အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း (၁၆) - စုံတွဲတစ်တွဲ
ရှန်မိုသည် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်ပြီး သူသည် အလွန်နူးညံ့လွန်းသည်ဟု ခံစားမိသည်။
...နောက်တစ်ကြိမ်တွင် ပိုကြမ်းကြမ်းတမ်းတမ်းလုပ်ကြည့်ရမည်။
သူသည် ဘီးတပ်ကုလားထိုင်ကို အိမ်သာအပြင်ဘက်တွင် ထားခဲ့ပြီး လှည့်ထွက်သွားခဲ့သည်။
အမျိုးသမီးအိမ်သာအပြင်ဘက်တွင် သူမကိုစောင့်နေစဉ် အတွင်းမှ တခါတရံ အသံများ ကြားနေရသည်။ တုတ်တစ်ချောင်းနှင့် တစ်စုံတစ်ခုကို ရိုက်မိသည့်အသံလား သို့မဟုတ် သူမတစ်စုံတစ်ခုနှင့် ဝင်တိုက်မိသည့်အသံလားမသိပေ။ သာမန်လူများ အလွယ်တကူလုပ်နိုင်သည့် နေ့စဉ်လုပ်ရိုးလုပ်စဉ်များသည် သူမအတွက် စစ်တိုက်ရသည့်အလားပင် ဖြစ်နေသည်။
စိတ်ထဲတွင် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း တဖြည်းဖြည်း ပြေလည်သွားခဲ့သည်။
သူမကို ဘာလို့များစိတ်ဆိုးနေမလဲ။ သူမက ကလေးတစ်ယောက်သာသာပင်။ ငယ်စဉ်ကတည်းက ကျန်းမာရေးမကောင်း၊ လုံခြုံမှုအငွေ့အသက် ကင်းမဲ့နေသူဖြစ်သည်။ အရင်ကတည်းက သူမသည် အဝတ်အစားကောင်းများနှင့် အစားအစာကောင်းများကို ဂရုမစိုက်ခဲ့သော်လည်း အခုတော့ ဒီလိုကမ္ဘာကြီးထဲမှာ အသက်ရှင်နေထိုင်နေရန်ဖြစ်လာရာ သူမ စိတ်ဆိုးတတ်တာက ပုံမှန်ပဲဖြစ်သည်။ တကယ့်လက်တွေ့တွင်လည်း သူမ အားကောင်းနိုင်တာ ဒီပါးစပ်တစ်ပေါက်သာရှိလေသည်။
ရှန်မိုသည် တံခါးနားတွင် ရပ်ပြီး အတွင်းမှ အသံများကို သေချာနားထောင်နေခဲ့သည်။
တွန်းတိုက်သံများ၊ တုတ်သံများ၊ အဝတ်အစား ဆွဲတင်သံများ၊ ကြမ်းပြင်ပေါ်တွင် တုတ်ချောင်းနှင့် ခြစ်သံများ၊ အိမ်သာတံခါးကို ဆောင့်ဖွင့်သံ —
ပိုင်ယို့ဝေသည် တုတ်တစ်ချောင်းနှင့် ထွက်လာခဲ့ပြီး သူမ၏ငယ်ရွယ်သော မျက်နှာလေးသည် ရှုံ့မဲ့နေသည်။ “လက်ဆေးဖို့ ခေါ်သွားပေးပါ။ ဒီနေရာက အနံ့ဆိုးလွန်းတယ်”
ရှန်မိုသည် ပြုံးပြလိုက်ပြီး သူမထံသို့ ကပ်ကာ ဘီးတပ်ကုလားထိုင်ပေါ်သို့ ထိုင်ခိုင်းပြီး ဘေစင်ဆီသို့ တွန်းပို့ပေးခဲ့သည်။
ရေပိုက်သည် အသုံးပြုရခက်ခဲသည်။ ပိုင်ယို့ဝေသည် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ရေမထွက်လာခဲ့ပေ။ သူမ ကျိန်ဆဲမိတော့မလို့ဖြစ်သည်။ ထို့နောက် ရေပိုက်သည် ရေအနည်းငယ်ကို အသက် ၈၀ ကျော် အဘွားအိုကြီးတစ်ဦးကဲ့သို့ ထုတ်လွှတ်လိုက်သည်။
သူမသည် စိတ်တိုတိုဖြင့်ပင် လက်ကို နှစ်ကြိမ်ဆေးလိုက်ပြီး မျက်နှာပေါ်ရှိ မည်းမှောင်နေသော အသွင်အပြင်မှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။
“နားနေစခန်းမှာ အခြေအနေတွေက ကန့်သတ်ချက်ရှိတယ်။ ငါတို့ ကျော်လွှားမှရမယ်။ ယန်ကျိုးကိုရောက်ရင် အရာရာ အဆင်ပြေသွားပါလိမ့်မယ်” ရှန်မိုက ပြောလိုက်သည်။
ပိုင်ယို့ဝေသည် နှုတ်ခမ်းကို ကွေးပြီး ဘာမျှမပြောဘဲ စဉ်းစားနေမိသည် : ယန်ကျိုးကိုရောက်ရင်တောင် ပိုကောင်းလာမယ်လို့ မထင်ဘူး။
ရှန်မိုသည် ဘီးတပ်ကုလားထိုင်နောက်သို့ လှည့်သွားပြီး သူမကို တွန်းပို့လိုက်သည်။
ထိုအချိန်တွင် သူမသည် လက်ကို ဆန့်ထုတ်ကာ သူ့အဝတ်အစား၏ ထောင့်ကို ဆုပ်ကိုင်လိုက်သည်။
သူမသည် လက်ကို ဆေးပြီးသားဖြစ်ပြီး မခြောက်သေးပေ။ သူမ၏ အသားအရေသည် ဖြူစင်နေပြီး ရေတစ်လွှာဖြင့် ဖုံးအုပ်ထားကာ လက်ချောင်းထိပ်များသည် ချယ်ရီရောင်ရှိကာ နူးညံ့ပျော့ပျောင်းနေသည်။
ရှန်မိုသည် ဘီးတပ်ကုလားထိုင်လက်ကိုင်ပေါ်ရှိ သူ၏လက်များကို ကြည့်လိုက်သည်။ သူ၏လက်များသည် ကြံ့ခိုင်သန်မာပြီး အမျိုးသားတို့၏ အားသာချက်ကို ဖော်ပြနေသည်။
တူညီသော လက်များဖြစ်သော်လည်း အလွန်ကွာခြားသည်။ ကျား၊မ ကွာခြားမှုများသည် အသေးစိတ်နေရာတိုင်းတွင် ထင်ဟပ်နေသည်။
ပိုင်ယို့ဝေသည် မျက်ခုံးများကို ကျုံ့ပြီး “ကျွန်မတို့ စူပါမားကတ်ကို ပြန်သွားမှာလား? ဒီ နားနေစခန်းမှာ ဘာလိုင်းမှ မရှိဘူး။ အစားအစာနဲ့ ရေတွေအားလုံးကိုလည်း ယူသွားကြပြီ။ သိပ်မကောင်းဘူး။ သွားကြရအောင်။ မဟုတ်ရင် မှောင်သွားလိမ့်မယ်”
ညအချိန်တွင် ခရီးထွက်ရန် သူမမလိုလားပေ။
ရှန်မိုက စဉ်းစားပြီး ခေါင်းညိတ်ကာ “ဒါဆို စူပါမားကတ်ကို မသွားတော့ဘူး။ အခုထွက်ရင် ညမတိုင်ခင် ယန်ကျိုးကို ရောက်နိုင်မယ်”
ယန်ကျိုးကိုရောက်ရင် အင်တာနက်လည်းရပြီး နေစရာနေရာရှိမည်ဖြစ်သည်။ အရာအားလုံး စီစဉ်ရလွယ်ကူလိမ့်မည်။
နှစ်ယောက်သား ကားရပ်နားရာနေရာသို့ ပြန်လာခဲ့ကြသည်။
အံ့အားသင့်စရာကောင်းသည်မှာ SUV ကားနားတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် ဝေးဝေးမှ လက်ယက်ပြီး သူတို့ဘက်သို့ လှမ်းခေါ်နေကြသည်။
အနီးသို့ရောက်သောအခါ သူတို့သည် အသက် ၄၀ ဝန်းကျင်ရှိပြီး စုံတွဲတစ်တွဲ ဖြစ်ဟန်တူသည်။ ရိုးသားပုံလည်းပေါ်ကြသည်။
“မင်းတို့ ယန်ကျိုးကို သွားမှာလား” အမျိုးသမီးက ကြင်နာစွာ သတိပေးသည်။ “ကျွန်မတို့လည်း ယန်ကျိုးကို သွားမှာပါ။ ဒါပေမယ့် ရှေ့မှာ လမ်းပိတ်နေတယ်။ ဒါကြောင့် လူတိုင်းဒီမှာနေနေကြတယ်။ အခုထွက်ရင် မလုံခြုံဘူး။”
“တော်တော်ဆိုးလား” ရှန်မိုက မေးသည်။
အမျိုးသားက ဆက်ပြောသည်။ “အနည်းဆုံး မီတာ ၁၀၀ လောက် ပိတ်နေတယ်။ ကားတွေထဲမှာ အရုပ်တွေနဲ့ ပြည့်နေတယ်။ ဘယ်သူမှ ဖြတ်မသွားရဲဘူး။”
“ကားနဲ့မဖြတ်နိုင်ရင် ဘေးကနေ လမ်းလျှောက်သွားရင် ဘယ်လိုလဲ” ပိုင်ယို့ဝေက မေးသည်။ “ယန်ကျိုးကို လမ်းလျှောက်သွားဖို့ ဘယ်သူမှ မကြိုးစားဘူးလား”
အမျိုးသားနှင့် အမျိုးသမီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ပြီး ရှုပ်ထွေးနေပုံရသည်။ သူတို့သည် ယခင်က ထိုကဲ့သို့ စဉ်းစားခဲ့ဖူးသည်မဟုတ်ပေ။
“ကားထဲမှာ ပစ္စည်းတွေအများကြီးပဲ...” အမျိုးသမီးက မရေမရာဖြင့် ပြောသည်။ “အစားအစာ၊ နေ့စဉ်သုံးပစ္စည်းတွေ၊ အဝတ်အစားတွေ... အားလုံးကားထဲမှာပဲ”
အမျိုးသားကလည်း ပြောသည်။ “ယန်ကျိုးမှာ တစ်ခုခုဖြစ်ရင် ကားမရှိဘဲ ဘယ်လိုလုပ်ထွက်ပြေးမလဲ။”
တစ်ခါတစ်ရံတွင် ကားသည် သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးသာမကဘဲ လုံခြုံရေးနေရာတစ်ခုလည်း ဖြစ်နိုင်သည်။ အကြီးစား အရေးပေါ်အခြေအနေများ မဖြစ်ပွားမချင်း လူအများစုသည် ကားကို အလွယ်တကူ စွန့်ပစ်လိုကြမည် မဟုတ်ပေ။
သို့သော် ပိုင်ယို့ဝေ၏ အမြင်တွင် ယခုနေရာတွင် ပိတ်မိနေခြင်းထက် ၁၀နာရီကျော်ကြာ ယန်ကျိုးသို့ လမ်းလျှောက်သွားခြင်းသည် ပိုကောင်းသည်ဟု ယူဆသည်။
ထို့အပြင် ကားကိုလည်း အနှေးနှင့်အမြန် စွန့်ပစ်ရတော့မည်ဖြစ်သည်။
အကြောင်းမှာ ကမ္ဘာကြီးသည် ဆက်လက်ပြီး ကစဉ့်ကလျားဖြစ်နေပါက ဓာတ်ဆီသည် မကြာမီ ရှားပါးသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။
…………
အခန်း (၁၇) - အချက်အလက်ဖလှယ်ခြင်း
ထိုစုံတွဲသည် ပိုင်ယို့ဝေကို အသိပညာမရှိသော အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးဟုသာ ထင်မြင်ပြီး သူမ၏စကားကို ဂရုမစိုက်ဘဲ ရှန်မိုကိုသာ ပြောသည်။ “နောက်မှ စားသောက်ဆိုင်မှာ အစည်းအဝေးလုပ်မယ်။ မင်းတို့ ပါချင်လား”
ရှန်မိုသည် အောက်ငုံ့ပြီး ပိုင်ယို့ဝေကို ခဏကြည့်ကာ ပုံမှန်အတိုင်း မေးလိုက်သည်။ “ဘာအစည်းအဝေးမျိုးလဲ”
“ကျွန်မတို့ စုပြီး အဖြေရှာဖို့ပါပဲ” သူတို့က ရှင်းပြသည်။ “လူများများနဲ့ စုရင် အားရှိတယ်။ တစ်ယောက်တည်း စိုးရိမ်နေတာထက် အားလုံးစုပြီး အဖြေရှာတာ ပိုကောင်းတယ်။ မလာချင်ရင် မတိုက်တွန်းပါဘူး”
ရှန်မိုက ခေါင်းညိတ်ပြီး ယဉ်ကျေးစွာပြောသည်။ “အိုကေ၊ ခဏနေရင် ကျွန်တော်တို့ ရောက်မယ်”
ထိုစုံတွဲသည် ကတိရပြီးနောက် ဘာမှမပြောတော့ဘဲ ထွက်သွားကြသည်။
“ဘာလို့ နေချင်တာလဲ။ သူတို့ဆီက အချက်အလက်တွေ ရချင်လို့လား” ပိုင်ယို့ဝေက စိတ်ပျက်စွာပြောသည်။ “စူပါမားကတ်က ဘာမှမရှိတော့ဘူး။ သူတို့တွေ ဒီမှာ တစ်ရက် နှစ်ရက်လောက်နေပြီး စားသောက်နေကြတာ။ ဘာကိုမှမစွန့်စားရဲဘူး။ သူတို့ဆီက ဘာအချက်အလက်တွေ မျှော်လင့်နိုင်မှာလဲ”
ရှန်မိုက ကားတံခါးကိုဖွင့်ပြီး ကုန်းကာ ပိုင်ယို့ဝေကို ကားထဲသို့သယ်ပေးပြီး ပေါင်မုန့်နှင့် ရေပေးလိုက်သည်။
“အဝေးပြေးလမ်းပိတ်နေတော့ ယန်ကျိုးကို ရောက်ဖို့ လမ်းတစ်ခုလုံး လှည့်ပတ်သွားရမယ်။ ယန်ကျိုးကို မရောက်ခင် ညရောက်သွားနိုင်တယ်။ ညဘက်ကားမောင်းရင် လမ်းကို မြင်ရခက်ပြီး အရုပ်တွေကို မြန်မြန်ရှောင်ဖို့ ခက်တယ်။ ဒီမှာနေပြီး သူတို့ဘာပြောမလဲ ကြည့်တာ ပိုကောင်းတယ်”
ပိုင်ယို့ဝေက ဒီစကားကိုကြားသည့်အခါ မျက်မှောင်ကျုတ်ကာ ဘာမှမပြောတော့ပေ။
သူမသည် နားနေခန်းမှ လူများကို မကြိုက်သော်လည်း အခုအခြေအနေမှာ ဘယ်ဆုံးဖြတ်ချက်ကိုပဲချပါစေ ဘေးကင်းနိုင်မည်မဟုတ်ပေ။
ပိုင်ယို့ဝေက ပေါင်မုန့်ကို အနည်းငယ်ကိုက်ပြီး ဝါးရင်း ရှန်မိုကိုမေးသည်။ “သူတို့ထဲက တစ်ယောက်ယောက် ဂိမ်းကစားပြီးသွားပြီလို့ ထင်လား။”
ရှန်မိုက ကားကိုဖွင့်ပြီးနောက် အသုံးဝင်မည့်ပစ္စည်းကိုရှာနေရင်း သူမကိုကြည့်ကာ ပြန်မေးသည်။ “မင်းကရော ဘယ်လိုထင်လဲ”
“ထင်တယ်” ပိုင်ယို့ဝေက ပြောသည်။ “ခုနက လူနှစ်ယောက်က ရိုးသားပုံရပြီး တာဝန်ယူတတ်တဲ့လူမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကျွန်မတို့ကို ဒီမှာစောင့်နေတာ။ ကြည့်ကြည့်ချင်းတော့ ကြင်နာတတ်ပုံရပေမယ့် ကျွန်မထင်တာက သူတို့ကို လွှတ်လိုက်တာ”
ရှန်မိုက ခဏရပ်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။
သူလည်း ဒီအချက်ကိုသတိထားမိသော်လည်း ပိုင်ယို့ဝေကပါ ဒီလိုမြင်နိုင်မယ်လို့ မထင်ခဲ့ပေ။
“မင်းက လေ့လာမှုအားကောင်းသားပဲ” သူက ကားထဲက စစ်သုံးစောင်ကို ထုတ်ယူပြီး ပိုင်ယို့ဝေ၏ခြေထောက်ပေါ်တင်ကာ အေးဆေးပြောသည်။ “ဒီလူတွေထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိမယ်။ အချက်အလက်ရချင်ရင် အသစ်ရောက်လာသူတွေနဲ့ ဆက်သွယ်ဖို့လိုတယ်လေ။ ဘာလို့ သူကိုယ်တိုင် မလာတာလဲဆိုတာက နားလည်ရလွယ်ပါတယ်။ ရိုးသားပုံရတဲ့ စုံတွဲကို လွှတ်ရင် ယုံကြည်မှုရဖို့ ပိုလွယ်တယ်”
ပိုင်ယို့ဝေက သူ့ကို သံသယဖြင့် ကြည့်ရင်း မေးလိုက်သည်။ “ဒီမှာ သံသယဖြစ်စရာတွေရှိတာ သိနေတာကို ဘာလို့ အစည်းအဝေးကို သွားချင်တာလဲ”
ရှန်မိုက ပြုံးပြီး ပြောလိုက်သည်။ “သူတို့ရဲ့ ရည်ရွယ်ချက်ကို မသိပေမယ့် သူတို့လည်း အချက်အလက်လိုနေတယ်၊ ငါတို့လည်း လိုနေတယ်”
“ယုန်နဲ့လိပ် “ ဂိမ်းကနေ သိလိုက်ရတာသည် လူတိုင်းကအရုပ်မဖြစ်ကြပေ။ ဂိမ်းကိုအောင်မြင်လျှင် အသက်ရှင်နိုင်သည်။ သို့သော် မြို့ထဲက မည်သူမှ ဘာမှမသိကြဘူးဆိုတာ ဘာကြောင့်ပါလဲ? ဆက်စပ်သည့်အချက်အလက် တစ်ခုတောင် မရှိပေ။
ထပ်ပြီး စဉ်းစားကြည့်ပါ။ ဂိမ်းပြီးသွားသည့်အခါ ချက်ချင်းပဲ အင်တာနက်မှာ ပြတ်တောက်သွားခဲ့သည်။ ထိုသို့ဆိုလျှင်...ဂိမ်းနိုင်သွားသည့် အခြားသူတွေက ဆက်သွယ်ရေးမရသည့်နေရာတွေကို ရောက်သွားတာကြောင့် အချက်အလက်တွေကို အတိအကျ မဖြန့်နိုင်ကြသည်လား။
ထိုအရာသာမှန်လျှင်တော့ ဤကမ္ဘာ့အဆင့် ဘေးအန္တရာယ်ဟာ စိတ်ကူးထားထက်ပိုပြီး ဆိုးရွားလိမ့်မည်ဖြစ်သည်။
…
ညရောက်လာသည့်အခါ နားနေဆောင်တစ်ခုလုံးမှာ စားသောက်ဆိုင်တစ်ခုတည်းသာ မီးလင်းနေသည်။
ရှန်မိုက ပိုင်ယို့ဝေကို စားသောက်ဆိုင်ထဲသို့ တွန်းပို့လိုက်သည်။
အတွင်းမှာရှိနေကြသူများက အတူတကွ ထိုင်နေကြပြီး အသံကြားသည့်အခါ ခေါင်းလှည့်ကြည့်ကာ ရှန်မိုနှင့် ပိုင်ယို့ဝေကို တွေ့မြင်ပြီးနောက် နေ့စဉ်မြင်နေကျသူများသဖွယ် သူတို့၏အာရုံကို ပြန်ရုပ်သိမ်းလိုက်ကြသည်။
အေးစက်သော အဖြူရောင်မီးချောင်းများက မျက်နှာကျက်မှန်ကနေ သက်ရောက်လာပြီး ထိုလူများ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော အရိပ်များအဖြစ် ကျရောက်နေသည်။ သူတို့၏ တူညီနေသော အာရုံမဲ့နေသည့် မျက်နှာများနှင့်အတူ မြင်ကွင်းမှာ ဖော်မပြနိုင်အောင် ထိတ်လန့်ဖွယ်ကောင်းနေသည်။
“ ရောက်လာပြီလား” မျက်မှန်တပ်ထားသော လူတစ်ဦးက ခေါင်းမော့ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။ “အစည်းအဝေးကို တက်ချင်ရင် အရင်ဆုံး အချက်အလက်တွေ ဖလှယ်ရမယ်”
………..
အခန်း (၁၈) - ချွဲနွဲ့ခြင်း
မျက်မှန်တပ်ထားသော လူကြီးသည် သူတို့ခန့်မှန်းထားသည့် “ခေါင်းဆောင်”ဖြစ်ဟန်ရှိသည်။
သို့သော် ဤခေါင်းဆောင်မှာ အတော်လေး ပင်ပန်းနေပုံရသည်။ သူ၏အင်္ကျီမှာ ကြေမွနေပြီး ဆံပင်များမှာလည်း ကပ်နေကာ ရက်အတော်ကြာ မလျှော်ရသေးဘူးဟု ထင်ရသည်။
ရှန်မိုက မေးသည်။ “သတင်းဖလှယ်ရမယ်ဆိုတာ ဘာလဲ”
သူက မျက်မှန်ကို ညင်သာစွာ တွန်းကာ ဖြည်းဖြည်းချင်း ပြောသည်။ “အချက်အလက်မျှဝေတယ်လို့ မှတ်ယူနိုင်ပါတယ်။ လူတိုင်းက တန်ဖိုးရှိတဲ့အချက်အလက်တွေကို မပြောဘဲ ချန်မထားဘဲ ပြောပြသင့်တယ်။ ဒါမှသာ လူတိုင်းအတူတူ ဆွေးနွေးနိုင်မှာပါ။ လူတိုင်းက သတင်းတွေကို ဝှက်ထားပြီး အခြားသူတွေဆီက အကြံဉာဏ်တွေကိုသာ မျှော်လင့်နေရင် ပြဿနာက ဘယ်တော့မှ ပြေလည်နိုင်မှာမဟုတ်ဘူး။”
ဤအချက်မှာ မှန်ကန်သည်။ တစ်ဦးတည်း လုပ်ဆောင်ခြင်းထက် လူများများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုစိတ်ချရပြီး ထိရောက်မှုရှိသည်။ ရှေးယခင်ကတည်းက လူသားတို့သည် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့ကြသည်။ ဤသည်မှာ လူသားတို့၏ အကြီးမားဆုံးသော ဉာဏ်ပညာတစ်ရပ်ဟု ဆိုနိုင်သည်။
သို့သော် ပူးပေါင်းဆောင်ရွက်သူများလာသည်နှင့်အမျှ အချို့သောလူများက အခြေအနေကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ရယူရန် ကြိုးစားတတ်ကြသည်။
ပိုင်ယို့ဝေက သူမ၏ချစ်စရာကောင်းသော ရှဥ့်အရုပ်ကို ဖက်ထားပြီး နူးညံ့စွာ ပြောသည်။ “ဒါပေမယ့် ဘယ်အချက်အလက်က တန်ဖိုးရှိလဲဆိုတာ ကျွန်မတို့ မသိဘူး...”
သူမ၏အသံထွက်ပုံက ချွဲပြစ်ပြစ် ဖြစ်နေသဖြင့် ရှန်မိုမှာ လန့်သွားပြီး ဘီးတပ်ကုလားထိုင်ကို ကိုင်ထားသော လက်များက ကြက်သီးထသွားသည်။
သို့သော်လည်း သူမက ဟန်ဆောင်ပြီး ခေါင်းကိုမော့ကာ သူ့ကို သနားစရာကောင်းအောင် ကြည့်နေသည်။ “အစ်ကို... သိလား”
ရှန်မို - “...”
သူ စကားပြောမရဖြစ်သွားသည်။
ပိုင်ယို့ဝေ၏ အပြုအမူသည် လှည့်ဖြားရန် လွယ်ကူလွန်းသည်ဟု ထင်ရသောကြောင့် မျက်မှန်တပ်သူက အားရကျေနပ်စွာဖြင့် နူးညံ့စွာ ရှင်းပြသည်။ “စိတ်မပူပါနဲ့။ မင်းတို့ ဒီဘက်ကနေ လာနိုင်တယ်ဆိုရင် လမ်းမှာ အရုပ်တွေနဲ့ ကြုံဖူးမှာပါ။ အရုပ်တွေနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ပြောပြနိုင်ပါတယ်။ ပိုပြီးအသေးစိတ်ရှိလေ ကောင်းလေပါပဲ။ မင်းကိုယ်တိုင် နားမလည်နိုင်တဲ့ အရာတွေကိုတောင် လူတိုင်းကို ပြောပြရင် အတွေးအခေါ်အသစ်တွေ ရလာနိုင်တယ်လေ။”
ပိုင်ယို့ဝေက နှုတ်ခမ်းကို စေ့ပြီး သေချာ စဉ်းစားနေဟန် ကိုပြသည်။
“ဟုတ်တယ်... ဒီကိုလာတဲ့လမ်းမှာ ကုန်ကားမောင်းနေတဲ့ ထိပ်ပြောင်နေတဲ့ ဦးလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက အရုပ်တွေရှိတဲ့ လမ်းပိုင်းကို ပြဿနာမရှိဘဲ ဖြတ်သွားနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်မနဲ့ အစ်ကိုက သူ့နောက်ကို လိုက်ခဲ့တယ်... ဒါပေမယ့် နောက်ကလိုက်တဲ့ လူတိုင်းက အရုပ်တွေဖြစ်သွားတယ်။ ဒါကြောင့် ကျွန်မ တွေးမိတာက... လူဦးရေကို ကန့်သတ်ထားတာလား။ လူနည်းရင် ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်မှာလား”
စကားပြောပြီးသည့်အခါ သူမက မျက်မှန်တပ်နှင့်လူကို စိုးရိမ်စွာ ကြည့်ကာ မေးလိုက်သည်။ “ဒါက... တန်ဖိုးရှိတဲ့ သတင်းလား”
မျက်မှန်နှင့်လူက ပိုမိုနူးညံ့သော အမူအရာဖြင့် ပြောလိုက်သည်။ “မှန်ပါတယ်။ မင်းရဲ့အချက်အလက်တွေက ကျွန်တော်တို့ မကြာသေးခင်က လေ့လာထားတာတွေနဲ့ ကိုက်ညီပါတယ်။ ဒီမှာ လာထိုင်ပါ”
ပိုင်ယို့ဝေက စိတ်သက်သာရာရသွားသည့် အမူအရာဖြင့် မျက်မှန်နှင့်လူကို ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။
သူမ ဒီလောက်ထိ စိတ်အားထက်သန်စွာ သရုပ်ဆောင်နေတာကို မြင်သည့်အခါ ရှန်မိုက “စကားနည်းတဲ့” အစ်ကိုအခန်းကို မဖြစ်မနေ သရုပ်ဆောင်ရတော့သည်။ ဘာမှမပြောဘဲ ဘီးတပ်ကုလားထိုင်ကို တွန်းလျက် ထိုင်ခုံပေါ်ထိုင်လိုက်သည်။
လူတွေသည် အလိုအလျောက် နေရာလွတ်ဖယ်ပေးကြပြီး ပိုင်ယို့ဝေနှင့် ရှန်မိုကို ထိုင်ခုံတွင် ထိုင်ခွင့်ပြုလိုက်ကြသည်။ ဒါဟာ သွယ်ဝိုက်ပြီး ဒီလူအုပ်စုထဲတွင် မျက်မှန်နှင့်လူ၏ခေါင်းဆောင်မှုကို ဖော်ပြနေခြင်းဖြစ်သည်။
ရှန်မိုက ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ဘီးတပ်ကုလားထိုင်၏ဘေးတွင် ထိုင်လိုက်သည်။
ပိုင်ယို့ဝေက သူမ၏အပြစ်မဲ့သော မျက်နှာလေးကို ပင့်ပြီး မေးလိုက်သည်။ “လူနည်းရင် ဘာမှမဖြစ်ဘူးဆိုရင် တစ်ယောက်တည်း လုပ်တာက ပိုစိတ်ချရတယ်လို့ မဆိုနိုင်ဘူးလား”
“ကန့်သတ်ချက်တွေ အမျိုးမျိုးရှိတယ်။ လူဦးရေက အထင်ရှားဆုံးသော အချက်တစ်ခုပါ။ ပုန်းကွယ်နေတဲ့ အခြေအနေတွေ ရှိဦးမှာ။ ဘာလို့လဲဆိုတော့ အရုပ်တွေအဖြစ် ပြောင်းသွားတဲ့ ပထမဆုံးလူတွေက တစ်ယောက်တည်းနေတဲ့အချိန်မှာ ရုတ်တရက် ပြောင်းသွားကြတာပဲ။ ဒါကြောင့် အခုထိ အတိအကျ ပြောဖို့ ခက်နေသေးတယ်။”
မျက်မှန်နှင့်လူက စကားပြောတာကို ရပ်လိုက်ပြီး အခြားသူများကို ကြည့်လိုက်သည်။ “အရင်မေးခွန်းကို ဆက်ပြောကြရအောင်။ ဒီနေ့ လမ်းကိုစုံစမ်းဖို့ အပြင်ထွက်သွားတဲ့ ကျွန်တော်တို့ရဲ့အဖော်က မပြန်လာသေးဘူး။ အခု ဘာလုပ်သင့်လဲဆိုတာ ဘယ်လိုထင်ကြလဲ။ ဆက်ပြီး စောင့်နေသင့်လား။”
လူတိုင်းက တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး ဘယ်သူမှ စကားမပြောကြပေ။
မျက်မှန်နှင့်လူက လှည့်ပတ်ကြည့်ရှုပြီး အတိအလင်း ပြောလိုက်သည်။ “တိုက်ရိုက်တန်းသွားမယ်ဆိုရင် အန္တရာယ်ရှိမှာသေချာပါတယ်။ ဒါပေမယ့် နားနေဆောင်ထဲက ရေနဲ့ လျှပ်စစ်က တစ်ချိန်ချိန်မှာ ဖြတ်တောက်ခံရနိုင်တယ်။ ကျွန်တော်တို့ ဒီမှာ အချိန်အကြာကြီး မတောင့်ခံနိုင်ဘူး။”
“ဒါမှမဟုတ်...” တစ်ယောက်က မရေမရာဖြစ်နေရင်း မေးသည်။ “လမ်းစုံစမ်းဖို့ နောက်ထပ် လူလွှတ်လိုက်မလား”
ဒီအဆိုသည် ချက်ချင်းပဲ ပယ်ချခံလိုက်ရသည်။။ “ဘယ်သူသွားမှာလဲ။ အဲဒီလူတွေ မပြန်လာဘူးဆိုရင် လမ်းမှာ သေသွားတာလည်း ဖြစ်နိုင်တယ်။ ဘယ်သူ သွားရဲမှာလဲ။ မင်းသွားမှာလား”
“...ဒါပေမယ့် ဒီမှာ သေဖို့စောင့်နေလို့လည်း မဖြစ်ဘူး။”
“လမ်းမှာ အန္တရာယ်မရှိဘူးဆိုရင် သူတို့ အရင်ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တယ်!”
“မဖြစ်နိုင်ဘူး။ ခရီးဆောင်အိတ်တွေက ဒီထဲမှာ ရှိနေသေးတယ်...”