အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း (၁၉) - လမ်းရှာဖွေရေးအဖွဲ့
လူတိုင်းက တစ်ခွန်းပြီးတစ်ခွန်းပြောနေကြပြီး စကားများတော့မည့် အရိပ်အယောင်ဖြစ်သည်။
ပိုင်ယို့ဝေက မျက်မှန်နှင့်လူကို သတိထားကြည့်နေပြီး သူ၏ ပျင်းရိ စိတ်ပျက်သော အမူအရာကို မြင်လိုက်ရသည်။ ထိုလူသည် အသက်ရှင်ရန်အတွက် ယခုလိုရိုင်းစိုင်းပြီး အတ္တကြီးသော လူအုပ်စုကို မှီခိုနေရသည်မှာ မလွဲဧကန်ဖြစ်သည်။
ပိုင်ယို့ဝေက ခေါင်းလှည့်ကာ ရှန်မိုကို တစ်ချက်ကြည့်လိုက်ပြီး “တွေ့လား၊ ဒီလူတွေက စိတ်မချရဘူးလို့ ပြောတာကို” ဟု ပြောချင်သည့်ပုံပေါ်သည်။
ရှန်မိုက ပြုံးပြုံးလေးနှင့် ဘာမှမပြောဘဲ နေလိုက်သည်။
ဖြေရှင်းနည်းများကို ဆွေးနွေးရန် ခေါ်ယူထားသော အစည်းအဝေးသည် တဖြည်းဖြည်း ဆွေးနွေးပွဲမဟုတ်တော့ဘဲ တစ်ဦးကိုတစ်ဦး အပြစ်တင်သည့် အုပ်စုကြီးတစ်ခု ဖြစ်လာသည်။ မျက်မှန်နှင့်လူက အချိန်မီ ဝင်ရောက်ဖြန်ဖြေမပေးခဲ့ပါက အမှန်တကယ် ရန်ပွဲတစ်ခု ဖြစ်ပွားနိုင်သည်။
ထိုအချိန်တွင် အခန်းအတွင်း ရုတ်တရက် မှောင်မည်းသွားသည်။
သတ္တိနည်းသူများက အရင်အော်ဟစ်ကြသည်။
ထို့နောက် အခြားတစ်ယောက်က အော်လိုက်သည်။ “ဘာလို့အော်နေတာလဲ။ မီးပျက်သွားတာပါ။ လန့်မနေနဲ့!”
ခဏကြာပြီးနောက် သူတို့၏မျက်လုံးများက အမှောင်ကို ကျင့်သားရသွားသောအခါ လူတိုင်းက စားသောက်ဆိုင်မှ အလျင်အမြန် ထွက်ခွာသွားကြသည်။ မျက်မှန်နှင့်လူက လျှပ်စစ်မီးခလုတ်ကို စစ်ဆေးရန် လူနှစ်ယောက်ကို ခေါ်သွားသည်။
မီးမရှိတာကြောင့် လူတိုင်းက အပြင်မှာ ဘာမှမလုပ်ဘဲ စောင့်နေကြသည်။
ပိုင်ယို့ဝေက ကောင်းကင်ထဲရှိ လနှင့်ကြယ်များကို ငေးကြည့်နေသည်။ ကျယ်ပြန့်သော ကောင်းကင်ကြီးက ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားပြီး တိတ်ဆိတ်ငြိမ်သက်ကာ ကျယ်ပြန့်လှသည်။ လူများသည် ညဘက်ကောင်းကင်အောက်တွင် သေးငယ်နေသကဲ့သို့ ခံစားရသည်။
ညဘက်သည် ထူးဆန်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ထင်ရပြီး ကြာရှည်စွာ ကြည့်နေမိလျှင် လူများကို မသက်မသာ ဖြစ်စေတတ်သည်။
လူအုပ်ကြီးက မတည်မငြိမ် ဖြစ်နေသည်။
မျက်မှန်နှင့်လူက ပြန်လာပြီး ခလုတ်မှာ ပြဿနာမရှိကြောင်း၊ သို့သော် နားနေဆောင်တစ်ခုလုံး မီးပျက်နေကြောင်း လူတိုင်းကို ပြောပြသည်။ မကြာခင်တွင် ရေလည်း ပြတ်တောက်သွားနိုင်သည်။
လေထုတစ်ခုလုံးသည် ရုတ်တရက် စိတ်ဖိစီးမှုတွေနှင့် ပြည့်နှက်သွားသည်။
ပိုင်ယို့ဝေက ဒီလူတွေဟာ မျှော်လင့်ချက်မရှိဘူးဟု ခံစားမိသည်။ မျက်မှန်နှင့်လူကလွဲ၍ မည်သူမှ ကိုယ်ပိုင်အမြင်မရှိကြပေ။
“ငါပြောချင်တာက...” လူအုပ်ထဲက အသက်ကြီးနေသူတစ်ဦးက မရေမရာဖြစ်နေကာ ပြောသည်။ “ငါတို့အားလုံး ထွက်ခွာဖို့ နည်းလမ်းရှာကြည့်ရင် ဘယ်လိုလဲ”
ဘေးနားက လူတစ်ယောက်က “ဆရာကြီးချန်၊ ကျွန်တော်တို့လည်း ထွက်ခွာဖို့ နည်းလမ်းရှာနေတာ မဟုတ်ဘူးလား။ ဆရာကြီးပြောတာက အဓိပ္ပါယ်မရှိဘူး”
ဆရာကြီးချန်ဟု ခေါ်သည့် အသက်ခြောက်ဆယ်နီးပါးရှိပြီဖြစ်သော အဖိုးအိုသည် နားထင်တွင် မီးခိုးရောင်ဆံပင်များရှိနေပြီး ပိန်လှီနေကာ ရှေးဟောင်းစတိုင်လ် ကြမ်းတမ်းသော အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ကျောပြင်မှာ အနည်းငယ်ကုန်းနေပြီး မပေါ်မလွင်ရှိလှသည်။
လှောင်ပြောင်ခံရပြီးနောက် သူ၏မျက်နှာမှာ နီရဲလာပြီး “ငါဆိုလိုတာက... ကားမမောင်းဘဲ ဒီအတိုင်း လမ်းလျှောက်သွားကြရအောင်။ ငါတို့ ဒီမှာ ပိတ်မိနေရတာက လမ်းပိတ်နေလို့ ကားမဖြတ်နိုင်လို့ မဟုတ်ဘူးလား”
အဖိုးအိုက လက်နှင့်အမူအရာပြကာ ပြောသည်။ “ငါတို့ နှစ်ယောက်ကို တစ်အုပ်စု ခွဲသွားမယ်။ တစ်စုနဲ့တစ်စုကို ၁၀ မိနစ်ခြားပြီး ထွက်မယ်။ ဒီလိုဆိုရင် အရုပ်တွေဖြစ်သွားတာကို အများကြီးရှောင်နိုင်မယ်..”
“ဆရာကြီးချန်၊ ဒီလိုမျိုး အခြေအနေကို ပိုဆိုးအောင် မလုပ်ပါနဲ့။ ကားမရှိဘဲ ဘယ်လိုသွားမှာလဲ။ ကျွန်တော်တို့မှာ မိသားစုတွေရှိတယ်၊ ခရီးဆောင်အိတ်တွေလည်း အများကြီးရှိတယ်။ ခြေကျင်ချည်းပဲ ယန်ကျိုးကို သွားခိုင်းတာလား”
“ဟုတ်တယ်၊ ဆရာကြီးရဲ့ စကားတွေက အလုပ်မဖြစ်ဘူး။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မကျေနပ်ချက်တွေ ပြောနေကြပြီး ပိုကျယ်လောင်လာကာ မီးပျက်သွားသည့်အပေါ် ဒေါသကိုပါ အဖိုးအိုအပေါ် ပုံချချင်ဟန် တူနေသည်။
မျက်မှန်နှင့်လူက လူအုပ်ထဲမှာ တိတ်ဆိတ်စွာနေပြီး အဖိုးအို၏အကူအညီတောင်းခံသည့် အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူလည်း အဖိုးအို၏စကားက အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိသော်လည်း ဒီအချိန်မှာ အခြားသူတွေရဲ့ဒေါသကို ဝေမျှရန် တာဝန်မရှိဘူးမဟုတ်လား။
အသက်ရှင်နိုင်ရန် ဖိအားတွေက အချိန်ကြာမြင့်စွာ စုပုံလာပြီး တစ်စုံတစ်ယောက်သည် လူအုပ်၏ဒေါသဖြေဖို့ အကြောင်းအရင်းဖြစ်လာရသည်သာဖြစ်သည်။
ပိုင်ယို့ဝေက ဒီကိစ္စမှာ ပါဝင်ချင်စိတ်မရှိပေ။ သူမက ရှန်မိုကို နှုတ်မှမပြောဘဲ လက်ဟန်ပြလိုက်သည်။ “ထွက်သွားကြရအောင်”
ရှန်မိုက ရပ်နေရာမှ မလှုပ်ဘဲနေသည်။
သူမက သူ့ကို နောက်တစ်ခါ ခပ်ဖြည်းဖြည်းဆွဲလိုက်သည့်အခါ ရှန်မိုက မကျေနပ်ချက်တွေ ပြောနေကြသူများဆီသို့ နှစ်လှမ်းရှေ့တိုးကာ ပြောလိုက်သည်။ “အားလုံး တိတ်တိတ်လေး နေကြပါ...”
ပိုင်ယို့ဝေသည် ချက်ချင်းပဲ မျက်ဖြူလှန်ချင်မိသွားသည်။
လူတိုင်းက သူတို့ဆီကို လှည့်ကြည့်လိုက်ကြသည်။
သူမနှင့် ရှန်မိုတို့ဟာ ရုတ်တရက် အာရုံစိုက်မှု၏ အလယ်ဗဟိုမှာ ရောက်သွားပြီး ငတ်မွတ်နေသည့် တစ္ဆေအုပ်ကြီးက စိုက်ကြည့်နေသလို ခံစားရသည်။ အလွန်ထိတ်လန့်စရာကောင်းသည်။
သို့သော် ရှန်မိုက မျက်ခုံးတောင်မတွန့်ဘဲနေသည်။
သူက အေးဆေးတည်ငြိမ်စွာနှင့် ပြောလိုက်သည်။ “ကားတစ်စီး လာနေပုံရတယ်”
လူတွေက တိတ်ဆိတ်သွားကြသည်။
စကားပြောသံတွေ ရပ်သွားသည့်အခါ လေထုထဲက အသံတွေအားလုံးကို ပိုမိုရှင်းလင်းစွာ ကြားလာရသည်။
ဝေးဝေးက မှေးမှိန်သည့် အသံတစ်ခုကို ကြားလာပြီး တဖြည်းဖြည်း နီးလာသည်။ အစက လေသံလိုဖြစ်နေသော်လည်း နီးလာတာနှင့်အမျှ လမ်းပေါ်မှာ ဘီးတွေလှိမ့်သွားသည့် အသံက ပိုရှင်းလင်းစွာ ကြားလာရသည်။
နောက်ဆုံးမှာတော့ အမှောင်ထုထဲက ကုန်တင်ကားကြီးတစ်စီးဟာ နားနေဆောင်ထဲကို ဝင်လာပြီး တောက်ပသည့် ရှေ့မီးလုံးကြီးတွေက လူတွေကို တိုက်ရိုက်ထိုးလာသည်။
ဘရိတ်အုပ်လိုက်သည်။
တည်ငြိမ်စွာ ရပ်လိုက်သည်။
တက်ကြွဖျတ်လတ်သည့် လူငယ်တစ်စုက ကားထဲမှခုန်ဆင်းလာကြသည်။ တစ်ယောက်က လေချွန်ကာပြောလိုက်သည်။ “ဟေး၊ ဘာတွေဖြစ်နေတာလဲ။ အားလုံးက အပြင်မှာ ရပ်ပြီး ဘာလုပ်နေကြတာလဲ”
………….
အခန်း (၂၀) - အစ်ကိုရှောင်
ပြင်းထန်သော ကားမီးချောင်းများ၏ အလင်းရောင်ဖြင့် ထိုးခံရခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်သော်လည်း ဘယ်သူမှ ဒေါသမထွက်ကြပါ။
လူများသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ “ပြန်လာပြီလား” ဟု မေးရင်း ရှေ့သို့ပြေးသွားကြသည်။
“လမ်းကြောင်းရှာဖို့ ထွက်သွားတဲ့သူတွေ ပြန်လာပြီ!”
“ကောင်းလိုက်တာ! သူတို့ပြန်လာပြီ”
လေထုသည် ရုတ်တရက် ပျော်ရွှင်သွားပြီး လတ်တလောဖြစ်ပွားခဲ့သော ရန်လိုမှုများ ပျောက်ကွယ်သွားကာ ဘာမျှမဖြစ်ခဲ့သကဲ့သို့ပင် ဖြစ်သွားသည်။
အော်ဟစ်နေသော လူငယ်လေးက ရယ်မောရင်းပြောသည်။ “ဘာတွေလဲ၊ ဘာလုပ်နေကြတာလဲ။ ငါတို့အားလုံး သေသွားပြီလို့ ထင်ကြတာလား”
“အားလုံးက မင်းတို့ကို စိုးရိမ်နေကြတာ! ဟေး။ ဘာလို့ ကားပြောင်းလာတာလဲ”
“လမ်းမှာ ကားပျက်သွားလို့ လမ်းပေါ်မှာ ရှာနေရတာ။ မဟုတ်ရင် စောစော ပြန်လာမှာ။ မင်းတို့တွေကရော ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အားလုံးအပြင်မှာနေကြတာလဲ?”
“ဒီမှာ မီးပျက်သွားပြီ”
“ဒါဖြင့် ဖယောင်းတိုင်ထွန်းလိုက်ပါ။ စူပါမားကတ်ထဲမှာ ဓာတ်မီးတွေ အများကြီးရှိတယ်။”
လူတိုင်းသည် အလုပ်များနေပြီး မျက်နှာတိုင်းတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။ မျှော်လင့်ချက်ရှိသရွေ့ သူတို့သည် အားအင်ပြည့်ဝနေမည်ဟု ထင်ရသည်။ မီးပျက်ခြင်းနှင့် ရေပျက်ခြင်းများသည် သေးငယ်သောပြဿနာများသာဖြစ်ပြီး ဘာမှကြောက်စရာမလိုပါ။
ခဏအကြာတွင် နားနေဆောင်ရှိ စားသောက်ဆိုင်မှ မီးများ ပြန်လည်လင်းလက်လာခဲ့သည်။
လူများသည် အတူတကွ စုရုံးလာကြပြီး ပြန်လာသော လူငယ်များကို ဝိုင်းရံကာ အပြင်ဘက်မှ သတင်းများကို ပြောပြပေးရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
သူတို့ထဲတွင် အထင်ရှားဆုံးမှာ ကားမှဆင်းလာသည်နှင့်တစ်ပြိုင်နက် အော်ဟစ်နေသော လူငယ်ဖြစ်ပြီး လူတိုင်းက သူ့ကို “အစ်ကိုရှောင်” ဟု ခေါ်ကြသည်။
ထို “အစ်ကိုရှောင်” သည် T-shirt နှင့် စုတ်ပြဲနေသော ဂျင်းဘောင်းဘီကိုဝတ်ထားပြီး သူ၏လက်မောင်းတွင် မရေရာသော အင်္ဂလိပ်စာတစ်ခုတပ်ထားသည်။ သူ၏ ရှုပ်ပွနေသော ဆံပင်တိုများကို မီးခိုးရောင်ဆိုးထားပြီး ညာဘက်နားတွင် လင်းလက်နေသော နားကပ်တစ်ခုတပ်ထားသည်။
သူ အထင်ရှားဆုံးဖြစ်ရခြင်းမှာ သူ၏ထူးဆန်းသော အဝတ်အစားကြောင့်မဟုတ်ပါ။ အမှန်တွင် အခြားလူငယ်များသည်လည်း အလားတူပင်ဖြစ်သည်။ သူတို့၏တက်တူးများသည် တစ်ဦးထက်တစ်ဦး ပိုမိုကြီးမားပြီး ဂျင်းဘောင်းဘီများတွင်ရှိသော အပေါက်များမှာ တစ်ခုထက်တစ်ခု ပိုမိုစုတ်ပြဲနေသည်။
ပိုင်ယို့ဝေသည် ထိုလူကို အထင်ကြီးမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ပြုံးနေသော မျက်နှာမှာ အလွန်တောက်ပလွန်းသောကြောင့်ဖြစ်သည်!
သူမသည် ရှန်မိုနှင့်စကားပြောသောအခါ ရယ်မောလေ့ရှိပြီး နားနေဆောင်ရှိ အခြားသူများသည်လည်း စကားပြောသောအခါ ရယ်မောလေ့ရှိကြသော်လည်း လူတိုင်း၏ရယ်မောမှုမှာ ထိန်းချုပ်ထားကာ ယဉ်ကျေးသောရယ်မောမှုများသာဖြစ်သည်။ဘာပဲဖြစ်ဖြစ် လက်ရှိနောက်ခံအခြေအနေမှာ ကမ္ဘာပျက်ခါနီးအချိန်ဖြစ်သည်။ ဘယ်သူက သွားဖြဲကာ ရူးသွပ်စွာရယ်မောနေမည်နည်း။
ဘယ်လောက်ပင် ပျော်စရာကောင်းသော အရာဖြစ်စေကာမူ မိမိ၏မသေချာသောအနာဂတ်ကို တွေးကြည့်လျှင် အနည်းငယ်စိတ်ညစ်မိမည်မဟုတ်ပါလား။
ဤ “အစ်ကိုရှောင်” သည် သွားတိုက်ဆေးအမှတ်တံဆိပ်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်နိုင်သည်။ သူသည် အမြဲတမ်းပြုံးနေပြီး ကမ္ဘာကြီးကိုစူးစမ်းလေ့လာရာတွင် သူ၏အောင်မြင်မှုများကို စိတ်အားထက်သန်စွာ ပြောပြနေသည်။
“...လမ်းပေါ်မှာ အရုပ်တွေကိုမြင်တဲ့အခါ စိတ်ထဲမှာ မကောင်းဘူးလို့ ထင်မိတယ်။ အဲဒီလမ်းကနောက်ဆုံးလမ်းပဲ။ အဲဒီလမ်းပိတ်သွားရင် ငါတို့ လက်ဗလာနဲ့ပြန်ရတော့မှာလားပေါ့။ စကားပုံတစ်ခုမှာ ပြောထားသလို ဘယ်နေရာမှာမဆို ထွက်လမ်းရှိတယ်တဲ့။ အဲဒါကို မစဉ်းစားမိခင် စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက်ပေါ်လာတယ်။အဲဒီအရုပ်တွေက တစ်ခုခုမှားနေတယ် ဆိုတာပဲ”
“ဘာမှားနေတာလဲ” ဘေးနားမှတစ်ယောက်သည် စကားပြောပွဲတွင် ဘေးနားမှ ဇာတ်ပို့ပေးသူကဲ့သို့ ချက်ချင်းမေးလိုက်သည်။
အစ်ကိုရှောင်ဆိုသူသည် လက်နှစ်ချောင်းကိုဆန့်ထုတ်ကာ သူ၏မျက်လုံးနှစ်လုံးကိုညွှန်ပြရင်း ပြောလိုက်သည်။ “ဒီစူးရှတဲ့ မျက်လုံးတစ်စုံက ပုံမှန်မဟုတ်တဲ့ဟာကို မြင်လိုက်တာလေ”
သူနှင့်အတူ ပြန်လာကြသူများသည် နေကြာစေ့စားရင်းသူပြောသည့်စကားကိုရယ်ကာ သူ့ကိုမျောက်တစ်ကောင်ကဲသို့ ဝိုင်းကြည့်နေကြသည်။”မဟုတ်တာတွေ ပြောမနေပါနဲ့တော့ဗျာ။ ဘာတွေနောက်နေမှန်းမသိဘူး”
အစ်ကိုရှောင်ကတော့ သူတို့ကိုလျစ်လျူရှုကာ အားလုံးကိုမေးလိုက်သည်။ “အားလုံးပဲ ကျွန်တော်တို့ ဘာလို့ အရုပ်တွေရှိတဲ့နေရာကို ရှောင်သွားသင့်လဲ သိကြလား”
“မေးစရာလိုသေးလို့လား။ အရုပ်ဖြစ်သွားမှာစိုးလို့ပေါ့” တစ်ယောက်ကချက်ချင်းဖြေသည်။
အစ်ကိုရှောင်သည် ခေါင်းကိုခါရင်း အဖြေမှန်မပြောမချင်းသူလည်း ပြောမပြတော့မည့်ပုံပေါ်သည်။
အားလုံးသည် မကျေမနပ်အသံများ အစပြုလာကြသည်။
မျက်မှန်နှင့်လူကလည်း ပြုံးပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။ “တစ်ခါတလေ တစ်ကောင်တည်း ပေါ်တဲ့အရုပ်က အန္တရာယ်မရှိဘူး။ ဒါပေမယ့် အရုပ်တွေ အများကြီးရှိတဲ့နေရာဆို သတိထားရမယ်။ အမျိုးသားသုတေသနအဖွဲ့က ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဲဒီနေရာရဲ့ သံလိုက်စက်ကွင်းလှိုင်းတွေ ပုံမှန်မဟုတ်တာကြောင့် လူသားခန္ဓာကိုယ်ကို ဘာမှန်းမသိတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်။ ဒါကြောင့် အရုပ်တွေကို ရှောင်ဖို့ပြောတာ။ ကဲ တန်ရှောင် မြန်မြန်ပြောစမ်းပါ၊ ငါတို့ကို စိတ်လှုပ်ရှားနေအောင် မထားနဲ့”
ခေါင်းဆောင်၏စကားက အနည်းငယ်လေးနက်တာကြောင့် တန်ရှောင်သည် ပုံပြင်ပြောပြသည့်သူကဲ့သို့ ပေါက်ကိုပုတ်လိုက်သည်။
“အိုကေ။ ပြောမယ်”
စိတ်ဝင်စား အားတက်စွာနားထောင်နေသောလူများအလယ်တွင် ပိုင်ယို့ဝေတစ်ယောက်သည်သာ စိတ်မရှည်စွာဖြင့် မျက်လုံးကိုလှန်မိလေသည်။
…………..
အခန်း (၂၁) - ပျော်ရွှင်မှု
“အရုပ်တွေက အများကြီးပေါ်လာတဲ့အခါမှာ ကားမောင်းနေတာ၊ အစားစားနေတာ၊ ရပ်နေတာမျိုး သတ်သတ်မှတ်မှတ်လုပ်နေတာတွေရှိတတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းမပေါ်မှာတွေ့ခဲ့ရတဲ့ အရုပ်တွေကတော့...”
တန်ရှောင်က မျက်လုံးတွေကိုမှေးကျဉ်းပြီး ထူးဆန်းသည့်အသံနှင့် တဟက်ဟက်ရယ်လိုက်သည်။
“ကျွန်တော်တို့တွေ့ခဲ့ရတဲ့ အရုပ်တွေက... တစ်ညီတစ်ညွတ်တည်း လှုပ်ရှားနေတာမဟုတ်ဘဲ... လမ်းပေါ်မှာ နေရာအနှံ့လှဲနေကြတယ်... တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ အဲဒီလမ်းပေါ်ကို ပစ်ချထားသလိုပဲ”
လူတိုင်းက မျက်လုံးပြူးသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
“ဒါဘာကိုဆိုလိုတာလဲ”
တစ်ချို့က နားမလည်နိုင်ကြပေ။ “ဘာလို့ အရုပ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ချထားရမှာလဲ”
သာမန်လူတွေဆိုလျှင် အရုပ်တွေကို မဖျက်ဆီးနိုင်ပေ။ ဒါကြောင့် အရုပ်တွေကို တစ်နေရာတည်းမှာ စုပစ်ထားသည်လား။ ထို့အပြင် နောက်လာမည့်လူတွေကို လမ်းမှားရောက်အောင် လုပ်ထားသည်လား။
“ဘာလို့လဲဆိုတော့ သူတို့က အဲဒီလမ်းကို ဘယ်သူမှမဖြတ်စေချင်လို့” မျက်မှန်တပ်ထားသည့်လူက အေးအေးဆေးဆေး ပြောလိုက်သည်။
ဒီစကားက လူတွေကို နိုးထသွားစေသည်။
“ဒီလိုလုပ်တဲ့သူက ဘယ်သူလဲ”
“ဘာလို့လူတွေကို ဖြတ်သွားခွင့်မပြုတာလဲ? စိတ်ထားအရမ်းယုတ်ညံ့တဲ့သူတွေပဲ”
“ငါအဲဒီလူတွေကို မတွေ့မိပါစေနဲ့၊ မဟုတ်ရင် သူတို့ကို ကလဲ့စားချေပစ်လိုက်မယ်”
“ အရုပ်တွေပစ်ထားတဲ့သူတွေကို ရှာတွေ့လား”
တန်ရှောက်က လက်မကိုမြှောက်ပြီး နှာခေါင်းအောက်ကို ပွတ်သပ်ကာ ခပ်မိုက်မိုက်ပုံစံလုပ်ပြလိုက်သည်။
“ဒါပေါ့ သူတို့ကိုရှာတွေ့ရုံတင်မကဘူး၊ သူတို့ကို သင်ခန်းစာပါပေးလိုက်တယ်။ ဘာဖြစ်ခဲ့တယ်ထင်လဲ။ တစ်အုပ်စုလုံးက အစားအသောက်စက်ရုံတစ်ရုံကို သိမ်းပိုက်ထားပြီး အတွင်းမှာရှိတဲ့စားစရာတွေက နှစ်နဲ့ချီစားလို့မကုန်နိုင်ဘူး။ အခြားသူတွေက သူတို့ရဲ့အရင်းအမြစ်တွေကို ခိုးသွားမှာစိုးလို့ အရုပ်တွေကိုလမ်းပေါ်ပစ်ချပြီး ဖြတ်သွားတဲ့ယာဉ်တွေကို ခြောက်လှန့်တာလေ။ ဒါပေမယ့် ငါတို့ရဲ့မျက်လုံးတွေက စူးရှတယ်မလား။ ဟေ့! ငါ့ရဲ့ဘယ်လက်သီးက တောင်ကုန်းပေါ်ကကျားလို၊ ညာခြေထောက်က လေထဲမှာဝဲနေတဲ့နဂါးလို! သူတို့ကို ရိုက်ချလိုက်တာ။အပြင်ဘက်ကကားမှာရှိတဲ့ပစ္စည်းတွေမြင်လား။ အဲဒါတွေအားလုံးက ရှောင်ကိုး၊ ဟွာကိုးနဲ့ အခြားလူတွေက စက်ရုံကနေပြန်ယူလာတာ”
“အောင်မြင်ပြီ!!!”
လူတိုင်းကဝိုင်းအော်ပြီး လက်ခုပ်တီးကြသည်။
ထောင့်တစ်နေရာတွင် ဆရာကြီးချန်းက ညဉ်းတွားလိုက်သည်။ “အို...သူတို့လည်း အသက်ရှင်ဖို့ကြိုးစားနေကြတာပါပဲ...”
တစ်ယောက်ကကြားပြီး ဒေါသထွက်ကာ “ဆရာချန်း၊ ဆရာကြည့်ပါဦး။ ထပ်ပြီးသူတို့ဘက်က ရပ်တည်နေပြန်ပြီ။ သူတို့တွေက ကျွန်တော်တို့ထွက်ခွာဖို့ကိုတောင် ဟန့်တားနေတာပါ။ သူတို့အသက်ရှင်ချင်တာဆိုရင် ကျွန်တော်တို့ကရောမရှင်ချင်ဘူးလား”
ဆရာကြီးချန်းက ခေါင်းငုံ့ကာ အကြောင်းပြချက်မပေးတော့သော်လည်း ဆက်ပြီးသက်ပြင်းချနေသည်။
ဒီအငြင်းပွားမှုလေးက မကြာခင် ဝမ်းမြောက်သံတွေကြားထဲ ပျောက်ကွယ်သွားတော့သည်။
မျက်မှန်တပ်ထားသည့်လူက ကားထဲကပစ္စည်းများကို ဆင်းသယ်ရန်လူများကို ခွဲဝေပေးသည်။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဘဲသားငန်ပြာရည်စိမ်၊ လေလုံအောင်ထုပ်ထားသည့်အသင့်စားအစားအစာများပါဝင်သည်။ လူတိုင်းသည် ချမ်းသာသည့်လူတစ်ယောက်၏မြေကိုဝိုင်းအနိုင်ယူလာနိုင်သကဲ့သို့ စိတ်လှုပ်ရှားနေကြလေသည်။
ရှန်မိုနှင့် ပိုင်ယို့ဝေတို့လည်း အစားအစာအနည်းငယ်ရကြသည်။
ပိုင်ယို့ဝေ၏မသန်စွမ်းမှုကို သနားသည့်အတွက်လား မသိပေ။ သူမကို အခြားသူတွေထက် ဝက်ပေါင်ခြောက်ပိုပေးထားသည်။
အစားအစာခွဲဝေပြီးသည့်နောက် မျက်မှန်နှင့်လူက လူတွေကို စောစောအိပ်ပြီး မနက်မိုးလင်းတာနှင့် ထွက်ခွာဖို့ပြောသည်။
လူတိုင်းသည် ဒီလောက်ကြာအောင်ပိတ်မိနေခဲ့ရသည့် နားနေစခန်းမှ နောက်ဆုံးထွက်ခွာရမည်ဆိုသည့်အခါ စိတ်လှုပ်ရှားနေကြသည်။
စားသောက်ဆိုင်ထဲက စားပွဲခုံများကိုစုကာ ကြီးမားသည့်အိပ်ယာအဖြစ်ပြောင်းလဲပြီး စားသောက်ဆိုင်ထဲက ထူထဲကျယ်ပြန့်သည့် ဥရောပစတိုင်လိုက်ကာများကို အိပ်ယာခင်းအဖြစ်သုံးကာ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်များအားလုံး ဘေးချင်းယှဉ်အိပ်ကြသည်။
ပိုင်ယို့ဝေနှင့် ရှန်မိုတို့သည် ဘေးနားက ကုန်စုံဆိုင်ထဲရှိ ကြမ်းပြင်ပေါ်တွင်အိပ်ကြသည်။
ပြိုနေသည့်စင်များက ယာယီကုတင်ဘောင်များဖြစ်လာပြီး ခေါက်ထားသည့် ပါဆယ်ထုပ်သေတ္တာများနှင့် နူးညံ့သည့်စောင်များက အိပ်ယာဖြစ်လာသည်။ အမြန်လုပ်လိုက်ရသော်လည်း ကားထဲတွင် အိပ်ရသည်ထပ် ပိုသက်သောင့်သက်သာရှိလှသည်။
…..
လင်းလက်နေသောလ၏ အလင်းရောင်သည် တိတ်ဆိတ်စွာ စီးဆင်းနေပြီး ညသည် ငြိမ်သက်နေသည်။
ပြင်ပရှိ သစ်ကိုင်းများနှင့် အရွက်များသည် ရှရှ ရှရှအသံများ မြည်လျက်ရှိပြီး အတွင်းရှိလူများမှာ လူးလွန့်နေကြသည်။ အဝတ်အစားများ ပွတ်တိုက်သည့် အသံများမှာ ပို၍ပင် ရှင်းလင်းစွာ ကြားနေရသည်။
ပိုင်ယို့ဝေမှာ တိတ်ဆိတ်စွာ လှဲနေပြီး ခေါင်းအနည်းငယ်စောင်းလိုက်သည်နှင့် စားသောက်ဆိုင်အတွင်းရှိ မြင်ကွင်းကို မြင်နိုင်သည်။ အချို့လူများမှာ မိမိတို့ချစ်ရသူများ၏ ဓာတ်ပုံများကို ကြည့်ရန် ဖုန်းများကိုထုတ်ယူနေကြပြီး အချို့မှာ ထွက်သွားပြီးနောက် လုပ်ရမည့် အစီအစဉ်များကို တိတ်တဆိတ် ဆွေးနွေးနေကြသည်။ တိုးတိုးတိတ်တိတ် စကားပြောသံများသည် အမှောင်ထုထဲတွင် ပြည့်နှက်နေပြီး ည၏တိတ်ဆိတ်မှုကို ပို၍ပင် နက်ရှိုင်းစေသည်။
ရှန်မိုသည် စင်၏အခြားဘက်စွန်းတွင် ထိုင်နေပြီး သူတစ်နေရာမှ ရှာဖွေတွေ့ရှိခဲ့သော မြေပုံကို ကိုင်ထားကာ လ၏အလင်းတွင် သေသေချာချာ ကြည့်ရှုနေသည်။