← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀) - လျှပ်စီး‌ကြောင်းကြီး

ပိုင်ယို့ဝေ၏ နှလုံးသားသည် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ဤအရေးကြီးသော အချိန်တွင် ရှန်မို သေဆုံးသွားပါက သူမလည်း အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

မျက်မှန်တပ်ထားသော မိန်းကလေးမှာ ကွင်း၏ဘေးစွန်းတွင်ပြေးနေရင်း မောဟိုက်စွာပင် ပြေးလမ်း၏အဆုံးသို့ ရောက်ရှိသွားသည်။

သက်လတ်ပိုင်းအရွယ်လူလည်း ဒဏ်ရာများဖြင့် ပြည့်နှက်လျက် ယိုင်တိယိုင်တိုင်ဖြင့် ရောက်လာပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

သို့သော် ရှန်မိုနှင့် ဆံပင်အ၀ါနှင့်လူတို့မှာ ထိုအဖြူရောင်ယုန်များအတွင်း၌သာ ပိတ်မိနေဆဲဖြစ်သည်။

ယုန်များမှာ ပြေးလမ်းအဆုံး၏ အပြင်ဘက်တွင် ဝိုင်းရံထားပြီး လူနှစ်ဦးကို အထပ်လိုက် အထပ်လိုက် ဝိုင်းကာ ကိုက်ဖြတ် ဆွဲယူလျက် ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။

ပိုင်ယို့ဝေမှာ မျက်လုံးကို ပြူးကျယ်ကာကြည့်ရင်း ယုန်အုပ်ထဲ၌ ဘာတွေဖြစ်နေသည်ကို ကြည့်နေသည်။ သူမ၏ မျက်ဆံများ ကျဉ်းသွားကာ နောက်မိနစ်ပိုင်းအတွင်း ယုန်အမွှေးများဖြင့် ဖုံးလွှမ်းနေသော သတ္တဝါတစ်ကောင်ကို မြင်ရမည်ကို ကြောက်ရွံ့နေမိသည်။

ထိုအချိန်တွင် အနီရောင်ခန္ဓာကိုယ်တစ်ခုသည် လွင့်စင်လာသည်။

ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ဆံပင်အ၀ါနှင့်လူပင် ဖြစ်သည်။

သူ၏ လည်ချောင်းကို ကိုက်ဖြတ်ခံရပြီး သွေးများကမြေကြီးတစ်ခုလုံးသို့ စီးကျနေသည်။

ချက်ချင်းဆိုသလို ရှန်မိုလည်း ထိုအုပ်စုထဲမှ ထွက်ပေါ်လာပြီး ပြေးလမ်း၏ အဆုံး ပန်းဝင်မျဥ်းပေါ်သို့ ကျွမ်းကျင်စွာ ခုန်ကျော်ဝင်ရောက်လာခဲ့သည်။

သူ ပန်းဝင်မျဥ်းကို ဖြတ်လိုက်သည်နှင့် ပြင်ပရှိ ယုန်များမှာ ချက်ချင်း ငြိမ်သက်သွားကြသည်။ သွေးဆာသော ဖုတ်ကောင်များလို ရုတ်တရက် ပစ်မှတ်ပျောက်သွားသည့်အတွက် ထုံထိုင်းစွာ ရပ်နေကြသည်။

ယုန်များသည် ပြန်ဆုတ်သွားကြသည်။

သူတို့သည်သုံးလေးယောက်စုကာ ပြေးလမ်းအပြင်ဘက်ရှိ မြက်ခင်းများဆီသို့ ထွက်ခွာသွားကြသည်။

သက်လတ်ပိုင်းအရွယ်လူမှာ ဒူးထောက်လျက် လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း အားအင်ကုန်ခမ်းကာ နှုတ်ခမ်းများက တုန်နေသည်။ “အသက်ရှင်ပြီ... အသက်ရှင်ပြီ...”

အသက်ရှင်ပြီ...

နောက်ဆုံးမှာတော့...

အသက်ရှင်ခဲ့သည်။

လူ လေးဦးသာ ကျန်ရစ်ခဲ့သည်။

ရှန်မိုမှာ ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူသည် ဆံပင်အ၀ါနှင့်လူထံသို့ သွားရောက်စစ်ဆေးပြီး ထိူလူ၏ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ရပ်တန့်သွားကြောင်း တွေ့ရှိခဲ့သည်။ ခန္ဓာကိုယ်၏ အချို့နေရာများတွင် အဖြူရောင် ယုန်အမွှေးများ ထွက်နေသော်လည်း ယုန်အဖြစ်သို့ မပြောင်းလဲဘဲ လူသားပုံစံသာ ဆက်လက်ရှိနေသေးသည်။

ရှန်မိုမှာ သူ၏ အသက်ရှူလမ်းကြောင်းကို ထပ်မံစမ်းသပ်ကြည့်သည်။

အသက်ရှူနေခြင်း မရှိတော့ပေ။

သေဆုံးသွားသောကြောင့် ပြောင်းလဲမှု ရပ်တန့်သွားခြင်းလား၊ သို့မဟုတ် မှန်ကန်သော ပန်းတိုင်သို့ ရောက်ရှိသွားသောကြောင့်လား။

ရှန်မိုမှာ မျက်ခုံးတွန့်ကာ တွေးတောနေမိသည်။

ပိုင်ယို့ဝေကတော့ ရှန်မိုကို စိတ်မနှံ့သူဟု ထင်နေသည်။ သေဘေးမှ လွတ်မြောက်ပြီးပြီးကို အခြားသူများအကြောင်း ဘာကြောင့် ဂရုစိုက်နေရသေးသလဲ။ သူမမှာ သံသယဝင်မိပြီး မေးလိုက်သည်။ “ရှင် ဘာလုပ်မလို့လဲ”

ရှန်မိုသည် သူမကို ကြည့်လိုက်ပြီး စကားစပြောမည့်အချိန်တွင် ဘေးဘက်မှ အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။

ပိုင်ယို့ဝေနှင့် ရှန်မိုတို့မှာ တစ်ချိန်တည်း လှည့်ကြည့်လိုက်ကြသည်။

အခုတင် ဒူးထောက်ကာ မောဟိုက်နေခဲ့သော မျက်မှန်တပ်ထားသည့်မိန်းကလေးမှာ မည်သည့်အချိန်က သက်လတ်ပိုင်းလူ၏ နောက်သို့ ရောက်ရှိသွားပြီး သူ့ကို ပန်းဝင်မျဉ်း၏ အပြင်ဘက်သို့ တွန်းချလိုက်သည်ကို မသိပေ။

အော်ဟစ်သံမှာ ထိုလူထံမှ ဖြစ်သည်။

နေရာအနှံ့ပြန့်ကျဲသွားသော ထိုယုန်များသည် ထပ်မံ၍ ကမူးရူးထိုးဖြစ်လာကာ တဟုန်ထိုးပြေးလာကြပြန်သည်။

ပန်းဝင်မျဥ်း၏ အပြင်ဘက်သို့ ရောက်သွားသော လူလတ်ပိုင်းမှာ ကြောက်လန့်တကြားနှင့် ပန်းဝင်မျဥ်းသို့ ပြန်လည်တွားသွားလာရန် ကြိုးစားသော်လည်း ခြေလက်များသည် အားအင်ကုန်ခမ်းနေပြီဖြစ်ကာ ယုန်များ၏ ကိုက်ဖြတ်မှု ဝါးမျိုမှုကိုခံရပြီး ပျောက်ကွယ်သွားခဲ့သည်။

ပြေးလမ်းပေါ်တွင် ရူးသွပ်သောယုန်အသစ်တစ်ကောင် ပေါ်လာခဲ့သည်။

ပိုင်ယို့ဝေမှာ စကားမပြောနိုင်တော့ပေ။

ထိုသို့သော အခြေအနေမျိုးကို သူမမျှော်လင့်ထားခဲ့ခြင်း မရှိပေ။

မျက်မှန်တပ်ထားသောမိန်းကလေးမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ မျက်နှာကို အုပ်ပြီး ငိုနေလေသည်။ “သူ သေသင့်တယ်... သူ သေရမယ်... သူက လူတွေအများကြီးကို သတ်ခဲ့တယ်။ အားရှောင်‌ကိုရော... ပြီးတော့ လူတွေကို တမင်တကာ အဖြေအမှားတွေ ပြောတယ်... သူ သေသင့်တယ်...”

ယုန်များမှာ ပြေးထွက်သွားကြပြီဖြစ်သည်။

တစ်ကောင်မျှ မကျန်တော့ဘဲ သစ်တောထဲသို့ ပြန်လည်ဝင်ရောက်သွားကြပြီး တိတ်ဆိတ်မှုသာ ကျန်ရစ်ခဲ့သည်။

ယုန်ခေါင်းလူသားမှာ ဝေးရာမှ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် နူးညံ့သိမ်မွေ့သော အသံဖြင့် ပြောဆိုလိုက်သည်။ “ပြိုင်ပွဲဝင်တစ်ဦးကို တိုက်ခိုက်တာဟာ စည်းမျဉ်းချိုးဖောက်တာပါ”

ပိုင်ယို့ဝေသည် စိတ်ထဲတွင် မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် အပြာရောင် မီးတောက်များ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ထိုမီးတောက်မှာ ကြီးမားသော လျှပ်စီးကြီးတစ်ခုဖြစ်လာပြီး ယုန်ခေါင်းလူသား၏ လက်ဖဝါးမှ ထွက်ပေါ်လာကာ မျက်မှန်နှင့်မိန်းကလေးဆီသို့ ပစ်ခတ်လိုက်သည်။ ကြီးမားလှသော လျှပ်စီးနှင့် မမှန်းဆနိုင်သော အပူချိန်တို့ကြောင့် မိန်းကလေး၏ ခန္ဓာကိုယ်မှာ ချက်ချင်း မီးခိုးရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ဂျိန်း!

ထို့နောက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

လေထုမှာ အေးခဲသွားသည်။

ပိုင်ယို့ဝေ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးစက်သွားခဲ့သည်။

စက္ကန့်အနည်းငယ်ခန့်က ငိုကြွေးနေသော မိန်းကလေးမှာ အခုအခါ သူမရှေ့တွင် မီးကင်ခံနေရပြီဖြစ်သည်။

မြေပြင်ပေါ်ရှိ အပိုင်းအစများကို ကြည့်ရင်း အရိုးထိပါ အေးစက်သွားခဲ့သည်။ ဖြစ်ပျက်ခဲ့သော အရာမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလွန်းလှသည်...

………………

အခန်း (၁၁) ကျွန်ုပ်၏ ဆယ်ပုံတစ်ပုံ

“အဲဒီလူကလည်း အခြားသူတွေကို တိုက်ခိုက်ခဲ့တယ်။ ဘာလို့ အပြစ်မပေးခံရတာလဲ” ရှန်မိုက မေးလိုက်သည်။

ယုန်ခေါင်းလူသားက ရှက်ကြောက်မနေဘဲ ရှင်းပြလိုက်သည်။ “ဂိမ်းကြီကြပ်ရေးမှူးက ဂိမ်းလုပ်ငန်းစဉ်နဲ့ အဆုံးသတ်ရလဒ်ကို ချောမွေ့စွာ လုပ်‌ဆောင်နိုင်ရပါမယ်”

ထို့ကြောင့် ဂိမ်းပြီးဆုံးပြီးနောက် ဂိမ်းပြီးမြောက်ပြီးသော ကစားသမားများကို တိုက်ခိုက်ခွင့်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ဂိမ်းရလဒ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

အလားတူပင် ဂိမ်းမစမီတွင် ကစားသမားများကို တိုက်ခိုက်ခွင့်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ကစားသမားအရေအတွက် လျော့နည်းသွားပါက ဂိမ်းကိုဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။

ဂိမ်းကစားနေစဉ်အချိန်တွင်သာ လုပ်ချင်သမျှကို လုပ်ဆောင်နိုင်သည်။

“ဂိမ်းပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် သင်တို့နှစ်ဦးအား ဂုဏ်ပြုပါတယ်”

ယုန်ခေါင်းလူသားက သူတို့ရှေ့တွင် ယဉ်ကျေးစွာရပ်ကာ သူ၏ဦးထုပ်ကို မြှောက်ပြလိုက်သည်။

“လိပ်က ယုန်ကို နောက်ဆုံးမှာ အနိုင်ရခဲ့တာကြောင့် ဆုချီးမြှင့်ခံစားပိုင်ခွင့်ရှိပါတယ်။ သင်ဟာ လိပ်အနိုင်ရဆုတံဆိပ်ကိုဖြစ်စေ၊ ဆုအဖြစ် ကစားကွင်းမှ အခြားပစ္စည်းကိုဖြစ်စေ ရွေးချယ်နိုင်ပါတယ်။”

သူသည် မှော်ဆန်ဆန်နည်းလမ်းဖြင့် သူ၏ဦးထုပ်ထဲမှ အရာဝတ္ထုများစွာကို ထုတ်ယူလိုက်သည်။

သေးငယ်ပြီး ထူးဆန်းလှသော တာထွက်သေနတ်များ၊ စမှတ်မျဉ်းပေါ်ရှိ အရောင်စုံအလံများနှင့် ပန်းဝင်မျဉ်းအဖြစ် အသုံးပြုသော အနီရောင်ဖဲကြိုးများ ပါဝင်သည်။

ရှန်မိုက မေးလိုက်သည်။ “ဒီပစ္စည်းတွေက ဘာအတွက်အသုံးဝင်တာလဲ”

ယုန်ခေါင်းလူသားက ဤစကားကိုကြားပြီး အနည်းငယ်ပြုံးလိုက်သည်။

ယခင်က မျက်နှာအမူအရာမရှိသလောက်ဖြစ်နေခဲ့ကာ လူများက သူ့ကို မျက်နှာဖုံးတစ်ခုဟု အစပိုင်းတွင် မှားယွင်းစွာ ထင်မြင်မိခဲ့ကြသည်။ သို့သော် ယခုအခါတွင် သူသည် ပြုံးနေသည်။ သူ၏ နှုတ်ခမ်းသုံးဖက်ပါပါးစပ်သည် စိတ်ဝင်စားဖွယ်ကောင်းသော အရုပ်တစ်ခုကို တွေ့ရပြီး ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည့်အလား ထူးဆန်းစွာဖြင့် ကွေးတက်သွားခဲ့သည်။

“ ဆုလက်ဆောင်တစ်ခုရဲ့ အသုံးဝင်ပုံကို ရရှိပြီးတဲ့အထိ မသိနိုင်ပါဘူး”

ယုန်ခေါင်းလူသားက သူတို့နှစ်ဦးအား ပြုံးရယ်ကာ ဘာမျှထပ်မံမပြောပြတော့ဘဲ မေးလိုက်သည်။ “ဒါဆို သင်တို့ရဲ့ရွေးချယ်မှုက ဘာလဲ”

ရှန်မိုက တာထွက်သေနတ်ကို ရွေးချယ်လိုက်သည်။

ထိုအရာသည် သေနတ်အစစ်မဟုတ်သော်လည်း လူများကို လှည့်စားနိုင်သည်။ ပြိုင်ပွဲအတွင်းတွင် သေနတ်သံများကို အကြိမ်ကြိမ်ကြားပြီးနောက် သူ၏အာရုံခံစားမှုအရ ဤသေနတ်သည် သာမန်မဟုတ်ဟု သံသယဝင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မထိန်းချုပ်နိုင်ဘဲ ပြေးလိုစိတ်ဖြစ်ပေါ်လာခဲ့သည်။

အခြားပစ္စည်းများ၏ အသုံးဝင်ပုံကိုမူ ရှန်မိုအနေဖြင့် ယခုအချိန်တွင် မှန်းဆ၍မရနိုင်သေးပေ။

“ဒါဆို မင်းကရော” ယုန်ခေါင်းလူသားက ခေါင်းကိုစောင်းကာ ပိုင်ယို့ဝေ၏ မျက်နှာအမူအရာကို ကြည့်လိုက်သည်။ “မင်းက အရမ်းထူးခြားတယ်။ ခြေတစ်လှမ်းတောင် မပြေးခဲ့ဘဲနဲ့ ပြိုင်ပွဲကို အနိုင်ရခဲ့တယ်။ မင်းဘာဆုရွေးချယ်မလဲဆိုတာ သိချင်စရာပဲ”

ပိုင်ယို့ဝေက နှုတ်ခမ်းကိုကိုက်လိုက်ကာ ဖြည်းဖြည်းချင်း လက်ကိုမြှောက်ပြီး တစ်နေရာရာကို ညွှန်ပြလိုက်သည်။

ယုန်ခေါင်းလူသားက သူမကို သံသယဖြင့်ကြည့်ကာ သူ့ကိုယ်သူငုံ့ကြည့်ပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “မင်းရွေးချယ်ချင်တဲ့ဆုက ငါလား။ ဒါပေမယ့် ကြီးကြပ်ရေးမှူးကို ဆုအဖြစ်ရွေးချယ်တာက စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိဘူး...”

“ဘာစည်းမျဉ်းမှမရှိဘူး!” ပိုင်ယို့ဝေက ချက်ချင်းပဲ ကြားဖြတ်ပြောလိုက်သည်။ “မကိုက်ညီဘူး” ဆိုသည့်စကားလုံးကို ကြားလိုက်ရသည်နှင့် မျက်မှန်တပ်ထားသော မိန်းကလေး လျှပ်စစ်ဓာတ်လိုက်၍ မီးလောင်သေဆုံးသွားသည့် ကြေကွဲဖွယ်မြင်ကွင်းက သူမ၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ သူမ၏အာရုံကြောများက တင်းမာလာပြီး အော်ဟစ်လိုက်သည်။ “ဒီစည်းမျဉ်းကို ရှင်ကြေညာမထားဘူး။ ဒါကြောင့် ငါ့ကို စည်းမျဉ်းချိုးဖောက်တယ်လို့ အပြစ်တင်လို့မရဘူး။ အကြီးမားဆုံးသော ချိုးဖောက်မှုက စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း မပြောပြဘဲ အခြားသူတွေကို စည်းမျဉ်းချိုးဖောက်တယ်လို့ အပြစ်တင်တာပဲ”

ယုန်ခေါင်းလူသားက သူမကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။

ပိုင်ယို့ဝေက နှုတ်ခမ်းကိုတင်းတင်းကိုက်ထားကာ ခေါင်းမာစွာဖြင့် ရင်ဆိုင်လိုက်သည်။

သူမသိသည်။ ဒီအန္တရာယ်က အလွန်ကြီးမားသည်။ သို့သော် သူမသည် လက်မခံလိုပါ။ သူမသည် အရုပ်တစ်ခုကဲ့သို့ လှည့်စားခံရပြီး ထူးဆန်းသောပြိုင်ပွဲတစ်ခုတွင် ပါဝင်ခဲ့ရသည်။ လူများစွာသေဆုံးခဲ့ပြီး နောက်ဆုံးတွင် အရုပ်ငယ်လေးများပေးကာ ပစ်ပယ်ခံလိုက်ရသည်။ သူမ လက်မခံနိုင်ခဲ့ပါ။

ထို့ကြောင့် သူမသည် အလောင်းအစားပြုလုပ်လိုက်သည်။

သူမသည် ယုန်ခေါင်းလူသားကို စိုက်ကြည့်ကာ “ရှင်အခုနက ကစားကွင်းထဲက အခြားပစ္စည်းတွေကို ဆုအဖြစ်ရွေးချယ်နိုင်တယ်လို့ ပြောခဲ့တယ်” စကားလုံးတစ်လုံးချင်းစီကို အတိအကျပြောလိုက်သည်။ “ရှင်လည်း ကစားကွင်းထဲမှာပဲ!”

တိတ်ဆိတ်မှုသည် အချိန်အကြာကြီး ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

အကြာကြီး...

“ကောင်းပြီ” ယုန်ခေါင်းလူသားက လက်လျှော့လိုက်သည်။

ပိုင်ယို့ဝေသည် အံ့အားသင့်သွားခဲ့သည်။ ဤမျှလွယ်ကူမည်ကို မျှော်လင့်မထားခဲ့ပေ...

“စည်းမျဉ်းများအရ ကြီကြပ်ရေးမှူးများက ဆုအဖြစ်ချီးမြှင့်ခံစားပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ မင်းပြောတာက အဓိပ္ပါယ်ရှိပါတယ်။ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့တာသာ ငါ့အမှားပါ” ယုန်ခေါင်းလူသားက ယဉ်ကျေးစွာပြောလိုက်သည်။ “ငါက ဆုအဖြစ် ငါ့ရဲ့ဆယ်ပုံတစ်ပုံကို မင်းကိုပေးမယ်...”

သူ့ရဲ့ဆယ်ပုံတစ်ပုံ?

ဘာကိုဆိုလိုတာလဲ?

ပိုင်ယို့ဝေသည် မျက်ခုံးကျုံ့မိလိုက်ကာ ယုန်ခေါင်းလူသားက သူ၏ဦးထုပ်ထဲသို့ လက်ထည့်ပြီး ယုန်အရုပ်တစ်ကောင်ကို ထုတ်ယူလိုက်သည်ကို တွေ့မြင်လိုက်ရသည်။

“ဂိမ်းဆုလက်ဆောင်များ သတ်မှတ်ပြီးပါပြီ။ ဒါကြောင့်... နှုတ်ဆက်ပါတယ်” ယုန်ခေါင်းလူသားက သူမအား ပြုံးရယ်ကာ ပြောလိုက်သည်။ “မင်းကို ငါအမှတ်ရနေမယ်”

ပိုင်ယို့ဝေသည် ထိုစကားကိုကြားလိုက်ရသည်နှင့် မျက်လုံးများ ပြူးကျယ်သွားမိသည်။ သူမမေးခွန်းပြန်မေးဖို့ အချိန်မရမီတွင် မျက်စိရှေ့၌ တောက်ပသော အဖြူရောင်မြူများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

သူမသည် မျက်လုံးများကို မှိတ်လိုက်မိပြီး ပြန်ဖွင့်ကြည့်လိုက်သည့်အခါ ကားထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။

သူမ၏လက်ထဲတွင် အမွှေးပွနှင့်ယုန်အရုပ်တစ်ကောင် ရှိနေခဲ့သည်။

…………

အခန်း (၁၂) - ဆက်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းခြင်း

ပိုင်ယို့ဝေ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး သူမရှေ့ရှိ ရှန်မိုကို ချက်ချင်း ကြည့်လိုက်မိသည်။

သူ့လက်ထဲတွင် ကလေးကစားစရာ သေနတ်ငယ်လေးတစ်လက် ကိုင်ထားသည်။

သူတို့သည် ကားလမ်းမပေါ်တွင် ရှိနေဆဲဖြစ်သည်။ ကားသည်မည်သည့်အချိန်က ရပ်သွားသည်ကို မသိပေ။ လေတိုက်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

နှစ်ဦးသား မျက်လုံးချင်းဆုံမိကြပြီး စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိလိုက်ကြသည်။ အခု ဖြစ်ပျက်ခဲ့သော အရာမှာ အိပ်မက်မဟုတ်ပေ။

ရှန်မိုမှာ စကားမပြောဘဲ ကားပေါ်မှထွက်ကာ အခြားကားများ၏ အခြေအနေကို စစ်ဆေးနေသည်။

သူတို့နှစ်ဦးမှလွဲ၍ “ယုန်နှင့်လိပ်” ကစားပွဲတွင် ပါဝင်ခဲ့သူများအားလုံးမှာ အရုပ်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

စကားမပြောနိုင်တော့သလို အသက်လည်းမရှူနိုင်ဘဲ ဂျယ်လီကဲ့သို့ အသားများသည် လုံးဝန်းနေသော အဆစ်များဖြင့်ဆက်ထားသည်။ မျက်လုံးများမှာ မှိန်ဖျော့သော ဖန်လုံးများအဖြစ် ပြောင်းလဲသွားသည်။... ထိုလူများတွင် အသက်ရှင်နေသည့် လက္ခဏာများ လုံးဝပျောက်ဆုံးသွားသည်။

ပိုင်ယို့ဝေသည် ခပ်တိုးတိုးရေရွတ်မိသည်။ “ဒီလိုကိုး... ကစားပွဲရှုံးရင် အရုပ်ဖြစ်သွားမယ်၊ ကစားပွဲအောင်ရင် အရုပ်ကို ဆုအဖြစ်ရမယ်...”

ဒီလိုကိုး...

ဒါကြောင့် ဒီကမ္ဘာကြီးက ဒီလိုဖြစ်နေတာလား...

မြူခိုးများ ရှင်းလင်းသွားသကဲ့သို့ ဖြစ်သွားကာ ရှင်းလင်းသင့်သည်မှာ အဆုံးမရှိသော အမှောင်ထုသာ ဖြစ်နေသည်။ဘာမှန်းမသိသည့် အရာများအပေါ် ကြောက်ရွံ့မှုများမှာ ဒီရေလှိုင်းကဲ့သို့ ဝန်းရံလာပြီး တင်းမာမှု တုန်ယင်မှုများနှင့်အတူ စိတ်လှုပ်ရှားမှုများ ပြည့်နေသည်။

ပိုင်ယို့ဝေမှာ ယုန်အရုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အတွေးများလည်း ရှုပ်ထွေးနေသည်။

ရှန်မိုမှာ အေးဆေးတည်ငြိမ်စွာဖြင့် ကားထဲသို့ ပြန်ဝင်လာသည်။

“ဒီကနေ အရင်ထွက်ကြရအောင်”

“အင်း...”

…

ကားလမ်းမကြီးမှာ ဖြောင့်တန်းပြီး ပြေပြစ်နေကာ အဆုံးမရှိသလို ဖြစ်နေသည်။

လမ်းပေါ်တွင် ကားတစ်စီးတည်းသာ အရှိန်ပြင်းစွာ မောင်းနေသည်။

ပိုင်ယို့ဝေမှာ ကားထဲတွင် ထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်မှ ရွေ့လျားနေသော ရှုခင်းကို ငေးကြည့်ရင်း စိတ်မပါသလို ဖြစ်နေသည်။

ဒါက ရူးလောက်စရာပဲ...

ကစားပွဲများ၊ အရုပ်များ၊ ဆုလာဘ်များ... ဤအတွေးများအားလုံးမှာ သူမအတွက် မဖြစ်နိုင်ဘူးဟုထင်ရသော အရာများဖြစ်သည်။

အရုပ်များရှိသော နေရာတိုင်းတွင် ကစားပွဲတစ်ခု ရှိမည်ဆိုပါက မြို့တော်ကြီးသည် ကစားပွဲတစ်ခုလို ဖြစ်သွားမည်လား။ ကမ္ဘာကြီးဟာ ကစားပွဲပြုလုပ်ရာ မြေပုံတစ်ခုလို ဖြစ်သွားမည်လား။

ယန်ကျိုးကကော...

ယန်ကျိုးမှာ တကယ်ပဲ ဘေးကင်းရဲ့လား...

ထိုသို့တွေးမိသည်နှင့် ပိုင်ယို့ဝေသည် သူမ၏ အိတ်ကို ကိုင်ပြီး ဖုန်းထုတ်ယူလိုက်ရာ ဖုန်းလိုင်းအချက်ပြဘားမှာ ဗလာဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ဖုန်းခေါ်ဆို၍လည်းမရသလို အင်တာနက်လည်း ချိတ်ဆက်မရပါ။

“ရေဒီယိုဖွင့်ကြည့်ပါလား” ပိုင်ယို့ဝေ တစ်ခုခုကိုသဘောပေါက်သွားမိသည်။

ရှန်မိုလည်း တစ်ခုခုကို သတိထားမိသလို ကားရေဒီယိုကို ဖွင့်လိုက်သည်။

ရေဒီယိုထဲတွင် ရှ..ရှ....အသံများသာ ကြားနေရသည်။

ပိုင်ယို့ဝေသည် မျက်တောင်မခတ်ဘဲ ရေဒီယိုကို စိုက်ကြည့်နေသည်။

ရှန်မိုမှာ လမ်းကို ကြည့်ရင်း လက်တစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ပြီး နောက်လက်တစ်ဖက်ဖြင့် ရေဒီယိုခလုတ်ကို အကြိမ်ကြိမ်နှိပ်ကာ တစ်လိုင်းပြီးတစ်လိုင်းပြောင်းနေသည်။

ဆူညံသံများသာ ကားထဲတွင် ပဲ့တင်ထပ်နေသည်။

ဆယ်ကြိမ်ကျော်ခန့် လုပ်ပြီးနောက် ရပ်လိုက်ပြီး ရေဒီယိုကို ပိတ်ကာ ပြောလိုက်သည်။ “လိုင်းမမိဘူး”

ဆက်သွယ်ရေးစနစ်များ ရပ်ဆိုင်းသွားပြီဖြစ်သည်။ ဖုန်း၊ အင်တာနက်၊ ရေဒီယို... အားလုံး အလုပ်မလုပ်တော့ပေ။

ဒါက ဘယ်အချိန်က ဖြစ်သွားတာလဲ။

ကစားပွဲစတင်တဲ့အချိန်လား။

ဘယ်သူမှ မသိကြပေ။

ပိုင်ယို့ဝေ၏ မျက်နှာမှာ ပို၍ဖြူဖတ်ဖြူရော်ဖြစ်လာသည်။ ကမ္ဘာကြီး ဘယ်လိုဖြစ်သွားမည်ကို သူမဂရုမစိုက်ပေ။ သို့သော် သူမ၏ အသက်ရှင်သန်ရေးကိုတော့ ဂရုစိုက်သည်။ အကယ်၍ တကယ်ပင် ကမ္ဘာပျက်သွားပါက သူမဘယ်လိုရှင်သန်မည်နည်း။

သူမသည် လက်ထဲရှိ ယုန်အရုပ်ကို တင်းတင်းကျပ်ကျပ် ညှစ်ကိုင်ထားမိပြီး တွေးမိသည်။ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာ လှည့်ကွက်ဟာ ဇီဝလက်နက်များကြောင့် သွေးချောင်းစီးသော အဖြစ်အပျက်တွေထက် ပိုဆိုးနေပြီဖြစ်သည်။

ရှန်မိုမှာ နောက်ကြည့်မှန်မှတစ်ဆင့် သူမကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “မင်းလက်ထဲက ယုန်အရုပ်နဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ”

ကလေးဆန်ပြီး ရယ်စရာကောင်းသော ချစ်စရာအရုပ်လေးဟာ “သူ့ရဲ့ဆယ်ပုံတစ်ပုံ” ဖြစ်ပြီး ကစားပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့သည့် ဆုလာဘ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

ပိုင်ယို့ဝေသည် နှုတ်ခမ်းများကို လှုပ်ရှားမိပြီး အနည်းငယ်တွန့်ဆုတ်နေသည်။

သူမမှာ အကြံရှိသည်။ တကယ်တော့ ယုန်အရုပ်ကို ထိတွေ့လိုက်သည့် အချိန်တည်းက သက်ဆိုင်ရာ အချက်အလက်များ သူမ၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုခံစားချက်မှာ ထူးဆန်းပြီး သဘာဝကျသည်ဟု ထင်ရသည်။

သို့သော်... ရှန်မိုကို ယုံကြည်လို့ရပါ့မလား။

ပိုင်ယို့ဝေမှာ ခဏတာ တွေးတောပြီးနောက် ဖြေလိုက်သည်။ “ဒီယုန်က ၂ မီတာအကွာအဝေးအတွင်းမှာ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်နိုင်တယ်။ အများဆုံးပမာဏက ဆယ်ပုံတစ်ပုံပဲရှိတယ်”

ပြောရင်းနှင့် သူမမှာ နှုတ်ခမ်းထောင့်ကို အနည်းငယ်‌ကွေးလိုက်ပြီး ဆက်ပြောသည်။ “ဗို့အားတို့ လျှပ်စီးပမာဏတို့ကို အတိအကျဖော်ပြထားတာမရှိဘူး။ ဒီတော့ ဒီဆယ်ပုံတစ်ပုံဆိုတာ ဘယ်လောက်ထိရောက်မှုရှိမလဲ မသိဘူး။ ပြီးတော့ ဒါကို အရင်အားသွင်းဖို့လိုတယ်”

All Chapters