည်။ “ကျွန်မက လေးလား”

ရှန်မိုသည် သူမကို နည်းနည်းမြှောက်လိုက်ရင်း အေးဆေးစွာဖြင့် ပြောလိုက်သည်။ “မဆိုးပါဘူး”

ဘာကြောင့်အရာအားလုံးက “မဆိုးပါဘူး” ဖြစ်နေရတာပါလဲ။ ပိုင်ယို့ဝေသည် စိတ်မသက်သာဖြစ်ပြီး ထပ်မေးချင်သေးသော်လည်း ယုန်ခေါင်းနှင့်လူ၏အသံကို ကြားလိုက်ရသည်။ “အဆင်သင့်ပြင်ကြပါ”

ယုန်ခေါင်းနှင့်လူသည် သူ၏ထိပ်ဦးထုပ်ထဲမှ သေနတ်တစ်လက်ကို ဆွဲထုတ်ကာ အမြင့်သို့ မြှောက်ထားလိုက်သည်။

လူတိုင်း၏အာရုံကြောများသည် တစ်ခဏအတွင်း တင်းမာသွားကြသည်။

ရုတ်တရက် လူတစ်ယောက်သည် တာထွက်မျဉ်းမှ ထွက်ပြေးလိုက်သည်။

ဘန်း!

အပြာရောင်လျှပ်စီးကြောင်းသည် ဓားကြီးတစ်ချောင်းကဲ့သို့ ယုန်ခေါင်းနှင့်လူ၏လက်ဖဝါးမှ ထွက်လာကာ ထိုလူ၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ပိုင်ယို့ဝေသည် ထိုလူ၏ ခန္ဓာကိုယ်မီးလောင်ပြီး အရိုးအဆစ်များကျိုးပဲ့သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

လေထုသည် ရုတ်တရက် တောင့်ခဲသွားသကဲ့သို့ဖြစ်သွားသည်။

ဘယ်သူမှ စကားမပြောကြတော့ပါ။

ဤသည်မှာ အပိုင်းပိုင်းပြတ်တောက်သွားခြင်း၏ အဆုံးသတ်ပင်ဖြစ်သည်...

ယုန်ခေါင်းနှင့်လူက လက်ကိုပြန်ရုပ်သိမ်းလိုက်ပြီး နူးညံ့‌နေသော်လည်း အေးစက်သောအသံဖြင့် “အချိန်မတိုင်ခင်ထွက်ပြေးတာက စည်းမျဉ်းချိုးဖောက်တာပဲ။ သေနတ်ရဲ့ညွှန်ကြားချက်ကို သေချာနားထောင်ပါ”

ပိုင်ယို့ဝေ၏ ခြေလက်များသည် အေးစက်သွားပြီး ရှန်မို ၏ကျောပေါ်တွင် တိတ်ဆိတ်စွာလှဲနေကာ နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက်ပင် ပျောက်ဆုံးသွားခဲ့သည်။

သူမက တိုးတိုးလေးပြောလိုက်သည်။ “ရှန်မို သူတို့ပြေးသွားပြီးမှ ပြေးနော်။ ယုန်တွေကိုက်မှာကို စိတ်မပူနဲ့။”

ယုန်ကိုက်ခံရလျှင် အသားစပဲ ဆုံးရှုံးမှာဖြစ်သည်။ သို့သော် အချိန်မတိုင်မီပြေးလျှင် သေရမည်ဖြစ်သည်။

“စိတ်မပူပါနဲ့” ရှန်မိုက အနည်းငယ်ရှေ့သို့ကိုင်းပြီး အဆင်သင့်အနေအထားဖြင့် ပြောလိုက်သည်။ “ငါတို့နှစ်ယောက်လုံး မသေပါဘူး”

“အဆင်သင့်ပြင်ကြပါ”

ယုန်ခေါင်းနှင့်လူက တာထွက်သေနတ်ကို ထပ်မံမြှောက်ထားလိုက်သည်။

ဖောင်း!

သေနတ်သံကြားတာနှင့် လူတိုင်းသည် တာထွက်မျဥ်းမှ တစ်ပြိုင်နက်ထွက်ပြေးကြသည်။

ဘေးနားက လူတစ်ယောက်သည် ခြေတစ်လှမ်းနောက်ကျကာပြေးမိတာကြောင့် ယုန်ကြီးများက သူ့ကိုတိုက်ခိုက်လိုက်ကာ ကြောက်ခမန်းလိလိ အော်ဟစ်နေရသည်။ အသားစများပြတ်ထွက်သွားစဉ် သွေးများသည် ပိုင်ယို့ဝေ၏ခြေထောက်ပေါ်သို့ ကျလာသည်။ အကယ်၍သူမ၏ခြေထောက်များတွင် အာရုံခံနိုင်စွမ်းရှိပါက ထိုနွေးပြီးစေးကပ်နေသောခံစားမှုကို သိရှိနိုင်မည်မှာ သေချာသည်။

“‌ယောက်ျား” ဆံပင်ရှည်နှင့်အမျိုးသမီးက ငိုကြွေး‌နေပြီး ခြေလှမ်းများကနှေးသွားကာ ဆက်ပြေးရမလား လူကိုကယ်ဖို့ပြန်လှည့်ရမလား မသိတော့ပေ။

တစ်ယောက်က အော်ပြောသည်။

“သူ့ကိုထားခဲ့။ ပြေးတော့”

သို့သော် အချိန်မမီတော့ပါ။ ယုန်များသည် လူသားအသားကို ရှူမိသော ဇွန်ဘီများကဲ့သို့ဖြစ်နေပြီး လူတစ်‌ယောက်နှေးသွားသည်ကိုတွေ့တာနှင့် ချက်ချင်းပင် ခုန်အုပ် ကိုက်ဖြတ်ကြတော့သည်။

အမျိုးသမီးက အော်ဟစ်ငိုယိုနေသော်လည်း ဘယ်သူမှ နောက်ပြန်လှည့်မကြည့်ကြပါ။

လူတိုင်းသည် အပြင်းအထန်ပင် ရှေ့သို့ပြေးနေကြသည်။

ပြေးကြ ပြေးကြ

မြန်မြန်ပြေး

ရှန်မိုသည် ပိုင်ယို့ဝေကိုကျောပိုးပြီး အဖွဲ့၏အလယ်တွင်ပြေးနေသည်။ ရှေ့တွင် အလွန်ပိန်သောလူတစ်ယောက်ရှိပြီး သူကအလွန်မြန်တာကြောင့် အခြားသူများက နောက်မှာကျန်ခဲ့သည်။

မီတာ (၂၀၀) အကွာအဝေးသည် မနီးလွန်းမဝေးလွန်းဖြစ်တာကြောင့် သူတို့သည် ပန်းဝင်လိုင်းနှင့် မြန်မြန်နီးကပ်လာကြသည်။

ဤအချိန်တွင် ဖောက်မြင်နိုင်သော ပန်းဝင်မျဥ်းအမှတ်အသားသည် ရုတ်တရက်ပြောင်းလဲသွားသည်။

“ပန်းဝင်” ဟူသောစာလုံးပျောက်ကွယ်သွားပြီး ထိုနေရာတွင် စာကြောင်းတစ်ကြောင်းပေါ်လာသည်။

………………

အခန်း (၆) – 100% နိုင်နိုင်သောနည်းလမ်း

ယုန်ဖြူကလေး၊ ဖြူဖြူဖွေး - ဘာကိုဆိုလိုတာလဲ

ဦးနှောက်က စဉ်းစားနေစဉ် ခြေထောက်များက ပြေးနေဆဲဖြစ်သည်။

ပထမလူက ဆက်တိုက်ပြေးပြီး စဉ်းစားဖို့အချိန်မရှိဘဲ ဘယ်ဘက်ပန်းဝင်မျဥ်းကို ဖြတ်သန်းသွားသည်။

ဒုတိယလူက အမှတ်အသားရှိရာအောက်သို့ရောက်သွားပြီး ပထမလူကိုကြည့်ကာ နောက်မှလိုက်လာသောယုန်ကိုလည်းကြည့်မိသည်။ အချိန်မဖြုန်းရဲဘဲ သူလည်း ဘယ်ဘက်သို့လိုက်သွားသည်။

တတိယလူက ရပ်လိုက်ပြီး စဉ်းစားနေစဉ် ညာဘက်ပန်းဝင်မျဥ်းသို့ ပြေးသွားသည်။

တစ်ယောက်ပြီးတစ်ယောက် ပန်းဝင်မျဥ်းသို့ရောက်ရှိလာကြသည်။

အချိန်ကုန်လာသည်နှင့်အမျှ အချိန်သည်ပိုနည်းလာပြီး စဉ်းစားဖို့အချိန်မရှိတော့သဖြင့် အချို့ကဘယ်ဘက်၊ အချို့ကညာဘက်သို့ သွားကြသည်။

“ညာဘက်” ပိုင်ယို့ဝေသည် ရှန်မို၏ကျောပေါ်မှနေရင်းပြောလိုက်သည်- “ယုန်ဖြူကလေး ဖြူဖြူဖွေး၊ နားရွက်နှစ်ခုထောင်နေတယ်။ အဖြေက ပြေးလမ်း (၂)၊ ညာဘက်ပဲ”

ရှန်မိုသည် အရှိန်မြှင့်ပြီး ညာဘက်ပန်းဝင်မျဥ်းကို ဖြတ်သန်းသွားလိုက်သည်။

နောက်ဆုံးလူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ဘယ်ဘက်ရှိလူများက သူတို့မှားနေမှန်းသိလိုက်ပြီး နောင်တရကာ ပြန်လှည့်ချင်သော်လည်း ပြေးလမ်း ၂ခုကြားတွင် မမြင်ရသောအတားအဆီးရှိနေပြီး ဖြတ်သန်းမရနိုင်တော့ပေ။

ထိုအချိန်တွင် လိုက်ဖမ်းနေသောယုန်များသည် ပြေးလမ်း ၁ ထဲသို့ ဝင်ရောက်လာသည်။ လှိုင်းလုံးဖြူကြီးများက ငန်တူး နံစော်သောလေအေးများနှင့်အတူ ဝင်ရောက်လာသကဲ့သို့ဖြစ်သည်။

အော်ဟစ်သံများ၊ ကျိန်ဆဲသံများ၊ အသေအကြေတိုက်ခိုက်ကြသံများ.....

ထို့နောက် မျှော်လင့်ချက်ကင်းမဲ့သော ပြေးလွှားသံများ

ပြေးလမ်းသည် စက်ဝိုင်းပုံဖြစ်ပြီး နှစ်ဖက်စလုံးတွင် အတားအဆီးများရှိသည်။ လူများသည် ထိုရူးသွပ်နေသောယုန်များကို ရှောင်ရှားရမည်။ အကယ်၍ပန်းဝင်မျဥ်းကို လွတ်သွားပါက ပြေးလမ်းတစ်လျှောက် ရှေ့သို့ဆက်ပြေးရမည်ဖြစ်သည်။

မျက်မှန်တပ်ထားသောမိန်းကလေးက မြေပေါ်တွင်ထိုင်ချပြီး ငိုနေသည်။ ရက်ရက်စက်စက်သေဆုံးမှုများနှင့်ဒဏ်ရာများကို ဆက်မကြည့်နိုင်တော့ဘဲ သူတို့ကို ကျယ်လောင်စွာအော်ပြောလိုက်သည်။ “မြန်မြန်ပြေးကြ...”

သို့သော် နှေးလွန်းသည်။ အလွန်နှေးနေလေပြီ...

မီတာ ၂၀၀ပြေးခြင်းသည် သူတို့ခန္ဓာကိုယ်၏ အကန့်အသတ်ကိုရောက်နေပြီဖြစ်ပြီး ထိုထက်ပိုပြေးပါက အရှိန်လျော့ကျလာမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့သော် ယုန်များကတော့ အရှိန်မလျော့ဘဲ မကြာမီပင်လိုက်မီလာပြီး ခုန်အုပ်ကိုက်ဖြတ်ကာ သွေးအလိမ်းလိမ်းနှင့်အသားစကြီးများ ဖြစ်ကုန်ကြသည်။

နာကျင်မှု‌ကြောင့်အော်ဟစ်သံများသည် အားကစားကွင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး သွေးများသည် ဆေးခြယ်ထားသကဲ့သို့ ပြန့်ကျဲနေသည်။

ထိုလူများသည် မြေပြင်ပေါ်တွင်လူးလှိမ့်ကာ အရေပြားများမရှိတော့ဘဲ သွေးများစိုရွှဲနေသည့်လူများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် သူတို့၏သွေးရောင်အသားများမှ အဖြူရောင်အမွှေးများသည် ဆူးချုံများကဲ့သို့ ထွက်လာကြသည်။

အဖြူရောင်မွှေးများသည် ပိုမိုထူထပ်လာပြီး နောက်ဆုံးတွင် သွေးနီရောင်မျက်လုံးများနှင့် ဧရာမယုန်ကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

နေရောင်ခြည်တောက်ပနေသော ဤအားကစားကွင်းပေါ်တွင် လူတိုင်းသည် ရေခဲဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားနေရပြီး တစ်ကိုယ်လုံး အေးစက်နေသည်။

သူတို့သည် သူတို့၏အပေါင်းအဖော်များ ယုန်များအဖြစ်ပြောင်းလဲသွားပုံကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

ခပ်လှမ်းလှမ်းနေရာတွင် ယုန်ခေါင်းနှင့်လူက သူတို့ဘက်ကိုလက်ယက်ခေါ်နေပြီး သူ၏အသံသည် သူတို့နားထဲတွင် ရှင်းလင်းစွာကြားနေရသည်။

“ကျေးဇူးပြု၍ စမှတ်နေရာသို့ပြန်သွားပြီး ဒုတိယအဆင့်ကို စတင်ပါ”

ဒုတိယအဆင့်...

လူတိုင်း၏မျက်နှာများသည် ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

ငြင်းဆန်ရဲခြင်းမရှိ၊ ခုခံရဲခြင်းမရှိ၊ စိတ်ရှုပ်ထွေးမှုမှပြန်လည်အားယူဖို့အချိန်မရှိဘဲ လူတိုင်းသည် ယုန်ခေါင်းနှင့်လူ၏လက်ထဲမှ ရုပ်သေးရုပ်များကဲ့သို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နောက်သို့ပြန်လျှောက်သွားကြသည်။

ဟုတ်ပါသည်။

ဤအချိန်တွင် သူတို့သည် ယုန်ခေါင်းနှင့်လူ၏လက်ထဲမှ ရုပ်သေးရုပ်များကဲ့သို့ဖြစ်နေပြီး လွတ်လပ်မှုနှင့် စိတ်ဆန္ဒများလည်း ဆုံးရှုံးနေကြသည်။

ပိုင်ယို့ဝေသည် ရှန်မို၏ကျောပေါ်တွင် လှဲနေရင်း စိတ်ထဲတွင် လေးလံနေသည်ဟု ခံစားရသည်။

သူတို့သည်အစတွင် ၁၇ယောက်ရှိခဲ့ပြီး အခုတစ်ဆင့်ပြီးတာနှင့် ၉ယောက်သာ ကျန်တော့သည်...

သူမနဲ့ ရှန်မိုတို့ဟာ ပြိုင်ပွဲသုံးပွဲလုံးတွင် ရှင်သန်နိုင်ပါ့မလား...

“ဖြေးဖြေးလျှောက်...” ပိုင်ယို့ဝေက ရှန်မိုကို ခပ်တိုးတိုးပြောသည်။ “ဖြေးဖြေးလျှောက် အလျင်မလိုဘူး...”

“ငါ့မှာ အားကျန်ပါသေးတယ်” ရှန်မိုကလည်း ခပ်တိုးတိုးပြောသည်။ “မေးခွန်းတွေက နည်းနည်း‌တော့ ဒုက္ခ‌ရောက်တယ်...”

ခက်ခဲတာလည်းခက်ခဲတာဆို‌ပေမယ့်... အရေးအကြီးဆုံးက အဖြေရှာဖို့ အချိန်လိုတာပါ။

အရင်လူများက စိုးရိမ်လွန်ကာ အမြန်ပြေးကြသည်။ မေးခွန်းကို သေသေချာချာ စဉ်းစားဖို့တောင် အချိန်မရှိခဲ့ပေ။ ဒီလိုအခြေအနေမျိုးတွင် ဘယ်လိုလုပ်မှန်ကန်သည့်ရွေးချယ်မှုကို တိတိကျကျ လုပ်နိုင်မည်လဲ...

မေးခွန်းကိုမြင်သည့်အချိန်မှ ပန်းဝင်မျဉ်းကိုဖြတ်သည့်အချိန်ထိ... နှစ်စက္ကန့်၊ သုံးစက္ကန့်လောက်သာအချိန်ရသည်။ ပိုကြာလျှင် နောက်က ယုန်ကလိုက်မီသွားမည်ဖြစ်သည်။ ဒီတော့ နောက်ဆုံးအချိန်တွင် စမ်းသပ်ချက်သည် အသိပညာမဟုတ်တော့ပေ... ချက်ချင်းတုံ့ပြန်နိုင်စွမ်းဖြစ်သည်။

ပိုင်ယို့ဝေကပြောသည်။ “ပြေးကွင်းတစ်ပတ်က ၄၀၀ မီတာ...ပန်းဝင်မျဉ်းမှားရွေးမိရင် နောက်ပြန်မပြေးရဘူး။နောက်ထပ် ၄၀၀ မီတာ ထပ်ပြေးမှ မှန်တဲ့ပန်းဝင်မျဉ်းကိုရောက်မယ်။ စုစုပေါင်း ၆၀၀ မီတာ အမြန်ဆုံးပြေးရမယ်။ ပရော်ဖက်ရှင်နယ် အားကစားသမားမဟုတ်ရင် မဖြစ်နိုင်ဘူး...”

ဒါ့အပြင် ရှန်မို က သူမကို ကျောပိုးထားတာဖြစ်သည်။၂၀၀ မီတာပန်းဝင်မျဉ်းကို လွဲခဲ့လျှင် သူတို့နှစ်ယောက် ယုန်အဖြစ် ပြောင်းသွားမှာ သေချာပါသည်။

ရှန်မို: “နောက်အပိုင်းက ဘယ်လိုမေးခွန်းမျိုးထုတ်မယ်ဆိုတာ မသိဘူး”

ပိုင်ယို့ဝေကဖြေးဖြေးချင်းခေါင်းညိတ်ကာ “တကယ်တော့ မေးခွန်းက ဘာပဲဖြစ်ဖြစ် အရေးကြီးတာက အစီအစဉ်ပဲ။ ဒီပြိုင်ပွဲကို ၁၀၀% နိုင်မယ့်နည်းလမ်း ရှိတယ်”

ရှန်မိုက ခဏရပ်တန့်သွားပြီး “၁၀၀% နိုင်မယ့်နည်းလမ်းလား”

“အင်း...” ပိုင်ယို့ဝေသည် အခြားသူများ၏ မျက်နှာအမူအရာကို သတိထားကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။ “ပြီးတော့ ဖြစ်နိုင်တာက.…..တစ်ယောက်ယောက်က ဒီနည်းလမ်းကို ကြိုတွေးထားပြီးသားဖြစ်မယ်”

All Chapters