အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
အခန်း (၁၃) - မကြိုက်သောသူ
“အားသွင်းမှာလား” ရှန်မိုသည် တိတ်တိတ်လေး ရယ်မိသည်။
သူတို့ကို ကစားပွဲထဲသို့ ဆွဲခေါ်နိုင်ခဲ့သည့် အရာမှာ အလွန်အဆင့်မြင့်သော နည်းပညာစွမ်းအားမှ လာသည်မှာ ထင်ရှားပြီး အဆင့်မြင့်ဂြိုဟ်သားအဖွဲ့အစည်းတစ်ခုမှဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ သို့သော် ထိုနည်းပညာက ထုတ်လုပ်သည့် ဆုများမှာ အားသွင်းဖို့ လိုအပ်နေသေးသည်လား။
သိပ်ပြီး လက်တွေ့ကျလွန်းသည်။
“ငါ့ဟာက တစ်ခါသုံးပစ္စည်း” ရှန်မိုသည် ကားမောင်းရင်း အချက်အလက်ကိုဖလှယ်လိုက်သည်။ “တာထွက်သေနတ်။ သေနတ်ပစ်လိုက်ပြီးရင် ၁၀မီတာအကွာအဝေးအတွင်းက လူတွေက သေနတ်ကိုင်တဲ့သူကို ဗဟိုပြုပြီး အစွမ်းကုန်ပြေးကြမှာ။ ဒီဟာရဲ့အကျိုးသက်ရောက်မှုက အကွာအဝေး၊ ပတ်ဝန်းကျင်နဲ့ လူတစ်ဦးချင်းရဲ့စိတ်ဆန္ဒအပေါ်မူတည်တယ်။ သေနတ်ကိုင်တဲ့သူကတော့ ဒီသေနတ်သံရဲ့သက်ရောက်မှုမခံရဘူး”
သူသည် ကလေးကစားစရာသေနတ်ကိုကောက်ယူပြီး နောက်ခုံဘက်သို့ ပစ်လိုက်သည်။ “ဒီပစ္စည်းက ငါ့အတွက်အသုံးမဝင်ဘူး။ မင်းယူထား။ အရေးပေါ်အချိန်မှာ အသက်ကယ်နိုင်တယ်”
ပိုင်ယို့ဝေသည်သေနတ်ကိုဖမ်းယူရင်း တွေးမိသည်။ “ကစားသမားရဲ့အဆင့်ကနိမ့်လွန်းလို့ ဒီလိုဆုတွေမရတာလား။ ဒါကြောင့် အကျိုးသက်ရောက်မှုကအားနည်းသွားတာလား”
သူမခန့်မှန်းလိုက်သည်။ “ကစားပွဲကိုဘက်ညီအောင်ဖြစ်မယ်... မဟုတ်ရင် လုံးဝအသုံးမဝင်ဘူး”
ပုံမှန်အခြေအနေတွင် ဒီလိုပစ္စည်းမျိုးလိုအပ်မှာမဟုတ်ပေ။ သေနတ်ပစ်ပြီးတာနှင့် ပြိုင်ပွဲဝင်တွေကိုပြေးစေတာ၊ လျှပ်စီးနှင့်ထိမှန်အောင်လုပ်တာ... စသည့်ပစ္စည်းတွေက ကစားပွဲများအတွက်အထူးပြင်ဆင်ထားတာသိသာနေသည်။
“အခြားနေရာတွေမှာလည်း ဒီလိုကစားပွဲတွေရှိမယ်ထင်လား” ရှန်မိုကမေးသည်။
ပိုင်ယို့ဝေ- “သိသာနေတာပဲမလား”
ရှန်မိုသည် စတီယာရင်ကိုကိုင်လျက် တိတ်ဆိတ်နေသည်။
ပိုင်ယို့ဝေသည် သူ၏ကစားပွဲအတွင်းက ပုံမှန်မဟုတ်သောအပြုအမူကိုသတိရပြီး မျက်ခုံးကျုံ့ကာ မေးသည်။ “ရှင်တစ်ခုခုသိထားတာလား”
ရှန်မိုသည်မျက်ခုံးပင့်ပြီး နောက်ကြည့်မှန်မှတစ်ဆင့်သူမကိုကြည့်လိုက်သည်။
ပိုင်ယို့ဝေကဆက်ပြောသည်။ “ကစားပွဲထဲမှာ ဆံပင်အ၀ါနဲ့လူကိုကယ်ဖို့မလိုပါဘူး။ ဒါပေမယ့် ရှင်ကအသက်စွန့်ပြီးယုန်တွေဆီကကယ်ခဲ့တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေကိုကြည့်တယ်။ ရှင်သူ့ကိုဂရုစိုက်တာလား။... မဟုတ်ဘူး၊ ရှင်သူ့ကိုသိမှမသိတာ။ ရှင်က အမျိုးသားလုံခြုံရေးဗျူရိုရဲ့ အကြီးတန်းအရာရှိ။ ဒီလမ်းသရဲကို ရှင်သိမှာမဟုတ်ဘူး”
ရှန်မို၏အလုပ်အကိုင်ကိုသတိရမိပြီး ပိုင်ယို့ဝေရုတ်တရက်နားလည်သွားသည်။ “ရှင်စုံစမ်းဖို့လာတာလား”
သူမ၏မျက်နှာသည်ရုတ်တရက်မဲသွားပြီး အေးစက်စွာပြောလိုက်သည်။ “ရှင်ကျွန်မကိုလာခေါ်တာမဟုတ်ဘူး၊ စုံစမ်းရင်းဖြတ်လာတာပဲ”
ရှန်မိုသည်မိန်းကလေး၏မျက်နှာအမူအရာလျင်မြန်စွာပြောင်းလဲသွားပုံကို ရယ်စရာကောင်းသည်ဟုထင်မိသည်။
သူမအခုလိုအသက်ဘေးနှင့်ရင်ဆိုင်ရပြီးနောက်မှာတောင် ဒီလိုအသေးအဖွဲကိစ္စတွေအတွက်စိတ်ဆိုးနေဆဲဖြစ်သည်။ သူမသည်ကလေးဆန်တာလား ရူးတာလား ဒါမှမဟုတ်နှစ်ခုလုံးလားဆိုတာမပြောတတ်ပေ။
“မင်းကိုလာခေါ်တာပါ” သူကပြန်ဖြေသည်။ “ဒီဘက်တစ်ဝိုက်မှာတာဝန်ထမ်းဆောင်နေတုန်း မင်းအမေဆီကဖုန်းလာတော့ မင်းကိုလာခေါ်တာ”
ပိုင်ယို့ဝေ၏မျက်နှာသည်မပြေလျော့သေးဘဲ အသံတွင် အေးစက်မှုတို့ရှိနေသည်။ “ကျွန်မတို့ဘာဆက်စပ်မှုမှမရှိဘဲ ဘာလို့ကျွန်မကိုလာခေါ်တာလဲ။ တိုက်ဆိုင်တာမလို့ အကူအညီပေးတာပါတဲ့လား။ ကျွန်မကိုယ်ကျွန်မသိပါတယ်။ ရှင်ကျွန်မကိုချော့ဖို့စကားလှလှတွေမလိုပါဘူး။ ရှင်ကကျွန်မ ကလေးထိန်းလည်းမဟုတ်ဘူး”
သူမအလွန်ဉာဏ်ကောင်းလွန်းသည်။ ရှန်မိုသည် စကားပင်မပြောနိုင်တော့ပေ။
နှစ်ဦးစလုံးတိတ်ဆိတ်နေကြသည်။
ကားကိုတစ်ကိုက်အကွာအဝေးခန့်မောင်းပြီးနောက်တွင် ပိုင်ယို့ဝေက ပထမဆုံးတိတ်ဆိတ်မှုကိုဖြိုဖျက်လာသည်။
“ရှင်ဒီမှာတာဝန်ထမ်းဆောင်ဖို့လာတာ၊ အောင်မြင်ပြီးပြီလား”
ရှန်မိုသည်ရှေ့လမ်းကိုကြည့်ရင်း အေးဆေးစွာခေါင်းခါသည်။ “မအောင်မြင်ဘူး”
“ဘာတာဝန်လဲ” ပိုင်ယို့ဝေကမေးသည်။
ရှန်မို : “လူတစ်ယောက်ကိုရှာဖို့”
ပိုင်ယို့ဝေသည် စဉ်းစားပြီး စမ်းမေးကြည့်သည်။”သိပ္ပံပညာရှင်လား”
ရှန်မိုကရယ်သည်။ “သူ့လောက်နီးပါးပဲ၊ ပါမောက္ခတစ်ဦးပါ”
ပိုင်ယို့ဝေ: “ဒါဆို ရှင်...”
“မတွေ့ဘူး။ ဓာတ်ခွဲခန်းက ဘယ်သူမှမရှိဘူးဖြစ်နေတယ်။ လူလည်းမရှိဘူး။ အရုပ်လည်းမရှိဘူး” ရှန်မိုကဖြည့်စွက်ပြောသည်။ “အနီးအနားကိုလည်းရှာခဲ့တယ်။ အဖွဲ့ဝင်အားလုံးကအရုပ်တွေဖြစ်သွားတယ်။ ငါတစ်ယောက်တည်းဘာလို့ဒီလိုဘေးကင်းရတာလဲဆိုတာ ငါမသိဘူး။ နောက်ပိုင်းမှာ မင်းအမေဆီကဖုန်းလာတယ်”
ရှန်မိုသည် သူ၏နှုတ်ခမ်းပါးပါးကို ပင့်ကာမေးသည်။ “စိတ်ကျေနပ်ပြီလား”
ပိုင်ယို့ဝေသည် နှုတ်ခမ်းကိုကွေးပြီးအသံအေးအေးနှင့်ပြောသည်။ “အသက်အန္တရာယ်နီးနေတဲ့အချိန်မှာ တစ်ခြားသူရဲ့သမီးကိုလာတွေ့ဖို့အချိန်ရှိသေးတယ်လား”
“လမ်းကြုံတာပါ” ရှန်မိုကပြုံးသည်။
ပိုင်ယို့ဝေ : “အဟက်”
ထိုသို့ လှောင်ရယ်ပြီးနောက် သူမပျင်းရိသွားသည်။ ရှန်မိုကသူမကိုလာတွေ့တာသည် သူမ၏မိခင်နှင့်ကတိရှိလို့သာဖြစ်သည်။ သူမပိုမျှော်လင့်မထားသင့်သလို သူ့ကိုအပြစ်တင်ပိုင်ခွင့်လည်းမရှိပါ။
သူမက အပယ်ခံတစ်ဦးဖြစ်သည်။ အခြားသူများကသူမကိုနည်းနည်းလေးကောင်းပေးတယ်ဆိုလျှင် ကျေးဇူးတင်သင့်တာမဟုတ်ပါလား။
ထိုသို့တွေးမိသည်နှင့် သူမ၏မျက်နှာတွင် အေးဆေးတည်ငြိမ်မှုတို့ပြန်ရောက်လာပြီး ဒေါသကဲ့သို့သော ခံစားချက်များလုံးဝမရှိတော့ပေ။
…………..
အခန်း (၁၄) - ငါမင်းကိုမစွန့်ပစ်ဘူး
အဖြစ်အပျက်နေရာမှ ဝေးရာသို့ရောက်သွားပြီးနောက် ကားသည် တဖြည်းဖြည်း ရပ်တန့်သွားသည်။
ရှန်မိုသည် ကားကိုရပ်လိုက်သည်။
“ဘာလို့ရပ်လိုက်တာလဲ” ပိုင်ယို့ဝေကမေးသည်။
ရေသန့်ဘူးတစ်ဘူးကို သူမဘက်သို့ကမ်းလာသည်။
သူမခဏတာကြောင်သွားပြီး လက်ဆန့်ယူလိုက်သည်။
“ကစားပွဲထဲမှာ ပြေးရတာနဲ့ ရေဆာနေတယ်” ရှန်မိုသည်နောက်ထပ်ရေဘူးတစ်ဘူးဖွင့်ပြီး မော့ကာ ရေသောက်လိုက်သည်။ သူ၏မေးရိုးနှင့် လည်ပင်းကြွက်သားများသည် ဖြေးဖြေးချင်းလှုပ်ရှားနေပြီး ယောင်္ကျားဆန်သော ကောက်ကြောင်းများဖြစ်ပေါ်စေသည်။
ပိုင်ယို့ဝေသည်သူ့ကိုခဏကြည့်နေပြီး နောက်ဆုံးတော့ သူမလည်း မော့ကာ ချောင်းစပ်တွင် ရေသောက်နေသော သိုးကလေးတစ်ကောင်လို ဖြည်းဖြည်းချင်းသောက်လိုက်သည်။
စိတ်လျှော့လိုက်တာနှင့် ခန္ဓာကိုယ်၏ လိုအပ်ချက်များပါ လိုက်ပါလာတတ်သည်။ ရေဆာရုံသာမက ပင်ပန်းမှုနှင့် ကြွက်သားနာကျင်မှုများပါ စတင်ခံစားရသည်။
“ဒီကစားပွဲက တကယ်ရှိတဲ့အရာတွေကိုအတုယူထားတာမဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်နေတဲ့ ပင်ပန်းမှုတွေကတော့အစစ်အမှန်ပဲ” ရှန်မိုသည်ရေသန့်ဘူးအလွတ်ကို ကြွပ်ကြွပ်မြည်အောင် ညှစ်လိုက်သည်။ “ချက်ချင်း အလောတကြီးသွားဖို့ မလိုဘူး။ လိုင်းရတဲ့နေရာတစ်ခုရှာပြီး အခြေအနေမေးမြန်းကြည့်ရအောင်။ ယန်ကျိုးကိုဖုန်းဆက်လို့ရရင်တော့ အကောင်းဆုံးပဲ”
ခဏနားပြီးနောက် သူကဖြည့်စွက်ပြောသည်။ “နောက်ပြီး မင်းယုန်အရုပ်ကို အားသွင်းဦး”
လျှပ်စစ်ထုတ်နိုင် မထုတ်နိုင်ဆိုတာ အားသွင်းပြီးမှသာ သိရမည်ဖြစ်သည်။
ပိုင်ယို့ဝေခေါင်းညိတ်သည်။
အနားယူရန်နေရာရှာဖွေခြင်းမှာ မဖြစ်မနေလိုအပ်သည်။ သူတို့လက်ရှိအခြေအနေဖြင့် ယန်နှင့်လိပ် အပြေးပြိုင်ပွဲတစ်ခုထပ်ရှိပါက အောင်မြင်နိုင်မည်မဟုတ်ပေ။
ရှန်မိုသည်ကားကိုပြန်စက်နှိုးကာ ထွက်ဖို့ပြင်ဆင်နေသည်။
ထိုအချိန်တွင် ပိုင်ယို့ဝေကမေးသည်။ “ယန်ကျိုးမှာ တစ်ခုခုဖြစ်ရင် ရှင်ဘာလုပ်မလဲ”
ရှန်မိုသည်ခဏတာ ကြောင်သွားပြီး သော့လှည့်နေတာကိုရပ်လိုက်သည်။
ပိုင်ယို့ဝေသူသည်၏တင်းမာသောမျက်နှာကိုကြည့်ရင်း အေးဆေးစွာပြောသည်။ “ရှင်ကကျွန်မအမေကို ယန်ကျိုးကိုပြန်ပို့ပေးဖို့ပဲကတိပေးထားတာ။ ယန်ကျိုးရောက်ရင် ကျွန်မအသက်ရှင်မရှင် ဂရုစိုက်ဖို့တာဝန်မရှိဘူး။ ပြီးတော့ ရှင့်မှာတာဝန်တွေရှိနေတယ်။ အစီရင်ခံဖို့ပြန်ရမယ်။ ကျွန်မတို့ ယန်ကျိုးရောက်ရင် လမ်းခွဲကြမယ်မဟုတ်လား”
သူမကဆက်ပြောရင်း မျက်လုံးများကတဖြည်းဖြည်းမဲမှောင်လာသည်။ “ကမ္ဘာပျက်တဲ့အချိန်မှာ ဘယ်သူကအခြားလူရဲ့အသက်ကိုဂရုစိုက်မှာလဲ။ ရှင်ကျွန်မကိုလာခေါ်တာ တာဝန်ယူမှု၊ ကောင်းတဲ့လုပ်ရပ်တစ်ခုပဲ။ ဒါပေမယ့် ကျွန်မကိုပို့ပြီးရင် ဂရုမစိုက်တော့နဲ့။ တကယ်ပြောရရင် ရှန်မို၊ ရှင်ကျွန်မကိုအခုပဲဆင်းခိုင်းလိုက်ပါ။ ကျွန်မဘာသာရှင်သန်ခွင့်ပေးပါ။ ကျွန်မရှင့်ကိုအပြစ်မတင်ဘူး”
လေထုမှာ အေးစက်တင်းမာနေသည်။
သို့သော် ပိုင်ယို့ဝေဂရုမစိုက်ပေ။ သူမဟာ အစဉ်အမြဲ လူမုန်းများသူဖြစ်နေခဲ့တာဖြစ်သည်။
ရှန်မိုသည် သော့ကိုချပြီး လှည့်လာသည်။
ပိုင်ယို့ဝေမှာ ကြည်လင်နက်မှောင်နေသော မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေသည်။ မျက်လုံးများကိုရှောင်လွှဲသွားခြင်းမရှိဘဲ နှုတ်ခမ်းများတင်းကျပ်စွာစေ့ပြီး သူမ၏ခေါင်းမာမှုကိုပြနေသည်။
“ဒီကိုလာ” ရှန်မိုကသူ့လက်ညှိုးနှင့်အချက်ပြသည်။
သူမမျက်ခုံးကျုတ်ပြီး ရှေ့ကိုကိုင်းလာသည်။ “ဘာလဲ”
ရှန်မိုကလက်ဆန့်ကာ သူမ၏မေးရိုးကိုညှစ်လိုက်သည်။
ဝိုင်းစက်နေသော မျက်နှာလေးမှာ ရုတ်တရက်ပုံပျက်သွားပြီး နှုတ်ခမ်းများစူထွက်လာကာ ခေါင်းမာသောအမူအရာမှာ ကလေးဆန်သွားသည်။
“...” ပိုင်ယို့ဝေ၏မျက်ခုံးများက ပိုမိုကျုံ့လာပြီး စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။
“သေချာနားထောင်၊ ငါတစ်ခါပဲပြောမယ်” ရှန်မိုသည် သူမ၏မျက်နှာကိုညှစ်ရင်း စိတ်ရှည်သည်းခံမှုမရှိသော နူးညံ့သည့်အသံဖြင့်ပြောသည်။ “ငါမင်းကိုမစွန့်ပစ်ဘူး၊ နားလည်ပြီလား”
“...” သူမကမျက်နှာကိုလွှဲလိုက်သော်လည်း သူ၏လက်မှလွတ်အောင်မလုပ်နိုင်ပေ။
ရှန်မိုကထပ်ညှစ်နေသည်မှာ အရုပ်တစ်ကောင်လိုပင်ဖြစ်သည်။ “မေးနေတယ်၊ ကြားလား”
ပိုင်ယို့ဝေကနှုတ်ခမ်းကိုလှုပ်လိုက်သည်။ “လွှတ်တော့...”
ရှန်မိုသည်ကျေနပ်သွားပြီး လက်လွှတ်ကာ ကားသော့ကိုလှည့်လိုက်သည်။ အင်ဂျင်မှာ နူးညံ့စွာအသံမြည်လာသည်။
နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ရာ ပိုင်ယို့ဝေသည်မျက်နှာကိုဖုံးအုပ်ပြီး ဒေါသထွက်နေသည်ကိုတွေ့ရသည်။
ရှန်မိုကပြုံးပြီး ကားမောင်းထွက်လိုက်သည်။
ပိုင်ယို့ဝေ၏အကျင့်ကို သူနားလည်သွားပြီဖြစ်သည်။ သူမမှာ နူးညံ့သောစကားမျိုးကို လက်မခံဘဲ ခက်ထန်သောစကားမျိုးကိုသာ တုံ့ပြန်တတ်သူဖြစ်သည်။ ကောင်းစွာဆက်ဆံလျှင် သနားကြင်နာမှုဟုထင်ကာ အမျိုးမျိုးဒုက္ခပေးမည်ဖြစ်သည်။ အတင်းအကြပ်ဆက်ဆံလျှင် ပြဿနာမရှာဘဲ တိတ်ဆိတ်စွာနေမည်ဖြစ်သည်။
“ငါမင်းထက်အသက်ကြီးတယ် ငါ့အပေါ်ယုံကြည်မှုနည်းနည်းတော့ရှိသင့်တယ်” ရှန်မိုသည်စတီယာရင်ကိုကိုင်ရင်း ပြုံးပြုံးလေးပြောသည်။
နောက်ကြည့်မှန်ထဲက မိန်းကလေးမှာ ပိုမိုရွံရှာနေပုံရသည်။ သူမသည်မျက်နှာလွှဲထားပြီး သူ့ကိုလျစ်လျူရှုထားသည်။
သူ့ကိုမုန်းနေပုံရသည်။
……………
အခန်း (၁၅) - အပန်းဖြေစခန်း
နာရီဝက်အကြာတွင် ရှန်မိုနှင့် ပိုင်ယို့ဝေတို့ အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့သည်။
အပန်းဖြေစခန်းတွင် လူအုပ်စုတစ်စု စုဝေးနေကြသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စုစုပေါင်း နှစ်ဆယ်ခန့်ရှိပြီး စားသောက်ဆိုင်ထဲတွင် ခိုလှုံနေကြသည်။
မူလကရှိသည့်ဝန်ထမ်းများ ဘယ်ရောက်နေသည်ကိုတော့ မသိပေ။
ရှန်မိုကဝှီးချဲဖြင့် ဝင်လာသည့်အခါ လူအားလုံး၏ မျက်လုံးများမှာ တံခါးဘက်သို့ စိုက်ကြည့်နေကြသည်။ အမျိုးသားတစ်ဦးနှင့် မသန်စွမ်းမိန်းကလေးတစ်ဦး ဝင်လာသည်ကိုမြင်သောအခါ အားလုံး စိတ်ပျက်သကဲ့သို့ ဖြစ်သွားကြသည်။
ကမ္ဘာကြီး ပြောင်းလဲသွားသည့်အချိန်မှစ၍ လူတို့သည် ကယ်တင်ရှင်ကို စောင့်မျှော်နေကြသည်။ အစိုးရအဖွဲ့မှ စဖွဲ့စည်းထားသော ကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်စေ၊ ဘာသာရေးအဖွဲ့အစည်းမှ ခေါ်ယူထားသော ကယ်တင်ရှင်ဖြစ်စေ၊ မည်သည့်အရာမဆို လက်ခံနိုင်သည်။ မီးအိမ်တစ်လုံးမျှသာ ဖြစ်လျှင်ပင် လက်ရှိ မျှော်လင့်ချက်ကင်းမဲ့ပြီး ရှုပ်ထွေးနေသော အခြေအနေထက် ပိုကောင်းမည်။
ရှန်မိုသည် စားသောက်ဆိုင်ထဲရှိ လူများကို လှမ်းကြည့်ပြီး အနားယူဆောင်၏ အခြေအနေမှာ သိပ်မကောင်းဟု ခန့်မှန်းမိသည်။ သူသည် ပိုင်ယို့ဝေကို ဝှီးချဲဖြင့် အနီးရှိ ကုန်စုံဆိုင်သို့ ခေါ်သွားသည်။
ကုန်စုံဆိုင်ထဲရှိ စင်များမှာ ပစ္စည်းများ လျော့နည်းနေပြီဖြစ်သည်။ သူတို့သည် ပလပ်ပေါက်တစ်ခုကိုရှာဖွေပြီး ယုန်အရုပ်ကို အားသွင်းကြသည်။
အားသွင်းမှုစနစ်မှာ နည်းပညာအဆင့်နိမ့်သော်လည်း အားသွင်းနည်းမှာ အဆင့်မြင့်နည်းပညာကို အသုံးပြုထားသည်။ ယုန်အရုပ်ကို ပလက်ပေါက်နားတွင် ထားရုံဖြင့် အားသွင်းနိုင်သည်။ ပလပ်တပ်ရန်၊ ထိရန် မလိုအပ်ပေ။
သို့သော် မည်မျှကြာမည်ကိုတော့ မသိပေ။
ထိုပစ္စည်းမှာ အခြားလျှပ်စစ်ပစ္စည်းများကဲ့သို့ ရာခိုင်နှုန်းပြသခြင်းမရှိပေ။ အသုံးပြုသူ၏ ခံစားမှုပေါ်တွင်သာ မူတည်သည်။ ပိုင်ယို့ဝေမှာ အကြာကြီးခံစားကြည့်ခဲ့သော်လည်း ဘာမှနားမလည်နိုင်ခဲ့ပေ။
“ဘယ်လိုမျိုးလဲဆိုတာ ပြောပြ” ရှန်မိုကပြောသည်။
ပိုင်ယို့ဝေက သူ့ကိုမေးသည်။ “ရှင့်အိမ်မှာ ရေကူးကန်ရှိလား”
ရှန်မို- “ဘာ”
ပိုင်ယို့ဝေ- “ခပ်သေးသေးရေပိုက်လေးနဲ့ ရေကူးကန်ထဲကို ရေထည့်နေသလိုမျိုး ခံစားရတယ်။ ဘယ်တော့ပြည့်မလဲဆိုတာ ရှင်ခန့်မှန်းလို့ရလား”
ရှန်မို- “...”
ဒီဖော်ပြချက်က အရမ်းရှင်းပါသည်။
အားသွင်းရန် အချိန်အတော်ကြာမည်ဖြစ်သဖြင့် ပိုင်ယို့ဝေမှာ စောင့်ရန် စိတ်မရှည်တော့ဘဲ ယုန်အရုပ်ကိုကောက်ယူကာ အိမ်သာသွားမည်ဟု ပြောသည်။
သူမမှာ ဤကဲ့သို့ မိမိစိတ်မပါဘဲ လိုအပ်နေသော ဇီဝကမ္မလိုအပ်ချက်ကို မုန်းတီးနေသည်။
ခေါက်ထားသော ချိုင်းထောက်များကို တွန်းလှည်း၏ဘေးတွင် ချိတ်ဆွဲထားရသည်။ အိမ်သာသုံးစက္ကူနှင့် wet tissue များကို အခြားဘက်ရှိ အဝတ်အိတ်ထဲတွင်ထည့်ထားရသည်။ အိမ်သာမတွေ့ပါက ကိုယ်တိုင်ယူဆောင်လာသော ခုံသေးသေးလေးကို အသုံးပြုရမည်။
ရှန်မိုသည် ပိုင်ယို့ဝေကို ဝှီးချဲဖြင့် အိမ်သာဘက်သို့ ခေါ်သွားပြီး ရှားရှားပါးပါး သက်ပြင်းချလိုက်သည်။ “ဘဝမှာ ပထမဆုံးအကြိမ် အမျိုးသမီးအိမ်သာထဲဝင်ဖူးတာပဲ”
ပိုင်ယို့ဝေကအေးစက်စွာပြောသည်။ “အမျိုးသမီးအိမ်သာထဲဝင်တာပဲ၊ အမျိုးသမီးဘောင်းဘီချွတ်ခိုင်းတာမှမဟုတ်တာ”
ဤစကားပြောပြီးနောက် သူမ၏အတိတ်က အချိန်များကို သတိရမိသည်။ အိမ်သာတက်ခြင်းသာမက ရေချိုးခြင်း၊ ရေသောက်ခြင်း၊ နှိပ်နယ်ခြင်းများကိုပါ စောင့်ရှောက်ပေးသူများနှင့် အစေခံများကသာ ကူညီပေးခဲ့ကြသည်။ သို့သော် ယခုအခါ သူမမသိသေးသော အမျိုးသားတစ်ဦးအား အားကိုးနေရသည်။
သူမမှာ ရွံရှာစိတ်ဖြစ်ပေါ်လာသည်။ ရှန်မိုကိုမုန်းတီးပြီး သူမကိုယ်သူမ ပိုမိုမုန်းတီးမိသည်။
“ဒါပေမယ့် အမျိုးသမီးဘောင်းဘီချွတ်တာက ရှင့်အတွက်တော့ ပိုရင်းနှီးမှာပဲ” သူမ၏စိတ်အခြေအနေသည် ပိုဆိုးလာပြီး ပိုပြီးဒေါသထွက်လာသည်။
ရှန်မိုသည် သူ့ကိုအေးဆေးစွာကြည့်လိုက်သည်။
သူ့အတွက် အမျိုးသမီးဘောင်းဘီချွတ်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော် ဤအကြောင်းကို ငြင်းခုံနေမည်ဆိုလျှင် ကလေးဆန်မည်ဖြစ်သည်။
သူနားလည်သည်။
ပိုင်ယို့ဝေ၏စိတ်အခြေအနေမှာ မတည်ငြိမ်ဘဲ သူမ၏အားနည်းချက်ကို ထိမိသည်နှင့် ရန်လိုလာပြီး ဖြူကောင်တစ်ကောင်ကဲ့သို့ ချွန်ထက်လာတတ်သည်။
သူမအတွက် အရမ်းခက်ခဲသည်။ ချစ်စရာကောင်းသော ပုံသဏ္ဍာန်ဖြင့် ကြမ်းတမ်းသောအမူအရာများကိုပြသရန် ကြိုးစားနေရသည်။ ကြောင်ကလေးတစ်ကောင်၏ အမွှေးများထောင်နေသကဲ့သို့ဖြစ်နေသည်။
ရှန်မိုမှာ ရယ်စရာကောင်းသည်ဟု ထင်မိသည်။ သူသည် ဝှီးချဲကို အတန်ငယ်သန့်ရှင်းသော အိမ်သာခန်းသို့ တွန်းသွားပြီး ပိုင်ယို့ဝေကိုမေးသည်။ “ဘောင်းဘီချွတ်မယ်ဆိုရင် ထိုင်ပြီးချွတ်မလား၊ ရပ်ပြီးချွတ်မလား”
ပိုင်ယို့ဝေသည်မျက်ခုံးကိုကျုံ့ပြီး အောက်နှုတ်ခမ်းကိုကိုက်ကာ နောက်ဆုံးတွင် သူမ၏ဘေးအိတ်ထဲမှ အထုပ်သေးသေးတစ်ထုပ်ကို ရှန်မို၏လက်ထဲသို့ အတင်းထည့်လိုက်သည်။
“ဒါကိုတင်လိုက်” သူမသည် မာန်မာနကြီးသော ဘုရင်မတစ်ပါးကဲ့သို့ အမိန့်ပေးလိုက်သည်။
ရှန်မိုသည်အထုပ်ကိုဖွင့်ကြည့်ရာ အိမ်သာအဖုံးတစ်ခါသုံးပစ္စည်းတစ်ခုကိုတွေ့ရသည်။ သူမအပြင်ထွက်တိုင်း ဤပစ္စည်းကို အမြဲဆောင်ထားလေ့ရှိသည်။
သူကဒူးထောက်ကာ အိမ်သာအဖုံးကိုတပ်ဆင်ပေးပြီး နောက်လှည့်ကြည့်လိုက်ရာ ပိုင်ယို့ဝေမှာ ချိုင်းထောက်အကူဖြင့် သူ့ဘာသာထပြီးနေပြီဖြစ်သည်။
သူမမှာ အလွန်ပင်ပန်းနေပုံရပြီး နှာခေါင်းဖျားတွင် ချွေးစက်များပင်သီးနေသည်။
“တကယ်ပဲ ငါ့အကူအညီမလိုဘူးလား” ရှန်မိုကသူမကိုကြည့်ပြီးမေးသည်။
ပိုင်ယို့ဝေမှာ သူ့ကိုစူးစူးရှရှကြည့်ကာ ပြောလိုက်သည်။ “တံခါးကိုသွားစောင့်၊ ဘယ်သူ့ကိုမှ မဝင်ခိုင်းပါနဲ့”
ရှန်မိုကမေးလိုက်သည်။ “မိန်းမတွေရော ဝင်လို့မရဘူးလား”
သူမသည် ရုတ်တရက် အမြှီးနင်းခံလိုက်ရသောကြောင်တစ်ကောင်ကဲ့သို့ဖြစ်ကာ အသံမှာ အေးစက်ပြတ်ရှနေသည်။
“ဟုတ်တယ်။ မိန်းမတွေလည်းမရဘူး။ ဘယ်သူမဆို ဝင်လာရင် ကျွန်မအတွက် အနှောင့်အယှက်ဖြစ်မှာ။ ကျွန်မက ဒုက္ခပေးတယ်ထင်နေပြီလား။ သည်းခံနေလိုက်။ အခုကနောက်ကျသွားပြီ။ ရှင်သာကျွန်မကို အတင်းခေါ်မလာခဲ့ရင် ဒီလိုစိတ်ပျက်စရာနေရာမှာ အိမ်သာသွားနေရမှာမဟုတ်ဘူး”
သူမသည် ချိုင်းထောက်များဖြင့် အခန်းထဲသို့ဝင်သွားကာ တံခါးကိုအကျယ်ကြီးပိတ်ပစ်လိုက်သည်။
အလွန်ကိုရိုင်းစိုင်းကာ မသင့်လျော်လှပေ။