← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂) ယနေ့ည၏ လ

ဒီည၏လဟာ အလွန်ကိုထူးခြားစွာ လင်းထိန်နေသည်။

အံ့သြစရာကောင်းသည်က လူသားတို့၏ကမ္ဘာကတော့ နေ့စဉ်ပိုပိုပြီးဆိုးရွားလာနေသော်လည်း သဘာဝ၏အလှတရားများကတော့ ပိုမိုလှပလာနေတာပဲဖြစ်သည်။ မီးခိုး‌ငွေ့၊ ညစ်ညမ်းရေနှင့် စွန့်ပစ်ဓာတ်ငွေ့ စသည်တို့မရှိတော့ဘဲ နေ့တိုင်းသည် ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူ ၊ တောက်ကသည့်လမင်းကြီးနှင့် လင်းလက်နေသည့်ကြယ်များနှင့် ပြည့်နေသည်။

ပိုင်ယို့ဝေသည် မျက်လုံးကိုမှိတ်လိုက် ဖွင့်လိုက်လုပ်‌နေမိသည်။ ဒီနေ့ဖြစ်ခဲ့သည့်အဖြစ်အပျက်တွေက သူမ၏စိတ်ထဲမှာ မြင်ယောင်နေပြီး အေးအေးဆေးဆေး အိပ်ပျော်ရန် မဖြစ်နိုင်ပေ။

“မအိပ်သေးဘူးလား” သူမက ဘေးနားရှိ ရှန်မိုကို တိုးတိုးလေးမေးလိုက်သည်။

“မင်းအိပ်ပြီးမှ အိပ်မယ်” ရှန်မိုက ပြန်ပြောသည်။

သူ အခုထိ မအိပ်ချင်သေးပေ။ ဒီလိုနှစ်ယောက် ဘေးချင်းကပ်အိပ်နေရတာသည် တကယ်ကို နေရခက်စေသည်။ အထူးသဖြင့် ဒီနေ့မှ ပထမဆုံးအကြိမ်တွေ့ဖူးကြသည့် လူနှစ်‌ယောက်ဖြစ်သည်။

ပိုင်ယို့ဝေက ပြောသည်။ “ကျွန်မအိပ်ပျော်မှဆိုရင် သိပ်နောက်ကျသွားလိမ့်မယ်”

ရှန်မိုက ဂရုမစိုက်ပေ။ “အရင်လေ့ကျင့်ရေးတုန်းက တစ်နေ့ကို ၄နာရီပဲအိပ်တာ။ လုံလောက်ပါတယ်”

ပိုင်ယို့ဝေစဉ်းစားကြည့်မိသည်။ ဒီလူက တကယ်ကိုကိုယ်ခန္ဓာအားကောင်းတယ်ဆိုတာ ဝန်ခံရမည်ဖြစ်သည်။ ကစားပွဲတုန်းက သူမကိုကျောပိုးပြီး သုံးပတ်ပြေးခဲ့တာတောင် ချွေးနည်းနည်းသာထွက်ပြီး မောဟိုက်ခြင်းတောင် မရှိခဲ့ပေ။

သူမသည်မျက်လုံးကိုပြန်မှိတ်လိုက်သော်လည်း အိပ်မပျော်နိုင်သေးပေ။ အနည်းငယ်လှဲနေပြီးနောက် လက်နှစ်ဖက်နှင့်ခန္ဓာကိုယ်ကိုထောက်ပြီး ပြောလိုက်သည်။ “ရှင်နဲ့အတူ မြေပုံကြည့်မယ်”

ရှန်မိုက မြေပုံကို တစ်ဝက်ပိုင်းလိုက်သည်။

ရုတ်တရက် သူ့လက်မောင်းညာဘက်ကို နွေးနွေးလေးတစ်ခုခုက ဖိမိသွားတာကြောင့် သူရပ်လိုက်သည်။

“ဘယ်လိုထင်လဲ” ပိုင်ယို့ဝေက ခေါင်း‌လေးကိုဆန့်ကာမေးလိုက်သည်။

သူမ၏အောက်ပိုင်းအင်္ဂါတွေက အားနည်းနေတာကြောင့်ထိုင်သည့်အခါ တစ်ခုခုကိုမှီဖို့လိုအပ်သည်။ သူမအတွက် က မတ်မတ်ထိုင်ဖို့ခက်ခဲ‌သည်။

ရှန်မို၏ တင်းနေသည့်လက်မောင်းတွေက မြန်မြန်ပြေလျော့သွားပြီး သူ့လက်ချောင်းနှင့်ညွှန်ပြရင်း မြေပုံဖတ်နည်းကိုသင်ပေးလိုက်သည်။

…

မိုဘိုင်းဖုန်းတွေမှာ ဂြိုလ်တုမြေပုံတွေအသုံးပြုတာများလာသည့်အခါ စက္ကူမြေပုံတွေကိုကြည့်သည့်သူနည်းသွားကြသည်။ ခရီးသွားသည့်အခါ အမှတ်တရအနေနှင့်ဝယ်ကြတာသာများသည်။

“ဒါက ရှန်ဟိုင်း-ရှမ်ရှီ အမြန်လမ်းမ။ အခုငါတို့ရှိနေတဲ့နေရာပေါ့... ဒီနေရာကနေ တစ်ဝက်လောက်မှာ အရုပ်တွေရှိတော့ မနက်ဖြန်ဆို ရှန်ဟိုင်း-ချင်းဒူ အမြန်လမ်းကိုသွားမယ်။ ဒီနေ့လမ်းရှာထွက်ခဲ့တဲ့သူတွေနဲ့အတူ ရှန့်ကျန်းကနေ ယန်ကျိုးကိုပတ်ပြီးသွားမယ်...”

ပိုင်ယို့ဝေက ထူထဲများပြားသည့်လမ်းကြောင်းတွေနှင့် ခြင်အရွယ်လောက်သေးသည့် နေရာနာမည်များကိုကြည့်ရင်း ခေါင်းမူးလာသည်။

အားတင်းပြီး အနည်းငယ်နားထောင်ကြည့်သော်လည်း အာရုံကတဖြည်းဖြည်းပျံ့လွင့်လာသည်။

သူမ၏မျက်လုံးများက မသိစိတ်အတိုင်း သူ၏လက်ချောင်းတွေဆီ ရောက်သွားသည်။

ရှန်မိုတွင် အလွန်လှပသည့် လက်တစ်စုံရှိသည်။

လက်ချောင်းတွေက ရှည်လျားပြီး သွယ်လျသည်။ အဆစ်များကလည်းထင်ရှားသည်။ သန်မာလှသည့်လက်မောင်းမှ လက်ချောင်းထိပ်တွေအထိ လိုင်းတွေသည်ချောမွေ့ပြီး အား‌ကောင်းလှသည်။ အနည်းငယ်ဖောင်းကြွနေသည့်သွေးကြောတိုင်းတွင် အားများပြည့်နေသည်။ ဒါကသူမ‌အနေနှင့် အားကျ သဘောအကျရဆုံးပုံစံဖြစ်သည်။

သူမ၏မျက်လုံးများက သူ့လက်ကနေအပေါ်ကိုတက်ကာသူ့ညှပ်ရိုးနှင့် လည်စလုပ်ကိုမြင်လိုက်ရသည်။... သူ့မျက်ခုံးနှင့်မျက်လုံးကြားရှိ အနက်ရောင်ဆံပင်များ၏ မှုန်ဝါးနေသည့်အရိပ်က နှာခေါင်း၏မြင့်မားပြီးရှင်းလင်းသည့်အသွင်ကိုထင်ရှားစေသည်။ သူမမရင်းနှီးသည့် နေရာ၏အမည်ကို တိုးတိုးလေးဖတ်ပြသည့်အသံကြောင့် ပိုင်ယို့ဝေသည် သူမအဖေစုဆောင်းထားသည့် တယောကိုသတိရမိသည်။

အခုတော့ ထိုတယောက လှည့်ကြည့်ကာ ခပ်နိမ့်နိမ့်မေးလာသည်။ “ဘာဖြစ်လို့လဲ”

“ကျွန်မအိပ်ငိုက်နေပြီ” သူမက ပြောပြီး ယုန်ရုပ်ကလေးကိုခေါင်းအုံးအဖြစ်သုံးကာ အိပ်လိုက်သည်။

ရှန်မို “...”

တစ်ခဏတိတ်ဆိတ်နေပြီးနောက် သူက မြေပုံကိုသိမ်းကာ မေးလာသည်။ “ချမ်းနေလား”

ပိုင်ယို့ဝေက အိပ်ပျော်သွားသည်ထင်သည်။ မတုန့်ပြန်လာတော့ပေ။

ရှန်မိုက သူမကိုတိတ်တိတ်လေးကြည့်နေမိသည်။ ခဏကြာပြီးနောက် ထထွက်သွားတော့သည်။

သူထွက်သွားသည့်အခါ ပိုင်ယို့ဝေက မျက်လုံးကိုဖွင့်လိုက်သည်။

သူမ၏မျက်လုံးများက ရေကန်လိုအေးဆေးတည်ငြိမ်နေလေသည်။

ညသန်းခေါင်အချိန်တွင် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းရှိနေတာက ဘာမှထူးဆန်းသည့်ကိစ္စမဟုတ်သော်လည်း လူတို့၏စိတ်သည် အများကြီးတွေးမိစေနိုင်သည်။ တွေးလွန်းသွားလျှင် စိတ်ရှုပ်ထွေးလာပြီး စိတ်ရှုပ်ထွေးသွားလျှင် ထိန်းချုပ်လို့ရတော့မည်မဟုတ်ပေ။

ပိုင်ယို့ဝေတွင်လည်း မင်းသားနဲ့မင်းသမီးဇာတ်လမ်းကဲ့သို့ စိတ်ကူးယဉ်စရာများရှိခဲ့ဖူးသည်။ သို့သော် ဒါတွေက သူမခြေထောက်မသန်စွမ်း မဖြစ်မှီ အချိန်ကအကြောင်းတွေဖြစ်သည်။

ခြေထောက်မသန်မစွမ်းဖြစ်ပြီးနောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိရှိနှင့် ဘယ်လိုရှင်သန်ရပ်တည်ရမလဲဆိုတာသည် ဘဝရဲ့အရေးအကြီးဆုံးဦးစားပေးဖြစ်လာသည်။ အချစ်ရေးထက်ပိုပြီးအရေးကြီးလာသည်။

ထို့အပြင် ဒါကအချစ်လုံးဝမဟုတ်ပေ။ သူမဘေးအန္တရာယ်တစ်ခုနဲ့ကြုံတွေ့နေရစဉ် ယောက်ျားတစ်ယောက်ကသူမဘေးမှာရှိနေပြီး သူမကိုကောင်းကောင်းဆက်ဆံပေးတာပဲဖြစ်သည်။

သေဘေးကိုအတူတူဖြတ်သန်းခဲ့ဖူးသည့်အမျိုးသားနှင့်အမျိုးသမီးတို့ဟာ အလွယ်တကူဆွဲဆောင်မိတတ်ကြသည်ဟုကြားဖူးသည်။ ထိုအရာ မှန်လားမှားလားဆိုတာတာတော့မသိပေ။ သို့သော် ဘာမှအရေးမကြီးပါပေ။ အဘယ်ကြောင့်ဆိုသော်... ယန်ကျိုးရောက်သည့်အခါ အားလုံးပြီးဆုံးသွားမှာဖြစ်သည်။

သူမသည်မျက်လုံးတွေကိုမှိတ်ပြီး တတ်နိုင်သမျှမြန်မြန်အိပ်ပျော်အောင် အားထုတ်လိုက်သည်။

တံခါးဘက်မှ ခြေသံတွေကြားလာရသည်။ ဖြည်းဖြည်းနှင့် ရှုပ်ထွေးသော ခြေလှမ်းများဖြစ်ပြီး တစ်ယောက်ထက်ပိုသည်။

ပိုင်ယို့ဝေလှည့်ကြည့်လိုက်သည့်အခါ လူငယ်သုံးယောက် သူမဆီလာနေတာကိုမြင်လိုက်ရသည်။

ဒီလူတွေက လမ်းရှာဖွေဖို့အပြင်ထွက်သွားခဲ့ကြတဲ့သူတွေဖြစ်သည်။

……….

အခန်း (၂၃) အကူအညီ

သူမသည် အစီအစဉ်များ ပြိုကွဲသွားသည့်အခါ သူမအပေါ် ဘာတွေဖြစ်လာမည်ကို ကြိုတွေးထားပြီးဖြစ်သည်။

သို့သော် ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်လာမည်ကိုတော့ သူမမျှော်လင့်မထားခဲ့ပေ။

အခြားလူတစ်ဦးက သူမဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလာသည့်အခါ သူမ၏စိတ်ထဲတွင် အတွေးမျိုးစုံ ရောထွေးလာပြီး အရာများစွာကို ရုတ်တရက် သတိရလာသည်။

သူမ၏မိသားစုဆရာဝန်ကို စဉ်းစားမိသည်။ သူမကို စစ်ဆေးသည့်အခါတိုင်း သူက အခွင့်ကောင်းယူခဲ့သည်။ အစတုန်းက သူမနားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် သဘောပေါက်သွားပြီး အမေ့ကို ပြန်ပြောပြခဲ့သည်။

အကျိုးဆက်အနေဖြင့် ဆရာဝန်က အခြေအနေကို အလှည့်အပြောင်းလုပ်ပြီး သူသည် အလုပ်ကို ကြိုးစားလုပ်ကိုင်သူဖြစ်ကာ ဘယ်တော့မှ ပျင်းရိခြင်းမရှိကြောင်း၊ ထိုအမျိုးသမီးက သူ့ကို ခြိမ်းခြောက်ရန် ရည်ရွယ်ပြီး မဟုတ်မမှန်ပြောနေခြင်းဖြစ်ကြောင်း ပြောလိုက်သည်။

သူမတွင် ဒေါသကြီးသည့် အကျင့်ရှိသည်။

ထို့ကြောင့် ဆရာဝန်၏စကားများက ယုံကြည်စရာကောင်းနေသည်။ အမေက ဆရာဝန်အား အလုပ်မှထုတ်သည့်အခါ “အမျိုးသမီးငယ်လေး၏ နှိပ်စက်မှုကြောင့် ဒဏ်ရာရနေသည့် နှလုံးသား”ကို နှစ်သိမ့်ပေးရန်အတွက်ငွေအမြောက်အမြားပင် ပေးလိုက်သေးသည်။

ပိုင်ယို့ဝေသည် ထိုအတိတ်ဖြစ်ရပ်များကို စဉ်းစားပြီး ယုန်ရုပ်အား ပိုမိုတင်းကျက်စွာဖက်ထားလိုက်သည်။

သူမ ဆုံးဖြတ်ချက်ချလိုက်သည်။

လူသုံးဦးသည် သူမဆီသို့ လာပြီး မျက်လုံးများဖြင့် ကြည့်နေသည်။

သူတို့သည် ပေရေနေကာ၊ သန့်ရှင်းမှုမရှိဘဲ မျက်လုံးများသည်လည်း ဝါးနေသည်။

ထို့အပြင် သူမထင်သည်မှာ ဤလူများသည် ဉာဏ်မကောင်းကြပေ။ သူတို့ ယခုလိုအဆင့်သို့ ရောက်ရှိလာနိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူတို့၏ အသိဉာဏ်ကင်းမဲ့ပြီး ကြောက်ရွံ့မှုမရှိသည့် ရိုင်းဆိုင်းသော အပြုအမူကြောင့်ဖြစ်သည်။

လူမှုအသိုင်းအဝိုင်း၏ အစွန်းတွင် ရှိနေပြီး ဖယ်ကျဉ်ခံရကာ မုန်းတီးခံရနေပြီးမှ အသက်ရှင်ကျန်ရစ်သူများ၏ အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီး လေးစားခံရသည့် အခြေအနေသို့ ပြောင်းလဲသွားခြင်းထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည့်အရာ ရှိပါဦးမလား။

ပိုင်ယို့ဝေသည် သူမ၏ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ထိတ်လန့်သည့်အသံဖြင့် အော်လိုက်သည်။ “ဘာလုပ်မလို့လဲ။ မလာနဲ့! မလာနဲ့...”

ဘေးနားက စားသောက်ဆိုင်တွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဆူညံသံအားလုံး ပျောက်ကွယ်သွားသည်။ လူတိုင်း တစ်ချိန်တည်း အိပ်ပျော်သွားသကဲ့သို့ ဖြစ်နေသည်။

လူဆိုးသုံးဦးရှိသည်။ တစ်ဦးက ‌ပိုင်ယို့ဝေ၏လက်မောင်းကို ဆွဲယူသည်။ တစ်ဦးက သူမ၏စကတ်ကို ချွတ်သည်။ ကျန်တစ်ဦးက ရပ်နေပြီး ဖုန်းကို ကိုင်ကာ စိတ်ဝင်စားစွာ ဗီဒီယိုရိုက်နေသည်။

“လွှတ်ပါ! မဖြစ်ဘူး!... မဖြစ်ဘူး! ကယ်ကြပါ...”

သူမ အပြင်းအထန် ခုခံသည်။ အားနည်းလှသောအသံဖြင့် အကူအညီတောင်းသည်။ သူမ၏အောက်မှ သတ္တုဗီရိုသည် ကြေညက်သံများ ထွက်နေသည်။ ဤအသံများသည် လူဆိုးများ၏ ရယ်သံများနှင့် ရောပြီး တိတ်ဆိတ်သောညတွင် အလွန်ကျယ်လောင်စွာ ကြားနေရသည်။

သူမကို ကယ်တင်ဖို့ ဘယ်သူမှ မလာခဲ့ပေ။

လူများသည် သူတို့၏ကိုယ်ပိုင်အကျိုးစီးပွား မထိခိုက်သေးချိန်တွင် ရက်ရက်ရောရော ဖြစ်တတ်ကြသော်လည်း အခြားအချိန်များတွင် သူတို့၏ အတ္တနှင့် မနှစ်မြို့ဖွယ်အပြုအမူများကို အပြည့်အဝ ပြတတ်သည်။

အသံအရမ်းကျယ်လွန်းပြီး ဆက်ပြီး အိပ်နေဟန်မဆောင်နိုင်တော့သည့်အတွက်ကြောင့်လားမသိ မျက်မှန်နှင့်လူက စားသောက်ဆိုင်မှ ကုတ်အင်္ကျီဝတ်ပြီး ထွက်လာသည်။

လူဆိုးများသည် သူတို့လုပ်ရပ်ကို ရပ်လိုက်ကြသည်။ လည်ဆွဲဝတ်ထားသည့် အရပ်ရှည်ရှည် ပိန်ပိန်လူတစ်ဦးက မျက်မှန်နှင့်လူအား သူ၏လက်ထဲမှ ဓားကို ဝှေ့ယမ်းပြပြီး ခြိမ်းခြောက်သည့်ဟန်ဖြင့် ကြည့်နေသည်။

မျက်မှန်နှင့်လူက ဓားကိုကြည့်ကာ ပိုင်ယို့ဝေကိုကြည့်ပြီးနောက် မျက်ခုံးကျုံ့ပြီး မျက်နှာလွှဲကာ ပြောလိုက်သည်။ “တိတ်တိတ်နေ သူ့အစ်ကို မကြာခင်ပြန်လာလိမ့်မယ်”

အရပ်ရှည်ရှည်ပိန်ပိန်နှင့်လူက ရယ်ပြီး သူနှင့်အတူပါလာသူများကို ကြည့်ကာ သရော်လိုက်သည်။ “ကြားလား။ မစ္စတာကျန်းက ငါတို့ကို အသံတိုးဖို့ ပြောနေတယ်”

ကျန်နှစ်ဦးက ရယ်မောပြီး တမင်တကာပင် အကျယ်ကြီးပြောလိုက်သည်။ “ကြားတယ်! အသံတိုးတဲ့!”

ထို့နောက် ထပ်ပြီး ရယ်မောကြသည်။

မျက်မှန်တပ်သူ၏ မျက်နှာသည် ပို၍ပို၍ ဖြူဖျော့လာသည်။

သို့သော် နောက်ဆုံးတွင် သူဘာမှ ထပ်မပြောတော့ဘဲ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားပြီး ဒီပြဿနာနှင့် မပတ်သက်သလိုနေတော့သည်။

“ငကြောက်” လူဆိုးတစ်ဦးက မထီမဲ့မြင်ပြောလိုက်သည်။

သူတို့သည် ခေါင်းဆောင်၏အခွင့်အာဏာကို စိန်ခေါ်ပြီးသည့်အတွက် အောင်ပွဲခံ‌နေကြချိန်တွင် ရှန်မို ပြန်လာပြီး စူပါမားကတ်၏တံခါးဝတွင် ပုပ်သိုးနေသောမျက်နှာဖြင့် ရပ်နေသည်ကို သူတို့ သတိမထားမိကြပေ။

ပိုင်ယို့ဝေက ယုန်ရုပ်ကို ကိုင်ထားပြီး သူ့ကို အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်သည်။

ရှန်မိုသည် မျက်ခုံးကျုံ့လိုက်သည်။ သူမစဉ်းစားနေသည်ကို သူနားလည်သည်။

နားနေစခန်းသို့ ပထမဆုံးရောက်သည့်အချိန်တွင် သူတို့သည် ယုန်ရုပ်ကို အားသွင်းခဲ့သည်။ ပိုင်ယို့ဝေသည် “ငါ့ရဲ့ ဆယ်ပုံတစ်ပုံ” ဆိုသည့် စွမ်းအားကို အခုအချိန်တွင် စမ်းသပ်ချင်နေမည်ဖြစ်သည်။

သို့သော် လျှပ်စီးကြောင်းကို ထိန်းချုပ်ရန် ခက်ခဲသည်။ ပိုင်ယို့ဝေသည် လူတစ်ဦးကို အတိအကျ ထိမှန်နိုင်မည်ဟု မသေချာပေ။ မတော်တဆ ထိခိုက်မှုမဖြစ်စေရန် သူမသည် ရှန်မိုကို နီးကပ်စွာ မနေစေလိုပေ။

စွမ်းအား မလုံလောက်တော့မှသာ သူ့ကို အကူအညီတောင်းရန် လည်း နောက်မကျသေးပါချေ။

…………

အခန်း (၂၄) အပြင်ကညီအစ်ကိုတွေ

ထိုလူသုံးဦးသည် ပိုင်ယို့ဝေ၏ တံခါးဝသို့ ရောက်ရှိလာသော စမ်းသပ်ခွေးများသာဖြစ်ပြီး သူမသည် ထိုလူတို့ကို စမ်းသပ်ချက်အတွက် အသုံးပြုခဲ့သည်။

အကယ်၍ သူတို့ အမှတ်တမဲ့ သေဆုံးခဲ့သည်တိုင်အောင် သူတို့ဟာ ထိုကဲ့သို့သော အဆုံးသတ်ကို ခံထိုက်သည်သာဖြစ်သည်။

ရှန်မိုသည် ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ကာ တံခါးနှင့်မှီလျက် ထိုင်နေပြီး သူ၏မျက်ခုံးများကို ကျုံ့ထားကာ မျက်လုံးများတွင် နက်ရှိုင်းသော စိတ်မသက်မသာမှုတို့ ပြည့်နေသည်။

ပိုင်ယို့ဝေသည် သူမကို ရန်စသူများအား စမ်းသပ်မှုအတွက် အသုံးပြုလိုသည်ကို သူကန့်ကွက်ခြင်းမရှိသလို ကန့်ကွက်ပိုင်ခွင့်လည်း မရှိပါ။ သို့သော်လည်း...

သို့သော်... သူမသည် ငိုနေဆဲဖြစ်သည်။

သူသိပါသည်။ သူမ ငိုနေခြင်းသည် ဟန်ဆောင်ခြင်းသာဖြစ်သည်။ တကယ်တော့ နားနေစခန်းသို့ ရောက်သည့်အချိန်မှစ၍ သူမသည် “သရုပ်ဆောင်နေခြင်း” ဖြစ်သည်။

သူဒေါသထွက်ရသည့် အကြောင်းရင်းမှာ... သူမက ဆက်တိုက်ငိုနေသော်လည်း ဘယ်သူတစ်ဦးတစ်ယောက်မျှ သူမကိုမကူညီခြင်းကြောင့်ဖြစ်သည်။

စူပါမားကတ်သည် စားသောက်ဆိုင်နှင့် နံရံတစ်ဝက်သာ ကာထားပြီး နံရံ၏အခြားဘက်တွင် လူသုံးဆယ်ခန့်ရှိသော်လည်း ၎င်းတို့ထဲမှ တစ်ယောက်မျှ လက်တစ်ကမ်းမျှပင် ကူညီမှုမပြုခဲ့ကြပေ။

သူမငိုသံ ကျယ်လာလေလေ၊ သူ၏နှလုံးသားက ပိုမိုအေးစက်လာလေလေဖြစ်သည်။ ဤခံစားမှုသည်... သူ့ကို တကယ်ကို စိတ်မသက်မသာဖြစ်စေသည်။

“သူ့ကိုလွှတ်လိုက်”

ရုတ်တရက် အော်သံတစ်ချက်က ည၏တိတ်ဆိတ်မှုကိုချိုးဖျက်လိုက်သည်။

ရှန်မိုသည် အံ့အားသင့်စွာမျက်ခုံးပင့်ပြီး အတွင်းဘက်သို့လှည့်ကြည့်လိုက်သည်။

ပိုင်ယို့ဝေလည်း အံ့အားသင့်သွားပြီး လျှပ်စီးကြောင်း၏ဆူညံသံကိုဟန့်တားရန် ယုန်ကိုပိုပြီးတင်းတင်းကျပ်ကျပ်ကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

ပိန်လှီသော အဖိုးအိုတစ်ဦးသည် မည်သည့်နေရာမှရလာမှန်းမသိသော သစ်သားတုတ်တစ်ချောင်းကိုကောက်ယူကာ စားသောက်ဆိုင်နှင့် စူပါမားကတ်ကြားရှိ လမ်းကြားတွင် ရပ်ပြီး ဆူပူနေသည်။

“ ‌ဒီနေရောင် လရောင်နဲ့ ကောင်းကင်အောက်မှာရှိတဲ့ မြေကြီးပေါ်မှာနေပြီး ဒီလောက်ရက်စက်တဲ့အလုပ်ကို ဘယ်လိုလုပ်နိုင်ကြတာလဲ။ မင်းတို့မှာ အမေမရှိကြဘူးလား။ ညီမ၊ အစ်မမရှိကြဘူးလား။ သမီးမရှိကြဘူးလား။ မင်းတို့... မင်းတို့က တရားဥပဒေကိုလုံးဝမထီမဲ့မြင်ပြုနေကြတာပဲ! မင်းတို့မှာ ကိုယ်ကျင့်တရားမရှိကြဘူး... မင်းတို့ဘာလုပ်ကြမှာလဲ ငါ့ကိုလွှတ်...”

အဖိုးအိုကို အတင်းဆွဲမလိုက်ပြီး ဝက်ပေါင်ခြောက်တစ်ခုကို အတင်းအဓမ္မကျွေးလိုက်သည်။

၎င်းမှာ ပိုင်ယို့ဝေ့အား ခုနက ပေးခဲ့သော ဝက်ပေါင်ခြောက်ဖြစ်သည်။

အိတ်ကိုတောင် ဖွင့်မထားဘဲ အလွန်အမင်းအားဖြင့်ထိုးသွင်းမိသဖြင့် အဖိုးအို၏နှုတ်ခမ်းထောင့်တွင် သွေးစိမ့်ထွက်လာသည့်ဒဏ်ရာဖြစ်သွားသည်။

အရပ်ရှည်ရှည်ပိန်ပိန်လူဆိုးက အဖိုးအို၏မျက်နှာကိုပုတ်ပြီး ဟာသလုပ်ကာ “ဆရာကြီးချန်း၊ ဒါကခင်ဗျာစာသင်ရမယ့်နေရာမဟုတ်ဘူး။ ဒီမှာ၊ ဝက်ပေါင်ခြောက်တစ်ခုပေးမယ်၊ ပါးစပ်ယားနေရင် ဒါကိုပဲဝါးစားလိုက်”

ထို့နောက် လက်အားနှင့်တွန်းလိုက်ရာ ဆရာကြီးချန်းသည် နောက်သို့ပြုတ်ကျသွားပြီး ခြေထောက်များတုန်ယင်ကာ ပြန်ထလို့မရအောင် ဖြစ်သွားတော့သည်။

“ဘယ်သူ မကျေနပ်တာရှိသေးလဲ” အရပ်ရှည်ရှည်ပိန်ပိန်လူငယ်က ဖြည်းဖြည်းချင်း ရှေ့သို့လှမ်းလာပြီး စားသောက်ဆိုင်ကို ပျင်းရိစွာကြည့်လိုက်သည်။ “သူရဲကောင်းလုပ်ပြီး အလှလေးကိုကယ်ချင်ရင် မြန်မြန်ထွက်လာခဲ့။ ဒါကရှားပါးတဲ့အခွင့်အရေးပဲ”

သူ့အနားကလူက သရော်သံနှင့်ပြောသည်။ “သူများကိစ္စကို ဝင်စွက်ဖက်တဲ့ခွေးက အကျိုးမရှိဘူး။ အစ်ကိုဟွာသာမရှိရင် မင်းတို့ဒီညလည်း ငတ်ပြတ်နေဦးမှာ။ ကျေးဇူးမသိတဲ့သူတွေပဲ...”

“ဘယ်သူ့ကိုကျေးဇူးမသိဘူးလို့ပြောတာလဲ”

စူပါမားကတ်အပြင်ဘက်မှ နောက်လူတစ်ဦးက ဖြည်းဖြည်းချင်းဝင်လာသည်။

“တန်ရှောင်” အရပ်ရှည်ရှည်လူငယ်က မျက်မှောင်ကျုံ့လိုက်သည်။

တန်ရှောင်သည် အိမ်သာမှပြန်လာချိန်တွင် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး အခြားလက်ဖြင့် သူ၏မီးခိုးရောင်ဆံပင်တိုတိုကိုပွတ်သပ်ရင်း လှည့်စားချင်စိတ်ပြည့်နေသော အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “အစ်ကိုဟွာ မင်းနဲ့မင်းညီအစ်ကိုနှစ်ယောက်ကတော့ တကယ်တတ်နိုင်တာပါလား... အမျိုးသမီးနဲ့အဖိုးအိုတွေကို အနိုင်ကျင့်တာတဲ့လား။ မနေ့ကတော့ မင်းဒီလုပ်တတ်တာ ငါမသိခဲ့ဘူး”

အစ်ကိုဟွာ၏မျက်နှာတွင် မနှစ်မြို့ဖွယ်အမူအရာများဖြစ်လာ၏။ “ညီအစ်ကို၊ ပျော်စရာရှာနေတာ အနှောက်အယှက်မပေးနဲ့”

“ဟင့်အင်း၊ ညီအစ်ကိုလို့မခေါ်နဲ့” တန်ရှောင်က လက်နှစ်ဖက်ကိုဝှေ့ယမ်းရင်း အလျင်စလိုပြောလိုက်သည်။ “ငါက ရိုးသားဖြောင့်မတ်မှုနဲ့ပဲ သိုင်းပညာလောကမှာ နေရာယူခဲ့တာ။ မင်းလိုညီအစ်ကိုမျိုးနဲ့ မိတ်ဖွဲ့ဖို့တော့ ငါမလုပ်ချင်ဘူး”

လူဆိုးအုပ်စုက ဒေါသထွက်မည့်အစား ရယ်မောလိုက်ကြသည်။

“ညီအစ်ကို‌ရှောင်လို့ခေါ်တာက မျက်နှာပေးတာပါ။ ဘာပြဿနာရှိလို့လဲ။ ဒီနေ့ပဲ မျက်နှာပျက်ချင်နေပြီလား”

တန်ရှောင်က သူ့မျက်နှာကိုလက်ညိုးထိုးပြရင်း သူတို့အနားကိုချဉ်းကပ်လာသည်။ “ဒီမှာ၊ ငါ့မျက်နှာက မင်းတို့အတွက်ပဲ။ ယူပါ၊ ယူပါကွာ...”

ဒုန်း

တန်ရှောင်သည် အလွန်ဒေါသထွက်သွားပြီး ဟွာဆိုသောလူ၏ခေါင်းကိုဆွဲယူကာ အားနှင့်တိုက်ချလိုက်သည်။ ထိုလူသည် သတိလစ်သွားတော့သည်။

“ချီးပဲ” ကျန်နှစ်ယောက်မှာ ဒေါသထွက်ကာ ချက်ချင်း တုန့်ပြန်ကြသည်။ “သူ့ကိုသတ်စမ်း”

သုံးယောက်သားတိုက်ခိုက်နေကြသည်။

လူမိုက်များတိုက်ခိုက်ကြခြင်းသည် ကြည့်လို့တော့မကောင်းပေ။ မျက်နှာနှင့် မျက်လုံးများကို ပြင်းပြင်းထန်ထန် ကန်ကျောက်ထိုးနှက်နေကြသည်။

တန်ရှောင်တွင် လှည့်ကွက်များအများကြီးရှိသည်။ နှစ်ယောက် တစ်ယောက်တိုက်နေတာတောင် အားမမျှပေ။

သို့သော် ခေါင်းကိုထိသွားသည့် အစ်ကိုဟွာက ပြန်ထလာသည့်အခါ အခြေအနေကသုံးယောက်တစ်ယောက်အထိဆိုးရွားလာသည်။ သူ့ကို မြေပြင်မှာဖိကပ်ထားလိုက်သည်။

သူ့လက်တွေကိုနောက်ကျောမှာလိမ်ထားပြီးလိုက်ပြီး သူ့မျက်နှာကို အစ်ကိုဟွာ၏ဖိနပ်အောက်ခြေနှင့်နင်းထားလိုက်သည်။

“အသက်မရှင်ချင်တော့ဘူးလား”

ဖိနပ်ရာများကြောင့် တန်ရှောင်၏မျက်နှာပေါ်တွင် နီရဲလာသည်။

တန်ရှောင်သည် နာကျင်စွာ အသက်ကိုရှူသွင်းရင်း အော်လိုက်သည်။ “အပြင်ကညီအစ်ကိုတွေ။ လာကြလေ။ ဘာကိုစောင့်နေတာလဲ”

ရှန်မို : “...”

All Chapters